Sinus ဆိုင်းနပ်စ်ရောဂါ

၁။ မင်္ဂလာပါဆရာ။ ကျွန်မသားရဲ့အသက်က ၇ နှစ်နဲ့ ၃လပါ။ သားမျက်ခုံးရဲ့ အပေါ်ပိုင်းမှာ ကိုက်တယ်။ ဆေးခန်းသွားပြတော့ sinus လို့ပြောပါတယ်။ပိုးသတ်ဆေး။ running nose ပေးလာတယ်။ ဆေးသောက်လည်း ကိုက်နေတုန်းပဲ။ ကျွန်မက ဘာသာစကားနားမလည်တော့ ဆေးခန်းကဆရာဝန်ကိုဘာမှမမေးလိုက်ပါဘူး။ ကိုက်နေတာ ဘယ်လောက်ကြာလဲသိချင်ပါသည်။ sinus အကြောင်းလဲသိချင်ပါသည်။ သားက ကိုက်နေတာ ၃ ရက်ရှိပြီ။

၂။ မင်္ဂလာပါဆရာ ကျွန်မ အသက် ၂၃ နှစ်ပါ ရာသီမှန်ပါတယ်ရှင် အပျိုပါ လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကဖျားလို့ ဆေးခန်းပြတာ မျက်နှာပေါ်က sinus ရောင်တယ်လို့ပြောပြီး antibiotics ကို ငါးရက် သောက်ခိုင်းပါတယ် အခုအားဆေးတွေ ပေးထားပါတယ် Betax ရယ် Farrovit ရယ်ကပါဆရာ ဖျားခဲ့တာက တရက်ပါပဲ ဒါပေမဲ့အခုထိ ခေါင်းကိုက်တာ မကြာမကြာဖြစ်နေလို့ပါ အထူးသဖြင်ထ ကွန်ပြူတာ ဖုန်းကြည့်ပြီးရင် ခေါင်းကိုက်ပါတယ် နားထင်ထဲကကိုက်တာပါ နေမရအောင်ထိတော့မဆိုးပါဘူး စိုးရိမ်ရပါသလား ဆရာ ဘယ်လိုလုပ်သင့်ပါသလဲ ဘာတွေရှောင်ရပါမလဲ ရေချိုးတာတို့ ခေါင်းလျှော်တာတို့ရပါသလားဆရာ။

နဖူး နဲ့ မျက်လုံးကြားမှာနာမယ်၊ အပေါ်သွားတွေနာမယ်၊ မျက်နှာက ပြည့်နေသလိုခံစားရမယ်၊ နှာခေါင်း ပွစိပွစိဖြစ်မယ်၊ ဒါဆိုရင် ဆိုင်းနပ်စ်ဖြစ်နေနိုင်တယ်။

ခေါင်းရိုးခွံထဲမှာ လေခိုနေတဲ့ အခေါင်းလေးတွေ ရှိတယ်။ အခေါင်းလေးတွေကို Mucous membranes အလွှာပါးလေးနဲ့ ဖုံးထားတယ်။ Sinuses တွေဟာ fingerprints လူ့လက်ဗွေတွေလို တယောက်နဲ့ တယောက် မတူကြပါ။ ဘယ်-ညာ မှာ ၄စုံရှိတယ်။
1. Two frontal sinuses မျက်လုံးတွေအထက် နဖူးရိုးထဲမှာ ၂ခု၊
2. Two maxillary sinuses ပါးရိုးထဲမှာ ၂ခု၊ ပုံထဲမှာ တရိဂံပုံမှောင်နေတဲ့နေရာ
3. Ethmoid sinuses နှာခေါင်းနောက်ဖက်မှာအုပ်စုလိုက်ရှိတယ်၊
4. Sphenoid sinuses နှာခေါင်းနောက်ဖက် ဦးနှောက်အောက်မှာ

• ဆိုင်နူဆိုက်တစ်စ်ဆိုတာ
ခေါင်းရိုးခွံထဲက အခေါင်းလေးတွေကိုဖုံးနေတဲ့ အလွှာပါးလေးမှာ အင်မတန်သေးလှတဲ့ အမွေးနုနုလေးတွေရှိတယ်။ cilia ခေါ်တယ်။ အချွဲရည်ကို အပေါက်ဘက်ဆီထွက်စေဘို့ ဖန်တီးထားတယ်။ ခေါင်းရိုးခွံထဲက အခေါင်းလေးတွေနဲ့ နှာခေါင်းဟာ တနည်းနည်းနဲ့ ဆက်နေကြလို့ အချွဲကို ထွက်သွားစေအောင်လုပ်ပေးထားတယ်။ ရောဂါပိုးဝင်တာ၊ အလာဂျီရတာဖြစ်ရင် အဲဒီနေရာတွေ ရောင်ရမ်းလာတယ်။ အဲလိုကြောင့် နီရဲပြီးဖေါင်းနေတာကို ဆိုင်နူဆိုက်တစ်စ်လို့ ခေါ်တယ်။

• အစကတော့ အအေးမိသလိုပါဘဲ
အအေးမိလို့ရောင်တာ နဲ့ အလာဂျီဖြစ်တာတွေက ဒါတင် အဆုံးသတ်မသွားရင်တော့ ဆိုင်းနပ်စ်တွေရောင်တာ ဖြစ်လာစေနိုင်တယ်။

• နှာခေါင်းပိတ်၊ နှာခေါင်းပွစိပွစိဖြစ်ပြီး နာမယ်
အထဲမှာ ရောင်တဲ့နေရာလိုက်ပြီး နာတာခံရမယ်။ နှာခေါင်းက အရည်တွေယိုမယ်။ ဝါမယ်၊ စိမ်းမယ်၊ ကြည်မယ်။ အားယုတ်နေမယ်။ အနံ့ကောင်းကောင်းမရဘူး။ အရသာပျက်မယ်။ ချောင်းဆိုးမယ်။ လည်ချောင်းနာမယ်။ ခံတွင်းအနံ့ မကောင်းဖြစ်မယ်။ ခေါင်းကိုက်မယ်။ ရှေ့ကုန်းရင်ပိုနာမယ်။ ကိုယ်ပူမယ်။

• နာတာရှည် ဆိုင်နူဆိုက်တစ်စ်
ပုံထဲမှာ အပြာရောင်နေရာတွေက Maxillary sinuses မက်ဆလယ်ရီဆိုင်းနပ်စ်နှစ်ဖက်လုံးက အဖုံးလွှာပါးလေးတွေ ရောင်နေ-ထူနေတာကိုပြတယ်။ အဲလို ဆိုင်းနပ်စ်ရောင်နေတာ ၃ လကျော်ရှိနေပြီ။ နာတာရှည် ဆိုင်နူဆိုက်တစ်စ်ခေါ်တယ်။ တခါတလေ ဗက်တီးရီးယားတွေလဲဝင်တတ်တယ်။ ဒါပေမဲ့ ဒီပိုးတွေကြောင့်တော့ နာတာရှည်မဖြစ်စေဘူး။ ဆိုင်းနပ်စ်တည်ရှိနေပုံ၊ အလာဂျီ၊ အသားပိုအလုံး၊ ခုခံအားကျတာ၊ သွားရောဂါတွေကနေလဲ နာတာရှည် ဆိုင်နူဆိုက်တစ်စ်ဖြစ်စေနိုင်တယ်။

• နှာခေါင်းထဲက အသားပို
ဆိုင်းနပ်စ်ရောင်လာရင် အဖုံးလွှာလေးတွေ ထူလာပြီးရောင်မယ်။ သိသိသာသာထူတာဖြစ်ရင် စပျစ်သီးခိုင်လို ဖြစ်လာမယ်။ ဒါကို နှာခေါင်းထဲက အသားပိုလို့ခေါ်တယ်။ ဆိုင်းနပ်စ်ထဲကနေ နှာခေါင်းထဲ တိုးထွက်လာတာလဲ ရှိတယ်။ နှာခေါင်းပေါက်ကို အနည်းနဲ့အများဆို့ပိတ်နေမယ်။ တချို့မှာ လုံးဝနီးနီး ပိတ်နေတယ်။

• နှာခေါင်းထဲ ထည့်တဲ့ဆေးတွေ
နှာခေါင်းထဲ ထည့်တဲ့ Decongestants ဆေးတွေက ပိတ်နေတာကို ပွင့်စေပြီး စီဆင်းထွက်ကျစရာကို ဖြစ်လာစေမယ်။ ခရီးသွားနေရတုံး၊ ရောဂါဆိုးတာခံနေရတုံးမှာ သုံးတာ အကျိုးရှိစေပါတယ်။ ဒါပေမဲ့ ရက်ရှည်သုံးတာ မကောင်းပါ။ ကြာကြာသုံးရင် ပြောင်းပြန်အကျိုးရစေတယ်။ နှာခေါင်း ပြန်ပိတ်လာမယ်။ နာတာရှည်သမားတွေအတွက် မပေးရပါ။

• ပါးစပ်ကသောက်ရတဲ့ စားဆေးတော့ ပေးတယ်။ ဘေးထွက်-ဆိုးကျိုး သတိထားပါ။
ရက်တို ဆိုင်းနပ်စ်ရောင်တာအတွက် အကောင်းဆုံးနည်းကတော့ Nasal steroid sprays နှာခေါင်းထဲ ထည့်ရတဲ့ စတီရွိုက်ဆေးရည် နဲ့ Saline sprays ဆားရည်ဖြစ်တယ်။ ဒါနဲ့မှမရရင် ဆရာဝန်ပြပါ။ နာတာရှည် ဖြစ်နေသူတွေမှာ Deviated septum နှာခေါင်းကို ဘယ်-ညာကန့်ထားတဲ့ အကန့်က တိမ်းစောင်းနေတာ ရှိလာနိုင်တယ်။ ဆေးကုလို့ရပါတယ်။

• ပဋိဇီဝဆေး အများအားဖြင့် မလိုပါ။
အအေးမိတယ်ဆိုတာ ဗိုင်းရပ်စ်ကြောင့်ဖြစ်တယ်။ အအေးမိတာ သူ့ဖါသူပျောက်တာ များတယ်။ ကံဆိုးရင် အအေးမိရာကနေ ဆိုင်းနပ်စ်ရောင်တာ ဆက်ဖြစ်တယ်။ ပဋိဇီဝဆေးတွေက ဗိုင်းရပ်စ်ကို မသေစေနိုင်ပါ။

• အလာဂျီကနေ ဆက်ဖြစ်တဲ့ ဆိုင်နူဆိုက်တစ်စ်
ဆားရည်နဲ့ ဆေးပစ်သလိုလုပ်တာ အကောင်းဆုံးဖြစ်တယ်။ Neti pot နဲ့ ဖြစ်ဖြစ် Squeeze bottle နဲ့ ဖြစ်ဖြစ် လုပ်နိုင်တယ်။ Nasal steroid sprays စတီရွိုက်ဆေး နှာခေါင်ထဲထည့်တာလဲ သုံးကြပါတယ်။ Antihistamines အင်တီဟစ်တမင်းဆေးလဲ ပေးနိုင်တယ်။

• ဆရာဝန်ကို ဘယ်တော့ပြမလဲ
နှာခေါင်းထဲကနေ ခပ်ဝါဝါ၊ ခပ်စိမ်းစိမ်းအရည်တွေ ကျလာရင် ဗက်တီးရီးယားပါထပ်ဝင်တာဖြစ်နိုင်တယ်။ ပဋိဇီဝဆေး မပေးလဲ ၂ ပါတ်အတွင်းပျောက်ပါမယ်။

• နာတာရှည် ဆိုင်နူဆိုက်တစ်စ်ကုသနည်းက ခက်လှတယ်
ဖြစ်စေတာမျိုးကနေ ဝေးဝေးရှောင်ပါ။ Nasal steroid sprays နဲ့ Antibiotics ဆေး ပေးနိုင်တယ်။

• ခွဲစိတ်ကုသနည်းမှာ Functional endoscopic sinus surgery ကိုလုပ်တယ်။ အတော်အသင့် ကောင်းပါမယ်။

• အဆိုးဆုံး ဘာဖြစ်နိုင်လဲ
အနံ့ကောင်းကောင်းမရတာ၊ အရသာပျက်တာတွေဖြစ်တာ များတယ်။ သတိထားရမှာက ဆိုင်းနပ်စ်တွေနဲ့ ဦးနှောက်ကြားမှာ အရိုးလွှာလေးသာခြားတယ်။ ဆိုင်းနပ်စ်ရောင်ရာကနေ အရိုးကိုပါ ရောက်တဲ့နောက် ဦးနှောက်ကို ကူးလို့ Meningitis ဦးနှောင်မြှေးရောင်တာ ဖြစ်လာနိုင်တယ်။ ဦးနှောင် တစ်ရှူးလဲ ရောင်နိုင်တယ်။ နောက်ပြီး မျက်စိကို ကူးလာနိုင်တယ်။

• ဘယ်လို ကာကွယ်မလဲ
အတိအကျ မပြောနိုင်ပါ။ ဖြစ်လာရင် Saline sprays or Nasal irrigation မကြာခဏလုပ်ပေးပါ။ အခန်းထဲမှာ ခြောက်သွေ့မနေပါစေနဲ့။ ကိုယ့်နှာခေါင်းကို ကလိစေတာမျိုး ရှောင်နေပါ။ ဥပမာ အနံ့ပြင်းတာမျိုးနဲ့ မိုးခိုးငွေ့တွေ။

Sinusitis ဆိုင်နူဆိုက်တစ် https://doctortintswe.blogspot.com/2014/11/sinusitis.html

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး