Policy Era ပေါ်လစီသတ်ပုံ

၁။ Hset Naung ကျွန်တော့် အမြင်တစ်ခုပါဆရာ။ မြန်မာစာဆိုတာ ပုဂံခေတ်ကနေ ယနေ့အထိ တစ်ဆင့်ပြီး တစ်ဆင့် ပြောင်းလဲလာပါတယ်ဆရာ။ ခေတ်အလိုက် ကောင်းမွန်တဲ့ အပြောင်းအလဲတွေကိုတော့ လက်ခံသင့်တယ်လို့ မြင်ပါတယ်ဆရာ။ လေးစားမှုဖြင့်။

ဟုတ့့် ဆြာ၊ ဥူး၊ ကျမ္မာရေး၊ မိုဃ်းတို့ ပြောင်းတာမှန်ပါမယ်။ (တရုတ်ပြေးမင်း) လို့ ရေးနေတာကို အရင်က (တရုက်ပ္လိယ်မင်း) လို့ရေးခဲ့ပါတယ်။ ခေတ်အပြောင်းတိုင်း အကုန်တော့ မမှန်ပါ။

ဆရာကြော့သမီးရေးခဲ့တဲ့ လေးဆစ်ချိုး -
လူ့အဖြစ်အတွင်မှ၊ ခုအသစ်ကြုံလှာပြန်။
ဟို့မစဲ၊ မှို့စွဲးလောင်စာနှင့်၊ သန်ဘက်ခါတိုင်တိုင်လဲလို့၊ ဖိန်းနွှဲခါမြန်မြန်ဆင့်စေတော့၊ အေးခွင့်မဖန်။
ဟိုရှေးခါနေ့လပြောင်းလျှင်လ၊ ပြေကောင်းတဲ့ပြေသင့်တန်၊ကြံဖန်လို့ပူစိတ်စွဲ။
မေ့ကွက်ကိုရှာ၊ နေ့ရက်ကြာသာကြာတော့၊ မင်္ဂလာပုသိမ်ထည်နှင့်၊ မောင့်မျက်ရည်၊ ကြည်ကြည်စို့ကို၊ ဖုန်းတို့မစဲး။

(စွဲး) ကို (စွဲ) လို့သာရေးလာတယ်။ (စဲး) လို့ရေးတာကို (စဲ) လို့ပြင်လာတယ်။ အဲတာမျိုးကို လက်ခံပါတယ်။

၂။ Wai Phyo Oo အဲဒါဆို (သမ္မတ) လည်းမှားတာပေါ့၊ ဟုတ်ပါသလားခဗျာ။

ကနေ့ထုတ်ဝေနေတဲ့ သတ်ပုံကျမ်းတွေ၊ အဘိဓာန်တွေ၊ အွန်လိုင်းသတ်ပုံဆိုက်တွေမှာ သမ္မတလို့သာ တွေ့ရမယ်။ မူလလက်ဟောင်း မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၃၊ စာမျက်နှာ ၁၈-၂၁ မှာ (သမတများ၊ နိုင်ငံတော်) လို့သာ ပေါင်းပါတယ်။ မနှစ်လုံးဆင့်တဲ့ သမ္မတဆိုတာ တပူပေါ်နှစ်ပူဆင့်တဲ့ခေတ်မှာ စခဲ့တာဖြစ်တယ်။

၃။ ညကပါပဲ၊ သူငယ်ချင်းဆရာဝန်စာရေးဆရာတယောက်က သူ့သူငယ်ချင်းဆီက စာအုပ်လက်ဆောင်ရတာကိုရေးတယ်။ စာအုပ်အဖုံးမှာ မြန်မာပြည်၏တစ်ဦးတည်းသော ဘုရင်မကြီး ရှင်စောပုတဲ့။ အဲတာနဲ့ တစ်ဦးတည်းသောဆိုတော့ ပေါ်လစီစာအုပ်လားမသိလို့ရေးလိုက်မိတယ်။ ဒီတအုပ်မှမဟုတ်ပါ၊ ပေါ်လစီခေတ် တစ်နေတာ အတော်ကြာ။

ဒေါက်တာတင့်ဆွေ
၁-၇-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး