ငြိမ်ဝပ်ပိပြားစွာ လိုက်နာနေကြဆဲ

ဆရာရေ မြန်မာစာကို ဦးနေဝင်းခန့်တဲ့ မြန်မာစာအဖွဲ့က ၁၉၉၁ မှာ ပြင်ဆင်တယ်လို့ ဆရာပြောတယ်နော် နားမလည်တာက ဦးနေဝင်းက ၁၉၈၈ မှာ ပြုတ်ကျသွားပြီလေ သူက ၁၉၉၁ အထိ အာဏာရှိနေသေးတာလား။

ဟုတ်။ ဗခက နေဝင်းက ၂-၃-၁၉၆၂  မှာ အာဏာသိမ်းတယ်။ မြန်မာစာပေပြုစုရေးနှင့် ဘာသာပြန်ကော်မရှင်ကို ၁၉၆၃ ခုနှစ် ဩဂုတ်လမှာ ဖွဲ့တယ်။ မြန်မာဘာသာ အဘိဓာန်များ၊ စာလုံးပေါင်း သတ်ပုံကျမ်းများ၊ ကိုးကားစာအုပ်တွေ ထုတ်ဝေရေးဆောင်ရွက်တယ်။ ၁၉၇၂ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့မှာ မြန်မာစာကော်မရှင် ဖြစ်လာတယ်။ ၁၉၇၅ မှာ မြန်မာစာအဖွဲ့ ဖြစ်လာတယ်။ ၁၉၈၁ မှာ မြန်မာစာအဖွဲ့ဦးစီးဌာန။ ၂၀၁၅ ခုနှစ်မှာ မြန်မာစာနှင့် ဘာသာစကား ပညာရေး ဦးစီးဌာနလို့ ပြောင်းလဲ ဖွဲ့စည်းတယ်။

၁၉၆၄ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့ ကျောင်းသုံးစာအုပ်ကော်မတီအစည်းအဝေးမှာ ဦးနေဝင်းက အသံကိုရေးတဲ့အခါ အမှန်ရေး။ စည်းကမ်းဆိုတာ အတိအကျရှိရမယ်။ စကားတလုံးနှင့် ခုနစ်နှစ်ငြင်းနေလို့ ဘယ်ဖြစ်မလဲ။ နောက်ဆုံးတော့ တခုခုကို ပညတ်ရမှာပဲ။ မူကိုဦးစွာချပါ စသဖြင့် ပြောတယ်လို့ မှတ်တမ်းမှာ တကိုစမသတ်ပဲရေးထားတယ်။

၁၉၇၈ ခုနှစ် ဇန်နဝါရီလထုတ် မြန်မာစာ စာလုံးပေါင်းသတ်ပုံကျမ်း နိဒါန်းမှာ ထိုကော်မရှင်သည် အစိုးရရုံးသုံး စံ မြန်မာ ရေးထုံးကျမ်းတစောင် ပေါ်ထွက်လာရေး လုပ်ငန်းတရပ်ကိုလည်း ဆောင်ရွက်ရမည်ဟု ဥက္ကဋ္ဌကြီးက ထပ်မံညွှန်ကြား သတ်မှတ်ပါသည်လို့ တကို စမတ်ပဲရေးထားတယ်။

မြန်မာစာအဖွဲ့က ၁၉၇၈ ခုနှစ်မှာ ထုတ်တဲ့ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းမှာ တတွေကို မလိုအပ်ပဲ စမသတ်ပါ။

နဝတ စစ်အစိုးရက ၁၉၈၈ ကနေ ၁၉၉၇ အထိကြာတယ်။ ၁၉၉၁ ခု စက်တင်္ဘာလမှာ မြန်မာအဘိဓာန် ထုတ်တယ်။ အဲတာထဲမှာ တဝမ်းပူ ၉၀% လောက်ကို စသတ်ထားတယ်။ နအဖ စစ်အစိုးရနဲ့ ဖွဲ့စည်းပုံအရတက်တဲ့ အစိုးရတွေက ဆက်သုံးကြတယ်။ ကနေ့အထိ။

ဗခက နေဝင်းလက်ထက်ကစပြီး စာပေစိစစ်ရေးဌာနကနေ ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် နည်းဥပဒေအရ အပြစ်ပေးတယ်။ ၁၉၈၈ ခုနှစ်ကနေ ၂၀၁၁ ထိ ညွှန်ကြားရေးမှူးတွေက ဗိုလ်မှူးမောင်ဝင်း၊ ဗိုလ်မှူးတင်စိုး၊ ဗိုလ်မှူးအေးထွန်းနှင့် ဗိုလ်မှူးတင့်ဆွေတို့ ဖြစ်တယ်။ ဆင်ဆာအဖွဲ့လို့ခေါ်တယ်။ ၁၉၉၁ ခုထုတ် မြန်မာအဘိဓာန်နဲ့ မတူတဲ့သတ်ပုံတွေကို ထုတ်ဝေခွင့်မပြု။ စာအုပ်ဟောင်းတွေ ပြန်ထုတ်လိုရင် အဲဒီသတ်ပုံတွေအတိုင်း ပြင်မှသာ ထုတ်ဝေခွင့်ပေးတယ်။ အခုလည်း အဲတာကို လိုက်နာနေကြဆဲ။

ချုပ်လိုက်ရင် မြန်မာစာသတ်ပုံ စိစစ်ရေးကို ဗခက နေဝင်းလက်ထက်မှာ အစပျိုးတယ်။ နဝတ လက်ထက် ၁၉၉၁ ထုတ် စာအုပ်ကျမှသာ တဝမ်းပူကို ရန်ရှာတယ်။ ဆင်ဆာဥပဒေနဲ့ အရေးယူတာက စာပေစိစစ်ရေးဌာန။ အခုလည်း ငြိမ်ဝပ်ပိပြားစွာ လိုက်နာနေကြဆဲ။

အခုရေးတာ မှတ်တမ်းသာဖြစ်တယ်။ ဒိထက်တိတိကျကျ ရေးနိုင်ကြရင် ပိုကောင်းမယ်။

ဒေါက်တာတင့်ဆွေ
၃-၆-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး