နေမိဘုံခန်းပျို့

မြဲမြံမြဲမြံ တခြည်ဆံမျှ

၃၅။ ကောင်းကြံကောင်းကြံ၊ ဆင်လောင်းမံလျက်၊ မြဲမြံမြဲမြံ၊ တခြည်ဆံမျှ၊ ယိုးယံယွင်းဖည်၊ စိတ်မလည်တည့်၊ ကိုယ်ရည်နွံနွံ၊ လောကဓံကြောင့်၊ အခွံခွါခွါ၊ အကာလှစ်လှစ်၊ အနှစ်ယူယူ၊ တံချူများများ၊ စီးပွါးချဲ့တိုး၊ သူကြွယ်မျိုးလျှင်၊ ရိပ်မိုးပြီးစီး၊ ကျောင်းကြီးကိစ္စ၊ ထိုဌာန၌၊ ငါ့ဆရာတို့၊ ချိုးသောက်ဘို့ဟု၊ မို့မို့ခိုင်ကျန်း၊ ကန်ရိုးသန်းလျက်၊ ကျယ်ဝန်းလဟာ၊ အညာမြောင်းကျယ်၊ သွယ်လတုံခြင်း၊ မိုးရည်သွန်းလျက်၊ အင်းနှင့်အတူ၊ ကြာဖြူကြာနီ၊ စုံစီမွမ်းမွမ်း၊ ဟင်းရမ်းကတောက်၊ ပွင့်ညှောက်ရိုးရဲ၊ ရွက်လဲဖူးဆင့်၊ ကောင်းမှုဖြင့်ကား၊ နတ်မင်းပြည်ရွာ၊ ဖြစ်တုံလှာသော်၊ ဆိပ်သာ တထောင်၊ မြကျောက် ရောင်နှင့်၊ စိန်ကြောင် ဝတ်ဆံ၊ ပွင့်တံပွင့်ခက်၊ ပွင့်ယွက်ပွင့်ခြမ်း၊ သန္တာဆန်းသို့၊ ခပ်သမ်းမည်းလို၊ နွယ်ညိုပန်းလား၊ တန့်ကာခြား၍၊ ပတ္တမြားရည်စက်၊ ရောင်ခြည်ရှက်မျှ၊ ရွှေချက်ရဲရဲ၊ ဝတ်ဆံထဲမှ၊ ပုလဲရံစီ၊ ရှုပျော်အီ၏၊ ညရီနံနက်၊ ပန်းရက်မျိုသောက်၊ ဝတ်ဆံလျှောက်လျက်၊ မြည်ချောက်ပိတုန်း၊ ဖြုန်းဖြုန်းပျံဝဲ၊ ဝမ်းပဲဟင်္သာ၊ ကြိုးကြာ ကျေးငှက်၊ ရေကြက်ရေစူး၊ မြူထူးဝမ်းသာ၊ ရွှင်ပစွာလျှင်၊ ကာဠာဝက၊ ဂင်္ဂေယျက၊ စသည်တွင်ရိုး၊ ဆယ်ဆယ်မျိုးလည်း၊ တန်ခိုးပြင်းသား၊ နတ်မင်းမိန့်ဆို၊ ဖြစ်စေလိုက၊ မငြိုမငြင်၊ စီရင်ပြီးစီး၊ နတ်သမီးနတ်သား၊ အပြားအထွေ၊ ပျော်ပါးစေလျက်၊ ခြွေရွေများစွာ၊ နတ်တကာသည်၊ မေတ္တာနှေင်ချည် နှောင်ချည်တည်း။

ရှင်အဂ္ဂသမာဓိ စပ်ဆိုပါတယ်။ ဦးမောင်မောင်ကြီး (မဟာဝိဇ္ဇာ) ကတည်းဖြတ်ပြီး ၁၉၆၆ ခု ဇန်နဝါရီလမှာ ထုတ်ဝေတယ်။

မြဲမြံမြဲမြံ တခြည်ဆံမျှ၊ ဆိပ်သာတထောင်၊ နတ်တကာသည် သတ်ပုံတွေကို တင်ပပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး