လသာတုန်း ဗိုင်းငင်

၁။ လသာတုန်းဗိုင်းငင်လား၊ လသာတုန်းဗိုင်းငင့်လားဆရာ ရှင်းပြပေးပါဦးရှင်။

၂။ ဆရာရှင့် မြန်မာစာထဲမှာ ဗိုင်းငင်နဲ့ ဗိုင်းငင့် ဘယ်စာလုံးကအမှန်ဖြစ်ပါလဲရှင့် ငယ်ငယ်ကသင်ရတာ ငင် ခုပြဋ္ဌာန်းစာအုပ်မှာ ငင့်။ ဆရာအချိန်ရမှသာဖြေပေးပါရှင့် ကျေးဇူးတင်ပါတယ်ရှင့်။

၃။ အိမ်ဝိုင်းကိုပစ် ဗိုင်းမရစ်တော့ ဆိုတဲ့စာသားကို နားမလည်မိဘူးဆရာ။

တောရွာက အိမ်တွေမှာ မိန်းကလေးတွေ အဖွားအိုတွေ ဗိုင်းငင်ကြတယ်။ ဗိုင်းရစ်လို့လည်း သုံးတယ်။ ရစ်ကို သုံးရတယ်။ လသာတုန်း ဗိုင်းငင် စကားပုံလည်း ရှိတယ်။

ငင့်ဆွဲသည်
ငင်တွဲ
ငင်တွေး
ဆိုင်းငင့်သည်
ပိုးချည်၊ ဝါချည်၊ ဆံချည်၊ ပရိတ်ချည် (ဝဏ္ဏဗောဓနသတ်အင်း)
ဗိုင်းငင့်သည် (ကဝိဓဇသတ်ပုံကျမ်း)
ဗိုင်းငင့်သည် (ဦးသာမြတ်သတ်ပုံကျမ်း)
ဗိုင်းငင်ချည်ချ (ကဝိဓဇသတ်ပုံကျမ်း)
ဗိုင်းငင်သည်
ယက်ကန်းငင်သည်
ခြည်တငင် (ဦးသာမြတ်သာတ်ပုံကျမ်း)
လသာတုန်းဗိုင်းငင် (စကားပုံ)
ရေငင်သည်

ဗိုင်းငင်ချည်ရက်၊ တဘက်တထည် ခတ်ပါမယ်၊ လက်ဆောင်ပေးဘို့ ရှန်ဆေးခြယ်။ (ကြည်အောင်)

လရောင်ကို ဘယ်သူမုန်း

စပါး ပြာ ယင်း
နွားစာ စင်း
တလင်းထဲက ကျွန်မ။

ခင်တန်း တကြော
ရင်နွမ်း မော
ထန်းတောနားက ကျွန်မ။

ဟင်းရွက် အခူး
ကင်း မှက် ဆူး
ဗူးစင်အောက်က ကျွန်မ။

ဗိုင်းငင် နန်းဆွဲ
မလွမ်း ရဲ
ကြမ်းကျဲပေါ်က ကျွန်မ။

မာယာပတ်လိမ်
ရေခပ်ချိန်
ဣဒြေထဲက ကျွန်မ။

မျက်လွှာတင်ရုံ
ရင်တခုန်
ကြာမုံထဲက ကျွန်မ။

တညတာ
လသာယင် မကြောက်တယ်
တစ္ဆေအို ခြောက်ပစေနော်။

ည အမှောင်
လရောင်ကို ပျိမမုန်းတယ်
ခဲအိုက မုန်းတယ်လေးတော်။

မောင်ခိုင်မာရေးတဲ့ကဗျာ ၁၉၈၃ ခုနှစ် မတ်လထုတ် ရှုမဝမဂ္ဂဇင်းမှာ ပါတယ်။

ခုခေတ်ကဗျာဆရာတွေကတော့ ခင်တန်းတစ်ကြော တဲ့။ တစ်ညတာ တဲ့။ ရင်တစ်ခုန် တဲ့။ တစ်လင်းလို့ ရေးသူလည်း ရှိနိုင်တယ်။

မြန်မာစာ လသာတုန်း ဗိုင်းမငင်ခဲ့ပါတကား။

ဒေါက်တာတင့်ဆွေ
၇-၁၂-၂၀၁၉
၉-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး