ပန်းသံသရာ

ဆောင်းရာသီမှာ စနိုးတွေကျစဉ်က ဖွေးနေတဲ့အကိုင်းလေးတွေသာ ရှိခဲ့တယ်။ တဖြည်းဖြည်းနဲ့ ရာသီအလိုက် ကိုက်ညွန့်ဖူးစီ ဖြစ်လာတယ်။ အရွက်တွေက မြရည်စိမ်းစိမ်း ဖြစ်လာတယ်။ အဆုပ်လိုက်ပွင့်တော့ ဖက်ဖူးရောင်ကနေစပြီး ဖွေးဆွတ်လာတယ်။ အခုတော့ ပွင့်ဖတ်ဖြူတွေဟာ အောက်ခြေက မြက်ခင်းစိမ်းပေါ်မှာ ပြန့်ကျဲလို့။

ရာသီပင်တွေရဲ့ သံသရာတပတ်လည်ပုံကို မြင်တွေ့ခဲ့ရတာ အလွန်တရာ များလှပြီ။ အားလုံးဟာ မျက်စိအောက်မှာ။

ရာသီပင်မဟုတ်တဲ့ ကိုယ့်တိုင်းပြည်ကြီးကို မြင်သိနေတာ နှစ်ပရိစ္ဆေဒ ကြာခဲ့ပြီ။ စည်ပင်ဖွံ့ဖြိုးတဲ့ခေတ်လည်း ကြုံခဲ့ရတယ်။ ပင်စည်ကြီး ဒါးထစ်ခံရတာလည်း သိမြင်ခဲ့တယ်။ အရိပ်နေနေ အခက်ချိုးချိုးတွေက များလှတယ်။ ပန်းကောင်း အညွန့်ချိုး ခံရတာမျိုးလည်း ကြားရ ဖတ်ရတယ်။ အပွင့်တွေ အရွက်တွေ ရာသီမဟုတ်ပဲ ကျွေကျကြတာက မျက်စိရှေ့မှာ။ ပွင့်ကျွေတချို့မှာ မြက်ခင်းအခံ မရှိရှာကြပါ။ ရုက္ခစိုးတွေ ဆိုးကြတယ်။

မိခင်သစ်ပင်ကြီး ဝေဆာ စိုပြေ သီးပွင့်နိုင်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၁၉-၅-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး