Shan Plateau ရှမ်းနှစ်သစ်ကူး

ဆုတောင်းစာတွေလာရင် ကျွန်တော့်မှာ ဒုက္ခများတယ်။ ၁၂ ရာသီလာတယ်။ ကြားပေါက်တွေလည်းလာသေးတယ်။ တချို့စာတွေက သတ်ပုံအလွဲလွဲအချော်ချော်တွေ။ တယောက်ပို့ထားပြီးသား ထပ်ထပ်ပို့လို့ မြင်တာနဲ့ အီနောက်လာတယ်။

မနေ့က တခုရောက်လာတော့ နောင်မပို့ပါရန်လို့ရေးမလို့ ကြည့်လိုက်တော့ ရှမ်းနှစ်သစ်ကူးတဲ့။ အဲတာနဲ့ လက်ခံထားလိုက်ပါတယ်။

ကျွန်တော် ရှမ်းကုန်းပြင်မြင့်ဒေသကို မရောက်ဖူးသေးပါ။ မနေ့ကပဲ မန္တလေးမှာနေတဲ့ ညီဆရာဝန်နဲ့ စကားပြောတယ်။ ဆရာလေး သည်တခေါက် ဘယ်ရောက်။ သူက မြန်မာပြည်အနှံ့သွားပြီး လည်ပင်းကြီးရောဂါတွေကို ခွဲပေးနေတာ။ မြို့အမည်တွေ ရွတ်ပြတယ်။ ဒါဆို ရှမ်းပြည်တောင်ပိုင်းပေါ့။ ဒေသအင်မတန်လှကြောင်းတွေ ပြောပြတယ်။ နောက်တခေါက် အလည်လာရင် လိုက်ပို့မယ်တဲ့။

ကျွန်တော့်ဆီကို ရှမ်းပြည်မြောက်ပိုင်းကတယောက်နဲ့ တောင်ပိုင်းကတယောက်တို့ကနေ လက်ဆောင်တွေ ရောက်အောင် ပို့ပေးကြပါတယ်။ ကျေးဇူး။ အခုသောက်နေတဲ့ လက်ဖက်ခြောက်လည်းပါတယ်။ အိန္ဒိယမှာနေစဉ်ကလည်း တယောက်က လာလည်ပါလို့ ဖိတ်တယ်။ ရှမ်းပြည်အရှေ့ပိုင်းက။

ရှမ်းပြည်နယ်က တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့လည်း လက်တွဲခဲ့ရတယ်။ လူချင်းခင်မင်ရင်းနှီးသူတွေလည်းပါတယ်။ မြန်မာနိုင်ငံရဲ့ ပဌမဆုံးသမတကြီးရဲ့သား ကွယ်လွန်သွားပြီဖြစ်တဲ့ ယူဂျင်းသိုက်နဲ့က အင်မတန်ခင်တာ။ သူနဲ့ ကျွန်တော် တူတာတခုရှိတယ်။ ဥရောပခရီးစဉ်တိုင်းမှာ ငရုတ်သီးပုလင်း တလုံးဆီယူလာကြတယ်။

ရေစက်ပါရင်တော့ ရှမ်းမြေကို ရောက်မယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အရသာလည်းရှိတဲ့ စားချင်တာတွေ့။

ဒေါက်တာတင့်ဆွေ
၈-၁၂-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး