I Love My Country အမျိုးသားရေးဝါဒသစ်
ဒုတိယကမ္ဘာစစ်ကြီးပြီးကတည်းက အရင်ကရှိခဲ့တဲ့ နိုင်ငံတကာဆက်ဆံရေးပုံစံကနေ ပြောင်းလဲလာခဲ့တယ်။
စီးပွါးရေး
နိုင်ငံတကာနယ်စပ်မျဉ်းတွေကို ကျော်ပြီး ကူးလူးဆက်ဆံလာကြတယ်။ ကုန်သွယ်ရေးနဲ့ စီးပွါးရေးလုပ်ကိုင်နည်းတွေ ဖြစ်တယ်။ ကိုယ့်နိုင်ငံထက် ဈေးချိုတဲ့ အခွင့်သာမှုတွေ ရတယ်။ ဈေးကွက်တွေ ကျယ်လာတယ်။ နိုင်ငံတကာ ကုမ္ပဏီကြီးတွေဟာ အမြတ်အစွန်းပိုများရာနေရာတွေမှာ ဖွင့်ကြတယ်။ အလုပ်အကိုင် အခွင့်အလမ်းနဲ့ လုပ်ခလစာ နည်းလွန်းလှတဲ့ နိုင်ငံတွေက လူတွေလည်း အခွင့်သာရာရှာပြီး သွားရောက် လုပ်ကိုင်လာကြတယ်။
နိုင်ငံရေး
ဒုတိယကမ္ဘာစစ်ကြီးပြီးတော့ ကိုလိုနီနိုင်ငံတွေ အားလုံးလောက်နီးပါး လွတ်လပ်ရေးရလာကြတယ်။ မြန်မာနိုင်ငံပါတယ်။ နိုင်ငံရေး မတည့်ငြိမ်တဲ့ တိုင်းပြည်တိုင်းမှာ လက်နက်ကိုင်တော်လှန်ပုန်ကန်မှုတွေ ဖြစ်လာတယ်။ မြန်မာနိုင်ငံပါတယ်။
ကရိုနာကြောင့်ဖြစ်လာတဲ့အပြောင်းအလဲ
၂၀၂၀ မတိုင်ခင်အထိ တည်ရှိနေခဲ့တဲ့ နိုင်ငံတကာ စီးပွါးရေး၊ ကုန်သွယ်ရေးနဲ့ ရွှေ့ပြောင်းအလုပ်လုပ်ရခြင်းတွေကြောင့် ပြည်တွင်းလက်နက်ကိုင်မှုတွေ နည်းလာစေခဲ့တယ်။ မြန်မာပြည်နဲ့ အာဖရိကတိုက်နိုင်ငံတချို့မှာသာ အခုထိကျန်တယ်။
ကရိုနာဗိုင်းရပ်ကပ်ရောဂါကြီးဖြစ်လာတော့ နိုင်ငံတိုင်းမှာ မဖြစ်မနေလိုအပ်ချက်တွေ ပြည့်စုံလုံလောက်အောင် နေ့မအား ညမအား ရှာဖွေကြရတယ်။ ထုတ်လုပ်ကြရတယ်။ ဝယ်ယူတင်သွင်းကြရတယ်။ အလှူခံကြရတယ်။
တိုင်းတပါးသွားလုပ်ကိုင်နေရသူတွေ နေရပ်ပြန်လာကြရတယ်။ နှင်ထုတ်လို့ရော ကိုယ့်ဆန္ဒအရပါ။
အသက်ကယ်စရာ ဆေးနဲ့ ဆေးပစ္စည်းတွေက အဓိကလိုအပ်ချက်။ နှာခေါင်းစည်းအမျိုးမျိုး၊ ဆင်နီတိုက်ဇာဆေးရည်၊ ဘလိခ်ျဆေးရည်၊ လိုက်ဇောဆေးရည်တွေကို အရင်ဆုံးလိုခဲ့တယ်။ နောက်တဆင့်မှာ ရောဂါရှာဖွေရေးကရိယာ။ PPE ဝတ်စုံ၊ ဗင်တီလေတာ ခေါ် အသက်ရှူစက်။ မှန်ကန်တိကျတဲ့ ကျန်းမာရေးအချက်အလက်တွေ။
အဲတာတွေဟာ အမျိုးသားရေးလိုအပ်ချက်ဖြစ်လာတယ်။ လောင်စာဆီ မဟုတ်တော့။ ကျည်ဆံလက်နက်တွေ မဟုတ်တော့။ အမြတ်ရရှိရေးလည်း မဟုတ်တော့။ အိုင်ပဒ်သစ်တွေ မဟုတ်။ ဂျက်လေယာဉ်တွေ မဟုတ်တော့။
အဲဒီ အမျိုးသားရေးလိုအပ်ချက်သစ်တွေကို တခြားနိုင်ငံတွေကို တင်ပို့ရောင်းချခွင့်တွေ တင်းတင်းကြပ်ကြပ် ပိတ်လိုက်ကြတယ်။ အဲလိုလုပ်ထားတာ အနည်းဆုံး ၆၉ နိုင်ငံရှိတယ်။
သူ့နိုင်ငံသားတွေ အသက်မသေအောင် ဘယ်လိုလုပ်မရလဲဟာ နိုင်ငံတော်ရဲ့ အဓိကလိုအပ်ချက်ဖြစ်လာတယ်။
အဲတာကို အမျိုးသာရေးဝါဒလို့ ပြောနိုင်တယ်။ ကိုဗစ်-၁၉ လိုပဲ တကြိမ်တခါမှ မရှိဘူးခဲ့တဲ့ အမျိုးသာရေးဝါဒသစ် ဖြစ်တယ်။
ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်တိုင်းသူပြည်သားတွေ ချစ်ကြရတယ်။ ကိုယ့်ဘာသာရေး မဟုတ်။ ကိုယ့်နိုင်ငံရေးအသွေးအရောင် မဟုတ်။ ကိုယ့်လူမျိုးစုလေးတခုတည်းအတွက် မဟုတ်။ ကိုယ့်နိုင်ငံရေးပါတီတခုအတွက်သာ မဟုတ်ပါ။
ဒီ နိုင်ငံတကာအခင်းအကျင်းသစ် ဖြစ်ပေါ်ပြောင်းလဲမှုကြီးကို အတော်ဆုံး နိုင်ငံရေးသိပ္ပံပညာရှင်တွေ၊ အတော်ဆုံး သမိုင်းပညာရှင်တွေ၊ အတော်ဆုံး အတွေးအခေါ်ပညာရှင်တွေ တဦးတလေကမှ ကြိုတင်ဟောကိန်း မထုတ်ခဲ့ပါ။
ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်တိုင်းသူ ပြည်သားတွေ ချစ်ကြရမယ်။ အသက်ကယ်ကြရမယ်။
ဒေါက်တာတင့်ဆွေ
၁၀-၄-၂၀၂၀

Comments
Post a Comment