ဧကရာဇ် နန်းသူ

ကုင်္ကုမံ သန္ဓေဖြစ်ပေမို့
ပုံသဏ္ဌာန် သပြေခေတ်တွင်မှ
ယုန်ရထားပျံ သရေသစ်သည့်နှယ်
ဧကရာဇ် နန်းသူ။

နတ်မယ်တို့ ဇာတ်နွယ်မို့ မှတ်ဘွယ်လို့ စခန်းတူတယ်
ကြငှန်းမူ ကြော့ဆုံး
ပြုံးဟန်က ထုံးလျှံပ သုံးပန်လှ နုသရေလို
ဥပဒေ ရေးတော့ တထုံး။

ခင်တမေ့ မြင်သနေ့ ရှင်ရသေ့ ဈာန်လျောကွာမယ်
ကြံမောဗျာ နှလုံး
ဇမ္ဗူမှာ တဆူဘုန်းဟာမို့
ဘသူ တူမနှုန်းကြနှင့်
ရွှေငုန်းမင်း သက်သေ။

ကပ္ပဋ္ဌီတပုံဖွဲ့လို့ ဇာတ်ပန်းချီ ပုံမသွဲ့ပါဘု
ပဒုံမယ့် ကျမ်းထွက်တဲ့မေ
ကသိုကမို့ ကဘိုကရို့ အညိုနဂိုရ့်ဆွေမှာ
တမို့တမြေ တနေအောက်တွင်ဖြင့်
တချို့တမေ သရေရောက်တော့
ဆံနေဆံပေါက် နဂိုရ်တော်ယဉ်။

ပိတုန်း ငှက်တောင်ပင်
ဖေါ့ဖယောင်းဥ ပျော့အပျောင်းနု ကြော့အပေါင်းစု
ရှုတိုင်ယဉ်တယ်
လူ့တိုင်းတခွင် စံရှားပါငဲ့လေး။

ကိန္နရီနှင့် သိမ်တညီချင့် ဣန္ဒနီပွင့်
မျက်လုံးနေမှာ
ထက်ဆုံးဗြဟ္မေ ဖန်ထားလေသို့လေး။

အချုပ်တန်းဆရာဖေ ရေးသားထားတဲ့ မယ်ဘွဲ့ဖြစ်ပါတယ်။ တတွေကိုသာ တစ်လုပ်ရေးရင်တော့ -

ဥပဒေ ရေးတော့ တစ်ထုံး
ခင်တစ်မေ့
ဇမ္ဗူမှာ တစ်ဆူဘုန်းဟာမို့
ကပ္ပဋ္ဌီတစ်ပုံဖွဲ့လို့
တစ်မို့တစ်မြေ တစ်နေအောက်တွင်ဖြင့်
တစ်ချို့တစ်မေ
လူ့တိုင်းတစ်ခွင်

ခုခေတ်က အဲလိုရေးမှတဲ့။

ဒေါက်တာတင့်ဆွေ
၁-၁၂-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး