Today ကနေ့တော့

Today ကနေ့တော့

သားတယောက်အိမ်မှာ။ ကျောင်းပိတ်လို့ အိမ်မှာနေရတဲ့ မြေးအတွက်လဲအဖေါ်ရ ကိုယ့်အတွက်လဲ 'အင်တာနက်' သုံးလို့ရတယ်။
မနက်ထမှာ မိုးရွာတယ်။ ဒီရောက်ကတည်းက မိုးရွာတဲ့နေ့တွေက မနည်းဘူး။ မနေ့ညကတော့ မှန်ပြူတင်းကို မိုးစက်တွေ လာရိုက်တဲ့အသံပါကြားရတယ်လို့ ဇနီးသည်ကပြောတယ်။ ကျွန်တော်ကတော့ အိပ်ကောင်းနေလို့ မိုးအရသာကိုလွတ်သွားတယ်။
မနက်လင်းမှာ ဒီအိမ်ကိုလာဘို့ သမီးရဲ့ခင်ပွန်းကလာခေါ်ပါတယ်။ ကျွန်တော်က ဒီက သဘာဝအရှိတွေကို ကြည့်မိကြောင်းနဲ့ စာတိုလေးတွေရေးတာကိုပြောတော့ သူလဲ မိုးရွာတာ၊ လေတိုက်တာ၊ နှင်းကျတာတွေကို အိမ်တံခါးဖွင့်ထားပြီး ခံစားကြည့်လေ့ရှိသတဲ့။ 
မနှစ်ကမိုးနည်းပြီး နှင်းကျတာနဲ့ရေခဲတာ ဆိုးခဲ့ကြောင်းပြောတယ်။ မိုးနည်းတဲ့မနှစ်က မိုးရေခံတာကို အစိုးရကတားတဲ့အကြောင်း အဝေးနေသူတွေက နားစွန်နားဖျားကြားတော့ အံ့သြကြလို့ ဘယ်လိုကဘယ်လိုဆိုတာ ပြောပြရသေးသတဲ့။ မိုးရေကို တနိုင်တပိုင် ခံလို့ရပါတယ်။ တားရတာက စီးပွါးဖြစ်လုပ်ကြလို့ပါတဲ့။
သွပ်ပရပ်က ကျလာတဲ့မိုးရေကို ရေတံလျှောက်နဲ့၊ လူတရပ်မကနက်လှတဲ့ မြေထဲတဝက် မြေပေါ်တဝက်ရှိတဲ့ ကွန်ကရစ်ကန်မှာ တနှစ်စာခံထားရတဲ့ မြို့သာကို အမှတ်ရပါတယ်။ "ငါန်းဇွန်သား လမ်းဆိုးမတွေ့၊ မြို့သာသား ရေဆိုးမတွေ့" ခေတ်မှာ တိုက်နယ် ဆရာဝန်ဖြစ်ခဲ့ရလို့ပါ။ 
အခုတော့ မြို့သာက လမ်းပမ်းသာယာ၊ ရေပါအဆင်ပြေတဲ့၊ တကယ့်မြို့သာဖြစ်နေပြီဆိုတာ 'ဖေ့စ်ဘွတ်' ကတဆင့် သိရလို့ ဝမ်းမြောက်ရတာ အမှန်ပါ။ သမီးနဲ့ သားအငယ်ဆုံးတို့က မြို့သာချက်မြုပ်တွေ။
နေမြင့်လာတော့ ကောင်းကင်ကကြည်လင်ပြီး နေကောင်းကောင်းထွက်လာတယ်။ 
မြန်မာပြည်မှာ မိုးလေမှန်ပါစေ၊ မိုးရေခံနိုင်ကြပါစေ။

ဒေါက်တာတင့်ဆွေ
၁၃-၁ဝ-၂ဝ၁၄ 

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး