ခုနစ်စဉ်ကြယ်

ခုနစ်စဉ် ကြယ်ပြောင်
အမြီးရယ်ထောင်
လူပျိုမောင်မောင်
ရောက်မည့်ချိန်ဘဲ
အောက်အီးအီး အွတ်။ (မင်းသုဝဏ်)

တခါတုန်းက အငြိမ့်သမများသည် ဇာတ်ခုံပေါ်မှနေ၍ ရည်းစားမျှော်ရာတွင် အထက်ပါသီချင်းကို သီဆိုခဲ့ကြသည်။ ဤသီချင်းရေးသူသည် မည်သည့်လ၊ မည်သည့်အချိန်နာရီကို ရည်မှန်း၍ ရေးသည်ကို မသိရ။ သို့သော်လည်း အရပ်သူ အရပ်သားတို့ကား ညဥ့်အခါ ကောင်းကင်တွင် တောက်ပကြသော ကြယ်နက္ခတ်တို့ကို အခါရာသီအလိုက် ကြည့်ရှု၍ အထိမ်းအမှတ်ပြုကာ အချိန်အခါကို ဖော်ပြတတ်သည့် အချက်မှာကား ပေါ်လွင် ထင်ရှားလျက် ရှိပေသည်။ အငြိမ့်သမက ဤသီချင်းကိုဆို၍ ကောင်းကင်သို့ မော့ကာ လက်ညှိုးထိုးလိုက်သောအခါ အာကာသ ရွက်ထည်ရုံအောက်တွင် ပွဲကြည့်နေသော ပရိသတ်သည်လည်း အမှတ်မထင် မော့ကြည့်ကောင်း မော့ကြည့်မိပေလိမ့်မည်။ အခြားအခြားသော ကြယ်တို့ကိုမသိလျှင် မသိဖြစ်ကောင်းသော်လည်း ခုနစ်စဉ်ကြယ်ကိုကား လူအများပင် သိကြပါသည်။ အထူးသဖြင့် ကျေးလက်တောရွာနေ လူတို့ သိကြပါသည်။ သာမန်သိသည်ထက် ပို၍ သိလိုသေးလျှင် ပြောပြပါဦးမည်။

အာကာသ သျှတ္တရကျမ်းများတွင် မြောက်မျက်နှာအရပ်၌ တာရာ ၆ လုံးရှိသည်ဟု ဆိုပါသည်။ ပါဠိလိုလည်း ဤသို့ ဂါထာစီထားပါသည်။
ပူရိမေ ဒါရုတာလိကာ၊
ဖုဿတ္တာ ဧကသိတ္တကာ၊
တရိဂုဏာ ရုပိမာဆ၊
ဥတ္တရေဝ ပတိဌိတာ၊

မြောက်မျက်နှာ အရပ်၌ (၁)ဒါရုတာရာ (၂)တာလိတာရာ (၃)ဖုသျှတ္တတာရာ (၄)ဧကသိတ္တကတာရာ (၅)တရိဂုဏိတာရာ (၆)ရူပတာရာတို့ ရှိကြသည်ဟု ဆိုလိုပါသည်။ ဤတာရာ ၆-ခုတွင် ဖုသျှတ္တတာရာသည် ခုနှစ်စဉ်ကြယ်ပင် ဖြစ်ပါသည်။ နဂါးသဏ္ဌာန်ရှိသည်ဟု ဆိုပါသည်။ အချို့ကလည်း မိကျောင်းနှင့်တူသည်ဆို၍ ကြယ်မိကျောင်းဟု ခေါ်ကြပါသည်။ အင်္ဂလိပ်တို့ကမူ ရေမှုတ်နှင့် တူသည်ဆိုကာ ရေမှုတ်ကြီးဟု ခေါ်ကြပါသည်။

နက္ခတ်တာရာ ကြည့်ရှုလိုသူတို့အဖို့ ခုနစ်စဉ်ကြယ်သည် အလွန် အသုံးဝင်သည်။ ခုနစ်စဉ်ကြယ်ကို သိထားလျှင် ယင်းက ထောက်၍ အခြားကြယ်များကို ရှာဖွေရလွယ်ပေသည်။ ခုနစ်စဉ်ကြယ်တွင် ပါဝင်သော ကြယ်ခုနစ်လုံးကို အမည်ပေးထားသည်။ ဦးခေါင်းကစ၍ အမြီးဖျားတိုင် ၁။ ဂုရု ၂။ ဘောမ ၃။ သောရိ ၄။ ဗုဓ ၅။ သောကြ ၆။ ရဝိ ၇။ စန္ဒဟု အမည်ပေးထားသည်။

ဘောမနှင့် ဂုရုကိုဆက်၍ မျဉ်းဖြောင့်ဆွဲကာ လက်ညှိုးညွှန်လိုက်လျှင် မြောက်ဝင်ရိုးထိပ်ရှိ ဓူဝံကြယ်ကို တွေ့ရပါလိမ့်မည်။

သောရီနှင့် ဘောမကို ဆက်၍ မျဉ်းဖြောင့်ဆွဲကာ လက်ညှိုးညွှန်လိုက်လျှင် မေထုန်ရာသီကြယ်စု၏ သင်္ဘောဦးခေါ်သော ကြယ်ကို တွေ့ရပါလိမ့်မည်။ သင်္ဘောဦးကို တွေ့လျှင် မေထုန်ရာသီကို လေ့လာနိုင်ပါပြီ။

ဗုဓနှင့် သောရီကို ဆက်၍ မျဉ်းဖြောင့်ဆွဲကာ လက်ညှိုးညွှန်လိုက်လျှင် သိဟ်ရာသီ ကြယ်စု၏ ခြင်္သေ့ရင်အုပ်ကြယ်ကို တွေ့ရပါလိမ့်မည်။ ခြင်္သ့ရင်အုပ်ကြယ်ကို တွေ့လျှင် သိဟ်ရာသီ ခြင်္သေ့ရုပ်ကြယ်စုကို ရှာဖွေရလွယ်ပါပြီ။

ခုနစ်စဉ်အမြီးမှနေ၍ တောင်ဖက်သို့ ဆင်းလိုက်လျှင် အရောင်ထွန်းလင်းသော သွာတိနက္ခတ်ကို တွေ့ရပါလိမ့်မည်။

ဓူဝံကြယ်သည် မြောက်ဖက် ကောင်းကင်တွင် တနေရာတည်း၌ မရွေ့မရှားသကဲ့သို့ တည်ငြိမ်စွာ ရပ်တည်နေသည်။ ထို့ကြောင့် ပါဠိလို ဓူဝံဟု ခေါ်ခြင်းဖြစ်သည်။ ဓုဝသဒ္ဒါသည် ခိုင်မြဲသည်ကို ဟောသည်။ ဓူဝံကြယ်မှဆက်၍ ကြည့်လျှင် ကြယ်ခြောက်လုံး ကွေးကွေးကောက်ကောက် စဉ်နေသည်ကို မြင်ရပါလိမ့်ဦးမည်။ ဓူဝံအပါ ယင်းခုနှစ်လုံးကို မြန်မာတို့က ကြေးမုံတာရာဟု ခေါ်ပါသည်။ မြောက်မျက်နှာ တာရာ ၆-လုံးတွင် တာလိတာရာ ခေါ်သည်မှာ သူပင်ဖြစ်ပါသည်။ အာကာသ သျှတ္တရကျမ်းများက ယင်းကြယ်စုကို တာလိတာရာ၊ ခုနှစ်လုံး၊ ကြာရိုးကြာရွက်သဏ္ဌာန်ဟု ဆိုကြသည်။ မြန်မာတို့က ကြေးမုံခေါ်သော်လည်း အင်္ဂလိပ်တို့ကမူ ရေမှုတ်နှင့်တူသည်ဟု ထင်၍ ရေမှုတ်ကလေးတာရာဟု ခေါ်ကြပါသည်။

ဓူဝံကြယ် မြေမှာခကြွေ၊ ကောင်းကင်မှာ နေလတွေကွယ်စေ ဟူ၍ နောက်တခါ သီချင်းဆိုလျှင် ဓူဝံကြယ်ကို ကြည့်ပြီးမှ ဆိုပါ။ အဓိပ္ပာယ်ပိုမို ထွက်လာပါလိမ့်မည်။ ခုနစ်စဉ်ကြယ်ကနေ၍ အခြား ကြယ်တာရာ နက္ခတ်များသို့လည်း အာကာသယာဉ် စီးကာ လှည့်ပတ်ကြည့်ရှုကြပါဘိ။ (မင်းသုဝဏ်)

မူရင်းသတ်ပုံအတိုင်း တင်ပေးတာတွေအတွက် Win Oo ကျေးဇူး။

ဒေါက်တာတင့်ဆွေ
၁၂-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး