Sinusitis ဆိုင်နူဆိုက်တစ်

၁။ ဆရာ ကျွန်မသမီး အသက် ၁၀နှစ်ရှိပါပြီ။့ ကပါ။ သမီးအသက် ၆နှစ်လောက်ကတည်းက နှာအမြဲစေးပါတယ်။ ရာသီဥတု အေးတော့ ဆေးသောက်လိုက် ကောင်းသွားလိုက်ပေါ့ဆရာ။ အသက် ၈ နှစ်လောက်ကစပြီး နှာခေါင်းတဖက် လုံးဝပိတ်သွားတယ်။ အိပ်ရင် အရမ်းနေရခက်ပုံပေါ်ပါတ်။ လွန်ခဲ့တဲ့ ၄လလောက်က ထိုင်းကိုသွားပြပါတယ်။ ဆရာဝန်ကခေါင်းကို x rayရိုက်ပါတယ်။ နှာခေါင်းထဲက အနောက်ဘက်ကို နှာရည်စီးတဲ့ ပြွန်ပိတ်နေတယ်ပြောပါတယ်။ နှာအမြဲစေးနေတော့ နှာခေါင်းထဲ ဘက်တီးရီးယားတွေ အောင်းနေလို့ ရောင်ရမ်းပြီး ပိတ်တာလို့ ပြောပါတယ်။ ခွဲချင်ရင် ခွဲလို့ရတဲ့ အခြေအနေ ရှိနေပြီလို့ ပြောပါတယ်။ ဒါပေမယ့် ကလေးက မခွဲချင်တော့ ပိုးသတ်ဆေး ၂ပတ်စာနဲ့ Cetrineအမျိုးအစား တညတလုံး ၃လစာ။ နှာခေါင်းထဲ ဖျန်းတဲ့ဆေး nasonex တရက်၂ကြိမ် ဖျန်းခိုင်းပါတယ်။ အခု  နည်းနည်း သက်သာသလိုတော့ ရှိပါတယ်။ အခုလက်ရှိ ထိုင်းကို မသွားဖြစ်သေးတော့ ဆရာဝန်ပေးတဲ့ဆေး ဆက်သောက်ရမလားရှင့်။ ဆေးကြာရှည် သောက်မိလို့ ဘေးထွက်ဆိုးကျိုးလဲ သိပါရစေ။ ဆရာရေးတဲ့ နှာခေါင်းထဲ အဖုရှိတာနဲ့ ရောဂါ အတူတူပဲလားရှင့်။ ခွဲလိုက်ရင်ရော လုံးဝ ကောင်းသွားနိုင်လားရှင့်။ ရိုသေစွာ အကူအညီ တောင်းခံအပ်ပါတယ်။

၂။ ကျွန်မအသက်က ၃၄နှစ်၊ အိမ်ထောင် ကလေး ၂ ယောက်မိခင်ပါ။ ၁။ ဒီလ ၁၈ ရက်နေ့မှာ နှာမွှန်၊ နှာဆေးပါတယ်။ ၁၉ ရက်နေ့ကစပြီး သတိထားမိလောက်အောင် နှာခေါင်းအလယ် တဝိုက်မှာ နာနေပါတယ်။ နာနေတဲ့ပုံစံက တခုခုနဲ့ ဆောင့်မိပြီး ခိုင်းမိထားသလိုမျိုး ဖွဖွလေးနာနေတာပါ။ နားထင် တစ်ဖက်ဆီမှာလဲ တချက်ချက်ကိုက်ပါတယ်။ ၁၉ ရက်နေ့ညမှာပဲ Tiffy Day နှစ်လုံးသောက် အိပ်လိုက်ပါတယ်။ ၂ဝ ရက်နေ့ မနက်ကျတော့ နှာမွှန်တာ နည်းနည်းသက်သာပေမဲ့ နှာခေါင်း အလယ်တဝိုက် နာနေတာမသက်သာပါဘူး နေ့လယ်လောက်မှာ နှာခေါင်းအလယ်တဝိုက် အရိုးရှိတဲ့နားမှာ အနီရောင်သန်းလာပြီး ရောင်သလိုဖြစ်လာပါတယ်။ ညဖက်အလုပ်ကအပြန် ဆေးဆိုင်ဝင်ပြီး ပိုးသတ်ဆေးမေးတော့ Amoxicillin capsules 500 ကိုပေးလိုက်ပါတယ်။ ညစာ မစားခင် တလုံးသောက် ပြီး မအိပ်ခင် တလုံးထပ်သောက်ပြီး အိပ်ပါတယ်။ ခုထိ အရိုးတဝိုက်မှာ ပိုရောင်လာတာ တွေ့ရပါတယ်။ ခေါင်းတော့ မကိုက်တော့ပါဘူး။ တခြားနေရာတွေလဲ နာတာ မရှိသေးပါဘူး။ နှာခေါင်းအလယ် အရိုးတဝိုက်ဆီမှာပဲ ကိုက်သလို နာနေပါတယ်ဆရာ။ အဲဒါ Sinus infection ဖြစ်နိုင်ပါသလားဆရာ။ ဆရာရဲ့  Sinus infection အကြောင်း ရေးထားတဲ့ ပိုစ့်အောက်မှာ ဖတ်ကြည့်ပြီးပါပြီဆရာ။ ဒီလိုမျိုးဖြစ်တာ ဒါပထမဆုံး အကြိမ်ပါဆရာ။ ဖြစ်နိုင်ရင် ဆရာဝန်ဆီမသွားသေးပဲ ဆေးအရင်သောက်ကြည့်ချင်ပါတယ်။ ဘာဆေးကို သောက်သင့်လဲဆိုတာ လမ်းညွှန်ပေးပေးပါရှင့်။

လူ့မျက်နှာ နှာခေါင်းတဝှိုက်မှာ (နဖူးရိုး၊ နားထင်ရိုး၊ မျက်ကွင်းအပြင်ရိုး နဲ့ ပါးရိုး၊) အရိုးတွေထဲမယ် အကျိအချွဲ နံရံတွေရှိတဲ့ လေခိုအိတ် (ဆိုင်းနပ်စ်) စုစုပေါင်း ဘယ်-ညာ လေးစုံ ရှိပါတယ်။ တခုတခုဟာ မီးခြစ်ပုံးအရွယ်လောက် ရှိတယ်။

နှာခေါင်းရောဂါ အမျိုးမျိုးကို စာရင်းချလိုက်ရင် ဒီလိုတွေ့ရပါမယ်။
၁။ Drug Allergy ဆေးတခုခုနဲ့ မတည့်လို့ဖြစ်ရတဲ့ (အလာဂျီ) ဖြစ်ခြင်း၊
၂။ Acute or Chronic Sinusitis (Ethmoiditis) ရက်တို-ရက်ရှည် (ဆိုင်းနူဆိုက်တစ်) မျက်ကွင်းအပြင်ဘက်ရိုးရောင်ခြင်း၊
၃။ Chronic Frontal Sinusitis (Chronic Rhinosinusitis) နာတာရှည် (ဆိုင်းနူဆိုက်တစ်) နဖူးထဲကရိုးရောင်ခြင်း၊
၎။ Epistaxis နှာခေါင်းသွေးယိုခြင်း၊
၅။ Foreign Body in the Nose နှာခေါင်းထဲ တခြားပစ္စည်းဝင်ခြင်း၊
၆။ Hematoma of the Nasal Septumနှာခေါင်းပေါက်နှစ်ခုကို ပိုင်းခြားထားတဲ့အကန့် သွေးယိုခြင်း၊
၇။ Nasal Polyps နှာခေါင်းထဲ အသားပိုဖြစ်ခြင်း၊

ဒီစာမှာ ပဌမ ၃ မျိုးအကြောင်းကိုဘဲ ရေးပါရစေ။ (အလာဂျီ)ကြောင့်ဖြစ်တဲ့ (ဆိုင်းနပ်စ်)ရောဂါက နှာရည်တွေယို၊ နှာခြေ၊ အနေအထိုင်ခက်ဖြစ်လာပါတယ်။ ကုသဘို့ Antihistamines (Diphenhydramine, Loratadine, Fexofendadine) (အင်တီ-ဟစ်တမင်း) ဆေး၊ Decongestants (Pseudoephedrine) နှာရည်ကျဲဆေး၊ Nasal corticosteroids (Fluticasone, Beclomethasone) နှာခေါင်းထဲထည့်ရတဲ့ (ကော်တီကို-စတီရွိုက်) ဆေးတွေကို သုံးရပါတယ်။

နောက်ပြီး (အလာဂျီ) ဖြစ်စေတဲ့ အရာတွေကို ယဉ်ပါးအောင်ပြုလုပ်ခြင်း၊ Allergy desensitization လုပ်သင့်ပါတယ်။ ဒါမှ နောင် ရှောင်နိုင်မှာပါ။ ဆားရည်ဖြင့်စိမ်ခြင်း၊ Saltwater rinses ဆိုတာ ကရိယာဝယ်ပြီး လုပ်နိုင်ပါတယ်။ ရေကျက်အေး ၁ ခွက်ထဲမှာ အိမ်သုံးဆား (အိုင်အိုဒင်း မပါ) လက်ဘက်ရည်ဇွန်း တဝက်၊ မုံ့ဖုတ်ရာမှာသုံးတဲ့ ဆိုဒါမှုံ့ နဲနဲထည့်ရပါမယ်။ ဆိုဒါမှုံ့က အပူမလောင်အောင် ကာကွယ်ယုံပါ။ Vaporizers ခေါ်တဲ့ ရေနွေးငွေ့ရှူတဲ့နည်းလဲ ကောင်းပါတယ်။ ရိုးရိုးလေးပါ။ ရေကိုပွက်အောင်လုပ်ပေးပြီး ထွက်လာတဲ့ အငွေ့ကို ရှူပေးရတာပါ။ လျှပ်စစ်ရှိလို့ ကရိယာဝယ်သုံးရင် ပိုကောင်းတာပေါ့။ ဈေးလဲမကြီးပါဘူး။

လူတွေအများဆုံးဖြစ်တတ်တဲ့ ထိပ်ကပ်နာ ခေါ်တဲ့ (ဆိုင်းနပ်စ်) ရောဂါက ဘယ့်လောက်အဖြစ် များသလဲဆိုရင် ဗမာတွေ စွဲနေကြတဲ့ ရုပ်ရှင်ထဲက ကိုရီးယန်းတွေ လေးယောက်မှာ သုံးယောက် ဖြစ်နေသတဲ့။ အစကတော့ အအေးမိတာနဲ့ အတူတူပါဘဲ။ နဲနဲလေး ကိုယ်ပူ၊ နှာချေ၊ နှာစေး၊ နှာပိတ်၊ ချောင်းလေးဆိုး၊ အားယုတ်၊ မစားချင် မသောက်ချင်ဖြစ်။ ကြာတော့ နှာခေါင်းနောက်ပိုင်းမှာ အဆက်မပြတ် Drip သွင်းပေးသလို အရည်တွေ စီးကျနေပါမယ်။

ပိုးဝင်တာအပြင် ပတ်ဝန်းကျင်အခြေအနေကြောင့်လည်း ဖြစ်ရပါတယ်။ လေခိုအိတ်ကလေးတွေထဲမှာ မျက်စိနဲ့ မမြင်နိုင်အောင် သေးငယ်တဲ့ လက်ချောင်းပုံ အမွှေးလေးတွေက ပြင်ပကဝင်လာမဲ့ မသင့်တဲ့အရာ မှန်သမျှကို တားဆီးပေးပါတယ်။ ရောဂါရရင် အဲဒီအလုပ် မလုပ်နိုင်ဖြစ်လာပါတယ်။ ဒါ့ကြောင့် ဗက်တီးရီးယားတွေ ခိုအောင်း၊ ပေါက်ပွါးပြီး ရောဂါရတော့တာပါဘဲ။

၂-၃ လထက် ကြာကြာဖြစ်ရင်တော့ နာတာရှည်လို့ သတ်မှတ်ပါတယ်။ နှာခေါင်းမှာ နေမထိထိုင်မထိ၊ မသက်မသာ ဖြစ်မယ်၊ နှာရည်ယိုမယ်၊ နှာရည် အရောင်ရှိလာမယ်၊ မျက်နှာမှာ နာနေမေယ်၊ ကိုက်မယ်၊ ကြာလျင် ချောင်းဆိုးပါမယ်၊ (ညအချိန်ပိုဆိုးတယ်)။ ပြည်လိုလဲဖြစ်လာနိုင်တယ်။ နှာရည်ကနံလာမယ်။ မွှေးတာ၊ နံတာမသိ ဖြစ်လာပါလိမ့်မယ်။ ပါးစပ်နဲ့သာ အသက်ရှူရတော့မယ်။ အိပ်ရင် ဟောက်မယ်။ ကလေးများဖြစ်ရင် နားရောဂါဆိုတာ မကြာမကြာရမယ်။ ရက်ကြာကြာနဲ့ ခဏခဏဖြစ်ခြင်းတာမို့ အလုပ်အကိုင်ပျက်၊ စိတ်ပျက်ဖြစ်ပြီး စီးပွါးရေးပါ ထိခိုက်နိုင်ပါတယ်။

ဒီရောဂါ ဟုတ်-မဟုတ် ရောဂါရာဇဝင်ဖြစ်တဲ့ ပန်ဝန်းကျင်အခြေအနေ၊ ရောဂါလက္ခဏာတွေ၊ သောက်ထားတဲ့ဆေး ဆိုတာတွေ သိဘို့လိုပါတယ်။ လိုအပ်ရင် Endoscopy နှာခေါင်းထဲကရိယာနဲ့ ကြည့်မယ်၊ X-ray ဓါတ်မှန်ရိုက်တာ၊ နောက်ဆုံးလိုအပ်ရင် CT (Computed tomography) scan ကွန်ပြူတာသုံးပြီး စစ်ဆေးတာလုပ်ရပါမယ်။

ကာကွယ်ဘို့ကတော့ အေးချမ်းတဲ့ ပတ်ဝန်းကျင်ကို ဖြစ်နိုင်သ၍ ရှောင်ဘို့လိုပါတယ်။ (ထိပ်ကပ် ရောဂါကြောင့် အေးတဲ့တိုင်းပြည်တွေမှာ အလုပ်သွားလုပ်နေသူများ အိပ်ကပ် ပြဿနာမရှိရင်တော့ ကိုယ့်ပြည်ကိုယ်ပြန်လာပေါ့။) လေကိုလဲ ရေဓါတ်ရှိနေအောင် လုပ်ပေးနိုင်တာ ကောင်းတယ်။ Respiratory Humidifiers, Electrode Humidifiers, Resistance Humidifiers, Gas-Fired Steam Humidifiers, Whole House Humidifiers ဆိုပြီး ကုပ္မဏီတွေက ကြော်ညာတာတွေရှိပါတယ်။ အခန်းကို အနံ့အသက်တွေလဲ ကင်းရှင်းအောင်လုပ်ပါ။

နာတာရှည်ဖြစ်ပြီဆိုရင် ဆေးကုသရာမှာလဲ သာမန်ကာရှံကာမဟုတ်ဘဲ အပြင်းအထံနည်း Aggressive treatment သုံးသင့်ပါတယ်။

နှာခေါင်းပုံပန်းပျက်နေသူတွေကိုတော့ ခွဲစိတ်ပေးဘို့လိုမယ်။ နောက်ပြီး နှာခေါင်းထဲထည့်ရတဲ့ (ကော်တီကို စတီရွိုက်) ဆေးတွေ ပေးရမယ်။ ဆားရည်နဲ့စိမ်နည်းသုံးရမယ်။

ဆေးမကုဘဲထားလျင် (အင်ဖက်ရှင်)ဟာ အတွင်းထဲ၊ အရိုးထဲ ရောက်သွားနိုင်ပါတယ်။ နဖူးထဲက လေခိုပေါက်မှာ ဖြစ်တာဆိုရင် မျက်လုံးကို သွားဖိနေလို့၊ အရုပ်နှစ်ထပ်မြင်ရမယ်။ နဖူးဖေါင်းလာမယ်။ ဦးနှောက်ထဲ အနာဖြစ်မယ်။ ဦးနှောက်မြှေးရောင်မယ်။ မျက်ကွင်းဘေးကဖြစ်ရင် အနားတဝှိုက် ပြည်တည်နာ Abscess ဖြစ်မယ်။ ပါရိုးထဲဆိုရင် နှာခေါင်းပိတ်နေမယ်။ နားထင်ရိုးထဲဖြစ်ရင် အရုပ်နှစ်ထပ်မြင်တာ၊ မျက်လုံးရွေ့လျားမှု ကောင်းကောင်း လုပ်မရတာ ဖြစ်နေမယ်။ အထဲဆက်ဝင်သွားရင်တော့ ဦးနှောက်ထဲအနာဖြစ်မယ်။ ဦးနှောက်မြှေးရောင်မယ်။

• Antibiotics ပဋိဇီဝဆေး (Amoxicillin & Clavulanic acid = Augmentin ES-600, Augmentin, Augmentin XR) ကို ၁ဝ-၁၄ ရက် သောက်ပါ။
• Decongestants နှာရည်ကျဲဆေးတွေ (Pseudoephedrine = Chlor Trimeton, Contac Cold, Drixoral Decongestant Non-Drowsy, Elixsure Decongestant, Entex, Genaphed, Kid Kare Drops, Nasofed, Seudotabs, Silfedrine, Sudafed, Sudodrin, SudoGest, Suphedrin, Triaminic Softchews Allergy Congestion, Unifed)၊
• Saltwater rinses ဆားရည်နဲ့စိမ်နိုင်တယ်။
• Nasal corticosteroids နှာခေါင်းထဲထည့်ရသည့် (ကော်တီကိုစတီရွိုက်) ဆေးတွေ (Fluticasone or Beclomethasone) သုံးရပါလိမ့်မယ်။
• Paracetamol အနာ-အရောင်သက်သာစေအောင် တခါသောက် ၁ ပြား၊ တနေ့ ၃-၄ ကြိမ်သောက်ပါ။
• Antihistamine (Citrizine) တည ၁ ပြားသောက်ပါ။

နှာခေါင်းရိုးအနေအထား ပုံမှန်မဟုတ်သူများအား ခွဲစိတ်ပေးရပါမယ်။ (ရောဂ) နည်း နဲ့လည်း ကုသပေးနိုင်ပါတယ်။

(အက်သမွိုက်) လေခိုအိတ်များရောင်ခြင်း Ethmoiditis ကတော့ အသက်ရှူလမ်းအထက်ပိုင်း ပိုးဝင်ခြင်းကတဆင့် ဆက်ဖြစ်ရတာပါ၊ (ဗက်တီးရီးယား) ဒါမှမဟုတ် (ဗိုင်းရပ်စ်) ပိုးဟာ လေခိုအိတ်ရဲ့နံရံတွေကို ပျက်စီးစေတယ်။ (အလာဂျီ) ကြောင့်လည်း ဖြစ်နိုင်တယ်။ သူများကို မကူးပါ။ နှာခေါင်းရိုးအနေအထားပုံမမှန်လို့လည်းဖြစ်နိုင်တယ်။ အားနည်းနေသူ ဆိုရင် (ဖန်းဂတ်စ်) မှိုကြောင့်လည်း ဖြစ်နိုင်တယ်။ (ဖန်းဂတ်စ်) မှိုကြောင့်ဖြစ်တာဆိုရင် (ဖန်းဂတ်စ်)ဆေး Amphotrecin B အကြောဆေး ပေးရပါမယ်။

လက္ခဏာတွေကတော့ နဖူးအောက်နား၊ မျက်လုံးနှစ်ဖက်ကြား၊ နှာခေါင်းရဲ့ဘေးမှာ နာမယ်။ မျက်စိအစွန်နား အနည်းငယ် နီပြီး ရောင်မယ်၊ နာနေမယ်။ နှာခေါင်းကနေ အသက်ရှူရတာ ခက်မယ်။ ဖျားနိုင်တယ်။ အနံ့ ကောင်းကောင်းမရ ဖြစ်မယ်။ နှာခေါင်းပိတ်နေမယ်။ နှာရည်ယိုမယ်။

ဆက်ပြန့်မသွားအောင်တားဘို့ ခက်ပါတယ်။ ဒါပေမဲ့ နှာရည်ကို သန့်ရှင်းပေးခြင်း၊ ရေ-အရည် များများသောက်ပေးခြင်း၊ ဆားရည်စိမ်ပေးခြင်း၊ နွားနို့ရှောင်ခြင်းတို့က သက်သာစေပါမယ်။ (အလာဂျီ) ကြောင့်ဖြစ်ရတာဆိုရင် ဖြစ်စေတတ်တဲ့ အခြေအနေကို ရှောင်ပါ။ နှာခေါင်းထဲထည့်ရတဲ့ (ကော်တီကို-စတီရွိုက်) ဆေးတွေ သုံးပါ။ (အင်တီ-ဟစ်တမင်း) ဆေး Antihistamines (Diphenhydramine, Loratadine or Fexofendadine) သုံးပါ၊ နှာရည်ကျဲဆေး Decongestants (pseudoephedrine) သုံးပါ၊ (ဗက်တီးရီးယား)ကြောင်ဖြစ်ရင် ပဋိဇီဝဆေး Antibiotics (Amoxicillin & Clavulanic acid) ပေးပါ၊

ပဋိဇီဝဆေးက မထိရောက်တော့ရင် ခွဲရပါတော့မယ်။ Basic endoscopic surgical procedure ခွဲစိတ်ရတာက မေ့ဆေးဖြစ်ဖြစ် ထုံဆေးဖြစ်ဖြစ် သုံးနိုင်ပါတယ်။ ပိတ်ဆို့နေတာတွေ ဖယ်ထုတ်၊ အကောင်းတွေတတ်နိုင်သမျှ ချန်ပေးရတာ ဖြစ်ပါတယ်။ ၄ ပါတ်ဆိုရင် ပြန်ကောင်းသွားမှာပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး