Earache နားကိုက်ရင်

၁။ ကျွန်တော်အသက် ၂၇ နှစ်ပါ။ ည ၁၂ နာရီလောက်အိပ်ရာထဲဝင်ပါတယ်။ နားအရမ်းကိုက်လာလို့ အိပ်မပျော်ပါ။ ကိုက်တာက ညာဘက်နားပါ။ နားထဲနိုက်တာမျိုးကလိတာမျိုးလဲမလုပ်ပါ။ ညဘက်ကြီးဆိုတော့။ဆေးခန်း ပြဖို့လည်း အဆင်မပြေပါ။ သက်သာအောင်လုပ်လို့ရမယ့်နည်းလမ်းရှိရင် ပြောပြပေးပါဆရာ။ တော်တော်ကိုက်လို့ ဆရာဆီ လှမ်းမေးလိုက်တာပါ။ ဘာကြောင့်ဖြစ်မှန်လည်းစဉ်းစားမရပါ။ မအိပ်ခင်ကတော့ ဒီကိုဂျင် ၁ ပြားသောက်ထာပါတယ်။ ပြီးတော့ ချောင်းဆိုးပျောက်ဆေးအရည်လည်းသောက်ထားပါတယ်။ နားက လုံးဝကို အထိမခံနိုင်တော့ပါ။

၂။ မင်္ဂလာပါရှင့်။ ကျန်းမာချမ်းသာပါစေရှင့်။ သမီးအသက် ၂၄ နစ်ပါ။ အိမ်ထောင်ရှိပါတယ်ရှင့်။ သမီးအခုတလော နားထဲက အူပြီးတော့ တဆစ်ဆစ် ကိုက်နေပါတယ်။ နှစ်ရက်ရှိပါပြီရှင့်။ ဆေးနည်းလေး ဖြေကြားပေးစေချင်ပါတယ်ရှင့်။ ကျေးဇူးတင်ပါတယ်ရှင့်။

၃။ မင်္ဂလာပါဒေါက်တာ ကျနော် အသက်နှစ်ဆယ်ကိုးနှစ်အရွယ်ဖြစ်ပါတယ်။ ငယ်ငယ်ကတည်းက ကျနော့်ရဲ့ ညာဘက်နားထဲကနေ နားပြည်ယိုခဲ့ဖူးပါတယ်။ မဖြစ်တာနှစ်အတော်ကြာပေမယ့် လွန်ခဲ့တဲ့ သုံးရက်ခန့်ညက ဂွမ်းပါတဲ့ နားကြပ်တံနဲ့နားထဲနားကြပ်ရာကစပြီး နားကိုက်ကာ နားပြည်လည်းယိုလာပါတယ်။ ခုဆိုတနေ့ထက်တနေ့ ပိုပိုနာလာပြီး နားပြီးယိုတာလည်းပိုလာပါတယ်။ အဲလိုဖြစ်တာသက်သာပျောက်ကင်းအောင် ဘယ်လိုဆေးထည့်သင့်သလဲ ဘယ်လို ပြုမူနေထိုင်ရမလဲဆိုတာ အကြံပြုကူညီပေးဖို့ အားကိုးတကြီးတောင်းခံပါရစေ။

၎။ မိန်းကလေး၊ အသက် ၂၉ အရွယ်၊ နားယားလို့ နားကြပ် (နားကလော်) မိပါတယ်။ ဂွမ်းတံ၊ ကြက်တောင်မွှေး စသည်တို့ကို သုံးမိပါတယ်။ အဲဒါပြီးတော့ နားထဲမှာ နေရခက်နေပါတယ်။ နှစ်ရက်မြောက်နေ့မှာ နည်းနည်း ကိုက်လာသလို ဖြစ်လို့ Kemose, Alexin ဆေးများကို မိမိသဘောနှင့် မိမိသောက်ပါတယ်။ အဲလိုနဲ့ မသက်သာခဲ့ပါဘူး။ Alexin တွေ သောက်သောက်နေလို့ သုံးရက်မြောက်နေ့မှာ မနက်ပိုင်းတွေမှာ သိပ်မကိုက်လှပေမယ့်၊ ညနေပိုင်းနှင့် ညပိုင်းတွေမှာ မခံနိုင်လောက်အောင် ကိုက်နေပါတယ်။ ပြီးတော့ အရည်တစ်မျိုး ထွက်လာပါတယ်။ နီးစပ်ရာ ဆေးခန်းသွားပြပါတယ်။

မေးခွန်းတွေထဲက သတ်ပုံတချို့ကိုပြင်လိုက်ပါတယ်။ ဆောရီး။

နားကိုက်တာဟာ ကလေး-လူကြီး အဖြစ်များတယ်။ ကိုက်တယ်-နာတယ်ဆိုတာ Inflammation (အင်ဖလမေးရှင်း) ခေါ်တဲ့ ရောင်ရမ်း ဖြစ်စဉ်ရှိလာလို့ပါ။ နားဆိုတော့ External auditory canal နားအပြင်ဆုံးပြွန်၊ Tympanic membrane နားစည် နဲ့ Middle ear နားအလည်ပိုင်းတွေမှာ ဖြစ်တယ်။ Tympanic membrane (Eardrum) နားစည်ရောင်တာကို Myringitis လို့ ဆေးစာနဲ့ ခေါ်တယ်။

- Otitis externa နားအပြင်ဆုံးမှာ နာတာကို ခေါ်တယ်။ အရေပြားရောင်သလိုသဘောပါဘဲ။ ရေကူးသူတွေမှာ ဖြစ်တတ်လို့ Swimmer's ear လို့ ခေါ်သေးတယ်။
- Middle ear နားအလည်ပိုင်း နဲ့ Eardrum နားစည် ရောင်တာကို Otitis media ခေါ်တယ်။
- Otitis externa အပြင်ပိုင်းရောင်တာက Trapped moisture ရေချိုးရင်း၊ ရေကူးရင်း ရေငွေ့ ပိတ်မိနေတာနဲ့ Minor injury နဖါကလော်လိုကနေ သာမန်ကာရှန်ကာ ခိုက်မိရာကနေ ဖြစ်တာများတယ်။ တဆင့်တက်ပြီး Bacteria ဗက်တီးရီးယားတွေ ပေါက်ပွါးလာနိုင်တယ်။ Fungus မှို (ဖန်းဂတ်စ်) ကနေဖြစ်တာ ရှားတယ်။
- Otitis media နားအလည်ပိုင်း ရောင်တာကတော့ Virus ဗိုင်းရပ်စ် Bacteria ဗက်တီးရီးယား တွေကနေ ဖြစ်စေတယ်။ အအေးမိတာ၊ အသက်ရှူလမ်း အထက်ပိုင်းရောင်တာတွေကနေ ဆက်ဖြစ်တတ်တယ်။ ဖြစ်ရင် အထဲမှာရှိနေတဲ့ Eustachian tube နားအတွင်းပြွန် ပိတ်ပြီး နားအလည်ပိုင်းကနေ ပုံမှန်အရည်စီးသွားတာကို ပိတ်ပင်လိမ့်မယ်။ Allergies (အလာဂျီ)၊ မီးခိုး-ဆေးလိပ်ခိုးငွေ့၊ ကလေးကို ပက်လက်ထားပြီး နို့ဗူးတိုက်တာ၊ နားရောင်တာ ဖြစ်လေ့ရှိတဲ့ မိသားစုဆိုတာလဲ တွေ့တတ်တယ်။
- Myringitis နားစည်ရောင်တာက (အင်ဖက်ရှင်) ဝင်တာနဲ့ ထိခိုက်မိတာတွေကနေ ဖြစ်တယ်။ ဖြစ်လာရင် နာမယ်၊ ရောင်မယ်၊ နီနေမယ်။

၁။ Otitis externa နားအပြင်ရောင်ခြင်း
နာတာ-ကိုက်တာက တဖြေးဖြေးဆိုးလာမယ်။ Pain နာတာထက် Itch ကိုက်တယ် ဆိုတာကို ပိုပြောလိမ့်မယ်။ နားရွက်ကို ကိုင်ဆွဲရင် ပိုသိသာတယ်။
နားကောင်းကောင်း မကြားရဘူး။
နားထဲမှာ ဆူညံသံတွေကြားနေရမယ်။
နားပိတ်နေတယ်ဆိုတာကို ခံစားပြီး သိနေတယ်။
နားကလဲ ရောင်နေမယ်။
နားထဲကနေ ခပ်ပြစ်ပြစ်အရည်တွေ ဆင်းမယ်။

၂။ Otitis Media နားအလည်ပိုင်းရောင်ခြင်း
နာတာကို အဓိကပြောမယ်။
နားကောင်းကောင်း မကြားရဘူး။
နားထဲမှာ ဆူညံသံတွေ ကြားနေရမယ်။
နား ပြည့်-ပိတ်နေတာကို ခံစားပြီး သိနေတယ်။
ကိုယ်ပူ (ဖျား) နိုင်တယ်။
နားစည်ပေါက်သွားရင် အထဲက မန်းရည်လိုဟာတွေ ထွက်ကျလာမယ်။
အန်တာ၊ ဝမ်းပျက်တာ၊ အနေရအထိုင်ရခက်တာ၊ ကလေးဆိုရင်အစားပျက်မယ်။ အအိပ်ပျက်မယ်။
နာတာသက်သာဆေး၊ ရေမနည်းအောင် သောက်ပေးတာနဲ့ ရေငွေ့ဓါတ် ကောင်းစေတာတွေကနေ သူ့ဖါသာ သက်သာသွားနိုင်တယ်။
Otoscope နားကြည့်ကရိယာနဲ့ ကြည့်ရင် နားအပြင်ပြွန်ဟာ ရောင်-ဖေါင်းနေတာကို မြင်ရမယ်။ ခပ်ပြစ်ပြစ် အရည်ထွက်နေတာလဲ ရှိနိုင်တယ်။

၃။ Bullous Myringitis နားစည်ရောင်ခြင်း
နားနာ-ကိုက်မယ်။ အတော်နာတယ်။ ပေါက်ထွက်သွားရင် နာတာလျှော့မယ်။
ကိုယ်ပူ (ဖျား) နိုင်တယ်။
နားကောင်းကောင်းမကြားရဘူး။
နားထဲကနေ သွေးယိုထွက်နိုင်တယ်။
Bullous myringitis နားစည်ရောင်နေတာကို Otoscope နဲ့ကြည့်ရင် Eardrum ရောင်နေတာ၊ Fluid blisters အရည်နဲ့ အပူဖူးလိုဟာတွေ မြင်ရမယ်။

Otitis media နားအလည်ပိုင်းရောင်တာကို Otoscope ကရိယာနဲ့ ကြည့်ပေမဲ့ မမြင်နိုင်ဘူး။ Eardrum အခြေအနေကိုတော့ မြင်နိုင်တယ်။ ရောဂါအစပိုင်းမှာ Serous otitis media အရည်ကြည့်တွေ စုအောင်းနေမယ်။ နားစည်နောက်မှာ လေဘူဘောင်းလေးတွေကိုပါ မြင်နိုင်တယ်။ အတွင်းဖိအား များလာရင် ကရိယာကနေ လေနဲ့ ကစားကြည့်တဲ့အခါ Eardrum မရွေ့နိုင်တာ သိရမယ်။ Eardrum က နီရဲ-ရောင်နေရင် ချက်ချင်း ဖြစ်လာတဲ့ နားအလည်ပိုင်းရောင်ခြင်းလို့ ရောဂါနာမည်တပ်မယ်။

နားကိုက်ရင် အိမ်မှာတင်လုပ်လို့ရတာလဲရှိတယ်။ (အသဲမကောင်းသူကလွဲရင်) Acetaminophen (ပါရာစီတမော) နဲ့ (ကျောက်ကပ်မကောင်းသူတွေနဲ့ သွေးကျဲဆေးသောက်နေသူတွေကလွဲရင်) Ibuprofen အနာ-အကိုက် သက်သာဆေး တခုခုသုံးပါ။ နာတာသက်သာအောင် နားကို အပူကပ်ပေးနိုင်တယ်။

Otitis externa နားအပြင်ရောင်ခြင်းအတွက် Eardrops နားထည့်ဆေးကို ၇-၁ဝ ရက်ထည့်ပါ။ နားထည့်ဆေးထဲမှာ Antibiotic ပါတာက ပိုးကိုသေစေမယ်။ Steroid (စတီရွိုက်) ပါတာက အရောင်ကျစေမယ်။ တခါတလေ ပဋိဇီဝဆေး ပါးစပ်က သောက်ဘို့ လိုနိုင်တယ်။ ဒီအဆင့်မှာ မသက်သာသေးရင် Otolaryngologist အထူးကု ဆရာဝန်ဆီ သွားပါ။

Otitis Media နားအတွင်းရောင်ခြင်းအတွက် တချို့က ၂-၃ ရက်အတွင်း သက်သာမယ်။ လိုမယ်ထင်ရင် Antibiotics ပဋိဇီဝဆေး ချက်ချင်းပေးမယ်။

Bullous Myringitis နားစည်ရောင်ခြင်းအတွက် ပိုးသေစားဆေး၊ ပဋိဇီဝ နားထည့်ဆေး နဲ့ အနာသက်သာဆေးတွေကိုဘဲ ပေးရမယ်။

ရေချိုး-ရေကူးပြီးရင် နားကိုဂရုတစိုက် ခြောက်သွေ့ပေးပါ။ ရေကူးရင် နားထဲ Earplugs နဲ့ ပိတ်တားပါ။
နားဖါရှင်းတာကို တွေ့ရာပစ္စည်း မသုံးပါနဲ့။ ဆံပင်ခြောက် ကရိယာကို အနိမ့်ဆုံးမှာ ထားသုံးပါ။ နားနေရာနဲ့ ၁ ပေ အကွာမှာထားပါ။

၅။ အပြစ်တင်ရင်လည်း ခံရပါမယ်။ ဆရာပြောပြထားတဲ့ အချက်တွေထဲက Otitis externa နားအပြင်ရောင်ခြင်းနဲ့ ကိုက်ညီပါတယ်။ ဒါပေမယ့် ကျွန်မတို့ မိသားစုက ဆေးပညာနဲ့ နည်းစပ်မှု လုံးဝမရှိလို့ ဒီလက္ခဏာဆိုရင် ဘာဆေးတွေ သောက်ရမှာလည်းရှင့်။ အခု ဒီက ဆရာဝန်များ သောက်ခိုင်းတဲ့ ဆေးက သောက်ရန်သင့်ပါရဲ့လားရှင်။ ဆရာစာထဲမှာ နားလည်မိသမျှ ဆိုရင် နားထဲသို့ထည့်သောဆေးကို ၇ ရက်မှ ၁ဝ ရက်အထိ ထည့်ရပါမယ်လို့ ပါပါတယ်။ အဲဒါ အမျိုးအမည်လေးပါ ပေးပါလား။ ဒီမှာ သုံးထားမိတဲ့ဆေးရည်က ထည့်မိရင် (4း00) လောက်ကြာရင် နားပိုကိုက်လာတယ်။ မထည့်တဲ့နေ့က လုံးဝမကိုက်ဘူးဖြစ်နေတယ်။ တိုက်ဆိုင်မှုလား၊ ဆေးမှားနေလို့လား။

ဆောရီး။ ဆရာက စာရေး မကောင်းဘူး။ နောက်ပြီး စာဖတ်သူတွေက အခြေခံတွေ အင်မတန် ကွဲပြားကြလို့ ချင့်ချိန်ရတာ သိပ်ခက်တယ်။ ဆေးပညာ သင်ယူသူတွေရော၊ ဝေဒနာသည်တွေရော၊ စာဖတ်သူတွေရောကို ရမ်းပြီး မှန်းရေးရတယ်။ များလွန်းရင်လဲ ဖတ်ချင်မျာမဟုတ်ပြန်ဘူး။
- Diclofenac နာမည်နဲ့ဆေးဟာ နာတာ-ကိုက်တာကို သက်သာစေတဲ့ဆေး ဖြစ်တယ်။
- Clotrimazole နာမည်နဲ့ဆေးဟာ မှို (ဖန်းဂတ်စ်) ကို သက်သာစေတဲ့ဆေးမျိုး ဖြစ်တယ်။
- Norfloxacin ဆေးက ပိုး (ဗက်တီးရီးယား) နိုင်တဲ့ဆေးဖြစ်တယ်။
ဆေးထည့်လို့ ပိုနာရင် ဆင်ခြင်နိုင်ပါတယ်။ စစ်ဆေးပြီး ဆေးပေးတဲ့ဆရာဝန် ညွှန်တာတွေ လိုက်နာသင့်ပါတယ်။

Ear infections (1) နားပိုးဝင်ခြင်း (၁) http://dts-medicaleducation.blogspot.com/2011/04/ear-infection.html
Ear Infections (2) နားပိုးဝင်ခြင်း (၂) http://dts-medicaleducation.blogspot.in/2012/06/ear-infections.html
Earache နားကိုက်ရင် http://dts-medicaleducation.blogspot.com/2011/11/earache.html
Fluid in the ear နားထဲမှာအရည်ရှိတာ http://doctortintswe.blogspot.com/2014/12/fluid-in-ear.html
Middle ear infection နားပြည်ယိုခြင်း http://doctortintswe.blogspot.com/2016/01/middle-ear-infection.html
Otomycosis (ear fungus) နားမှို http://doctortintswe.blogspot.com/2016/02/otomycosis-ear-fungus.html
Perforated eardrum နားစည်ပေါက်ခြင်း http://dts-medicaleducation.blogspot.com/2011/04/perforated-eardrum.html
Ringing in the Ears နားအူခြင်း http://doctortintswe.blogspot.com/2014/12/ringing-in-ears_29.html

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး