Pregnancy and Expected due date (EDD) ကလေး ဘယ်တော့မွေးမလဲ (၁)


1.    ဆရာရှင့် ကျွန်မ၏ကိုယ်ဝန် due date 11.9.14 ဖြစ်ပါတယ်။ သို့ပေမဲ့ ဗိုက်လဲမနာပါ။ မွေးလဲမမွေးသေးပါ။ နောက်တပတ်ထပ်ချိန်းပါသည်။ မိခင်၏ဗိုက်ထဲတွင် ကြာနေသောကလေးတွင် အသားဝါရောဂါ ပါလာတတ်ပါသလားရှင့်။ နောက်ထပ် ဘာဖြစ်တတ်ပါသလဲရှင့်။ စိတ်ပူလို့ပါ။ နောက်တပတ်ထိ ဗိုက်မနာလျင်ရော မည်သသို့ဖြစ်နိုင်ပါသလဲရှင့်။ ကျေးဇူြးုပု၍ဖြေကြားပေးစေလိုပါသည်။

2.    ကိုယ်ဝန်ဆောင် အများစုမှာပေါ့နော် မိန်းခလေးဆိုရင် ၁ ပတ် စောမွေးတယ်လို့ ကြားပါတယ်။ ဥပမာ ၃၉ ပတ် မှာပေါ့။ ယောက်ျားလေးဆို နောက်ကျ မွေးတက်တယ်လို့ ကြားပါတယ်။ အဲ့ဒါ ဘာကြောင့်လဲ။

ကိုယ်ဝန်ဆောင်တိုင်း EDD ဂျူးဒိတ်ထက် ၁-၂- ပတ်စော၊ ၁-၂ ပတ်နောက်ကျနိုင်တယ်။ ကလေးလှုပ်နေရင် စိုးရိမ်စရာ မလိုပါ။ အပြုသဘောဆောင်ပါ။ ကလေးတိုင်း ၃ ရက်ကနေ ၁၅ ရက်အထိ အသားဝါတယ်။ ဗိုက်နာ၊ အရည်ဆင်း၊ သွေးဆင်း တခုခုဖြစ်တာနဲ့ မွေးမဲ့နေရာကိုသွားပါ။

• Expected due date (EDD) ခန့်မှန်းမွေးမဲ့ရက် သိချင်ရင် နောက်ဆုံး ရာသီလာခဲ့တဲ့ လထဲက ပဌမဆုံး သွေးဆင်းခဲ့တဲ့ Last menstrual period (LMP) ရက်ထဲကို ၉ လ နဲ့ ၇ ရက် ပေါင်းထည့်ရတယ်။

• ခန့်မှန်းရက်သာ ဖြစ်တယ်။ ရှေ့ ၂ ပတ် စောမွေးနိုင်တယ်။ ၂ ပတ်လဲ နောက်ကျနိုင်တယ်။

• Ultrasound ရိုက်ရင်လဲ တခါရိုက်ရင် တခါ သန္ဓေရဲ့ အနု-အရင့်ကို မှန်းပေးမယ်။ ဘယ်နှစ်ပတ် နဲ့ ဘယ်နှစ်ရက်ရှိပြီလို့ ရေးကြတာ များတယ်။

• ဘယ်လို လုပ်သလဲဆိုတော့ ကလေးရဲ့ ခေါင်းဘေးတိုက်၊ ဗိုက်အဝန်း နဲ့ ပေါင်ရိုးအရှည်တွေကို တိုင်းပြီး ကွန်ပြူတာပါ အညွှန်းကိန်းတွေအရ ပျမ်းမျှ တွက်ချက်ပေးတယ်။

• (အာလ်ထွာဆောင်း) ရိုက်တဲ့ နေ့စွဲထဲကနေ သန္ဓေဘယ်လောက် ရင့်နေပြီ ဆိုတာကို နုတ်လိုက်ရင် ကိုယ်ဝန် စရှိခဲ့တဲ့နေ့ (LMP) ကို သိနိုင်တယ်။ အဲဒီထဲကို ၉ လ နဲ့ ၇ ရက် ပေါင်းရင် ခန့်မှန်းမွေးမဲ့ရက် (EDD) သိလာတယ်။

• (အာလ်ထွာဆောင်း) (ရီပို့တ်) ရေးတဲ့ ဆရာဝန်တွေက ရက်-လ-နှစ်လို့ မရေးကြတာ ဂွကျတယ်။ Weeks ရက်သတ္တပတ်နဲ့ Days ရက်ကိုဘဲ ရေးတယ်။ ကိုယ်ဝန်ဆောင်မှတ်တမ်းမှာ ရက်သတ္တပတ်ကိုသာ ယူတယ်။ Months လ ကိုမယူဘူး။

• နုတ်တဲ့အခါ သင်္ချာတော့ သုံးရတယ်။ ရက်-လ-ခုနှစ် ကိုက်အောင် ရက်သတ္တပတ် နဲ့ ရက် ကို လဖွဲ့ယူရတယ်။

• တခြားနေရာမှာ ဘာသုံးသုံး မွေးလူနာကို သင်္ချာတွက်ရင် တလမှာ ၄ ပတ်၊ တလမှာ ရက် ၃ဝ ထား တွက်ကြရတယ်။ ပြက္ခဒိန်ကို မကြည့်ပါနဲ့။

• ဘယ်နည်းနဲ့ တွက်တွက် ကွက်တိမွေးလာတာ နည်းတယ်။

• ယမုန်နာဆေးခန်းလေးမှာ မွေးပြီးသူ ၂ဝ၄ ယောက်ထဲမှာ Date of birth (DOB) အတိအကျ မွေးသူ စုစုပေါင်း ၅ ယောက်ပဲ ရှိတယ်။
• ၁ ရက်စောမွေး ၃ ယောက် (ကျား = ၁၊ မ = ၂)

• ၁ ရက်နောက်ကျမွေး ၈ ယောက် ( ကျား = ၃၊ မ = ၅)

• ၂ ရက်စောမွေး ၃ ယောက် (ကျား = ၁၊ မ = ၂)

• ၂ ရက်နောက်ကျမွေး ၁ ယောက် (ကျား = ၁)

• ၃ ရက်စောမွေး ၂ ယောက် (ကျား = ၁၊ မ = ၁)

• ၃ ရက်နောက်ကျမွေး ၂ ယောက် (ကျား = ၁၊ မ = ၁)

• ၄ ရက် စောမွေး ၁ ယောက် (မ = ၁)

• ၄ ရက် နောက်ကျမွေး ၄ ယောက် (ကျား = ၃၊ မ = ၁)

• ရက်အတိအကျ မွေးသူ ၅ ယောက် (ကျား = ၂၊ မ = ၃)

• ဒီစစ်တမ်းက ဒေလီမှာနေကြရတဲ့ မြန်မာနိုင်ငံသား၊ ၉ဝ% ချင်းတိုင်းရင်းသားတွေ ဖြစ်တယ်။ မြန်မာတနိုင်ငံလုံးကို အဲလိုစစ်နိုင်ရင် သိပ်စိတ်ဝင်စားဘို့ကောင်းတဲ့ အချက်အလက်တွေ သိနိုင်တယ်။

Ultrasound in Pregnancy for determination of gestational age and assessment of fetal size ကိုယ်ဝန်ဆောင်ကို (အာလ်ထွာဆောင်း) ရိုက်ပြီး ကလေးအသက်နဲ့ အရွယ်အစား ခန့်မှန်းခြင်း

(၁) Crown-rump length (CRL) ခေါင်းထိပ်ကနေ တင်ပါးစွန်းအထိအရှည်၊
ကိုယ်ဝန် ၇-၁၃ ပတ်မှာစတိုင်းလို့ရတယ်။ တိကျတယ်။ နောက်တခါ ထပ်ရိုက်ပေမဲ့ ဒီကိန်ဂဏန်းက မပြောင်းရဘူး။

(၂) Biparietal diameter (BPD) ခေါင်းဘေးနှစ်ဘက်အကွာအဝေး၊
ကိုယ်ဝန် ၁၃ ပတ်နောက်ဆိုရင် တိုင်းလို့ရတယ်။ အဲဒီအချိန်မှာ 2.4 cm ရှိနေရာကနေ မွေးခွနီးရင် 9.5 cm ရှိလာမယ်။ ကလေးခေါင်းအရွယ်အစား မတူတတ်တာများလို့ မွေးမဲ့ရက်တွက်ဘို့ရာ ဒီဂဏန်းကို သိပ်အားမကိုးထိုက်ဘူး။

(၃) Femur length (FL) ပေါင်ရိုးအရှည်၊
ကလေးတွေက အရပ်ရှည်မှာ မတူတတ်တာများလို့ မွေးမဲ့ရက်တွက်ဘို့ရာ ဒီဂဏန်းကို သိပ်အားမကိုးထိုက်ဘူး။ ၁၄ ပတ်မှာ 1.5 cm ရှိရာကနေ မွေးကာနီးရင် 7.8 cm ရှိလာမယ်။

(၄) Abdominal circumference (AC) ဗိုက်အဝန်း၊

အရေးကြီးဆုံး ကိန်းဂဏန်းဖြစ်တယ်။ ကလေး အသက်ထက် အရွယ်အစားနဲ့ ကိုယ်အလေးချိန်ကို ပိုသိသာတယ်။ မွေးမဲ့ရက်တွက်တာမှာတော့ သိပ်အားမကိုးရဘူး။

စောမွေးတဲ့ကိုယ်ဝန်
• ကိုယ်ဝန် ၂၃ ပတ် = ၁၇%
• ကိုယ်ဝန် ၂၄ ပတ် = ၃၉%
• ကိုယ်ဝန် ၂၅ ပတ် = ၅ဝ%
• ကိုယ်ဝန် ၂၆ ပတ် = ၈ဝ%
• ကိုယ်ဝန် ၂၇ ပတ် = ၉ဝ%
• ကိုယ်ဝန် ၂၈-၃၁ ပတ် = ၉ဝ-၉၅%
• ကိုယ်ဝန် ၃၂-၃၃ ပတ် = ၉၅%
• ကိုယ်ဝန် ၃၄ ပတ်ကျော် = ၁ဝဝ% အသက်ရှင်လမ်းရှိသည်။


Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး