Round-the-clock ကျန်းမာနေဘို့ဆိုတာ ၂၄ နာရီသတိထားရတယ်

အစဉ်ကျန်းမာဖို့ သိထားသင့်သော အချိန်များ နံနက် ၅ နာရီမှ ၇ နာရီတွင် အူမကြီး အလုပ်လုပ်ချိန် ဖြစ်သောကြောင့်ဆိုတာ ပို့လာတယ်။

အဲလိုဟာတွေတော့ မပို့ပါရန်လို အကြိမ်ပေါင်းများစွာ ရေးထားတယ်။ သူမပို့ခင်ကတည်းက သူများတွေတင်နေကြတာတွေ ခဏခဏမြင်ရတယ်။ မရေးခဲ့သေးပါ။ အခု ရေးပါမယ်။

Colon အူမကြီးဆိုတာ ဘာလဲ
လူတွေစားလိုက် သောက်လိုက်တာမှန်သမျှ ပါးစပ်၊ အစာမျိုပြွန်၊ အစာအိမ်၊ အူသိမ်၊ အူမကြီးကို တောက်လျှောက် ဆင်းသွားတယ်။ နောက်ဆုံးမှာ စွန့်ထုတ်ခြင်းမလုပ်ခင် အစာဟောင်းအိမ်ရောက်တယ်။ လမ်းတလျှောက်မှာ ကျေချက်တာ စုပ်ယူတာတွေလုပ်တယ်။ ကိုလုန် ခေါ် အူမကြီးမှာတော့ ရေကိုသာစုပ်ယူတော့တယ်။

အူမကြီးမှာ ရောဂါတွေနိုင်တယ်။ စောစောသိလေကောင်းလေ။
Abdominal pain ဗိုက်ဘယ်ဘက်ခြမ်းအောက်ပိုင်းနာခြင်း၊
Nausea or vomiting ပျို့အန်ခြင်း၊
Persistent diarrhea or constipation ဝမ်းပျက်လိုက် ချုပ်လိုက်ဖြစ်ခြင်း၊
Rectal bleeding or bloody stools ဝမ်းထဲမှာ သွေးပါခြင်း၊
Weight loss or gain ကိုယ်အလေးချိန်နည်းလာခြင်းနဲ့
Fever ကိုယ်ပူတာတွေဖြစ်ရင် ဆရာဝန်ပြပါ။

အူမကြီးမှာ အများဆုံး ရောဂါအုပ်စု ၃ မျိုးဖြစ်တယ်။

၁။ Inflammatory bowel disease ရောင်ရမ်းခြင်းရောဂါများ၊
Crohn’s disease ခရုန်းရောဂါ၊
Ulcerative colitis အူမကြီးအနာ၊

၂။ Diverticular disease ဒိုင်ဗာတီကူလာရောဂါများ
Diverticulosis ဒိုင်ဗာတီကူလိုးဆစ်ရောဂါ၊
Diverticulitis ဒိုင်ဗာတီကူလိုက်တစ်ရောဂါ။

၃။ Colon polyps အူမကြီးအသားပိုရောဂါ
Colon cancer အူမကြီးကင်ဆာ။

အစာလမ်းအပါအဝင် လူ့အင်္ဂါတွေဟာ နားနေတယ်လို့ ပြောဘို့ ခက်တယ်။ လုပ်စရာရှိတိုင်းလုပ်နေတယ်။ လူတွေက စားချိန်သောက်ချိန် မတူကြပါ။ တယောက်တည်းမှာလည်း ကာလတခုနဲ့တခု မတူပါ။ ခုခေတ်မှာ ၂၄ နာရီ အလုပ် လုပ်ကြရတယ်။ ညဆိုင်း နေ့ဆိုင်း ပြောင်းလုပ်ကြရသူတွေရှိတယ်။ အကျင့်လုပ်ထားသူတွေမှာတော့ အစာလမ်း အင်္ဂါတွေကလည်း အကျင့်ရနေတယ်။ စားချိန်ပြောင်းလိုက်ရင် လုပ်ချိန်လိုက်ပြောင်းတယ်။ ကျန်းမာနေဘို့ဆိုတာ ၂၄ နာရီ သတိထားရပါတယ်။

၁၉၈ဝ ကျော်တုန်းက Mayo Clinic ကနေ ကျန်းမာနေသူ ၂၁ ယောက်ကို လေ့လာမှုတခုလုပ်တယ်။ စားလိုက်တဲ့အစာတွေ ဘယ်လောက်ကြာကြာကိုယ်ထဲမှာနေသလဲ။ ပျမ်းမျှ ၅၃ နာရီကိုယ်ထဲမှာနေပါသတဲ့။ အမျိုးသားတွေက ၃၇ နာရီနဲ့ အမျိုးသမီးတွေက ၄၇ နာရီဖြစ်လို့ ပျမ်းမျှ နာရီ ၄ဝ အူမကြီးထဲမှာ ကြာတယ်။

ဒေါက်တာတင့်ဆွေ
၁၁-၁ဝ-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး