Omega-3 အိုမီဂါသရီး

၁။ ဆရာ မင်္ဂလာပါရှင့်။ သမီးက အသက် ၂၉ နှစ်ပါရှင့်။ သမီးတခုလောက်မေးပါရစေရှင့်။ Omega 3 6 9 ကို သောက်ချင်လို့ပါရှင်။ ဆရာဝန်ညွှန်ကြားချက်မလိုပဲ သောက်လို့ရပါသားရှင့်။ ဆရာ ဖြေပြားပေးပါနော်။ မေးတာ အမှားပါခဲ့ရင် တောင်းပန်ပါတယ်ရှင်။

အမျိုးသမီးလို့ သိ။ အသက် သိ။ ရာသီ မသိ။ အိမ်ထောင်ရေး မသိ။ ဘာဖြစ်နေ မသိ။ ဘာဖြစ်ချင် မသိ။

၂။ ဆရာခင်ဗျား ကျွန်တော်က အမျိုးသား ၅၂ နှစ်ပါ။ ယခုလက်ရှိ ဥရောပမှာနေထိုင်ပါတယ်။ ကျွန်တော်တို အရွယ်မှာ ငါးကြီးဆီ Omega 3 ကို သောက်လို့ ရပါသေးလားခင်ဗျား။ သောက်ရင်ရော ခန္ဓာကိုယ်အတွက် ဘာတွေ အကျိုးကျေးဇူး ရနိုင်ပါသေးလဲ။ ငါးကြီးဆီဆိုလို့  ဒီအရွယ်မှာ သောက်ရင် အသည်းအဆီဖုံးရောဂါ ဖြစ်နိုင်ပါသေးလားဆိုတာ ကျေးဇူးပြုပြီး ဖြေကြားပေးပါခင်ဗျား။

၃။ ဆရာ မင်္ဂလာပါ။ Omega 3 ကိုသောက်ရင် cholesterol ကျတယ်လို့ သိထားပါတယ်။ အမျိုးသမီးတွေ ရာသီလာရင် ဗိုက်နာတာ သက်သာတယ်လို့လဲသိထားပါတယ်။ ကျမအမေက ၆၅ နှစ်ပါ။ ဆီးချို သွေးတိုးရှိပါတယ်။ အမေသောက်တဲ့ ဆေးတွေထဲမှာ omega 3 ကိုတွေ့ပါတယ်။ အမက၀ပါတယ်။ ကျမလည်း ရာသီလတဲ့အချိန်သောက်တာ ဗိုက်နာတာ သက်သာပါတယ်။ ကျမတို့က အမြဲအာလူးကြော် အကြော်စုံကို နေ့တိုင်း စားကြပါတယ်။ ဒီမှာက စားအုန်းဆီနဲ့ ကြော်တာလေ။ ကြာရင် အဆီပိတ်မှာစိုးတယ်။ အဲဒါ omega3 နေ့တိုင်းသောက်ရင် သင့်တော်လားလို့ မေးကြည့်တာ။ ဖြေပေးပါရှင့်။ ကျေးဇူးတင်ပါတယ်။

၎။ ဆရာရှင့် ကျွန်မသမီးလေးက အသက် ၆နှစ်ကျော်ပါ။ အာရုံစူးစိုက်နိုင်မှုအားနည်းပါတယ်ဆရာ။ အစားအစာ အစုံစားပါတယ်ဆရာ။ Omega 3 အားဆေးတိုက်လို့ ရပါသလားရှင့်။ Omega 3 ကဦးနှောက် ဖွံ့ဖြိုးမှုကိုအားပေးတယ် လို့ဆေးကြော်ငြာတွေ့လို့ပါဆရာ။

၅။ ကျွန်မအမည် မ့၊ အသက် ၂၇နှစ်။ ကျွန်မ ပထမကိုယ်ဝန် ၄လနဲ့ ပျက်ကျခဲ့တယ်ဆရာ။ ပထမကိုယ်ဝန်တုန်းက OG က Susten, Folic Acid and Omega 3 ပေးတယ်ဆရာ။ ကိုယ်ဝန် ၃လကျော်ထိ သောက်ခဲ့ရတယ်ဆရာ။ ကိုယ်ဝန် ၄လ ရောက်တော့ အိုဘီမင်သောက်ရတယ်ဆရာ။ ယခု ဒုတိယကိုယ်ဝန် ၁လပါဆရာ။ အဲ့ဒီတုန်းက OG ပဲ ထပ်ပြတယ်ဆရာ။ ဒါပေမယ့် ဆေးတွေက Susten and Folic Acid ပဲပေးတယ်ဆရာ။ Omega 3 မပါပါဘူးဆရာ။ ကျွန်မအထင်တော့ လူနာများပြီး မေ့သွားတယ်ထင်ပါတယ်။ Omega 3 မပါလို့ ကိုယ့်ဘာသာကိုယ်ပဲ ဆေးဆိုင်ကနေ Omega 3 ၀ယ်သောက်ချင်တယ်ဆရာ။ Omega 3 သောက်ရင် ကလေးဥာဏ်ကောင်းတယ်လို့ ကြားဖူးလို့ပါဆရာ။ သောက်လို့ရမရနဲ့ သောက်ရမယ့် ကိုယ်ဝန်လအထိသိချင်လို့ပါဆရာ။

အမျိုးသမီး ဘာဖြစ်ချင်မှန်းမသိသူ၊ အမျိုးသား အသည်းအဆီဖုံးစိုးရိမ်သူ၊ ကိုလက်စထောကျချင်သူ၊ ရာသီလာရင် ဗိုက်နာသူ၊ ကလေး အာရုံစူးစိုက်မှုရလိုသူ၊ ကိုယ်ဝန်မပျက်ချင်သူ၊့

အိုမီဂါ-သရီးကို Omega-3 fatty acids လို့ အတိအကျခေါ်တယ်။ လူတွေအတွက် မရှိမဖြစ်တဲ့ အစာအမျိုးအစားထဲက တခုဖြစ်ပါတယ်။ ငါးတွေကနေရတာများပေမဲ့ ငါးကြီးဆီလို့ခေါ်တာ မမှန်ပါ။ ဗီတာမင်အေ များတာကိုမှ Cod liver oil လို့ ခေါ်ရတယ်။ ဦးနှောက်အလုပ်တွေနဲ့ ကြီးထွားဘို့အတွက်ပါ လိုအပ်တယ်။ ပေါ်ပြူလာဖြစ်လာကတော့ နှလုံးရောဂါဖြစ်မှာကို တားပေးနိုင်လို့ပါ။ အမေရိကန်နှလုံးရောဂါအဖွဲ့ကနေ ငါးတမျိုးမျိုးကို တပါတ် ၂ ခါ စားသင့်တယ်လို့ အကြံပြုထားပါတယ်။

အိုမီဂါသရီးအမျိုးအစားတွေထဲက EPA နဲ့ DHA တွေပါတဲ့ ငါးတွေက ဆာလ်မွန်၊ ကျူနာ၊ ဟာလီဘတ်ငါးတွေ ဖြစ်တယ်။ ပင်လယ်စာတွေ၊ အပင်တွေနဲ့ အစေ့အဆံကရတဲ့ အဆီတွေမှာလဲပါတယ်။ ALA ဆိုတာက နှမ်းကြတ်စေ့၊ နှမ်းကြတ်ဆီ၊ ပန်းနှမ်းဆီ၊ ပဲပုပ်စေ့၊ ပဲပုပ်စေ့ဆီ၊ ဖရုံစေ့၊ ဖရုံစေ့ဆီ၊ သစ်ကြားသီး၊ သစ်ကြားစေ့ဆီတွေကနေရတယ်။

အိုမီဂါသရီးကြောင့် ရောင်ခြင်းဖြစ်စဉ်ကို လျော့နည်းစေတယ်။ ဒါကြောင့် နာတာရှည်ရောဂါတွေထဲက နှလုံးရောဂါ၊ ကင်ဆာနဲ့ အဆစ်နာရောဂါတွေကို သက်သာစေမယ်လို့ ယူဆစရာအကြောင်း ရှိနိုင်တယ်။ စားတဲ့အထဲကပါတဲ့ ဒီဓါတ်ဟာ ဦးနှောက်မှာ အများကြီးလာစုနေတယ်။ ဒါ့ကြောင့် ဦးနှောက်မှတ်ဥာဏ်၊ စဉ်းစားမှုနဲ့ အမူအယာအလုပ်တွေအတွက် အရေးပါတာ ဖြစ်နိုင်တယ်။ တကယ်လို့ မိခင်ဆီကနေ အိုမီဂါ-သရီးအလုံအလောက်မရရင် ကလေးဟာ အမြင်ဆိုင်ရာနဲ့ အာရုံကြောတွေမှာ အားနည်းနိုင်တယ်။

ဒီဓါတ်နည်းနေတဲ့ လက္ခဏာတွေကတော့ အားယုတ်မယ်၊ မှတ်ဥာဏ်နည်းမယ်၊ အရေပြား ခြောက်နေမယ်၊ နှလုံးရောဂါရမယ်၊ စိတ်မူပြောင်းမယ်၊ စိတ်ဓါတ်ကျမယ်၊ သွေးလှည့်တာ မကောင်းဘူး။

Omega-3 နဲ့ Omega-6 တွေ မျှတဘို့လိုတယ်။ Omega-6 အတော်များများက ရောင်ရမ်းဖြစ်စဉ်ကို အားပေးတယ်။ အမေရိကန်တွေ အများဆုံးစားနေကြတဲ့ အစာထဲမှာ ၆ အမျိုးအစားက ၃ အမျိုးအစားထက် ၁၄-၂၅ ဆ ကဲနေတာ မကောင်းဘူး။ မြေထဲပင်လယ်ဒေသ အစားအစာမှာတော့ ၃ နဲ့ ၆ မျှတလို့ ကောင်းတယ်။ ဒီလို အသားနည်းပြီး ငါးများတဲ့ အစားတွေမှာ HDL ကောင်းတဲ့ကိုလက်စထောပိုများလို့ ပိုကောင်းတယ်။ အက်စကီမိုးတွေ စားတာလဲ အတူတူဘဲ။ သွေးထဲမှာ Triglycerides အဆီဓါတ် နည်းစေလို့ ကောင်းတယ်။

သွေးတိုးရှိသူတွေအတွက်လဲ ကောင်းတယ်။ ဆီးချိုရှိသူတွေမှာ အများအားဖြင့် Triglyceride များပြီး HDL နည်းနေတတ်တယ်။ ဒီလိုလူနာတွေကိုပေးတာ ကောင်းတယ်။ သတိတော့ထားရမယ်။

အဆစ်နာရောဂါ တာရှည်နေသူတွေကိုလဲပေးရင် အနာအကိုက်သက်သာဆေး နည်းပေးလို့ရတာ တွေ့ရတယ်။ (SLE) ခေါ်တဲ့ ရောဂါပြီးစနစ် ချို့ယွင်းလို့ ဖြစ်တဲ့ရောဂါသည်တွေမှာလဲ အဲလိုဘဲ။ အရိုးအားနည်းရောဂါ၊ စိတ်ကျရောဂါ၊ စိတ်နှခွရောဂါ၊ စကစ်ဗိုဖရီးနီးယားစိတ်ရောဂါ၊ ADHD သတိမမူစိတ်ရောဂါ၊ အရေပြားနာတွေ IBD အစာခြေလမ်း မကောင်းတဲ့ရောဂါ၊ ပန်းနာ၊ အသက်ကြီးသူတွေဖြစ်တဲ့ မျက်စိမှုံရောဂါ၊ ရာသီလာရင် ဗိုက်နာတာ။ အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ၊ ယောက်ျား ဆီးကျိတ်ကင်ဆာတွေအတွက်လဲ အကျိုးများတယ်။

အများသုံး အိုမီဂါသရီးဆေးတောင့်ထဲမှာ EPA 180 mg နဲ့ DHA 120 mg ပါတတ်တယ်။ ၁၈ နှစ်အောက် ကလေးတွေအတွက် ဘယ်လောက်ပေးရမယ်ဆိုတာ မသေခြာသေးဘူး။ လူကြီးတွေကို တနေ့မှာ 3 grams ထက် မပိုသင့်ဘူး။ နှလုံးရောဂါအခံ မရှိသူတွေ တပါတ်မှာ ၂ ခါသာ သောက်ဘို့ သင့်တယ်။ သွေးကြောကျဉ်း-နှလုံးရောဂါ ရှိသူတွေက EPA နဲ့ DHA နေ့စဉ် 1 gram သောက်ရတယ်။ အစွမ်းပြဘို့ ၂-၃ ပါတ် စောင့်ရတယ်။ ကိုလက်စထော များနေသူတွေက EPA နဲ့ DHA နေ့စဉ် 2-4 gram သောက်ရတယ်။ အစွမ်းပြဘို့ ၂-၃ ပါတ် စောင့်ရတယ်။

ငါးကြီးဆီက လေထတတ်တယ်။ တချို့ ဝမ်းပျက်တယ်။ သွေးယိုတတ်သူတွေ မသောက်သင့်ဘူး။ သွေးကျဲဆေး Warfarin or Clopidogrel သောက်နေသူတွေ မသောက်သင့်ဘူး။ ဆီးချိုဆေးတွေထဲက Glipizide, Glyburide, Metformin, Insulin တွေ သုံးနေသူတွေက သတိနဲ့သောက်ရမယ်။ အင်္ဂါအစားထိုးကုသူတွေကိုပေးတဲ့ Cyclosporine ဆေး သုံးနေသူတွေက သတိနဲ့သောက်ရမယ်။ Etretinate and topical steroids စတီရွိုက်ဆေးသုံးနေသူတွေက သတိနဲ့ သောက်ရမယ်။ ကိုလက်စထောကျဆေး Atorvastatin, Lovastatin, Simvastatin တွေပေးထားသူတွေလဲ သတိနဲ့သာ သောက်သင့်တယ်။

၈-၉-၂ဝဝ၄ မှာ အမေရိကန် FDA ကနေ EPA နဲ့ DHA n−3 fatty acids တွေဟာ နှလုံးသွေးကြောကျဉ်းရောဂါအတွက် အထောက်အကူပြုနိုင်တယ်။ အသေအချာကြီးတော့ မဟုတ်ဘူးလို့ ထောက်ခံချက်ပေးခဲ့တယ်။ နှလုံးရောဂါကနေ နောက်ဆက်ဖြစ်နိုင်တဲ့ အန္ကရာယ်ဖြစ်မှာကို လျော့နည်းစေတယ်လို့ဆိုလိုတာ ဖြစ်ပါတယ်။

ပုံမှန်အားဆေး မဟုတ်ပါ။ ကိုယ်ဝန်ဆောင်အားဆေး မဟုတ်ပါ။ ရောဂါတွေအများကြီးကို ပျောက်စေတဲ့ဆေးလည်း မဟုတ်ပါ။ ဉာဏ်ကောင်းဆေးလည်း မဟုတ်ပါ။

1. Obimin and Omega-3 (အိုဗီမင်) နဲ့ (အိုမီဂါ သရီး) https://doctortintswe.blogspot.com/2016/06/obimin-and-omega-3.html
2. Omega Kids ကလေးတိုင်းအတွက်တော့မဟုတ် https://doctortintswe.blogspot.com/2017/11/omega-kids.html
3. Omega-3 and Pregnancy အိုမီဂါ နှင့် ကိုယ်ဝန် https://doctortintswe.blogspot.com/2017/05/omega-3-and-pregnancy.html

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး