RASU ယူနီယံဟောင်းနဲ့ ပုဂံသမိုင်း

၁။ ဆရာ 7 July အကြောင်းသိလားခင်ဗျ။ သိရင်ပြောပြပေးပါလား၊ တင်ပေးပါလားဆရာ။ ဟိုဘက်ခြမ်းကလူတွေက ကျောင်းသားကပဲ သူပုန်ထလို့လုပ်ရတဲ့ပုံမျိုးတွေ ဝါဒဖြန့်နေတယ်။ မဟုတ်မှန်တော့သိတယ်။ ဖေဖေတို့ပြောတာနဲ့ ကွာနေတယ်။ ဒါပေမယ့်ပြန်လည်းမချေပနိုင်ဘူး။ အောင့်သက်သက်ကြီးခံနေရတယ်။ ဆရာသိရင်ပြောပြပါလားခင်ဗျ။

၂။ Encyclopedia မှာရှာကြည့်လိုက်တော့ ကျောင်းသားသမဂ္ဂ အဆောက်အဦကို ဒိုက်နမိုက်နဲ့ခွဲတယ်။ ကျောင်းသား (၁၅) ယောက် သေဆုံးပြီး၊ (၂၇) ယောက် ဒဏ်ရာရကြတယ်လို့တော့ တွေ့ရတယ်။ ဟုတ်လားဆရာ။

သမိုင်းဆိုတာ မှတ်တိုင်တခုလေးကျော်ကြာရင် ဘယ်သိတော့မလဲ၊ သဘာဝပါ။

၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်နေ့မှာ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ တော်လှန်ရေးကောင်စီက စစ်အာဏာသိမ်းအပြီး ၆ ရက်အကြာမှာ ကျောင်းသားအခွင့်အရေးတွေတောင်းဆိုနေခဲ့ကြတဲ့ ကျောင်းသားတွေကို ပစ်ခတ်ဖြိုခွင်းပြီး၊ နောက်တရက်မှာ ရန်ကုန်တက္ကသိုလ်ဝန်းအတွင်းရှိတဲ့ သမိုင်းဝင်ကျောင်းသားသမဂ္ဂ အဆောက်အဦကြီးကိုပါ မိုင်းခွဲ ဖြိုဖျက်ခဲ့တယ်။

ကျောင်းသားသမဂ္ဂ အဆောက်အဦကို သူဌေးကြီး ဦးညိုရဲ့ လှူဒါန်းမှုနဲ့ ၁၉၃၁ ခုနှစ်မှာ တည်ဆောက်ခဲ့တယ်။ လွတ်လပ်ရေးကြိုးပမ်းမှုမှာ ရှေ့တန်းကပါဝင်ခဲ့တယ်။ ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုနု စတဲ့ ကျောင်းသား ခေါင်းဆောင်ပေါင်းများစွာကို မွေးထုတ်ပေးခဲ့တယ်။

၁၉၆၂ စစ်အာဏာသိမ်းရာမှာ ဗိုလ်ချုပ်နေဝင်းရဲ့ ဒုတိယလူဖြစ်ခဲ့သူ ဗိုလ်ချုပ်အောင်ကြီးကနေ (၈၈) အရေးအခင်း အစပိုင်းမှာ (၄၁) စာမျက်နှာပါစာထွက်ပြီး ဆဲဗင်းဇူလိုင်မှာ သူမပါတဲ့အကြောင်းရေးခဲ့တယ်။ ဗိုလ်နေဝင်းကသာ နံပါတ် (၁) တရားခံလို့ ပြောချင်ပုံရတယ်။

ဆဲဗင်းဇူလိုင် ဖြစ်တဲ့နေမှာ အဲဒီအဖြစ်အပျက်တွေကို လက်တွေ့ကွပ်ကဲနေတဲ့ အဖွဲ့တဖွဲ့က ပြည်လမ်း အသံလွှင့်ရုံမှာ ထိုင်တယ်။ ဗဟိုလုံခြုံရေးနဲ့ အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ ဗိုလ်မှူးကြီးကျော်စိုး၊ ဗိုလ်မှူးကြီးဗစိန်၊ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးကြီးဘနီ၊ ပညာရေးဝန်ကြီး ဒေါက်တာလှဟန်၊ ရန်ကုန်တက္ကသိုလ် ပါချုပ် ဦးကာ ရှိတယ်။ အဲဒီအထဲမှာ ဒုတိယဗိုလ်မှူးကြီးစိန်လွင်ပါတယ်။ တက္ကသိုလ်ဝန်းထဲမှာ ပစ်တဲ့ခတ်တဲ့တပ်ရင်းမှာ ဗိုလ်စိန်လွင်က တာဝန်ယူတယ်။ သူဟာ ၈၈ အရေးအခင်းမှာ ရန်ကုန် ဘူချာ (သားသတ်သမား) အဖြစ် နာမည်ဆိုးတွင်ခဲ့သူဖြစ်တယ်။ ဒါလဲ သမတ ဖြစ်ခဲ့သေးတာဘဲ။ ဒီပဲယင်းအရေးအခင်း ဒုတိယတရားခံ ဗိုလ်ချုပ်ကြီးစိုးဝင်းလည်း ဝန်ကြီးချုပ်ဖြစ်ခဲ့တယ်။

ဗိုလ်ချုပ်ကြီးနေဝင်းက ကျနော်တို့ကတော့ ဒါးဒါးချင်း၊ လှံလှံချင်းပဲလို့ ၁၉၆၂ ဇူလိုင် (၇) ရက် ညမှာ ၈ နာရီ ၁၅ မိနစ်မှာ မြန်မာ့အသံရေဒီယိုကနေ မိန့်ခွန်းပြောခဲ့တယ်။ သူကဘဲ ၈၈ အရေးအခင်းတုန်းကလည်း စစ်တပ်ဆိုတာ ပစ်ရင်သေနတ်ကို မိုးပေါ်ထောင်မပစ်ဘူး၊ မှန်အောင်ပစ်တယ်လို့ ထပ်ပြောခဲ့သေးတယ်။

ဆဲဗင်းဇူလိုင်အရေးအခင်းမှာ ကျောင်းသားပေါင်း ဘယ်လောက်သေဆုံးသလဲဆိုတာ ဘယ်သူမှအတိအကျ မသိနိုင်ပါ။ ၁၃ဝ ကျော် ပစ်သတ်ခံခဲ့ရတယ်လို့လဲ ဖတ်ရပါတယ်။ ၇-၇-၁၉၆၂ မှာ ပစ်ခတ်နှိမ်နင်းမှုသာလုပ်ပြီး နောက်နေ့မနက်မှသာ ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦကြီးကို ဒိုင်းနမိုက်နဲ့ ဖြိုခွဲဖျက်ခဲ့ပါတယ်။

အစိုးရကို ဘယ်နည်းနဲ့ဖြစ်ဖြစ် ဆန့်ကျင်သူကို ဦးနေဝင်းလက်ကကတည်းက အခုအစိုးရအထိ သူပုန်လို့သတ်မှတ်ပါတယ်။ သမိုင်းအမှန်ကို ပြန်မဖေါ်ကြနဲ့လို့ ဆဲဗင်းဂျူလိုင်မတိုင်ခင်လေးက ပါးစပ်အငှားလိုက်စားသူတယောက်က ပြောလိုက်ပါသေးတယ်။ နောက်လိုက်နောက်ပါတွေက သမိုင်းမှားတွေကို စကားလုံးအမျိုးမျိုးနဲ့ ရိုက်သွင်းနေကြတယ်။

၁၉၆၂ တုန်းက ကျွန်တော်ဟာ မုံရွာမြို့ အထက (၂) မှာ ခုနစ်တန်းကျောင်းသားဘဲရှိပါသေးတယ်။ ကျောင်းခန်းထဲကို ဗလာစာအုပ်က ဆုတ်ယူထားတဲ့ မျဉ်းကြောင်းပါ စာရွက်ပေါ်မှာ ယူနီယံဟောင်းတနေရာ သီချင်းစာသားကို ကိုယ်တိုင် ဖတ်ရတယ်။ အဲသည်ခေတ်မှာ လူကြိုက်များတဲ့ အဆိုတော်တင်တင်မြဆိုတဲ့ ပုဂံမြို့ဟောင်းတနေရာ သီချင်းစာသားနဲ့ အလိုက်အတိုင်း စပ်ဆိုထားတာဖြစ်တယ်။ ကျွန်တော်ကတော့ ခုထိမမေ့ပါ။ ပုဂံမြို့သမိုင်း ပျောက်သွားပါသလား။

ဒေါက်တာတင့်ဆွေ
၎-၇-၂၀၁၄
၎-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး