Taxila တက္ကသီလာ

ညီတော်မောင်ကတင်ထားတာ တွေ့တယ်။ ဆယ်တန်းအင်္ဂလိပ်ပြဋ္ဌာန်းစာအုပ်ထဲမှာ Taxila ဆိုတဲ့ဝေါဟာရပါတယ်။ အဲဒါကို မြန်မာတွေက တက္ကသီလာလို့ ခေါ်ကြတယ်။ တက္ကသီလာကိုပဲ တက္ကသိုလ်ပြည်လို့ အလွယ်ခေါ်ကြတော့ University ကို မြန်မာမှုပြု ကြတဲ့အခါ တက္ကသိုလ်လို့ပဲ သတ်မှတ်ခေါ်ဝေါ်ခဲ့ကြတော့တယ်။

Taxila ကို ပါဠိလို Takkasilā ခေါ်တယ်။ သက္ကတ ခေါ် ဆန်းစ်ခရစ်လို Takshashila ခေါ်ပါတယ်။

ကျွန်တော် ပြည်ပနိုင်ငံရေးခရီးစဉ်တွေထဲမှာ ပါကစ္စတန်ကို တခေါက်ရောက်ပါတယ်။ ရောက်ခဲ့တဲ့ အစ္စလမ်မာဘတ်မြို့နဲ့ မိုင် ၂ဝ အကွာမှာ တက္ကသီလာမြို့ဟောင်းရှိတယ်။ မရောက်ခဲ့ရပါ။ သမိုင်းအရ ဘီစီတထောင်ကတည်းကတည်ထားတယ်။ ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ပေးထားပါတယ်။

တချို့က University of Taxila ကို ကမ္ဘာ့ရှေးအကျဆုံး တက္ကသိုလ်လို့ဆိုပါတယ်။ အိန္ဒိယနိုင်ငံ ပတ္တနားနဲ့ မိုင် ၆ဝ လောက် ဝေးတဲ့ Nalanda university ကပိုပြီး တက္ကသိုလ်ဆန်တယ်လို့ ပြောတာလည်းရှိတယ်။ အဲဒီ နာလန္ဒာတက္ကသိုလ်ကိုတော့ ၂-၃ ခေါက်ရောက်ခဲ့တယ်။

ဟင်ဒူစာပေ Mahabharata မဟာဘာရတ္ထထဲမှာ တက္ကသီလာနဲ့ဆိုင်တဲ့ ဇာတ်လမ်းတွေပါတယ်။ Ramayana ရာမယန ထဲမှာလည်းပါတယ်။

Buddhist Jatakas ဗုဒ္ဓဘာသာဇာတကထဲမှာလည်း Gandhara ဂန္ဒာရဘုရင့်နိုင်ငံရဲ့သင်ကြားရေးဗဟိုဌာနအဖြစ်ပါတယ်။ Takkasila Jataka တက္ကသီလာဇာတကလို့ခေါ်တယ်။ တက္ကသိုလ်အသုံးက အဲဒီကနေယူတာလို့ယူဆမိပါတယ်။

Maurya မောရီယမင်း Chandragupta ချန္ဒရဂုတ္တရဲ့ဆရာ Chanakya စာနကျ ခေါ် Kautilya ကောတိလပညာရှိဟာ တက္ကသီလာကဖြစ်တယ်။ မဟာယနဗုဒ္ဓဘာသာက အဲဒီကနေစတင်တယ်လို့လည်းယူဆကြတယ်။

Magadha မဂဓဘုရင် Bimbisara ဗိမ္ဗိသာရရဲ့သမားတော်ကြီး မြတ်စွာဘုရာကိုပါ ဆေးကုသပေးတဲ့ Jivaka ဇီဝက ဟာလည်း တက္ကသီလာကျောင်းထွက်ဖြစ်တယ်။

ပုံ ၁ = တက္ကသီလာ
ပုံ ၂ = နာလန္ဒာ

ဒေါက်တာတင့်ဆွေ
၁၄-၁ဝ-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး