Injection Abscess ဆေးထိုးနာ

၁။ ဆရာ ၂၄ မ ပါ တင်ပါးမှာ အသားဆေးထိုးထားတဲ့နေရာကနေ အကျိတ်လိုပေါ်လာပြီး နာလာလို့ပါ။ ပိုဆိုးလာနိုင်ပါသလား။ ဒီအရာက မျိုးရိုးလိုက်သလားတော့ မသိပါ။ အဖေရော တင်ပါးဆေးထိုးမရအောင်ကို အကျိတ်မာရှိခဲ့ဖူးပါတယ်။ အဒေါ်ကျတော့ အကျိတ်ကြီးလာပြီး အရိုးထိတာကြောင့် ခွဲစိတ်ခဲ့ရဖူးပါတယ်။ ဘယ်လိုလုပ်ရင် သက်သာလာနိုင်မလဲ သိချင်ပါတယ် ဆရာ။

၂။ ဆရာရှင့်မေးခွင့်ပြုပါနော်။ သမီးအသက်က ၂၆ နှစ်ပါ။ ပိုးသတ်ဆေးထိုးရာကနေ အခုနင်ပါးမှာ အကျိတ်ကလေး ဖြစ်နေပါတယ်။ အစတုန်းကတော့ မာမာကြီးပေါ့နော်။ ဆရာဝန်က ရေနွေးနဲ့လှိမ့်ခိုင်းပါတယ်။ လှိမ့်ရာကနေ တဖြေးဖြေးပျော့လာပြီး အခုအထဲမှာ သွေးနဲ့ပြည်နဲ့ဖြစ်နေပြီထင်ပါတယ်။ ဆက်လှိမ့်ရင် သက်သာနိုင်မလားဆရာ။ သမီးဘာလုပ်သင့်ပါလဲရှင့်။ ဖြေကြားပေးပါနော်။

ပြည်မှန်ရင် အနာအလယ်နေရာ အိလာမယ်။ အတော်နာမယ်။ အတွင်း မနက်ရင် အပေါ်ကအရေပြား နီလာမယ်။ ပြည်က ထွက်ဘို့ကြိုးစားနေမယ်။ ပြည်ထွက်မှသာ ပျောက်မယ်။ ခွဲရနိုင်တယ်။ သေချာခွဲပါ။ မဟုတ်ရင် မပျောက်နိုင် ကြာနေတတ်တယ်။ ပြည်မဟုတ်ရင် ပိုးသေဆေး + အနာသက်သာဆေးနဲ့ ပျောက်မယ်။

Ulcer အနာဆိုတာ အရေပြားမှာ ဖုံးထားရတဲ့တာဝန်ပျက်ကွက်စေတာကိုခေါ်တယ်။ အနာဖြစ်တဲ့နေရာမှာ လက္ခဏာ ၅ ပါး ဖြစ်လာတယ်။ ဖြစ်တဲ့နေရာ (တစ်ရှူး) အင်္ဂါအစိတ်အပိုင်းဟာ နီ-နာ-ရောင်-ပူ ဆိုတာအပြင် သူလုပ်ရမဲ့ အလုပ်ကို မလုပ်နိုင် ဖြစ်လာတယ်။ ဒီအဆင့်မှာ Infection ရောင်ခြင်းဆိုတာသာ ရှိပါသေးတယ်။ ရောဂါနာမည်တွေအဆုံးမှာ -itis ပါရင် ဒါဖြစ်တာလို့ မှတ်ပါလေ။ Stomatitis လျှာနာ၊ Conjunctivitis မျက်စိနာ၊ Appendicitis အူအတက်ရောင်၊ Hepatitis အသည်းရောင်။ အနာမှာပြည်ရှိလာရင် Abscess ခေါ်တယ်။ ဂျိုင်းမှာပေါက်တာ ကိန္နရာနာ ခေါ်ကြတယ်။ ချိုင်းကနာလို့ လက်ကိုကိုယ်မှာ မကပ်နိုင်တော့ ကိန္နာက ကသလိုနေရတာမို့ပါ။

အနာက အတွင်းနက်မှာဖြစ်ရင် တော်တော်နဲ့ မပေါ်ဘူး။ ဥပမာ တင်ပါးနဲ့ ရင်သား။ ဖြစ်တဲ့နေရာ အနီးအနားမှာ အာရုံကြောရှိရင် ပိုနာမယ်။ လက်ချောင်းခြေချောင်းတွေမှာနေရာက ကျဉ်းတော့ အာရုံကြောနဲ့မဝေးဘူး။ ဒါ့ကြောင့် နာတယ်။

ပိုးကိုနိုင်တဲ့ဆေးတွေပေးရမယ်။ ပဋ္ဋိဇီဝဆေးတွေထဲမှာ အများဆုံး သိကြတာကတော့ (ပနယ်စလင်) တွေပါ။ Amoxicillin, Ampicillin, Cloxacillin အပြင် Penicillin ထိုးဆေးနဲ့ စားဆေးတွေပါတယ်။ အနာကပြည်ရှိရင် Ampicillin နဲ့ Cloxacillin ၂ မျိုးတွဲပေးမှ ပိုကောင်းတယ်။ ဆေးနှစ်မျိုးတွဲ တပါတည်း ထုတ်တာလဲရှိတယ်။ Ampiclox ခေါ်တယ်။ အများအားဖြင့် ၂၅ဝ အားက ၆ နာရီခြား၊ ၅ဝဝ အားကို ၁၂ နာရီခြားသောက်ရမယ်။ ၄ ရက် အနည်းဆုံးသောက်ရတယ်။ မဟုတ်ရင် နောက်ဖြစ်တော့ ဆေးယဉ်သွားမယ်။

အနာအရောင်ကို သက်သာဆေး (ပါရာစီတမော၊ အိုင်ဘူပရိုဖင်) လဲ ပေးသင့်တယ်။ အနာမှန်သမျှကို ငြိမ်ငြိမ်ထားပေးရင် အနာကျက်မြန်စေတယ်။ အနာမပေါက်ခင် အပေါ်ကနေ ပိုးသတ်ဆေးရည်တခုခု လိမ်းပေးတာလဲ အကျိုးရှိတယ်။ ဒက်တော၊ အရက်ပြန်၊ အိုင်အိုဒင်း။ အနည်းဆုံးတော့ ရေ-ဆပ်ပြာနဲ့ မကြာမကြာ ဆေးပေးပါ။ အပူပေးတာဟာ သွေးကိုပိုလျှောက်စေတာမို့၊ အနာကို မြန်မြန်ပျောက်စေတယ်။ ရေနွေးအိပ်တင်တာ၊ ရေနွေးပုလင်း ကပ်တာ။ ပရုပ်ဆီလိမ်းတာ၊ ဇာတိပ္ဖိုလ်သီး သွေးလိမ်းတာ၊ ကြပ်ထုပ်ထိုး၊ ကြပ်ပူတိုက်တာလဲ ဒီအတွက်ဖြစ်မယ်။ ဒါပေမယ့် ပြည်ရှိလို့ခွဲရမှာဆိုရင် အပေါ်ကလိမ်းထားတွေက ရှင်းနေရတာ အလုပ်ပိုဖြစ်စေတယ်။ ရေနွေးကပ်တာသာလုပ်သင့်တယ်။

ဆေးထိုးနာဆိုတာ ဆေးထိုးတဲ့နေရာမှာ ပြည်တည်တာ။ ပြည်တို့မည်သည် ဘယ်နေရာမှာရှိရှိ ပြည်ကို ထွက်အောင် လုပ်ပေးရတယ်။ ဆေးထိုးတဲ့နေရာမှာ နာယ် နီမယ် ရောင်မယ် ပူမယ်။ ပြည်ရှိလာရင် ပိုနာမယ်။ ကိုယ်ပူမယ်။

အစပိုင်းမှာ အပူကပ်ပေးရတယ်။ တကယ်တော့ ပဌမ ၂၄ နာရီအတွင်း အအေးကပ်ပေးရတယ်။ လိုမယ်ထင်ရင် အနာသက်သာဆေး Ibuprofen 200-400 mg တနေ့ ၂-၃ ကြိမ်။ ပိုးသေဆေး ပေးရတယ်။ ရွေးစရာတွေ ရှိပါတယ်။ ပိုးအမျိုးအစာအရ ရွေးရတာ။ တချို့ဆိုရင် ပိုးမွေးပြီး ဘယ်ဆေးနဲ့သင်မလဲ လုပ်ရသေးတာ။

Clindamycin 300-450 mg တနေ့ ၃ ကြိမ်၊ ၅-၇ ရက်။ သို့မဟုတ်
Cephalexin 250-500 mg တနေ့ ၄ ကြိမ်၊ ၅-၇ ရက်။ သို့မဟုတ်
Dicloxacillin 250-500 mg တနေ့ ၄ ကြိမ်၊ ၅-၇ ရက်။ သို့မဟုတ်
Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၅-၇ ရက်။ သို့မဟုတ်
Trimethoprim-sulfamethoxazole (160 mg/800 mg) DS ၁-၂ ပြား တနေ့ ၂ ကြိမ်၊ ၅-၇ ရက်။

ဆေးထိုးနာကို ခွဲရပြီဆိုရင် အကြီးကြီး အနက်ကြီး။ အချိန်ယူတာလည်း အကြာကြီး။ ဆောရီး။ ဖြစ်ဖူးသူတွေက သတိထားရမယ်။ ဝတဲ့သူ အနာဖြစ်တာသူများထက်ပိုတယ်။ ဆီးချိုရှိသူ ပျောက်တာ သူများထက် ကြာတယ်။ ဆောရီး။ ကလေးအမေတွေမှာ နို့နာပေါက်လည်း အတူတူပဲ။ ဆေးထိုးကုသနည်းကို အရိုးစွဲနေတုန်း။ တချို့ဆေးခန်းတွေက ဆေးထိုး ဆေးသွင်းမှ ငွေယူရတာ ကောင်းတယ်လို့ ယူဆမလား မပြောတတ်။ လူနာတွေကလည်း အတော်များများက ဆေးထိုးမှသာ ရောဂါပျောက်မယ် ထင်ကြတုန်း။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၂-၁၂-၂ဝ၁၆
၈-၁၂-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး