How to address people အမည်သညာခေါ်စရာကား

ဆရာရှင့် အရေးကြီးလို့ပါရှင့်။ သမီးသားလေး 8 ရှိပါပြီ၊ ယောက်ျားလေးပါ။ ခုသားလေးက ဝမ်းသွားပြီး ကိုယ်တွေပူနေလို့ပါ၊

မေးခွန်းမှာ 8 ဆိုတာ နှစ်လား၊ လလားမသိပါ။ နောက်ပြီး ကိုယ့်ကိုယ်ကို သမီးလို့ရေးတာက မေးခွန်းဖတ်တဲ့အခါ တွေဝေစေတယ်။ အခုလိုရေးလာရင် ရေးသူကိုယ်တိုင်လား၊ သူ့သမီးလား၊ သူ့မြေးလားထင်နိုင်တယ်။ အမျိုးမတော်ပဲနဲ့ အကို၊ ဦးလေး၊ အဘ စဖြင့် ခေါ်တာနဲ့ ကိုယ့်ကိုယ်ကို သမီး၊ သားလို့ ပြောတာမျိုးဟာ ကျွန်တော့်အတွက် အခက်အခဲ ရှိပါတယ်။ မေးခွန်းထဲမှာ သမီးလို့သုံးတဲ့သူတွေ သူတို့သမီးရောဂါလား၊ အဲဒီ သမီးရဲ့အမေလား စဉ်းစားရတာ ၃-၄ ခါ ရှိပါပြီ။ ဆရာဝန်ကို ဦးလေးလို့ခေါ်ပြီး သူ့ဦးလေးအကြောင်းကို မေးနေတာလဲ ဝေခွဲရခက်ပါတယ်။

ဆရာ လို့သုံးတာက အရွယ်မရွေး၊ ကျားမ မရွေးတင့်တယ်ပါတယ်။ လေးစားရာကျတယ်။ ယဉ်ကျေးတယ်။ ဆရာကြီး ဆိုရင်တော့မမှန်ပါ။ ငယ်ချင်လို့ပြောရတာ မဟုတ်ပါ။ ဆရာဝန်လောကမှ အထူးကုတွေကိုမှ ကြီး ထည့်လေ့ရှိလို့ပါ။ ကျွန်တော်က ရိုးရိုးဆရာဝန်ပါ။ ကျွန်တော့်ဆီ စာရေးရင်လဲ Sir လို့ မသုံးစေပဲ၊ Sayar လို့သာ ပြင်ပေးပါတယ်။

ဒေါက်တာ ဆိုတာလဲ နားယဉ်နေကြပါပြီ။ ကျွန်တော့်နာမည်ရှေ့မှာ ဒေါက်တာ ထည့်ရတာက အကြောင်းရှိပါတယ်။ ၁၉၉ဝ ရွေးကောက်ပွဲ အနိုင်အရှုံးစာရင်း ထုတ်ပြန်တုံးကရော၊ အစိုးရဂေဇက်ထဲမှာပါ ရွေးကောက်ပွဲဝင်ဘို့ မှတ်ပုံတင်တုံးကအတိုင်း ဒေါက်တာတင့်ဆွေ လို့ပါတယ်။ ၂ဝ၁၂ နာမည်မဲစာရင်းတွေ ဖျက်ပေးတော့လဲ သည်အတိုင်းပါတယ်။ ၁၉၉ဝ ရွေးကောက်ပွဲကို စစ်အစိုးရတွေက ဘယ်လိုပဲ တန်ဘိုးကျအောင်လုပ်လုပ်၊ ကျွန်တော်က ဂုဏ်ပြုချင်လို့ ဖြစ်ပါတယ်။ တခါတလေ Dr. လို့ရိုက်ပါတယ်။ေ (သဝေထိုး) ကို ကွန်ပြူတာက ဖတ်တာတမျိုးဖြစ်နေလို့ပါ။

ကိုယ့်ကိုယ်ကို သမီး သုံးနေသူတွေမှာ သားသမီးရတဲ့ အချိန်ရောက်တာတောင်မှ အပြောင်းရခက်ကြပုံရတယ်။ မျက်စိအောက်မှာတင် ကလေးအမေဖြစ်သွားတဲ့သူတွေကလဲ သူ့တို့ကိုယ်သူတို့ သမီးလို့ပြောတုံးပဲ။ အဲလို လူ့သဘာဝကိုတော့ ပြောစရာမရှိပါ။ ဆရာ-လူနာ ဆက်ဆံရေးမှာတော့ စည်းခြားသင့်ကြပါတယ်။ ဆရာဝန်နဲ့ လူနာကြားမှာ တွယ်ကပ်မှုကို အထူးသတိထားရပါတယ်။ Doctor-patient relationship ဆရာ-လူနာ ဆက်ဆံရေး (၂) ပုဒ်ရေးထားပါတယ်။ 

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး