DHF သွေးလွန်-သွေးစုပ် ဘေးက ဝေးကြပါစေ

ဆရာ့ သွေးလွန်တုပ်ကွေးရောဂါ ၁၉၅၈ခုနှစ်မှာ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်ပွားတယ်။ ၁၉၇ဝ ခုနှစ်မှာ  ရန်ကုန်မြို့၌ ကပ်သဖွယ်ဖြစ်ပွားတယ်။ ၁၉၇၅ ခုနှစ်မှာ တောရောမြို့ပါမကျန်ဖြစ်ပွားတယ်။ ယခု ၂ဝ၁၅ အထိ မြန်မာပြည်မှာ ဖြစ်ပွားနေတုန်း။ အထက်ဖော်ပြပါ (၄) ချက် မှန်ပါသလားဆရာ။ မှားနေလျှင်လည်း ကျွန်တော့်အား ရှင်းပြပေးပါဆရာ။ မှန်နေလျှင် သွေးလွန်တုပ်ကွေးရောဂါကို မနှိမ်နင်းနိုင်သည်မှာ (၅၇)နှစ်နီးပါးရှိပြီ။ အဲဒါ အာဏာရှင်အဆက်ဆက်ရဲ့ ကြိုတင်ကာကွယ်မှုလုပ်ငန်း ညံ့ဖျင်းမှုလို့ ကျွန်တော်တွေးမိပါတယ်။ အခု ပုလဲမြို့နယ်မှာသာမက အိမ်နီးချင်း မြို့နယ်တစ်ချို့မှာ မကြာခဏ ဖြစ်ပွားနေတယ်လို့ ကြားနေရတယ်။ ဒါကြောင့် ကျန်းမာရေးမှာ ကျွန်တော်တို့ထက် အသိပညာပြည့်စုံတဲ့ဆရာကို သွေးလွန်တုပ်ကွေးရောဂါအကြောင်းကို ပြည်သူတွေ နားလည်သဘောပေါက်အောင် ရှင်းပြပေးပါ။ အာဏာရှင်စနစ်ရဲ့ စီမံချက်ညံ့ဖျင်းမှုကိုလည်း ထောက်ပြပြီး စာရေးဖို့ ဆရာကို အကူအညီတောင်းပါရစေ။

သွေးလွန်တုပ်ကွေးရောဂါဟာ သမိုင်းအရ တရုပ်နိုင်ငံ ၂၆၅-၄၂ဝ ချင်မင်းဆက်ကတည်းကစတယ်လို့ သိထားပါတယ်။ ကမ္ဘာမှာဖြစ်နှုန်းသိသိသာသာ တိုးလာနေတယ်။ လက်ရှိ နိုင်ငံပေါင်း ၁၂၅ မှာ တနှစ်မှာ သန်း ၄ဝဝ လောက် နှစ်စဉ် ကူးစက်နေတယ်။ ၉၆ သန်းလောက်မှာသာ လက္ခဏာပေါ်တယ်။ ကူးစက်ခံရနိုင်ချေ သန်း ၃၉ဝဝ အထိလို့ ခန့်မှန်းတယ်။ မြန်မာပြည်မှာလည်း ဒီနှစ် လူပေါင်း ၁ သောင်း ၁ ထောင်နီးပါးဖြစ်နေပြီး၊ ၄၅ ဦး သေဆုံးခဲ့တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ၂ဝ၁၄ နဲ့ နှိုင်းယှဉ်ရင် ၃ ဆလောက် အဖြစ်များပြီး သေဆုံးသူအရေအတွက်ပါ မြင့်တက်လာနေတာဖြစ်တယ်။

သွေးလွန်တုပ်ကွေးကူးစက်ရောဂါ ပိုဆိုးလာစေတဲ့အကြောင်းရင်းတွေရှိတယ်။
• ရောဂါစောင့်ကြည့်စစ်ဆေးရေးအားနည်းခြင်း၊
• ရောဂါအမည်တပ်ခြင်းမှားယွင်းမှုရှိခြင်း၊
• အစီရင်ခံချက်အားနည်းခြင်း၊
• ရာသီဥတုပြောင်းလဲမှု၊
• ကမ္ဘာတခုလုံးခြုံဖြစ်စဉ်ဖြစ်မှု၊
• ခရီးသွားလာမှု၊
• ကုန်ကူးသန်းမှု၊
• လူမှုစီးပွါးရေး၊
• နေရာအခြေချနေထိုင်မှု၊
• ဗိုင်းရပ်စ်မူပြောင်းခြင်းတွေဖြစ်ကြတယ်။

ကာကွယ်ဆေးမပေါ်သေးခြင်းနဲ့ ထိရောက်တဲ့ ဗိုင်းရပ်စ်ကိုနိုင်တဲ့ဆေးမပေါ်သေးခြင်းကြောင့်လည်း အခုလို အခြေအနေဆိုးမှာသာ ရှိနေတာဖြစ်တယ်။ ရောဂါကို စောစောမရှာဖွေနိုင်ခြင်းနဲ့ ထိရောက်တဲ့ဆေးကုသပေးခြင်း တွေကနေ သေဆုံးရမှုကို လျှော့နည်းနိုင်တယ်။ ခြင်နှိမ်နင်းရေးက ပဓါနအကျဆုံးရောဂါကာကွယ်ရေးဖြစ်တယ်။

WHO ၂ဝ၁၂-၂ဝ၂ဝ မဟာဗျူဟာအရ ရောဂါစောင်ကြည့်ခြင်းနဲ့ ပိုကောင်းတဲ့ရောဂါအစီရင်ခံခြင်းတွေ လုပ်ဖို့ဖြစ်တယ်။
တိကျတဲ့ကိန်းဂဏန်းတွေရှိရမယ်။ ဒါမှသာ ဆေးသုတေသနလုပ်ဖို့နဲ့ ကျန်းမာရေးပေါ်လစီရေးဆွဲဖို့မှာ ကောင်းစေမယ်။
ငွေကြေးရင်းမြစ်ဆိုတာလည်းလိုတယ်။

ဒီအချက်အလက်တွေဟာ ဆေး-ကျန်းမာရေး ပညာရှင်အမြင်တွေဖြစ်တယ်။ ဘယ်အရေးအရာမှာမဆို မလွတ်ကင်းတာက နိုင်ငံရေးနဲ့ စီးပွါးရေးဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးအဆင့်အတန်းဟာ အောက်ဆုံး နံပါတ် ၁၉ဝ မှာရှိတယ်။ စီးပွါးရေးမှာလည်း LDC ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံသာဖြစ်တယ်။ နိုင်ငံပေါင်း ၁၈၇ ခုထဲမှာ လူသားဖွံ့ဖြိုးရေး ညွှန်းကိန်းအရ နံပါတ် ၁၅ဝ မှာရှိတယ်လို့ မြန်မာပြည်မှာ အခြေစိုက်တဲ့ UNDP ရုံးကဆိုတယ်။ အစီရင်ခံစာထဲမှာ အစိုးရလက်ခံလောက်မဲ့ (ဖါးထားတဲ့) အသုံးအနှုန်းတွေကို ထည့်ရေးလေ့ရှိတာမို့ တကယ့်လက်တွေ့ လူနေမှုအဆင့်ဟာ စာထဲမှာပါတာထက် နိမ့်စရာသာရှိတယ်။

နိုင်ငံရေးစနစ်ကောင်းပါမှ ကျန်းမာရေးအဆင့်အတန်း အောက်ဆုံးနံပါတ် ၁၉ဝ ကနေတက်နိုင်တယ်။ လူသားဖွံ့ဖြိုးရေး ညွှန်းကိန်း နံပါတ် ၁၅ဝ ကနေတက်မယ်။ မြန်မာပြည်ကလူတွေကျန်းမာရေးတိုးတက်ဘို့ လာပြီးအလုပ်လုပ်နေကြရတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေလည်း အစိုးရကိုဖါးပြီး အစီရင်ခံစာတွေ တင်နေကြရတာပပျောက်မယ်။ ကျန်းမာရေး အမှုထမ်းတွေလည်း ရတဲ့လစာလေးနဲ့ မဆန့်ရင်ကာ အစီရင်ခံစာတွေ ကောက်ယူ တင်ပြနေကြတာမို့ ကျန်းမာရေး အချက်အလက်တွေက လွဲမှားနေနိုင်တယ်။ ဒါပေမယ့် ရွေးကောက်ပွဲ ကော်မရှင် တမင်မှားအောင်လုပ်နေသလိုတော့ ကျွန်တော်တို့ ကျန်းမာရေးဝန်ထမ်းတွေက မဟုတ်ကြတာကို ကောင်းကောင်းသိပါတယ်။

သွေးလွန်တုပ်ကွေးဘေးက ဝေးကြပါစေ။ သွေးစုပ်အစိုးရရန်ကို တော်လှန်နိုင်ကြပါစေ။

ဒေါက်တာတင့်ဆွေ
၁-၁ဝ-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး