အယ်ဒီတာ

ဆရာမင်းသုဝဏ်ကို ကဗျာဆရာတဦးလို့သာ လူသိများတယ်။ ကျွန်တော့်ဇနီးနဲ့ ကျွန်တော်တို့က သူ့ကဗျာတွေနဲ့ ကြီးပြင်းလာကြတာ။ ၁၉၉၀ တုန်းက ဂန္ဓီခန်းမမှာ ဆရာ့ကို တွေ့ခဲ့ရတယ်။ ဒေါ်မြမြအေး ခုတလော စာဖတ်ချိန်ရနေတယ်။ ဖတ်တဲ့စာထဲက အကြောင်းကို တိုတိုပြန်ပြောပြတယ်။ တိုတိုဆိုတာ ကျွန်တော့် အချိန်ကြောင့်။ အခု သူဖတ်နေတာက ဆရာမင်းသုဝဏ်ရေးတဲ့ ဝတ္ထုတိုများ။ ဘာသာပြန်။ အဲဒီစာအုပ်ကို ၂၀၀၂ မှာထုတ်တာ နဝတ အလိုကျ တတွေကို စသတ်ထားတယ်။ ကျွန်တော်က အဲလိုစာအုပ်တွေ မဖတ်မှန်းသိလို့ ဖတ်ပေးတာလည်း ဟုတ်တယ်။

မူရင်းရေးသူက ရာဘင်ဒရာနသ်တဂိုး။ ခေါင်းစဉ်က အယ်ဒီတာတဲ့။ ဇာတ်ဆောင်က ပြဇာတ်ရေးဆရာ။ သူဌေးကြီး နှစ်ယောက်ဟာ လောဘတွေ ဒေါသတွေ မောဟတွေပြိုင်ကြတယ်။ သူဌေးတယောက်က သတင်းစာထောင်တော့ ပြဇာတ်ဆရာကို အယ်ဒီတာခန့်တယ်။ သတင်းစာရဲ့ တခုတည်းသော ဒို့တာဝန်က ပြိုင်ဘက်သူဌေး ထိုးနှက်ရေးတဲ့။ ပြဇာတ်ဆရာရဲ့ စာရေးဟန်က ယဉ်ကျေးတယ်။ စာလုံးဝါကျ အသေအချာရွေး ရေးတယ်။ အချက်အလက်ပါတယ်။ ထိမိတယ်။ သူရေးတာတွေကို ဖတ်တဲ့သူတွေက လိုလားနှစ်ခြိုက်ကြတယ်။ သူ့သူဌေးက ကျေနပ်နေတယ်။

မကြာခင်မှာ နောက်သူဌေးကလည်း သတင်းစာထုတ်လာတယ်။ အဲဒီက အယ်ဒီတာက တမျိုး။ ကြမ်းကြမ်းတမ်းတမ်း၊ ရိုင်းရိုင်းစိုင်းစိုင်း ရေးတယ်။ မဟုတ်ကဟုတ်ကတွေနဲ့ အမွှမ်းတင်ရေးတယ်။ ထိမိလွန်းတယ်။ အဲတာမျိုးမှာ စာဖတ်သူ ပိုများတယ်။ အေးအေးတည်တည်ရေးတဲ့ အယ်ဒီတာ ခံရပြီ။ ဘယ်လို ခြေပရမလဲ။

သူ့မှာ မိတဆိုး သမီးလေးတယောက် ရှိတယ်။ သူ့ကို အတော်ချစ်တာ။ သမီးလေး အနားလာကပ်လည်း အယ်ဒီတာ ဂရုမစိုက်အားပါ။  စာလုံးတွေသာ ရွေးနေရသတဲ့။ သိတော့သိတယ်။ ရေးမထွက်။ သူ့သူဌေး မျက်နှာညိုပြီ။ ပြဇာတ်ဆရာဘဝ နာမည်ရခဲ့တာတွေ သဲထဲရေသွန်ဖြစ်ပြီ။ ဆရာမင်းသုဝဏ်စကားလုံးအရ မီးကျွမ်းနေတဲ့ မီးခြစ်ဆံတဲ့။

သူ့သမီးလေးက မကြာမကြာ အနားလာလာကပ်ပြီး ဖေဖေလို့ ခေါ်တယ်။ သူကတော့ ကျောသပ်တာ၊ နဖူး စမ်းပေးသာ လုပ်ပေးအားတယ်။ သူ့သမီးလေးဟာ အဖေကို နှစ်နှစ်ကာကာချစ်ရှာသတဲ့။ ခိုင်းနှိုင်းလေ့ရှိတာက ယမင်းရုပ်ကလေးကို ကလေးတွေက ချစ်ကြတယ်။ တဂိုးဖွဲ့ဆိုတာမှာတော့ အမေမရှိတော့တဲ့ သမီးလေးဟာ သူ့အဖေကိုသာ ယမင်းရုပ်လေးလို ချစ်ပါသတဲ့။

တဖက်သတင်းစာကနေ သူ့ကိုပါ ဆဲရေးတိုက်ခိုက်လာတယ်။ ပရိသတ်ကလည်း ဖတ်ကောင်းကြသတဲ့။ သူ့ဒေါသဒဏ်ကိုခံရသူက သူ့ကို ယမင်းရုပ်လေးလိုချစ်ရှာတဲ့ သမီးလေး။ နောက်ဆုံးမှာတော့ ကဲ ငါလည်း ဟိုအယ်ဒီတာလို ခပ်ရိုင်းတွေ ပြန်ရေးတော့မယ်လို့ ဆုံးဖြတ်လိုက်ရတယ်။

အဲဒီနေ့မှာပဲ နေမကောင်းတဲ့သမီးက နားနားကပ်ပြီး ဖေဖေလို့ တိုးတိုးလေးခေါ်တယ်။ အသံကတိုးတိုးသာ ထွက်နိုင်ရှာတော့တယ်။ ညနေအစောင်းမှာ ဖုတ်ထဲကို ကြွေကျတဲ့ ပန်းပွင့်လေးလို သမီးဟာ အိပ်ရာထဲ လဲတော့တယ်။ ဖျားနေလို့ သမီး အသက်ရှူထုတ်တဲ့လေပါ ပူနေတာကို အဖေသိတယ်။ ဖခင်ရဲ့ မေတ္တာနဲ့ အယုအယကင်းနေတာ ကြာပေပြီ။ သမီးဟာ စကားမပြောနိုင်တော့ပဲ ဖခင်လက်ကိုသာ သူ့နဖူးပေါ်တင်ပေးရင်းနဲ့ အသက်ပျောက်သွားရှာတယ်။

အယ်ဒီတာဟာ သူထုတ်ခဲ့တဲ့ သတင်းစာတွေကို မီးတိုက်ပစ်လိုက်တယ်။ နဝတ ခေတ်က လုပ်သားပြည်သူ့နေစဉ် သတင်းစာကို သတိရတယ်။ ကျွန်တော်တို့ဇနီးမောင်နှံ ဇာတ်လိုက်တွေအဖြစ်ပါတဲ့ မြက်ခင်းသစ်ကိုလည်း သတိရတယ်။

မိဘမေတ္တာကို သင်ခန်းစာယူမည်လော။ ပရိတ်သတ်များတဲ့ စာရေးသားနည်းကို အတုယူမည်လော။

ဒေါက်တာတင့်ဆွေ
၁၇-၄-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး