Laptop computer ကို ပေါင်ပေါ်မှာ တင်ပြီးသုံးရင်

Laptop computer ကို ပေါင်ပေါ်မှာ တင်ပြီးသုံးရင် ဘာဆိုးကျိုးရှိနိုင်သလဲ။ ကျွန်တော် ကြားဘူးတာ ကလေးမရနိုင်ဘူးလို့ ကြားဘူးတယ်။ အဲဒါ ဟုတ်ပါသလား။

Laptop ဆိုတာ ပေါင်ပေါ်တင်တဲ့ ကွန်ပြူတာလို့ တိုက်ရိုက်အဓိပ္ပါယ် ဖွင့်ပါတယ်။ လက်ပ်တော့ကနေ ကလေးမရစေမှာ ဖြစ်နိုင်သလားဆိုပြီး ရေးထားတာရှိပါတယ်။ ယောက်ျားတွေအတွက်သာ ဖြစ်တယ်။ ဆက်စပ်မှုသုတေသန မကျယ်ပြန့်ပါ။ နောက်ပိုင်း Laptop အစား Notebook computer တွေလို့ ခေါ်လာတယ်။ အပူချိန်ပိုများတယ်။ ဒီအချက်ဟာ ကွန်ပြူတာက သုံးတဲ့သူအရင် ပျက်စီးမယ်လို့ ယူဆနိုင်တယ်။ Smile!

မှန်းဆနိုင်တာတော့ရှိတယ်။ ကပ်ပဲအိတ်ထဲက အစိနှစ်လုံးဟာ သုက်ပိုးဖြစ်စေဘို့ရာမှာ အလွန်မတန် အရေးပါတယ်။ အပူချိန်များတာကို မကြိုက်ဘူး။ နောက်တချက် လက်ပ်တော့ပ်တွေရဲ့ ဘက်ထရီကသာ ပူစေတယ်။ အတော်များများ လက်ပ်တော့ပ်တွေက ဘက်ထရီမကောင်းလို့ ခဏနဲ့ပူကြတာမို့ ပေါင်ပေါ်မှာ ကြာကြာမတင်နိုင်ပါ။

လက်ပ်တော့ပ်သုံးလို့ သတိထားစရာတွေကို အင်တာနက်မှာ အမေးအဖြေ နဲ့ ဆွေးနွေးတာတွေ ဖတ်ချင်ဖတ်နိုင်ပါတယ်။ အကောင်းဆုံး အဖြေဖြစ်နိုင်တာက Yes and No ဖြစ်ပါမယ်။

မျိုးပွါးအထူးကုဆရာဝန်တွေက ကလေးမရနိုင်သေးသူတွေကို ပူတာတွေအရှောင်ခိုင်းတယ်။ သုက်ပိုးအရေအတွက် မနည်းအောင်ပြောတာဖြစ်တယ်။ သုတေသနအရ ကပ်ပဲ့အိတ် အပူချိန် ၁ ဒီဂရီ (စီ) တက်တိုင်း သုက်ပိုး အရေအတွက် ၄ဝ% နည်းစေတယ်။ လက်ပ်တော့ပ်ကို တနာရီ ဆက်တိုက် ပေါင်ပေါ်မှာတင်ပြီးသုံးရင် ကွန်ပြူတာအောက်ခြေမှာ အပူချိန် ၄ဝ ဒီဂရီ (စီ) တိုးလာတယ်။ ဒီလိုကနေ ကပ်ပဲ့အိတ် အပူချိန် ၂့၇ ဒီဂရီ (စီ) တိုးစေမယ်။

သိပ်စိုးရိမ်စရာမလိုတာ ဆက်တွေ့ရပြန်ပါတယ်။ အသက် ၂၁-၃၅ ကြား ဗော်လန်တီယာ ၂၉ ယောက်ကို ပေါင်စိထားစေပြီး လက်ပ်တော့ပ်မပါဘဲ တနာရီကြာ အထိုင်ခိုင်းတော့ ပေါင်ကြားအပူချိန်က ၂့၁ ဒီဂရီ တက်တာတွေ့ရတယ်။ ဒါ့ကြောင့် လက်ပ်တော့ပ်ကနေ ပိုတိုးတယ်ဆိုတာ မဖြစ်စလောက်ပါ။ နောက်ပြီး အခုစမ်းသပ်မှုက အပူချိန်ကိုသာဖြစ်ပြီး သုက်ပိုး အရေအတွက်ကို စမ်းထာ မဟုတ်ဘူး။

ဆဲလ်ဖုန်းကနေလဲ သုံးနေတုံးဖြစ်ဖြစ် စကားပြောမနေချိန်မှာဖြစ်ဖြစ် ထရန်စမစ်တာကို အမြဲ လိုက်ရှာနေတာမို့ ရေဒီယေးရှင်း ထုတ်နေတယ်။ Headset နဲ့သုံးတာက ဦးနှောက်နဲ့ ဝေးစေတယ်။ ကလေးတွေကို ပိုသတိထားဘို့ အကြံပေးတယ်။ နောက်ပြီး ဆဲလ်ဖုန်းကို ရင်ပတ် နှလုံးနဲ့နီးရာမှာ မထားသင့်ဘူးလဲ အကြံပေးတယ်။ ကွန်ပြူတာတွေကို အဲလိုသဘောထားသင့်တယ်။ လက်ပ်တော့ပ်ကနေထွက်နေတဲ့ ရေဒီယေးရှင်းဟာ ဆဲလ်ဖုန်းထက် နည်းနည်းတော့ ပိုတယ်။ အန္တရာယ်ဆိုတာက မပြောပလောက်ပါ။

အီလက်ထရောနစ်ပစ္စည်းမှန်သမျှကနေ ထုတ်လွတ်နေတဲ့ Electromagnetic field (EMF) ဆိုတာ Radiation ဖြစ်တယ်။ ယူရေနီယမ်နဲ့ ပလူတိုနီယမ်တွေက လာတာနဲ့တော့ မတူပါ။ Non-ionizing radiation အမျိုးအစားလို့ ခေါ်တယ်။ သုတေသနတွေ လုပ်တာ မနည်းပါ။ သတ်မှတ်ချက် 2.5 mG ထက်ကျော်တယ်။ 150 mG ရှိတယ်။ ဒါပေမဲ့ သုံးဘို့မသင့်ဘူးဆိုတဲ့ ကောက်ချက် ဘယ်ကနေမှ မထွက်ပါ။

တချို့ကလည်း EMF exposure နဲ့ ကင်ဆာနဲ့ ဆိုင်မလားဆိုတာလဲ လေ့လာကြတယ်။ EMF ကနေ အပူချိန် တက်စေတယ်။ ဆဲလ်တွေရဲ့အလုပ်တိုင်းဟာ အပူချိန် သတ်သတ်မှတ်မှတ်မှာ လုပ်တယ်။ ဒါ့ကြောင့် Premature cell division ဆဲလ်ကွဲပွါးခြင်းကို စောပြီးဖြစ်စေမယ်။ DNA ကို Mutation မူပြောင်းစေနိုင်မလား။ ဒီလိုစိုးရိမ်မှုတွေကြောင့် လက်ပ်တော့ပ်အောက်ခံ ဆိုတာတွေပေါ်လာတယ်။ ဥပမာ HARApad ဆိုတာမျိုး။

ကလေးမရနိုင်သေးသူတိုင်းကိုတော့ ရေနွေးစိမ်ချိုးတာ၊ Sauna ဆော်နာအပူငွေနဲ့ချိုးတာမျိုးအတွက် အရှောင်ခိုင်းပါတယ်။ လက်ပ်တော့ပ်ပေါင်ပေါ်တင် သုံးတာကိုလဲ အရှောင်ခိုင်းစားရင်းထဲ ထည့်ပါသေးတယ်။ ဒါပေမဲ့ ဆရာဝန်တိုင်းကနေ အဲလိုပြောတာတော့ မဟုတ်ပါ။ မျိုးပွါးမှုဆိုတာ အခြေခံအချက်တွေ တသီကြီးရှိပါတယ်။ အပူချိန်နဲ့ မျိုးပွါးမှု အဆက်အစပ်ဆိုတာ ယေဘုယျ ဆန်နေတယ်။ အေးလွန်းတဲ့အရပ်မှာလဲ လူဦးရေပိုမများသလို ပူတဲ့အရပ်မှာလဲ မနည်းဘူး။ လက်ပ်တော့ပ်အများဆုံးသုံးတဲ့ နိုင်ငံတွေမှာ လူဦးရေ ကျသွာတယ်လို့လဲ မကြားမိပါ။ ပုဆိုးဝတ်တဲ့အရပ်က လူဦးရေပိုများတယ်လို့လဲ ပြောမရပါ။

Dr. တင့်ဆွေ
၂ဝ-၁-၂ဝ၁၂
၂-၉-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး