The National Day အမျိုးသားနေ့

တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့ဟာ မြန်မာနိုင်ငံအမျိုးသားနေ့ဖြစ်ပါတယ်။ ၁၉၂၀ ကစခဲ့လို့ အခုဆိုရင် ၉၈ ကြိမ်မြောက်ပြီ။ အဲဒီတုန်းက ရန်ကုန်ကောလိပ်နဲ့ ဂျပ်ဆင်ကောလိပ်တွေကနေစတယ်။ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ကန့်ကွက်ကြတယ်။ အဓိက (၆) ချက်ကို လက်မခံလိုကြပါ။ သပိတ်မှောက်ကြတယ်။ တတိုင်းတပြည်လုံးက ဝိုင်းအုံ ထောက်ခံတယ်။ ဝံသာနုစိတ်ဓါတ်တွေဖြစ်ပေါ်လာတယ်။ ၁၉၂၁ မှာ ရန်ကုန်မြို့ ဗဟန်းရပ် ရွှေကျင်ကျောင်းတိုက်ကြီးမှာ အမျိုးသားကောလိပ် ဖွင့်လှစ်တယ်။ ၁၉၂၁ ခုနှစ် ဒီဇင်္ဘာလထဲ မန္တလေးမှာကျင်းပတဲ့ ဂျီစီဘီအေအသင်းကြီး ပြည်လုံးကျွတ် ညီလာခံကနေ တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့ကို အမျိုးသားနေ့အဖြစ်လက်ခံလိုက်တယ်။

ကျွန်တော်တို့ အမျိုးသားနေ့နဲ့ တချို့နိုင်ငံတွေရဲ့ အမျိုးသားနေ့တွေက သဘောခြင်းမတူပါ။ တချို့က နိုင်ငံကို တည်ထောင်နိုင်ခဲ့တဲ့နေ့ကိုသာ မှတ်ယူကြပါတယ်။ အများအားဖြင့် လွတ်လပ်ရေးနေ့၊ လွတ်မြောက်မှု ရစေခဲ့တဲ့နေ့တွေ ဖြစ်ကြပါတယ်။ တချို့က အဲလို လွတ်မြောက်မှုကိုရစေဘို့ အရေးပါတဲ့နေ့ကိုလဲ ခေါ်ကြလို့ မြန်မာနိုင်ငံနဲ့ တူပါတယ်။

အလေးထားမှု မတူကြပါ။ စပိန်မှာ အောက်တိုဘာ ၁၂ ရက်ကို Fiesta Nacional de España လို့သတ်မှတ်တာကို တချို့နိုင်ငံတွေမှာ Columbus Day လို့ခေါ်ပြီး ခရစ္စတိုဖါ ကိုလန်ဘတ်စ် အမေရိကတိုက်ကို စတွေ့တဲ့နေ့အဖြစ် ကျင်းပကြပါတယ်။ ကျင်းပပုံတွေလဲ မတူကြပါ။ အင်္ဂလန်နဲ့ ဒိန်းမတ်တို့မှာ အမျိုးသားနေ့ရယ်လို့ တိတိကျကျမရှိသေးပါ။ ဂျမေကာမှာတော့ နေ့သတ်မှတ်တာကို ရက်စွဲအတိအကျမဟုတ်ပဲ သြဂုတ်လ ပဌမ တနင်္လာနွေနေ့ဖြစ်ပါတယ်။ အစ္စရေးလ်လည်း အဲလိုပဲ။ ပါကစ္စတန်မှာ အမျိုးသားနေ့က သုံးရက်ရှိတယ်။

Nationalism အမျိုးသားစိတ်ဓါတ်ဆိုတာက နိုင်ငံရေးအယူအဆ အိုင်ဒီယော်လော်ဂျီတခုဖြစ်ပါတယ်။ တိုင်းပြည်တခုနဲ့ သက်ဆိုင်တဲ့အယူအဆပါ။ ကိုယ့်တိုင်းပြည်ရဲ့ သရုပ်လက္ခဏာကို ထင်ဟပ်စေပါတယ်။ Patriotism မျိုးချစ်စိတ် ဆိုတာနဲ့ မတူပါ။ ဒါက ပုဂ္ဂိုလ်ရေးအမူအယာသဘောဖြစ်တယ်။ ဒါကိုအခြေခံပြီး တိုင်းပြည်ရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်မှုတွေကို ပြဋ္ဌာန်းပါတယ်။

အခြေခံ (၂) ချက်ရှိတယ်။ ပဌမတမျိုးက ရှေးအစဉ်အလာကိုစွဲယူထားပြီး ပြောင်းလဲလာမှုတွေအရ မွေးဖွါးရာဒေသကို အစွဲပြုတာဖြစ်တယ်။ နောက်တမျိုးကတော့ ခေတ်ပေါ်အယူအဆဖြစ်ပြီး ဖြစ်တည်နေတဲ့အခြေအနေတွေအရ တည်ဆောက်မှု ပြောင်းစေတာဖြစ်ပါတယ်။ ဘယ်ဟာကိုယူယူ အတိတ်ကို အခြေခံတာတွေသာဖြစ်တယ်။

တိုင်းပြည်တခုထဲမှာနေကြတဲ့ နိုင်ငံသားတွေဟာ တမျိုးတည်းသော လူမျိုးရဲ့ ယဉ်ကျေးမှု၊ ကိုးကွယ်ရာ၊ သဘောဆောင်မှုသာရှိတယ်။ နောက်မျိုးကွဲတခုကတော့ Multinationality အမျိုးစုအများကို လက်ခံတာဖြစ်ပါတယ်။ များတဲ့အုပ်စုကနေ လွှမ်းမိုးပါတယ်။ နည်းတဲ့သူတွေကနေ မကျေနပ်တဲ့အခါ တောင်းဆိုမှုတွေဖြစ်ပါမယ်။ အဓိပ္ပါယ် ဖွင့်ဆိုမှုကို ပြန်ပြင်ရတာမျိုးလဲရှိနေပါမယ်။ ပြည်တွင်းစစ်အထိဖြစ်နိုင်တယ်။ တိုင်းတပါး အန္တရယ်ကြုံတဲ့အခါ ဒါကို ကိုင်စွဲအသုံးချတာလဲ ရှိတယ်။

မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ အမျိုးသားရေးစိတ်ဓါတ် ကျဆင်းလာနေတယ်။ တလွဲအသုံးချခံထားရတယ်။ အရည်အသွေးမီတဲ့ပညာရေး ပြန်လည်ရရှိပါစေ။ ပညာရေးကောင်းမွန်မှသာ အမျိုးသားရေးလည်း မှန်တယ်။

ဒေါက်တာတင့်ဆွေ
၁-၁၂-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး