ဝိဋဋူဘဝတ္ထု

ကွန်မင့်တခုရလို့ ရေးပါတယ်။  (စ) ငယ်ငယ်ကခင်နှင်းယုရဲ့ ဝတ္ထုထဲကဇာတ်ကောင်ရဲ့ စရိုက်တခုကို ပြန်မှတ်မိလိုက်တယ်။ ဝတ္ထု နာမည်တော့မမှတ်မိ။ ဇာတ်ကောင်နံမည်ကဒေါ်ဇာယုလားမသိ ကိန်းကြီးခန်းကြီးထဲကပေါ့။ သူ့အိမ်ကိုအပြင်ဧည့်သည်လာလို့ ပြန်သွားလျှင် သူထိုင်တဲ့နေရာ သူထိတဲ့နေရာကိုနွားနို့နဲ့ဆေးပစ်တာ။ အခုလည်းလူတွေ လက်ဆေး အိမ်ရောက်တာနဲ့လက်ဆေး။ ကျနော်နေတဲ့ရပ်ကွက်က လူတယောက်က ယခင်ကတည်း ခဏခဏ လက်ဆေးတာ ပြောစမှတ်ကိုဖြစ်လို့။ အခုတော့ သူအတွက်ကတော့ ထူးပြီး အံ့ဖွယ်တခုတော့မဖြစ်ပါ။ (ဆုံး)

ဓမ္မပဒ၊ ပုပ္ဖဝဂ်၊ ဂါထာ ၄၇၊ ဝိဋဋူဘဝတ္ထုကို ကိုးကားတယ် ထင်ပါတယ်။

မြတ်စွာဘုရားတရားတော်ကို နာယူရအပြီး ပသေနဒိကောသလမင်းကြီးဟာ နှစ်ခြိုက်သဘောကျတယ်။ အဲတာသာမက ဘုရားနဲ့ အမျိုးစပ်ချင်လာတယ်။ ဘုရားက သာကီဝင်မင်းမျိုး။ သာကီဝင်မျိုး မင်းသမီးကို မိဖုရား မြှောက်ချင်လာတယ်။ သာကီဝင်မင်းတွေဆီကို သာကီဝင်မင်းသမီးတယောက် ဆက်သစေလို့ ရာဇသဝဏ်လွှာပို့တယ်။ တမန်အမတ်တွေ ကိုလည်း သာကီဝင်မင်းသမီး ဟုတ် မဟုတ်ကိုပါ စုံစမ်းခိုင်းတယ်။

ကပိလဝတ်မှာ သာကီဝင်မင်းတွေ တိုင်ပင်ကြရတော့တယ်။ ပသေနဒိကောသလမင်းဟာ ပြည်ထောင်ပြိုင်ဘက်။ သာကီဝင်မင်း မဟုတ်။ ဒါပေမဲ့ သမီးတော်တပါးပါးကို မပေးလျှင် ရန်ပြုဖျက်ဆီးမှာကို သိတယ်။ မဟာနာမမင်းက အကြံကောင်းရတယ်။ သူ့ကျွန်မ နာဂမုဏ္ဍာရဲ့ တင့်တယ်ခြင်းနဲ့ပြည့်စုံတဲ့ သမီးကို ဆက်သလိုက်မယ်လို့ စီမံတယ်။ လာတောင်းကြတဲ့ အမတ်တွေကို ဘုရားရဲ့ ဖထွေးတော် အမိတောဒန သာကီဝင်မင်းရဲ့ သားတော် မဟာနာမမင်းရဲ့ သမီးတော် ဝါသဘခတ္တိယာ ဖြစ်တယ်လို့ လိမ်ပြောလိုက်တယ်။

ပသေနဒိကောသလမင်းကလည်း သေချာအောင်လုပ်ခိုင်းတယ်။ သာကီဝင်ခမည်းတော်နဲ့ အတူ ပွဲတော်တည်တဲ့ မင်းသမီးဟုတ် မဟုတ် စစ်စေတယ်။

မဟာနာမ သာကီဝင်မင်းကလည်း ပိုပြီး ဦးနှောက်ပြေးတယ်။ ကျွန်မသမီးနဲ့ အတူစားတော်တည်ဟန်ပြုတယ်။ ပဌမ ထမင်းလုပ် မစားခင်မှာ သူ့အမတ်တွေကို အရေးကြီးသဝဏ်လွှာဆက်ခိုင်းတယ်။ အဲတာနဲ့ အတူတူ စားတော်ခေါ်တာလို့ပဲ ဟိုကလာကြတဲ့ အမတ်တွေက ယုံသွားပြီး မင်းသမီးခေါ် နေပြည်တော်ပြန်ကြတယ်။

အယုံသွင်းခံလိုက်ရတဲ့ ဘုရင်က ကျွန်မသမီးကို မိဖုးရားကြီးမြှောက်လိုက်တယ်။ မကြာမီ သားတော်တပါး ဖွားတယ်။ အမည်မှည့်ဘို့ မဟာနာမသာကီဝင်မင်းဆီ သဝဏ်လွှာပို့တယ်။ အကျွမ်းဝင်းရင်းနှီသူလို့ အဓိပ္ပါယ်ရတဲ့ ဝိဋဋူဘ အမည် ပေးလိုက်တယ်။ ဝိဋဋူဘအရွယ်ရောက်တော့ ဆွေတော်မျိုးတော်တွေဆီ သွားချင်လာတယ်။ မယ်တော်ကတားတာ မရ။ ခွင့်ပြုလိုက်ရတယ်။ မယ်တော်ကလည်း အကြံအစည်လုပ်ရတယ်။ တမန်လွှတ်တယ်။ တစုံတရာထူးခြားမှု မပြုကြပါရန်လို့ မေတ္တာရပ်ခံလွှာပို့တယ်။

ခက်တာက ငယ်ရွယ်သူတွေက ဝိဋဋူဘကိုရှိမခိုးနိုင်ကြ။ အဲတာနဲ့ တောသွားနေကြတယ်။ ရောက်လာတော့ အမျိုး ဆိုသူတွေကို မိတ်ဆက်ပေးတယ်။ အားလုံးက သူ့ထက်ဝါကြီးသူတွေ။ သူ့ကိုရှိခိုးမည့်သူ မတွေ့ရ။ မေးတယ်။ တောဇနပုဒ် တိုက်ငယ် အလည်သွားနေကြတယ်လို့ ဖြေကြတယ်။

သူအပြန်မှာ ကျွန်မသားထိုင်းသွားတဲ့နေရာကို နွားနို့နဲ့ဆေးကြောကြတယ်။ အမှတ်မထင် ဝိဋဋူဘ သိသွားတော့တယ်။

ကျွန်မသားလို့ အပြောခံရတဲ့ ဝိဋဋူဘမင်းသား ဘုရင်ဖြစ်လာတော့ သာကီဝင်မင်းတွေကို သတ်ဖြတ် လက်စားချေတယ်။ ဇာတ်တော်အဆုံးမှာတော့ ဝိဋဋူဘမင်းနဲ့ စစ်သည်ဗိုလ်ပါတွေ သာဝတ္တိမြို့အနီးက အစီရဝတီမြစ်ရေထဲမှာ မျောပါ သေဆုံးကြပါတဲ့။

နွားနို့နဲ့ မဆေး ဆပ်ပြာနဲ့သာ လက်ဆေးကြပါကုန်။ ကူးစက်ရောဂါဟာ ဘုရင်သော ကျွန်သော မရွေးပါ။

ဒေါက်တာတင့်ဆွေ
၂-၄-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး