ပိတောက်ပန်း


မခူးချင်စမ်းပါနဲ့
နှစ်ဆန်းခါတော်မှီမို့
ဇမ္ဗော်ရည် ပြေပြေလိမ်းကာပါ့
ခပ်သိမ်း နယ်စုံစုံသို့
ပွင့်ငုံကို လင့်ကုန်ကြတော့လို့
ခေါင်းကြွကာ ဆာဝေဝေနဲ့
သူလဲလေ လောကီသားလိုပါ့
ကြွားချင်လှ ပေလိမ့်မယ်။

တသိန်တင့်ပါဘိ
တိမ်မြင့် ရီပြာပြာက
ကြည်သာသာ ပင့်လေ အဖျူးတွင်ဖြင့်
တီတာတာ ပွင့်ရွှေဖူးငယ်တို့
လည်ယှက်ကာ ဘယ်ညာလူးလေတော့
သူတို့လို ဘယ်သူမြူးနိုင်ပါ့
ထူးပါဘိတယ်။

တဝါဝါ ဆင်သင်္ကန်းရယ်က
ကမ္ဘာမှာ ဘဝင်ချမ်းစေတဲ့
သာသနာ ရွှင်ရွှင်လန်းအောင်လို့
တမင်မှန်းကာပါ့ သတိဆွယ်
ရည်ရွယ်တော့သလား။

ခူးပါနဲ့ကွယ်
ပွင့်ဖူးမှာ အဝါခြယ်၍
မာလာအလယ်မှာ နွဲ့ချင်တဲ့နှလုံးရယ်ကြောင့်
နှစ်ဆုံးကုန် အတာဝင်သို့
မာန်အင်ကို ဥာဏ်ဆင်မွေးကာပါ့
အရေး အခါသာမှ
ခမျာမှာ တဂုဏ်ဆန်းရတယ်
ပန်းပိတောက်များ။

ဆရာဇော်ဂျီရေးထားတဲ့ ကဗျာကို ကူးတင်ကြတာတွေ အတော်များပါတယ်။ ကဗျာကလည်း အလွန်ကောင်းတာကိုး။ ဒါပေမဲ့ သတ်ပုံမှန်တာ အတော်ရှားတယ်။ ဇော်ဂျီကို ဆရာလုပ်ကြသူတွေ။ မလုပ်ကောင်းပါ။

ဇမ္ဗော်ရည် ကို ဇမ္ဗုရည်၊
ကမ္ဘာမှာ ဘဝင်ချမ်းစေတဲ့ ကို ကမ္ဘာမှာ ဘဝင်ငြိမ်းစေတဲ့၊
ခူးပါနဲ့ကွယ် ကို မခူးပါနဲ့ကွယ်၊
ပွင့်ဖူးမှာ အဝါခြယ်၍ ကို ပွင့်ဖူးမှာ အဝါချယ်၍ နဲ့
ခမျာမှာ တဂုဏ်ဆန်းရတယ် ကို ခမျာမှာ တစ်ဂုဏ်ဆန်းရတယ်လို့ရေးကြတာက အမှားဆုံးဖြစ်နေတာတွေ့ရတယ်။ မလုပ်ကောင်းပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး