Healthy democracy ကျန်းမာရေးနှင့် ဒီမိုကရေစီ

နိုင်ငံရေး ရေးမှာမဟုတ်ပါ။ ကျန်းမာရေးနှင့် ဒီမိုကရေစီကိုလည်း စာတမ်းလိုမရေးပါ။ တကယ်တော့ အဲဒီဘာသာရပ်ရှိတယ်။

စောစောက တယောက်ကမေးတယ်။ နှလုံးအဆို့ရှင်လဲရမှာ စက်လား နွားနှလုံးလား ဘယ်ဟာရွေးရမလဲတဲ့။ မနေ့ကလည်း တယောက်ကမေးတယ်။ မျက်စိခွဲပြီး မှန်ဘီလူးအသစ်ထည့်ရမှာ ဘယ်လောက်တန်ကိုရွေးရမလဲတဲ့။ အဲလို လူနာတွေကနေ ရွေးချယ်နိုင်တဲ့ မေးခွန်းတွေလာပါတယ်။ ရွေးချယ်ခွင့်ရှိခြင်းဟာ ဒီမိုကရေစီအခွင့်အရေးတွေထဲက တခုဖြစ်တယ်။

ဒါပေမဲ့ လူနာတွေကကော ဘာကို ဘာ့ကြောင့်ရွေးချယ်သင့်သလဲ သိကြပါသလား။ အကုန်အကျတခုသာ သိတဲ့သူက များတယ်ထင်တယ်။

ကျန်းမာရေးအသိတွေ အများကြီးလိုအပ်တယ်။ အဲတာကြောင့်လည်း ကျွန်တော် ကြိုးစားရေးပါတယ်။ ပညာရပ်တခုကို ခိုင်ခိုင်မာမာသိတဲ့သူကနေရေးတာထက် ခပ်လွယ်လွယ် ခပ်ပေါ့ပေါ့ ဖတ်တဲ့သူတွေ မျက်လုံးပြူးအောင် ခေါင်းစဉ်မြင်တာနဲ့ ဖတ်ချင်လာအောင်ရေးကြတာတွေက အဆမတန်များနေတာ မကောင်းပါ။ တချို့လည်း ဆေးကို ဝယ်ချင်အောင် ဆွဲဆောင်မှုတွေနဲ့ ရေးကြတယ်။ ကြော်ငြာဆေးကို နေ့တိုင်းဖြေနေရတယ်။ ဂရုဆိုတာတွေမှာ မမှန်တာ မှားတာ လမ်းလွဲပို့တာတွေ များတယ်။ ယုံကြတယ်။ တချို့လည်း မပျောက်နိုင်တာကို စာဖတ်တာနဲ့ကို ပျောက်တော့မလိုလို ရေးကြတယ်။ ယုံကြတယ်။ တချို့လည်း ဖြဲခြောက်တယ်။ ယုံကြတယ်။

ခက်ခဲနက်နဲတာတွေကို မသိချင်နေပါ။ အနည်းဆုံးတော့ အခြေခံကျလွန်းတာကို သိကြစေချင်တယ်။ ကွန်မွန်းဆင့်စ် ခေါ်တာမျိုး။ လိမ်နေတာကို သိတာမျိုး။ ဒီမိုကရေစီဆိုတာ လိမ်တဲ့သူကိုဖယ်ပြီး မှန်ကန်ကောင်းမွန်တာကို ရွေးခွင့်ရှိတာကို ခေါ်ပါတယ်။

လူတိုင်းပါဝင်ပတ်သက်ခွင့်ရှိတာကောင်းပေမဲ့ ပါဝင်ပတ်သက်တဲ့လူတွေက အသိပညာရှိမှသာ လူ့အသိုင်းအဝန်းကြီးက တိုးတက်တယ်။ လိမ်သူတွေ နည်းပါစေ။ ယုံလွယ်သူတွေ နည်းပါစေ။

ဒေါက်တာတင့်ဆွေ
၁၃-၁ဝ-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး