Infertility Treatments (2) ကလေးရအောင် ကုသနည်းများ (၂)



ကျမ ဒီနေ့ထိ ရာသီမလာသေးလို့ (့) ကို သွားခဲ့ပါတယ်။ Ultrasound ရိုက်ပေးတယ်၊ ကိုယ်ဝန် မရှိဘူးတဲ့။ ကျမလဲ အရမ်းကို စိတ်ဓာတ်တွေ ကျခဲ့ရပါတယ်၊ မျှော်လင့်ထားတာတွေ ဆုံးရူံးခဲ့ရပါတယ်။ ဟော်မုန်းနဲလို့တဲ့။ အဲဒါနဲ့ ဟော်မုန်း အားတိုးဆေး (၂) မျိုး Progynova, Femoston နဲ့ ဖောလစ်အက်ဆစ်တွေကို (၄) ပတ်စာ ပေးလိုက်ပြီး ကလေးလိုချင်ရင် ရာသီလာတဲ့အခါ ဒုတိယရက် ဒါမှမဟုတ် တတိယရက်မှာ ပြန်လာခဲ့ အဲဒီအခါမှာ Blood Test စစ်မယ်၊ လိုအပ်ရင် ထိုးဆေး (၇) ရက်ထိုးပြီး ကြိုးစားကြည့်မယ်လို့ ပြောပါတယ်။ အဲဒီ ထိုးဆေးကို တနေ့ နဲနဲနဲနဲ ထိုးမှာလို့ ပြောပါတယ်။ အဲဒီ ထိုးဆေးထိုးရင်ကော ကလေးရနိုင်ခြေရှိလား ဆိုတာကိုလဲ သိပါရစေ။ ကျမ အပျိုတုန်းက ကလေးရှိအောင် စားဆေး စားခိုင်းတယ်လို့တော့ ကြားဘူးတယ်။ တချို့ (၃) လစားရင် ကလေးရတယ်၊ တချို့က (၆) လ စားရင် ရတယ်လို့ ကြားဘူးပါတယ်။ ခုလို ထိုးဆေးတော့ မကြားဘူးလို့။ နောက်ပြီး ထူးဆန်းတာ တစ်ခုက ကျမရဲ့သားအိမ်မှာ Fibroid ရှိလားလို့ မေးတော့ မရှိဘူးတဲ့။ ပြီးခဲ့တဲ့ ဖေဖဝါရီလ မြန်မာပြည်ကို ပြန်တုန်းကမှ OG နဲ့ ပြခဲ့တာပါ။ နောက်ပြီး ၂ဝ၁၁ တုန်းကလဲ အသားလုံးရှိခဲ့ပါတယ်။ ဒီ (့) တခြားဆေးရုံက OG နဲ့လဲ ပြဘူးပါတယ်၊ မရှိဘူးဆိုတော့ ဝမ်းသာရတာပေါ့။ လွတ်လွတ်လပ်လပ် ဝမ်းသာခြင်လို့ပါဆရာ။

Progynova (Estradiol Valerate) ဆေး နဲ့ Femoston ဆေးတွေဟာ ဟော်မုန်းဆေးဖြစ်တယ်။ Menopause သွေးဆုံးလို့ ခံစားရတာတွေကို သက်သာစေအောင် အပါအဝင် ဟော်မုန်းလိုသူတွေကို ပေးတယ်။ ဘေးထွက်-ဆိုးကျိုးတွေတော့ ရှိတယ်။ သားအိမ် အသားပိုအလုံး Fibroid တော့ တကယ်ကုသပေးနေတဲ့ ဆရာဝန်တွေထက် ဆရာက ပိုမသိပါ။

Infertility Treatments (1) ကလေးရအောင် ကုသနည်းများ (၁) ထဲမှာ "Injectable Hormones ဟော်မုန်း ထိုးဆေး Clomiphene ဆေးကို ၆ လသောက်ပေမဲ့ မထူးခြားသေးရင် ဆရာဝန်က ဟော်မုန်း ထိုးဆေး ညွှန်းမယ်။ ဆေးအမျိုးမျိုး ရှိတယ်။ ထိရောက်ပါတယ်။ ဒီနည်းနဲ့ မျိုးဥထွက်သူ တဝက်က ကလေးရကြတယ်။ ဟော်မုန်း ထိုးဆေးကြောင့်လဲ ကလေး အမွှာရစေနိုင်တယ်" လို့ ရေးထားခဲ့ပါတယ်။ အဲဒါကို နဲနဲလေး ချဲ့ရေးပါရစေ။

Injectable Hormones for Infertility ကိုယ်ဝန်ရစေအောင်ပေးတဲ့ ဟော်မုန်း ထိုးဆေးများ
• Clomid သောက်ဆေးပေးလို့ မရသေးရင် ထိုးဆေးပေးနိုင်တယ်။ ဟော်မုန်း-ထိုးဆေးတွေကလဲ မျိုးဥထွက်အောင် နှိုးဆွပေးဘို့ဖြစ်တယ်။
• Human Chorionic Gonadotropin (hCG) ဟော်မုန်းကို Pregnyl, Novarel, Ovidrel နဲ့ Profasi နာမည်တွေနဲ့ လာတယ်။ တခြားဆေးတွေနဲ့လဲ တွဲသုံးတယ်။
• Follicle Stimulating Hormone (FSH) ဟော်မုန်းကို Follistim, Fertinex, Bravelle နဲ့ Gonal-F နာမည်တွေနဲ့ လာတယ်။
• Human Menopausal Gonadotropin (hMG) ဟော်မုန်းကို Pergonal, Repronex နဲ့ Metrodin နာမည်တွေနဲ့ လာတယ်။ ဒီဆေးက FSH နဲ့ LH ဟော်မုန်း ၂ မျိုးတွဲဖြစ်တယ်။
• Gonadotropin Releasing Hormone (Gn-RH) ဟော်မုန်းကို Factrel နဲ့ Lutrepulse နာမည်တွေနဲ့ လာတယ်။ ဒီဆေးကနေ FSH နဲ့ LH တွေထွက်လာစေအောင်လုပ်ပေးမယ်။ အမေရိကားမှာ သိပ်မသုံးပါ။
• Gonadotropin Releasing Hormone Agonist (GnRH agonist) ဟော်မုန်းကို Lupron, Zoladex နဲ့ Synarel နာမည်တွေနဲ့ လာတယ်။
• Gonadotropin Releasing Hormone Antagonist (GnRH antagonist) ဟော်မုန်းကို Antagon and Cetrotide နာမည်တွေနဲ့ လာတယ်။

ထိုးဆေးတွေကို အသားဆေး နဲ့ အရေပြားအောက်ထိုးနိုင်တယ်။ ဆေးအဆ ချိန်ဆရတယ်။ ရာသီလတခုရဲ့ ဒုတိယနေ့ နဲ့ တတိယနေ့တွေမှာ ထိုးတယ်။ ၇ ရက်ဆက်၊ ဒါမှမဟုတ် ၁၂ ရက်ဆက်ထိုးတယ်။ တချို့ လူနာတွေကို Clomid သောက်ဆေးရော ထိုးဆေးပါတွဲပေးတယ်။ အောင်မြင်မှု ၅ဝ% ရှိတယ်။ ဘေးထွက်-ဆိုးကျိုးတွေက သိပ်မဆိုးပါ။ မောပန်းမယ်၊ ဆေးထိုးတဲ့နေရာမှာ ပိုးဝင်မယ်၊ နာမယ်။ ကံမကောင်းရင် Ovarian hyperstimulation ဆိုတာဖြစ်နိုင်တယ်။ မျိုးဥအိမ်ကြီးပြီးနာလာမယ်။ တချို့မှာ အမွှာကိုယ်ဝန် ရစေနိုင်တယ်။

Other Fertility Drugs တခြား ကိုယ်ဝန်ရစေနိုင်လောက်တဲ့ ဆေးတွေ
• Aspirin (အက်စပရင်) နဲ့ Heparin (ဟက်ပရင်) ဆေးတွေဟာ Miscarriage ကိုယ်ဝန်ပျက်မှာကို ကာကွယ်နိုင်စွမ်း ရှိတယ်လို့ သိထားတယ်။
• Antagon (ganirelix acetate) ထိုးဆေး နဲ့ Parlodel and Dostinex (bromocriptine and cabergoline) ဆေးတွေကိုလဲ သုံးနိုင်တယ်။

17-10-2011 Fertility Switch Points to New Treatments ကလေးမရတာကုဘို့ အသစ်တွေ့ရှိချက်တခု
သိပ္ပံပညာရှင်တွေက Infertility သား-သမီး မရနိုင်တာနဲ့ Miscarriage သားလျှောတာတွေကို ကုသပေးရာမှာ အထောက်အကူပြုနိုင်မဲ့ (အင်ဇိုင်း) တမျိုးကို တွေ့ရှိလာပါတယ်။ Imperial College London က သုတေသန ပညာရှင်တွေက SGK1 ဆိုတဲ့ (ပရိုတင်း) တွေ များနေတာဟာ ကလေး မရတာနဲ့ ဆက်စပ်မှုပြီး၊ နည်းနေတာဟာ သားလျှောတာနဲ့ ဆက်စပ်မှုရှိတယ်လို့ Nature Medicine Sunday ဂျာနယ်မှာ ရေးသားလိုက်ပါတယ်။

သုတေသနအဖွဲ့ခေါင်းဆောင် Jan Brosens ကနေပြောတာက “ကျွန်တော်တို့ နောက်ဆိုရင် IVF (in vitro fertilization) သန္ဓေကို ပြင်ပမှာတည်စေပြီး သားအိမ်ထဲထည့်ပေးနည်းလုပ်ပေးရတဲ့ အမျိုးသမီးတွေရဲ့ သားအိမ်အတွင်းလွှာကို SGK1 ကို ဆန့်ကျင်မဲ့ဆေးမျိုး ထိုးပေးနိုင်မယ် ထင်ပါတယ်။ SGK1 levels များများဖြစ်စေအောင် လုပ်ပေးတာနဲ့ သန္ဓေတားနည်းသစ် အဖြစ် သုံးနိုင်ပါလိမ့်မယ်။”

ကမ္ဘာမှာ Infertility ကလေးမရနိုင်တာ ပြဿနာကြီးဖြစ်ပါတယ်။ မျိုးပွါးနိုင်တဲ့အရွယ်ရှိ အမျိုးသမီးတွေထဲမှာ ၉-၁၅% ဟာ ကလေးမရ ဖြစ်နေကြရတယ်။ သူတို့ထဲက တဝက်လောက်သာ ဆေးကုလာကြတယ်။ ကိုယ်ဝန်ဆောင်ပြန်ရင်လဲ ၁ဝဝ မှာ ၁ ယောက်က Recurrent miscarriages သားပျက်ပျက်ကျနေကြသေးတယ်။ သုတေသနလုပ်သူတွေက ဘာလို့ကလေးမရမှန်းမသိသူ သဘောတူခွင့်ပြုတဲ့ အမျိုးသမီးပေါင်း ၁ဝ၆ ယောက်ရဲ့ သားအိမ် အတွင်းလွှာကို နမူနာတွေ ထုတ်ယူ စမ်းသပ်ကြတာ ဖြစ်တယ်။

ပညာရှင်တွေက ကြွက်တွေကို ဆက်လက်စမ်းသပ်တော့ ကြွက်မတွေဟာ မျိုးပွါးနိုင်တဲ့အရွယ်မှာ SGK1 နည်းနေတာ တွေ့ရတယ်။ ဒီလို SGK1 အတုတွေ ထပ်ထိုးပေးရင် ကြွက်မ ကိုယ်ဝန်မရနိုင်တာ တွေ့ရပြန်တယ်။ ကောက်ချက်ဆွဲရရင် SGK1 နည်းတာဟာ ကိုယ်ဝန်ရစေနိုင်မယ်။ သုတေသန လုပ်သူတွေပြောတာက "ဒီလို SGK1 ကို တားဆီးတဲ့ဆေးကို ရက်တိုတိုအတွက်သာ ပေးရမယ်။ သိပ်နည်း ပြန်ရင်လဲ သားပျက်တာ ဖြစ်အုံးမယ်။"

"SGK1 နည်းနေရင် သားအိမ်အတွင်းလွှာဟာ Cellular stress ဒဏ်မခံနိုင်ဘဲ သားလျှောတာဖြစ်စေမယ်" လို့ Madhuri Salker ဆိုတဲ့ နောက်သုတေသီက ပြောပါတယ်။

"အနာဂတ်မှာ သားအိမ်အတွင်းလွှာ အသားစနမူနာ ထုတ်ယူစစ်ဆေးပြီး၊ ပုံမှန်မဟုတ်တာ ရှာနိုင်ပါလိမ့်မယ်။ သိရင် ကုသပေးနိုင်ပါလိမ့်မယ်။"

29 July 2011 Antioxidants may help treat infertility in men and women ဗီတာမင်ဆေး နဲ့ ကလေးမရနိုင်မည်
အဆိပ်အတောက်-ဖြေဆေး (အင်တီ-အောက်ဆီဒင့်) လို့ သတ်မှတ်ပြီး ဗီတာမင် လို့ သူသိများတာတွေကနေ ယောက်ျား-မိန်းမ Infertility ကလေး မရတာအတွက် အထောက်အကူ ပြုနိုင်စရာရှိတယ်လို့ လေ့လာမှုသစ်တခုက ဆိုလိုက်ပါတယ်။

တိုးတက်-များပြား-ဆိုးဝါးလှတဲ့ ဒီပြဿနာအတွက် အရင် သုတေသနတွေက ကောက်ချက် ဆွဲဘို့ မလုံလောက်ခဲ့ပေမဲ့ ကိန်းဂဏန်းသစ် တွေကနေ အထောက်အကူ ပြုနိုင်မယ်လို့ ဆိုပါတယ်။ အမေရိကန်-ပြည်ထောင်စု၊ (အိုရီဂွန်) မှာရှိတဲ့ Linus Pauling Institute က Tory Hagen နဲ့ Francesco Visioli တို့ကနေ ဦးဆောင်ပြီး စပိန်နိုင်ငံ Madrid Institute for Advanced Studies မှာ သုတေသန လုပ်ခဲ့တာပါ။

"Infertility problems ကလေးမရနိုင်တဲ့ ပြဿနာဟာ တခြား Degenerative disease အပျက်အစီး သဘောပါတဲ့ ရောဂါတွေဖြစ်တဲ့ Atherosclerosis သွေးကြော မာ-ကျဉ်း ရောဂါ၊ High blood pressure သွေးတိုး နဲ့ Congestive heart failure နှလုံး ဖေါင်းတင်း-ကျဆင်း ရောဂါတွေကို ဦးတည်နိုင်တယ်။ ဒါ့ကြောင့် ဒီချဉ်းကပ်နည်းအတိုင်း လိုက်ရင် ကလေးမရနိုင်တာ အတွက်ပါ အကျိုးရှိနိုင်မယ်" လို့ သူတို့က ပြောပါတယ်။

Linus Pauling Institute မှာရှိတဲ့ Healthspan Research ဦးဆောင်သူ Hagen ပြောတာက "အမြုံရောဂါ ဖြစ်စေတာက အခု ညွှန်ပြထားသလို Oxidative stress (အောက်ဆီဒေးတစ်) သက်ရောက်မှုသာ ဖြစ်မယ်ဆိုရင် ကျွန်တော်တို့ တခုခုတော့ လုပ်ပေးနိုင်ပါလိမ့်မယ်။"

"အလားတူဘဲ တခြား အရေးကြီး ရောဂါတွေ အတွက်ပါ စောစောစီးစီး အာဟာရ ကုသနည်း နဲ့ ကူညီနိုင်ပါလိမ့်မယ်။"

"အရင်စမ်းတာတွေက သေးသေးဘဲ။ Antioxidants တွေကို အဓိက မထားခဲ့ဘူး။ အလားအလားတွေက ကောင်းပါတယ်။ Antioxidants အသစ်တွေ ဖြစ်တဲ့ Lipoic acid ကို အာရုံစိုက် လာကြတယ်။"

"အဆုံးအဖြတ်ပေးသူကို စောင့်နေပြီပေါ့။"

"ဒါပေမဲ့ ပြဿနာက ကြီးတယ်။ ဓါတ်ခွဲခန်း ကိန်းဂဏန်းတွေကတော့ ကောင်းပါတယ်။ သင့်တော်တယ်လို့ ပြနေတယ်။ အလုပ်ဖြစ်မယ် ထင်ရတယ်။ အလားအလာက ကြီးပါတယ်" လို့ Hagen က ဆက်ပြောပါတယ်။

"တကယ်လို့ ချဉ်းကပ်နည်းလမ်းက အောင်မြင်မယ် ဆိုရင် Erectile dysfunction ယောက်ျားတွေ လိင်အင်္ဂါ-မသန်မာတာ အတွက်ရော၊ မိန်းမတွေ Egg implantation မျိုးဥ မတွယ်နိုင်တာ အတွက် အပြင် အမျိုးသမီး Endometriosis သားအိမ်ရောဂါ အတွက်ပါ ကုသ ပေးနိုင်ပါလိမ့်မယ်။ ဒါ့အပြင် တခါတလေ အသက်ကိုပါ ထိပါးနိုင်တဲ့ Pre-eclampsia ကိုယ်ဝန်ဆောင် သွေးဆိပ်တက်ရောဂါ ကိုလဲ တားဆီးပေးနိုင်ပါလိမ့်မယ်။" Pharmacological Research ဂျာနယ်မှာ ရေးသားလိုက်တာ ဖြစ်ပါတယ်။

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး