Advice for Water festival သင်္ကြန်တွင်းကျ ယူကျုံးမရမဖြစ်ရအောင်

ဒီစာရေးတာ (၄) နှစ်ရှိပြီ။ အရင်ဆုံးတင်စဉ်က ဟစ်ဖြစ်သွားတယ်။ ဖတ်ခဲ့သူပေါင်း သောင်းဂဏန်းမနည်းပါ။ စာနဲ့ပူးတွဲ တင်ခဲ့တဲ့ဓါတ်ပုံမှာ ရေစိုစိုနဲ့မြန်မာပြည်ကမိန်းကလေးသုံးယောက် လက်ထဲမှာ သောက်စရာခွက်ကိုယ်စီကိုင်ထားကြတယ်။ ပို့စ်တင်ပြီးနောက်ရက်မှာ ဆရာ အဲဒီထဲကတယောက်က ကျမပါ၊ ဖျက်ပေးပါဆရာတဲ့။ ယဉ်ယဉ်ကျေးကျေး ပြောပါတယ်။ တခါတည်းဖျက်လိုက်ပါတယ်။ အဲဒီပုံက အခုလည်း ဂူဂယ်အင်မေ့ခ်ျထဲမှာ ရှိတယ်။ သူတို့ပုံက အောက်သွားပါပြီ။ ဒိထက် အောက်ကျအောင်ဝတ်စားထားတဲ့ပုံတွေ သင်္ကြန်တိုင်းမှာ တိုးလာတယ်။

သင်္ကြန်တွင်းကျ ယူကြုံးမရမဖြစ်ရအောင် အကြံပေးပါရစေ။ သင်္ကြန်တွင်းမှာ ပျော်စရာကိုရှာသူတွေ ဒုက္ခပင်လယ်ဝေရတဲ့ ဇာတ်လမ်းတွေကို လူမသိသူမသိ တကယ်ရှိတယ်။ ကိုယ်ဝတ်ဆင်တဲ့အဝတ်အစား၊ ကိုယ်နဲ့တွဲသွားသူအတန်းအစား၊ ကိုယ်ကျင်လည်တဲ့နေရာအမျိုးအစားတွေဟာ ရန်သူကိုဖိတ်ခေါ်နေတာမျိုး ဖြစ်နိုင်တယ်။ မတော်မတရားပြုကျင့်မဲ့သူဟာ သင်္ကြန်မတိုင်ခင်ကတည်းက အရိပ်အကဲကို ခတ်ထားပြီးဖြစ်နိုင်တယ်။ နောက်ယောင်ခံနေတတ်တယ်။

ကိုယ်ဘယ်ကိုသွားမလဲဆိုတာ အနည်းဆုံး တယောက်ယောက်ကို အသိပေးထားခဲ့ပါ။ နေရာပြောင်းတိုင်းလဲ အကြောင်းကြားပါ။ မိန်းကလေးဖေါ်ပါရင် သူဘယ်မှာ၊ ကိုယ်ဘယ်မှာ အဆက်အသွယ်အမြဲမပြတ်ရှိနေပါ။ ပြန်ပို့ပေးမယ်ဆိုသူ၊ စားရသောက်ရအောင် ဖိတ်သူတွေဟာ အကြံနဲ့လား သံသယထားပါ။ အပြောကောင်းသူ၊ မြူဆွယ်သူတွေ လူကဲခတ်တတ်ပါစေ။ အပြောတမျိုး အလုပ်တမျိုးလာနိုင်တာ သတိထားပါ။ ဆွဲဆောင်တိုင်းကို အဟုတ်မထင်ပါနဲ့။ လိင်မှုကိစ္စသာမကပါ၊ ရာဇဝတ်မှုကျူးလွန်ဘို့ အဖေါ်စပ်ရာမှာလဲ မပါမိစေနဲ့။ ခိုးမှု လုယက်မှုသာ မဟုတ်ပါ။ ဆေးပြားရောင်းတာ၊ လက်ဆင့်ကမ်းပေးတာမှာ ကြံရာပါဖြစ်သွားတတ်တယ်။

ခေါင်းညိတ်တာ မလွယ်ပါစေနဲ့။ သူငယ်ချင်း၊ သမီးရည်းစား၊ ယူဘို့ စိတ်ကူးထားသူ ဘယ်သူ့ကိုမဆို စည်းသုံးတန်နဲ့ တားထားပါ။ စည်းကျော်လာတာနဲ့ တွန်းလှန်ဘို့ သတ္တိရှိပါ။ ဘာမှမဖြစ်ဘူး မထင်ပါနဲ့။ အစပျိုးမှုကလေးကနေ ဘဝဆိုးသည်အထိဖြစ်ဘို့ လမ်းဖွင့်ပေးတာနဲ့ တူပါမယ်။

ကိုယ့်စိတ်လုံခြုံမှု နည်းတယ်ထင်တဲ့နေရာမှာ ဆက်မနေပါနဲ့။ စိတ်ချရတဲ့နည်းနဲ့ စိတ်ချရတဲ့နေရာကို ပြောင်းပါ။ တယောက်တည်းရှိနေတုံးမှာ အနားကပ်လာသူတိုင်းကို မယုံပါနဲ့။ ကိုယ့်ကို လိင်ပိုင်းဆိုင်ရာ အပြုမူတမျိုးမျိုး အချိန်မရွေး လုပ်နိုင်တယ်ဆိုတာကို ခေါင်းထဲမှာထားပါ။

ကိုယ့်ကိုခြိမ်းခြောက်မှုရှိလာရင် ငြိမ်မနေပါနဲ့။ သူများတွေသိစေအောင် ဆူညံမှုတခုလုပ်ပါ။ နံရံကို ခြေနဲ့ကန်တာ၊ တခုခု အသံဆူအောင်လွှတ်ချတာ၊ အော်ဟစ်တာ။ အဲလိုအခြေအနေမျိုးမှာ သဘောကောင်းသူ၊ သည်းခံတတ်သူလို့ အထင်ကြီးတာ မခံချင်ပါနဲ့။ အထင်သေးပါစေ စိတ်ကြမ်းသူလို တမင်တကာပြုမူပါ။ လူတိုင်းဟာ ကိုယ့်အိမ်ထောင်ဘက် ဖြစ်လာမှာမဟုတ်ပါ။

ကိုယ့်ဖုန်းနံပါတ်၊ အိမ်လိပ်စာ၊ ဖေ့စ်ဘွတ်အိုင်ဒီ တစိမ်းတွေကို မပေးပါနဲ့။ မသင်္ကာတာနဲ့ ဆက်သွယ်ရမဲ့ ဖုန်းနံပါတ်ကို ကိုယ့်ဖုန်းမှာ အလွယ်နှိပ်နိုင်အောင် အဆင်သင့်လုပ်ထားပါ။ ရောက်နေတဲ့အရပ်က ရဲစခန်းကို သိထားပါ။ ကြက်ခြေနီ အကူအညီယူပါ။ သူများအကျဉ်းအကြပ်နဲ့ ဒုက္ခရောက်နေရင် အကူအညီခေါ်ပေးတာမျိုးနဲ့ ကူညီပါ။ ကိုယ်မြင်တာသိတာကို မီဒီယာကမေးရင် ထုတ်ဖေါ်ပြောဘို့ ဝန်မလေးပါနဲ့။ ဥပဒေအကာအကွယ်ကို အသုံးချပါ။

အရေးအကြီးဆုံးကို ပြောပါမယ်။ သောက်စရာမှန်သမျှ ရေကအစ ဆင်ခြင်ကြပါ။ သောက်စရာဘယ်ကနေလာတာလဲ သိနေအောင်လုပ်ပါ။ ပုလင်း၊ ဗူး၊ ခွက်ကအစ ကိုယ့်ပါးစပ်ထဲရောက်တဲ့အတိ မျက်ခြေမပြတ်ပါစေနဲ့။ အများစုဝေး သောက်သုံးစရာဆို ပိုသတိကြီးပါ။ မျက်စိအောက်က ခဏလေးပျောက်သွားတဲ့ ကိုယ့်ခွက်ကို ပြန်မသောက်ပါနဲ့တော့။ ခွက်ကို တခုခုနဲ့ဖုံးထားပါ။ တနေရာမှာ ချထားပြီးသားကို ပြန်မသောက်ပါနဲ့။ ဆိုင်ကနေမှာပေးတာဆိုရင် ဈေးရောင်းသူနဲ့ ကိုယ့်အဖေါ်ဆက်ဆံရေးကို အကဲခတ်ပါ။ မျက်စပြစ်ပြတာ၊ လက်ကုပ်တာ အဓိပ္ပါယ်ဖွင့်တတ်ပါ။

သောက်စရာထဲမှာ ဆေးရည်၊ အစက်ချဆေး၊ ဆေးမှုံတွေဟာ အနံ့၊ အရောင်၊ အရသာ မသိနိုင်တာများတယ်။ ကိုယ့်ရှေ့မှာ ဖေါက်ပေးတာကိုသာ သောက်ပါ။ ဒါလည်း ကြိုတင်ပြီး ဆေးထိုးအပ်နဲ့ မူးယစ်ဆေး၊ လိင်စိတ်ကြွဆေးထည့်ထားတာမျိုး ရှိနိုင်တယ်။ တခုခုသောက်ပြီး မူးဝေလာသလို၊ အိပ်ချင်လာသလို၊ စိတ်မူပြောင်းလာသလို ထူးတာနဲ့ အကူအညီတောင်းဘို့ ချက်ချင်းလုပ်ပါ။ မိနစ်နည်းနည်းလေးသာ အချိန်ရမယ်။ မသိသူတွေကနေ ကူမယ်ပြောတိုင်းလဲ မယုံပါနဲ့။

သတိလစ်အောင်ပြုလုပ်နိုင်တဲ့ဆေးတွေ ခံလိုက်ရပြီးရင် ဘယ်နေရာမှာ ဘာဖြစ်ခဲ့တယ်လို့ ပြန်မပြောနိုင်တော့ပါ။ ညစ်ညမ်းဆေးဝါးတွေဟာ နည်းနည်းထည့်တာသောက်မိတာနဲ့ လိင်ပိုင်းမှာ ကိုယ့်ကိုယ်ကို မထိန်းနိုင်တဲ့ဘဝ ရောက်သွားတယ်။ ညစ်ညမ်းလက်ဖက်ရည်၊ လေဒီကော်ဖီ၊ (ခပ်ရိုင်းရိုင်း) မုဒိန်းဆေးလို့ ခေါ်လိုက်မယ်။ ကန်တော့ပါ။

သင်္ကြန်ကာလမှာ ဟိုနည်းသည်နည်းတွေ မေးကြတော့မှာကို ကြိုသိနေတယ်။ သင်္ကြန်ပြီးရင် မေးခွန်းတမျိုးတွေက လာဦးမှာ။ ကာကွယ်ရေးသည် ကုသရေးထက်ကောင်းသည်လို့ပြောရတာ အာပေါက်နေပြီ။ ဒီသင်္ကြန်မှာ လူလုံးမလှလုပ်ရာမှာ အံတိုနေသူတွေနဲ့ မတွေ့ပါစေနဲ့လို ဆုတောင်းပေးပါတယ်။

Advice for Water festival သင်္ကြန်တွင်းကျ ယူကျုံးမရမဖြစ်ရအောင် http://doctortintswe.blogspot.com/2014/10/advice-for-water-festival.html
Date Rape Drugs သတိလစ်စေရန် ပြုလုပ်နိုင်သည့်ဆေးဝါးများ http://doctortintswe.blogspot.com/2014/10/date-rape-drugs.html
Dirty drugs ညစ်ညမ်းဆေးတွေ http://doctortintswe.blogspot.com/2014/10/dirty-coffee.html
Guidance for girls and women သင်္ကြန်တွင်းကြယူကြုံးမရ မဖြစ်ရအောင် http://doctortintswe.blogspot.com/2014/10/advice-for-water-festival.html
Lady coffee လေဒီကော်ဖီ http://doctortintswe.blogspot.com/2014/10/dirty-coffee.html
Predatory Drugs သတိလစ်စေရန်ပြုလုပ်နှိင်သည့် ဆေးဝါးများ http://doctortintswe.blogspot.com/2014/10/predatory-drugs.html
Rape drugs အဓမ္မကျင့်ဘို့ သုံးကြတဲ့ ဆေးတွေ http://doctortintswe.blogspot.com/2017/03/rape-drugs.html
Rohypnol ရိုဖီနောလ် မုဒိန်းဆေး http://doctortintswe.blogspot.com/2017/03/rohypnol.html
Warning to girls and women အမျိုးသမီး-မိန်းကလေးတွေ သတိပေးပါရစေ http://doctortintswe.blogspot.com/2014/10/warning-to-girls-and-women.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး