GWB စီနီယာ ဘွတ်ရှ် ကွယ်လွန်သွားပြီ

သောကြာနေ့က။ အမေရိကန်သတင်းကို အရေးတယူလုပ်တင်တယ်လို့ မအောက်မေ့စေလိုပါ။ ကျွန်တော့မှာ သက်ဆိုင်တဲ့ ဇာတ်လမ်းလေးရှိလို့။

ကျွန်တော်က ၁၅ နှစ်ကြာလုပ်နေခဲ့တဲ့ အစိုးရခန့်ဆရာဝန်အလုပ်ကနေ နိုင်ငံရေးလုပ်ရန် အကြောင်းပြချက်နဲ့ ၁၉၉၀ မှာ ထွက်ခဲ့ပါတယ်။ အဝင်ခက်အထွက်ခက်လို့ဆိုကြတဲ့ ဆရာဝန်အလုပ်ဟာ ရှစ်လေးလုံးအရေးတော်ပုံကြီး တန်ခိုးနဲ့ တပတ်အတွင်း ထွက်စာကျတယ်။

နိုင်ငံရေးပါတီထဲဝင်တယ်။ စည်းရုံးရေးလုပ်ငန်းတွေလုပ်တယ်။ ညီတော်မောင်နဲ့ အဆက်အသွယ် မလုပ်ဖြစ်အောင် သတိထားတယ်။ သူကလည်း သမဦးစီးဌာနမှာ အစိုးရအလုပ်လုပ်နေတယ်။ သူကလည်း စာဖတ်သမား။ နိုင်ငံရေးစာအုပ် တအုပ် သူကနေလူကြုံနဲ့ ပို့လိုက်တယ်။ ဘွတ်ရှ် အတ္ထုပတ္တိ။

ဂျော့ ဒဘယ်လယူ ဘွတ်ရှ်ဟာ ၁၉၈၉ မှာ အမေရိကန်သမတဖြစ်လာပြီး ၁၉၉၃ ထိကြာတယ်။ သူသမတစဖြစ်ချိန်မှာ ထုတ်တဲ့ ဘိုင်အိုဂရပ်ဖီဖြစ်ပါတယ်။

အဲဒီကာလတွေက မြန်မာပြည်မှာ နိုင်ငံရေးစာအုပ်က အလွန့်အလွန်ရှားခဲ့ပါတယ်။ လက်ဝဲစာအုပ်တွေတောင် ခိုးကြောင် ခိုးဝှက်ဖတ်ရတာ။ မဆလ စာအုပ်တွေကတော့ ဗုံးပေါလအော။ ကျွန်တော်က လက်ဝဲရယ် လက်ျာရယ် မရှိသူ။ နိုင်ငံရေးဖြစ်ဖြစ် သမိုင်းဖြစ်ဖြစ် စုံစေ့အောင် ဖတ်ချင်သူ။

ကျွန်တော့်ကို လာဖမ်းတော့ လွတ်ထွက်သွားလို့ ကျွန်တော့်ဇနီးအပါအဝင် လူ ၇ ယောက်ကို ဖမ်းပြီးစစ်ဆေးတယ်။ ဒေါ်မြမြအေးကလွဲရင် ကျန်တဲ့ အမျိုးအဆွေတွေ ပိုက်ဆံအကုန်ခံပြီးမှ ပြန်လွတ်တယ်။ တလကိုးသီတင်း ကြာတယ်။ အမေရိကန်သမတအကြောင်းစာအုပ်ပို့ပေးတဲ့ညီဟာ ဗကပ ခေါ် ကွန်မြူနစ်စွဲဆိုချက်နဲ့ ထောင် ၄ နှစ်တိတိ လျှော့ရက်မရှိ ထောင်ကျခံရတယ်။

ဘွတ်ရှ်သံကြားရင် အဲတာပဲ ပြန်သတိရပါတယ်။

ဒေါက်တာတင့်ဆွေ
၂-၁၂-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး