Breakdance ဘရိတ်ဒန့်စ်

Hi ဆရာရှင့် မေးစရာလေးရှိလို့ပါ။ မိန်းကလေးတယောက်အနေနဲ့ B boy break dance အကဟာ သားအိမ်ပိုင်းဆိုင်ရာမှာ ထိခိုက်မှုရှိနိုင်သလားရှင့် ကျေးဇူးပြုပြီး ဖြေပေးပါနော်။

မေးတဲ့သူ အသက် မသိ။ ရာသီ မသိ။ အိမ်ထောင်ရေး မသိပါ။ Hi မလိုအပ်ပါ။ ဆရာဝန်တဦးဆီစာရေးရင် အဆုံးမှာ နော် မထည့်သင့်။ Hi က အသက်၊ ဂုဏ်၊ အရွယ် တန်းတူတွေသာ သုံးသင့်တယ်။

အဲဒီ ဘရိတ်ဒန့်စ်အကကို သိပ်တော့မသိပါ။ ခုန်ပေါက် ကျော်လွှား စတာတွေက အတိုင်းအတာတခု ကျော်ရင်တော့ မိန်းကလေးတွေအတွက် သတိထားစရာတွေရှိတယ်။ စက်ဘီစီး၊ မြင်းစီးလို့ အပျိုမှေးပေါက်သွားတတ်တယ်။ အားကစားမလုပ်တဲ့ ကလေးမတွေက အပျိုဖြစ်စောတယ်။ အားကစားပြင်းပြင်းထန်ထန်လုပ်တဲ့ မိန်းကလေးတွေက ရာသီလာ နောက်ကျတတ်တယ်။

တယောက်နဲ့တယောက်လည်း မတူပြန်ပါ။ ကြွက်သား + အရွတ် အားနည်းသူ ဥပမာ ကလေးမွေးဖူးသူ၊ အနေအထိုင် မပိယိသူတွေက အနေအထိုင်နဲ့ လှုပ်ရှားမှုတွေကြောင့် သားအိမ် + ဆီးအိမ် နေရာတွေကို အားနည်းစေတယ်။ အဲတာကြောင့် ခါး + သားအိမ် + ဆီးအိမ် + အစာဟောင်းအိမ် နေရာတွေကို ထိန်းပြီးမှသာ အလေးအပင်မတာကအစ လုပ်သင့်ကြတယ်။

ကြွက်သားအားမနည်းအောင်၊ ပိုတင်ဆီယမ် မနည်းအောင် စားသောက်ရမယ်။ ငှက်ပျောသီး၊ လိမ်မော်သီးကောင်းတယ်။ လိုတဲ့သူက ပိုတင်ဆီယမ်ဆေးပါသောက်ရမယ်။

၂ဝဝ၉ ခုနှစ် ဧပြီလထုတ် အမေရိကန် အားကစားဆေးပညာဂျာနယ်မှာ ဘရိတ်ဒန့်စ်ကသူများမှာ အန္တရာယ် ကြီးမားတယ်လို့ ရေးသားထားပါတယ်။ ထိခိုက်ဒဏ်ရာ သူများထက်ပိုရနိုင်တယ်။ အကျမတော်ရင် အနာပျောက် နှေးတယ်လို့ ဆန်းစစ်လေ့လာမှုအရသိရတယ်။ အပျော်တမ်းနဲ့ ကြေးစား ဘရိတ်ဒန့်စ်ကသူပေါင်း (၁၄၄) ယောက်ကို ဂျာမန်သုတေသနလုပ်သူတွေကနေ အင်တာဗျူးခဲ့ပါတယ်။ ကြေးစား ဘရိတ်ဒန့်စ်ကသူ ဘယ်သူမှ ထိခိုက်မှုလွတ်တာ မရှိပါ။ အပျော်တမ်းသမားထဲကတော့ ၄% မှာသာရှိတယ်။ လက်ကောက်ဝတ်နဲ့ လက်ကျိုးကြတာများတယ်။ ခါးရိုးဆစ် စပလစ်ဖြစ်သူလည်းပါတယ်။ ဦးနှောက်ကွန်ကားရှင်းလည်းဖြစ်သူရှိတယ်။ ၇ဝ% တို့ဟာ ထိခိုက်ပေမယ့် နာရမယ့်အစား အဲလိုပဲလုပ်ခဲ့ကြတယ်။ နားသင့်တဲ့အချိန်မပေးပဲ ဆက်ကကြသူကများတယ်။ တချို့ဆိုရင် (၆) နာရီလောက်သာ နားကြတယ်။ ကာပယ်တာနယ် ဆင်ဒရုမ်းခံစားရသူနဲ့ အဆစ်ဖုံးလွှာရောင်တာ ဖြစ်ကြတယ်။

အမျိုးသမီးတိုင်း အရွယ်မရွေး ကီဂယ်လ်လေ့ကျင့်ခန်းလုပ်သင့်ကြတယ်။ အဲတာမှ တင်ပါးဆုံတွင်းက သားအိမ်၊ ဆီးအိမ်၊ အစာဟောင်းအိမ်တွေကို ထိန်းပင့်ပေးထားတဲ့ ကြွက်သားတွေနဲ့ အရွတ်ပြား၊ သန်မာအားကောင်းတယ်။ ကြော်ငြာပြီး ဗူးခွံလှလှ မော်ဒယ်ချောချာပုံတွေနဲ့ရောင်းနေတဲ့ဆေးတွေကို မယုံသင့်ကြပါ။ ဆေးနာမည်တွေကို အားနာလို့ မရေးတော့ပါ။

ဒေါက်တာတင့်ဆွေ
၁၃-၇-၂၀၁၆
၁၃-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး