ရှေးဟောင်း ဂဏန်းသင်္ချာ

ဆရာမင်းသုဝဏ်ရေးတဲ့ မြန်မာစာ မြန်မာမှုစာအုပ်ထဲမှာပါတယ်။ တခါတခါ ကျွန်တော်တွေးမိသည်။ အဲဒီဝါကျနဲ့ စပါတယ်။

မင်းတုန်းမင်းကြီးက ကင်းဝန်မင်းကြီးဖြစ်လတံ့သော ဘဏ္ဍာစာရေးဦးကောင်းအား ဂဏန်းသင်္ချာနှင့်စပ်၍ ပညာစမ်းသည့် အတ္ထုပ္ပတ္တိကလေးကို သွား၍ သတိရမိသည်။ ထိုအတ္ထုပ္ပတ္တိကို ကင်းဝန်မင်းကြီး၏ သမိုင်းစာအုပ်၌ အောက်ပါအတိုင်း တွေ့ရပေသည်။

တနေ့သ၌ လျောင်းတော်ဦးသို့ မင်းတုန်းမင်း ထွက်စံတော်မူ၍ အပျင်းပြေလိုတော်မူသဖြင့် ဆန်တစေ့ကစပြီးလျှင် ဆန်အပြန်သုံးဆယ်ကုန်အောင် စားနိုင်သူကို မြင်းတစီးနှင့် ပုဆိုးတထည် သနားတော်မူမည်။ မစားနိုင်ခဲ့လျှင် ဥယျာဉ်တော်မှာ ရေလောင်းရမည် အမိန့်တော်ရှိရာ ဘဏ္ဍာစာရေးဦးကောင်းနှင့် ဦးမိုးတို့က ဘုရားကျွန်တော် ဘဏ္ဍာစာရေးနှစ်ယောက်တို့က စားနိုင်ပါကြောင်း လျှောက်ထားကြသောအခါ ဦးကောင်းနှင့် ဦးမိုးတို့သည် ပုရပိုက်ပေါ်တွင် ကန့်ကူဖြင့် ဂဏန်းရေးမှတ်ပြီးလျှင် ဆန်တစေ့က နှစ်စေ့၊ နှစ်စေ့က လေးစေ့၊ ရှစ်စေ့၊ တဆယ့်ခြောက်စေ့၊ သုံးဆယ့်နှစ်စေ့၊ ခြောက်ဆယ့်လေးစေ့၊ စသဖြင့် အပြန်သုံးဆယ်ထိအောင် ထမ်းပိုးတက်၍ ရေတွက်ကြသောအခါ ဆန်စေ့ပေါင်း (၁၀၇၃၇၄၁၈၂၃) တရာ့ခုနစ်ကုဋေ သုံးသန်း ခုနစ်သိန်း လေးသောင်း တထောင့်ရှစ်ရာ နှစ်ဆယ့်သုံးစေ့ ရရှိသည်ဖြစ်၍ ဘုရားကျွန်တော်မျိုး ဘဏ္ဍာစာရေးနှစ်ယောက်တို့ ဆန်ကိုစားရန် သင်္ချာဖြင့်ရေတွက်ကြည့်ကြရာ တသက်မက နှစ်သက် ဆက်၍စားစေကာမူ ကုန်ဖွယ်မရှိ ဖြစ်ပါ၍ ဥယျာဉ်တော်အတွင်း ပန်းသစ်ပင်များကို ကုန်စင်အောင် ရေလောင်းရပါမည့် အကြောင်းနှင့် ခွင့်တောင်း တင်လျှောက်သည်။

စွယ်စုံကျော်ထင်ကျမ်းတွင် သက်တရာမှန် စားလေဟန်၊ ဆန်ကားစေ့ပေါင်း မည်မျှနည်းဟူသောပုစ္ဆာပါရှိသည်။ လူတယောက်သည် တလလျှင် ဆန်တတင်း ကုန်အောင်စားလျှင် အနှစ်တရာရှိသောအခါ ဆန်အစေ့ပေါင်း မည်မျှ စားမည်နည်းဟု မေးထားခြင်းဖြစ်ပေသည်။ ထိုမေးခွန်းကို ဖြေရာ၌ ကျီးသဲဆရာတော်ကြီးက ဆန်တတင်းလျှင် အစေ့ပေါင်း ခုနစ်သိန်း ခြောက်သောင်း ရှစ်ထောင် (၇၆၈ဝဝဝ) ရှိသည်ဟု ဆိုထားချက်ရှိပေသည်။

ထို့ကြောင့် ဦးကောင်းတို့ ဆန်တစေ့ကို အကြိမ်သုံးဆယ် ထမ်းပိုးပွါး၍ ရသောဆန်စေ့ပေါင်း တရာ့ခုနစ်ကုဋေကျော်ကို တင်းဖွဲ့လျှင် တထောင့်သုံးရာ့ ကိုးဆယ်ရှစ်တင်း တပြည်တခွက် တလမြက်တလမြူနှင့် အစေ့ ထောင့်သုံးရာ နှစ်ဆယ့် သုံးစေ့ ရပေမည်။ ထိုဆန်တို့ကို ဦးကောင်းတို့နှစ်ဦး မစားနိုင်၍ ဥယျာာဉ်တော်၌ ရေလောင်းခဲ့ရဘူးလေပြီ။

ကျွန်တော့်မှတ်ချက်
ရှေးဟောင်း ဂဏန်းသင်္ချာကို အမြွက်မျှသိကြစေချင်တယ်။ ဆရာမင်းသုဝဏ်ရေးခဲ့တဲ့ မြန်မာစာသတ်ပုံကို သိစေချင်တယ်။ တခါတခါ၊ တနေ့သ၌၊ ဆန်တစေ့ကစပြီးလျှင်၊ မြင်းတစီးနှင့် ပုဆိုးတထည်၊ ဆန်တစေ့က နှစ်စေ့၊ တရာ့ခုနစ်ကုဋေ၊ တထောင့်ရှစ်ရာ၊ တသက်မက၊ သက်တရာမှန် စားလေဟန်၊ လူတယောက်သည် တလလျှင် ဆန်တတင်း၊ အနှစ်တရာ ရှိသောအခါ၊ ဆန်တတင်းလျှင်၊ ဆန်တစေ့ကို၊ တရာ့ခုနစ်ကုဋေကျော်ကို၊ တထောင့်သုံးရာ့၊ တပြည်တခွက် တလမြက် တလမြူနှင့်လို့သာရေးပါတယ်။ တမှ စသတ်တွေမပါ။

ဒေါက်တာတင့်ဆွေ
၃-၁၂-၂ဝ၁၇
၃-၁၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး