ဆောင်းညများစွာ အလင်္ကာဖြင့် စာပေပွဲတော်

နတ်တော်လကို ပုဂံခေတ်ကျောက်စာတွေမှာ နတ္တာဝ်၊ နတ်တာ်၊ နတ္တဝ်လို့ ရေးသားထားတယ်လို့ဆိုပါတယ်။ နတ်တဝ် လို့လည်း ခေါ်တယ်လို့လည်း ဆိုကြတယ်။

ဒီလထဲမှာ ကောက်ကြီးစပါး ရိတ်သိမ်းကြတယ်။ သဇင်ပန်းနဲ့ ဂမုန်းပန်းတွေ ပွင့်တယ်။

ရှစ်ခွင်ကို မြူဆင်းလို့ ငွေနှင်းတဲ့နုစို၊ ဂမုန်းသဇင်တို့ စုံခွင်မှာ လေချိုညင်းက၊ သုတ်သွင်းဘယ်ညာနှံ့ သင်း ပျံ့ပျံ့ချို၊ (ဖိုးသူတော်ဦးမင်း)

ဆောင်းညများစွာ အလင်္ကာဖြင့် စာပေပွဲတော် ဆင်ကြတယ်။ (တင်မိုး)

စာတော်သာလှ နတ်တော်လလို့ ခေါ်ဆိုပြီး စာဆိုတော်ပွဲကျင်းပတယ်။ နတ်တော်လဆန်း (၁) ရက်နေ့ကို စာဆိုတော်နေ့ အဖြစ် ၁၃ဝ၆ ခုနှစ်ကတည်းက ကျင်းပလာခဲ့လို့ ကျွန်တော့်အသက်ထက် လေးနှစ်ကြီးတယ်။

ဆောင်းဝင်စ လရာသီလည်းဖြစ်တယ်။ အလွန်အေးလာပြီ။

ရှုလေတိုင်းကိုတဲ့ ဝေမှိုင်းငယ်ဖြာဖြာ၊ လေညင်းငယ်လာသည် ဖော်မပါတူစုံကို လွှာခြုံအေးပြန်တော့တယ်လေး။ (မဟာအတုလမင်းကြီး)

မြန်မာ့ဓလေ့အရ မုံ့ဆန်းလှော်စားကြတယ်။ အိန္ဒိယမှာတော့ ဆောင်းဝင်ကတည်းက မြေပဲယို၊ နှမ်းပျစ် စတဲ့ မုံ့မျိုးစုံတွေ ရောင်းချကြတယ်။

ဟေမန်ဆောင်းရက်၊ ဓနုလဂ်နှင့် ပြိုးပြက်လျှံထိန်၊ ဆင်ရာတိမ်လည်း၊ သွန်းချိန်ကာလ၊ သစ်ခွပန်းတင်၊ သဇင်ပန်းပေါ်၊ နတ်တော်ရာသီ၊ မိဂသီနက္ခတ်၊ ဝေဒတ္တရ၊ ကျမ်းမှအလာ၊ မဟာပိန္နဲ၊ ဆင်ပွဲသဘင် (န၀ဒေး)

မဟာပိန္နဲဆိုတာ တကယ်တော့ နတ်ပွဲမဟုတ်ပါ။ ဟင်ဒူဘာသာရေးကနေ လာတာဖြစ်ပါတယ်။

နတ်တော် ပြာသို ကြံဖျားချိုလို့ အဆိုရှိတယ်။ ကြံတွေ အဖျားပိုင်းမှာပါ ချိုတယ်။ ကြံကို အရင်းကစ စုပ်မလား အဖျားကစ စုပ်မလား ပညာပြိုင်ခန်းကို သတိရတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး