Pregnancy Ultrasound Result ကိုယ်ဝန်ဆောင် အာထွာဆောင်းအဖြေဖတ်ခြင်း

ဆရာရှင့် ကျမ အသက် ၂၆ အိမ်ထောင်သက် ၁နှစ် သားဦးကိုယ်ဝန်လေးကို ၃လနဲ့ ၅ရက်မှာ နှလုံးခုန်ရပ်လို့ ခြစ်ခဲ့ရပါတယ် ၄လအကြာ အခုကိုယ်ဝန်ကိုရပါတယ် ကိုယ်ဝန်ကတော့ ၆ ပတ်နဲ့ ၅ရက်ရှိပါပြီရှင့် ultrasound ရိုက်တာ ရိုက်တဲ့ဆရာကတော့ ကလေးတွေ့တယ် နေရာမှန်တယ် နှလုံးမခုန်သေးဘူး ပြောပါတယ်ရှင့် OG ကတော့ ကလေး မတွေ့သေး နှလုံးမခုန်သေးလို့ ပြောပါတယ်ရှင့် ထပ်လည်း မမေးရဲ နားလည်း မလည် စိတ်လည်း ပူနေတာမို့ ultrasound လေး ဖတ်ကြည့်ပေးဖို့ အကူအညီတောင်းရတာပါရှင်

ထပ်စစ်ရမယ်။ ပုံမှန်ကိုယ်ဝန်လို့ ပြောမရသေး။ ဆောရီး။

ကလေးမဖြစ်ဖို့ များလားဆရာ စိတ်ပူနေလို့ပါရှင်

မျိုးဥနဲ့ သုက်ပိုးပေါင်းစပ်ပြီး ၆-၇ ရက်မှာ သားအိမ်အတွင်းဆုံးအလွှာမှာတွယ်ကပ်ရင် သန္ဓေတည်ပြီလို့ ပြောနိုင်တယ်။ အာထွာဆောင်းရိုက်ရင် တဆင့်ပြီး တဆင့်ပေါ်တယ်။ ကိုယ်ဝန်သက် ၆ ပတ်ကစပြီး ကလေးနှလုံးလှုပ်ရှားမှုကို အာထွာဆောင်းနဲ့ သိနိုင်တယ်။ အစောဆုံး ၄ ပတ်နဲ့လည်း သိနိုင်တာရှိတယ်။ ၆ ပတ်ခွဲထက် နောက်မကျ။

Gestational sac ခေါ် အိတ်ကလေးကို ၄ ပတ်ခွဲကစပြီး မြင်ရမယ်။

Yolk sac ခေါ် အိတ်ကလေးကို ၅ ပတ်ကစမြင်ရမယ်။

Embryo ခေါ် သန္ဓေသားကို ၅ ပတ်ခွဲမှာ စမြင်ရမယ်။

Heartbeat ခေါ် ကလေးနှလုံးခုတ်နေတာကို ၆ ပတ်ကစပြီးမြင်ရမယ်။ ၇ ပတ်မှပိုရှင်းလင်းတယ်။ အဲတာဆိုရင် ၉၅% ဟာ ကိုယ်ဝန်ဆက်ရှင်သန်မယ်လို့ ခန့်မှန်းနိုင်ပြီ။

Fetal heart rate ခေါ် ကလေးနှလုံးခုန်နှုန်းက ပြောင်းလဲနေတယ်။ ၆ ပတ်မှာ 90-110 bpm နဲ့ ၉ ပတ်မှာ 140-170 bpm ရှိတယ်။ နည်းလွန်းရင် ပျက်နိုင်တယ်။

Fetal body measurements ခေါ် ကလေးခန္ဓာကိုယ်အတိုင်းအတာနဲ့လည်း သက်တမ်းမှန်းနိုင်တယ်။
၁။ Crown-rump length (CRL) အတိုင်းအတာကို ၇-၁၃ ပတ်မှာလုပ်နိုင်ပြီ။

၂။ Biparietal diameter (BPD) အတိုင်းအတာကို ၁၃ ပတ်မှာလုပ်နိုင်ပြီ။ 2.4 cm ရှိမယ်။ နေ့စေ့လစေ့ဆိုရင် 9.5 cm ရှိမယ်။

၃။ Femur length (FL) အတိုင်းအတာက ၁၄ ပတ်မှာ 1.5 cm ရှိပြီး နေ့စေ့လစေ့မှာ 7.8 cm ရှိမယ်။

၎။ Abdominal circumference (AC) ကို လရင့်မှသာ လုပ်တယ်။ ကလေးထွား မထွားသိစေမယ်။ ဥပမာ BPD 9.0 cm နဲ့ AC 30.0 cm ရှိတဲ့ကလေး ကိုယ်အလေးချိန် 2.85 kg ရှိနိုင်တယ်။

အာထွာဆောင်းအဖြေဖတ်ရာမှာ သတိထားစရာတွေရှိတယ်။ အမျိုးသမီးတိုင်းက ရာသီလလယ်ရက်ဖြစ်တဲ့ ၁၄ ရက်မှာ မျိုးဥထွက်ကြတာ မဟုတ်ပါ။ အဲတာကြောင့် အဖြေကို ၇-၁၀ ရက်ကွာပြီးတွက်ရတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး