ရာဇဓာတုကလျာ

သူငယ်ချင်း ဆရာဝန်တယောက်က တင်ထားတယ်။ ရာဇဓာတုကလျာ၏ သင်္ချုင်းနေရာကို တောင်ငူသား မြန်မာစာ ပါမောက္ခ ဆရာကြီးဦးချမ်းမြ ကဒီလိုရေးခဲ့တယ် တဲ့။ ကျေးဇူး။

တောင်ငူမြို့အနောက်ဖက် ဝါးရုံပင်များဖြင့် ဖုံးအုပ်နေသော အထီးထီးသော ညောင်ပင်ကြီးတပင်အောက်တွင် တွေ့မြင်မြင်နိုင်ပါသေးသည် တဲ့။ မြကေတု ခေါ် ဦးချမ်းမြ အရေးအသားကို လေ့လာနိုင်ကြပါတယ်။ နတ်ရှင်နောင်ကို ၁၅၇၈ ခုမှာမွေးတယ်။ သူ့ဖွားသက္ကရာဇ်နဲ့ပတ်သက်ပြီး၊ အငြင်းပွားတယ်။ ဦးချမ်းမြက ၉၃၃ ခုနှစ်လို့ အကိုးအကား အထောက်အထားတွေနဲ့ ပြတယ်။

ဘုရင့်နောင်မင်းနဲ့‎ ရှင်ထွေးလှတို့ကနေ သားတော် ဇင်းမယ်ဘုရင်နော်ရထာစော၊ ‎သ္မီးတော် ရာဇဓာတုကလျာနဲ့ သားတော်ငယ် သိင်္ဃဒတ္ထတေု့ကိုဖွားမြင်တယ်။ ဟံသာဝတီမြို့တော်မှာ မဟာစေတီတော်ကြီးကို ဌာပနာပွဲကျင့်တဲ့ ၉၂၁ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက်၊ တနင်္ဂနွေ နေ့မှာ ရာဇဓာတုကလျာမင်းသ္မီးကို မွေးဖွားတယ်။ ဓာတ်တော်မွေတော်ကို ဌာပနာတဲ့နေ့မှာ ဖွားမြင်လို့ ရာဇဓာတုကလျာတွင်တယ်လို့ ဆိုပါတယ်။

ရုပ်ရည်ရူပကာချောမောလှပတယ်။ တပင်တိုင်နန်းမှာထားတယ်။ အိမ်ရှေ့စံ ‎မင်းကြီးစွာက ‎အရီးတော် ရာဇဓာတုကလျာကို သိမ်းယူတယ်။ အဲဒီမတိုင်မီကတည်းက မင်းသ္မီးဟာ နတ်သျှင်နောင်နှင့် ရည်ငံကြဟန်သလားမဆိုနိုင်။ အိမ်ရှေ့မင်းသား နတ်ရွာစံတော့ ရာဇဓာတုကလျာ အသက် ၃၃ နှစ်မှာ မုဆိုးမဖြစ်ရတယ်။

သီဟသူဘုရင် တောင်ငူမှာ နန်းတည်တဲ့အခါ သားတော် ‎နတ်သျှင်နောင်ကို အိမ်ရှေ့အရာပေးနဲ့ ရာဇဓာတုကလျာနှင့်ပါ စုံဘက်ပေးတယ်။ နတ်သျှင်နောင်ထက် (၁၃) နှစ် ကြီးပြီး အဒေါ်နဲ့ တူတော်တယ်။ ပထမကြင်ရာတော် မဟာဥပရာဇာနဲ့ နတ်သျှင်နောင်က ဝမ်းကွဲညီအကိုတော်လို့ မရီးနဲ့ မတ်လည်းတော်ပြန်တယ်။ သူတို့ထိမ်းမြားတော့ ရာဇဓာတုကလျာက (၄၃) နှစ်နဲ့ နတ်သျှင်နောင်က အသက် (၃ဝ) ရှိပြီ။ သူတို့ဟာ (၇) လသာ ပေါင်းဖက်လိုက်ကြရရှာပါတယ်။

ရာဇဓာတုကလျာကိုယ်တိုင်က စာဆိုတဦးဖြစ်တယ်။ ရာဇဓာတုကလျာ ဖွဲ့ဆိုသည်ဟု ယူဆဘွယ်ဖြစ်သော ရတုပိုဒ်စုံ -

ကလျာရွှေညီ။ ။ နန်းကေသီသို့၊ ဦးချီလက်စုံ၊ ရှိပဒုံဖြင့်၊ ခိုလှုံဖျဖျ၊ ခစားကြ၍၊ ဂီတသံအေး၊ ငြိမ်လေးညင်းတွဲ့၊ နန်းဟန်ဖွဲ့၍၊ ‎ကနွဲ့ကယ၊ ဖြေဖျော်ကြလည်း၊ သောကကိန်းအောင်း၊ ပူလက်ဟောင်းကြောင့်၊ ပျော်ကြောင်းမထင်၊ ပူကြွေးတင်၍၊ ‎မရွှင်လျက်နှင့်၊ ရွှင်ယောင်ကျင့်သည်။ ။ ခုဖြင့်ဖြေခက်သည်တကား။

မြလွှာဝေစီ။ ။ နွေခဋီဝယ်၊ ရွှေဖီသင်းပျံ့၊ နှင်းရနံ့နှင့်၊ ခင်းညံ့မြေဇာ၊ လေညင်းလာက၊ ရွှေမာလာငုံ၊ ပန်းဝတ်မှုံတို့၊ ‎ကြွေတုံသက်ဆင်း၊ ကိုက်ငုံကင်းနှင့်၊ အင်ကြင်းဖြူနီ၊ ရိုးတံချီလျက်၊ သံညီဥသြ၊ နှုတ်ချိုနှော၍၊ တောင်တောသာခွင့်၊ ‎ရာသီဖွင့်သည်။ ။ နုရင့်နွေစက်လည်တကား။

မဟာစေတီ။ ။ မွေသရီ၏၊ မြေညီခင်းပြန့်၊ တလင်းသန့်ဝယ်၊ နှင်းပန်းတပဲ၊ ဝတ်ဖြူလဲနှင့်၊ နန်းထဲနန်းလေ့၊ သီမဝှေ့ဘဲ၊ ‎ချမ်းမြေ့စိတ်ကြည်၊ ပီတိရည်ဖြင့်၊ ခိုင်တည်နှလုံး၊ တဖြောင့်သုံး၍၊ နှောင်ထုံးကေမင်၊ လျော့ဖြေချင်လည်း၊ ‎နတ်သျှင်သူ့ကြောင့်၊ တရေးမှောင့်ငဲ့၊ မဖြောင့်ပျံ့လွင့်၊ နှောင်ကြိုးဝင့်သည်။ ။ လုလင့်ငွေမျက်ရည်တကား။

ဦးချမ်းမြက ကျွန်တော်တို့ဆေးကျောင်းသားဘဝမှာ မန္တလေး ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်က မြန်မာစာပါမောက္ခ။ ခုခေတ် မြန်မာစာပါမောက္ခတွေကတော့ မဟာစေတီ။ ။ မွေသရီ၏၊ မြေညီခင်းပြန့်၊ တစ်လင်းသန့်ဝယ်၊ နှင်းပန်းတစ်ပဲ၊ ဝတ်ဖြူလဲနှင့်၊ နန်းထဲနန်းလေ့၊ သီမဝှေ့ဘဲ၊ ‎ချမ်းမြေ့စိတ်ကြည်၊ ပီတိရည်ဖြင့်၊ ခိုင်တည်နှလုံး၊ တစ်ဖြောင့်သုံး၍၊ နှောင်ထုံးကေမင်၊ လျော့ဖြေချင်လည်း၊ ‎နတ်သျှင်သူ့ကြောင့်၊ တစ်ရေးမှောင့်ငဲ့၊ စသဖြင့် သင်ပေးနေပုံရတယ်။

ဒေါက်တာတင့်ဆွေ
၁၂-၂-၂၀၁၉
၁၂-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး