Viagra in Heart Disease နှလုံးရောဂါ နဲ့ (ဗိုင်ယာဂရာ)

ဆရာရှင့် တခုသိချင်လို့ပါ။ ကျမအမျိုးသားက့ ကို ပြီးခဲ့တဲ့ဒီဇင်ဘာလက ခွဲစိတ်ထားပါတယ်။ အခုအားလုံး ကောင်းပါတယ်။ သိချင်တာက သူနှင့် အမျိုးသားအားတိုးဆေး (ဗိုင်ရာဂရာ) တည့်ပါသလား။ ဦးခေါင်းခွဲထားရလို့ပါ။ အသက်က ၅၇ နှစ်ပါ။

ယောက်ျားတွေ ပန်းညှိုးပန်းသေဖြစ်ရင်သုံးတဲ့ Viagra (ဗိုင်ယာဂရာ) ဆေးဟာ ယေဘုယျ ဘာမှစိုးရိမ်စရာမရှိပါ။ လိင်ဆက်ဆံမှုအားနည်းတတ်တဲ့ အသက်နဲ့ နှလုံးရောဂါဖြစ်စေတဲ့အသက်က ဆင်တူနေတယ်။ ဒါပေမဲ့ နှလုံးရောဂါတိုင်း ဒီဆေးနဲ့မသင့်ဘူး မဟုတ်ပါ။

(ဗိုင်ယာဂရာ) ဆေး ပေါ်ကာစ ၁၉၉ဝ ကျော်တုံးက ဆေးသုံးသူတွေ နှလုံးရောဂါဆိုးတယ်လို့ သတင်းတွေ အကြီးအကျယ် ထွက်ခဲ့တယ်။ ဆန်းစစ်မှုတွေလုပ်တော့ (နိုက်ထရိတ်) နှလုံးဆေး မသုံးရသူတွေမှာ အဲလိုအန္တရာယ် ပိုဖြစ်တယ်ဆိုတာ မမှန်ကြောင်း သိလာရတယ်။

Viagra ဆိုတာ Sildenafil citrate ပါတဲ့ဆေး ဖြစ်တယ်။ နှလုံးရောဂါအပေါ်ကို သက်ရောက်စေနိုင်တဲ့ နည်းလမ်း ၂ မျိုး ရှိတယ်။
၁။ သွေးကြောတွေကို ကျယ်စေတဲ့သတ္တိရှိလို့ အထက်သွေးချိန်ကို ပျမ်းမျှ 8 mmHg ကျစေတယ်။ သွေးတိုးကျဆေး ပေးနေသူတွေအတွက် ပြဿနာ မဟုတ်ပါ။
၂။ နှလုံးသွေးကြောကျဉ်းရောဂါအတွက်သုံးလေ့ရှိတဲ့ Nitrates (နိုက်ထရိတ်) ဆေးနဲ့ ဓါတ်ပြုတယ်။ Nitrates ဆေးကလဲ သွေးကြောကို ကျယ်စေလို့ ဆေး ၂ မျိုးရောရင် သွေးဖိအား မတရားကျသွားနိုင်တယ်။ Syncope (Fainting) ရုတ်တရက် မူးမေ့တာ ဖြစ်စေနိုင်တယ်။ ဒါ့ကြောင့် ဒီ ဆေး ၂ မျိုးကို ၂၄ နာရီအတွင်း တွဲမသောက်ပါနဲ့။ Nitrates ဆေးတွေထဲမှာ Sublingual ငုံဆေး၊ Transdermal အရေပြားထည့်ထားဆေး၊ Spray ပန်းဆေးတွေရှိတယ်။ Isosorbide mononitrate, Isosorbide dinitrate, Pentaerythritol tetranitrate, Erythrityl tetranitrate နဲ့ Amyl nitrate တွေ ပါဝင်တယ်။ အရင်က နှလုံးသွေးကြောကျဉ်းရောဂါအတွက် Nitrates ဆေးမပါရင်မဖြစ်ဘူး။ ခုခေတ်မှာတော့ Angioplasty နဲ့ Stenting ကုသနည်းတွေ တိုးတက်လာပြီဖြစ်တယ်။

Viagra ဆေးရဲ့ အာရုံကြောအပေါ် သက်ရောက်မှုအရ ကျား-လိင်အင်္ဂါထဲက သွေးကြောတွေကို ကျယ်လာစေတယ်။ ဒီလိုဖြစ်တာကို လိုချင်တယ်။ ဒါပေမဲ့ နှလုံး-သွေးကြောအပေါ် သက်ရောက်မှုတွေလဲ ရှိနေတယ်။

နှလုံးကြွက်သား ညှစ်ခြင်းအပေါ်သက်ရောမှုရှိပေမဲ့ နှလုံးမကောင်းတော့တဲ့ လူနာတွေအပေါ်မှာ လုံလောက်တဲ့ ဆန်းစစ်မှုတွေ မရှိသေးဘူး။ အထက်သွေးဖိအား (8 to 10 mm Hg) နဲ့ Diastolic အောက်သွေးဖိအား (5 to 6 mm Hg) ကျစေနိုင်တယ်။ ဆေးသောက်အပြီး ၁ နာရီမှာ သိသာတယ်။ ၄ နာရီကြာရင် အရင်လိုပြန်ဖြစ်တယ်။ လူနာရဲ့ အသက်အရွယ် မရွေး အဲလိုဖြစ်တယ်။ နှလုံးခုန်နှုန်းအပေါ် သိသာတဲ့အပြောင်းအလဲ မတွေ့ရဘူး။ (ဒါ့ကြောင့် မေးခွန်းမေးသူအတွက် စိုးရိမ်စရာမရှိဘူး။) Cardiac index ဆိုတာ ၁၂ နာရီအထိ အပြောင်းအလဲမရှိဘူး။ Systemic vascular resistance index နည်းတာကို သွေးပြန်ကြောထဲထိုးပြီးစမ်းသပ်တော့တွေ့တယ်။ သွေးလွှတ်ကြော ကျယ်တာရော သွေးပြန်ကြောကျယ်တာပါဖြစ်တယ်။ ဆေးကို သွေးပြန်ကြောထဲ ထိုးပေးစမ်းတော့ ကိုယ်ခန္ဓာ-သွေးဖိအား ဂ%၊ အဆုပ်-သွေးဖိအား ၂၅% နဲ့ နှလုံး-သွေးထွက်ပမာဏ ၇% ကျတာတွေ့တယ်။

တကယ်တန်းပြောရရင် နှလုံးသွေးကြောကျဉ်းရောဂါ ဆိုးဆိုးဝါးဝါးရှိနေပေမဲ့ လောလောလတ်လတ် နှလုံးကြွက်သားတွေ သွေးမဝတာ ဖြစ်မနေဘူးဆိုရင် (ဗိုင်ယာဂရာ) ဆေးကို သုံးနိုင်ပါတယ်။ ဆိုလိုတာက အခု ရင်ပတ်နာမနေသူတွေ၊ Nitrates ဆေးအခု သောက်မနေရသူကိုပြောတာပါ။ သွေးဖိအားကျနေရင်း နှလုံအလုပ်မလုပ်တဲ့အခြေအနေ ရှိနေသူတွေ အတွက်တော့ အန္တရာယ်ရှိမယ်။ နှလုံးကြွက်သားတွေရှိရမှာထက် ကြီးထွား-ဖေါင်းကားနေသူတွေဆိုရင် သွေးဖိအား ကျလာရင် အန္တရာယ်မကင်းနိုင်ဘူး။ နှလုံးသွေးကြောကျဉ်းရောဂါရှိထားပေမဲ့ တည်ငြိမ်မှုရှိနေချိန်၊ နောက်ပြီး Nitrates ဆေး သောက်မနေရရင် Sildenafil ဆေးဟာ စိတ်ချနိုင်တယ်လို့ အမေရိကန်နှလုံးရောဂါ ကောလိပ်နဲ့ အမေရိကန် နှလုံးအသင်းကနေပြောထားတယ်။

Dr. တင့်ဆွေ
၎-၆-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး