ဆန်ဖြင့်တိုင်းတာ၍ရသော အရည်အချင်း

ကွန်မင့်တခုရတယ်။ မြန်မာပြည်မှာက Basmati ဆန်အစစ်က India ကဝင်လာတဲ့ India Gate တမျိုးထဲရှိပြီး ဈေးကြီး ဝယ်စားရပါတယ် ဒါကိုဘဲ Singapore ကလှည့်ဝင်လာတာက ဈေး ၂ဆပေးစားရပါတယ်။

ဆန်နဲ့ မြန်မာနိုင်ငံဟာ ခွဲခြားမရတဲ့ စုံတွဲဖြစ်တယ်။ အင်္ဂလိပ်ကိုလိုနီလက်ထက်ကစပြီး မြန်မာ့ဆန် ကမ္ဘာကျော်ခဲ့တယ်။

၁၈၆၉ ခုနှစ်မှာ ဆူးအက်တူးမြောင်းပြီးတော့ ကမ္ဘာမှာဆန်ဈေးတွေလက်လာတယ်။ ဆန်စပါး စိုက်ပျိုးဖြစ်ထွန်းလှတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို မြန်မာပြည်တခြားနေရာတွေကလူတွေ ပြောင်းရွေ့နေထိုင်လုပ်ကိုင်လာကြတယ်။ အိန္ဒိယတောင်ပိုင်းက ငွေချေးစားသူ ချစ်တီး ခေါ် ချစ်တီးယားတွေလည်းရောက်လာကြတယ်။ ချစ်တီးယားဆိုတာ ဆင်းရဲတဲ့ တမီးလ်တွေကိုခေါ်တယ်။

ကိုလိုနီအစိုးရကနေ စပါးစိုက်တာဖြစ်ထွန်းစေဘို့ သူ့ကိုလိုနီဖြစ်တဲ့ အိန္ဒိယကလူတွေကို မြန်မာနိုင်ငံထဲ ခေါ်သွင်းလာတယ်။ ရောက်လာသူတွေဟာ ဈေးပေါပေါနဲ့ အလုပ်လုပ်နိုင်ကြတဲ့ အိန္ဒိယမြောက်ပိုင်း ဘီဟာပြည်နယ်နဲ့ အူတရာပရာဒက်ရှ် ပြည်နယ်ကများတယ်။ ကုန်သွယ်ရောင်းဝယ်သူတွေလည်း ပါလာတယ်။ တမီးလ်-တယ်လီဂူ၊ မာလာယန် စကားပြော မဒရာပရာဒက်ပြည်နယ်ကလူတွေ၊ ဟင်ဒူဘာသာကိုးကွယ်တဲ့ ဘင်္ဂါလီတွေ၊ ပန်ချာပီစကားပြောတဲ့ ပန်ဂျပ်ပြည်နယ်ကလူတွေ ပါတယ်။ လူမျိုးစုံတယ်။

၁၉၄၂-၄၅ မှာ မြန်မာပြည်ကို ဂျပန်ဝင်လာတော့ အိန္ဒိယကလာနေသူ ၅ သိန်းလောက် ပြည်တော်ပြန်ကြရတယ်။ တဝက်လောက်သာ ပြန်ရောက်နိုင်တယ်လို့ ဆင်းဗီအစီရင်ခံစာကဆိုပါတယ်။ ၁၉၆၄ ခုနှစ် ဗိုလ်ချုပ်နေဝင်းလက်ထက် ပြည်သူပိုင်သိမ်းတဲ့အခါ အိန္ဒိယလူမျိုးပေါင်း ၃ သိန်းနေရပ်ပြန်ကြရတယ်။

၁၉၆၂ ခု စစ်တပ်ကအာဏာမသိမ်းခင်အထိ မြန်မာနိုင်ငံမှာ ကမ္ဘာမှာ ဆန်တင်ပို့မှုအများဆုံးနိုင်ငံဖြစ်တယ်။ ဆန်အမျိုးအစားကလည်း အကောင်းစားတွေ။ အောက်သူအောက်သားတွေအကြိုက် ဧည့်မထ၊ ပေါ်ဆန်းမွှေး၊ ငကျွဲ ခပ်စေးစေး ခပ်မွှေးမွှေး။ အညာသာတွေအတွက်က ရွှေဘိုခွန်နီ။ ကောင်းသလားမမေးနဲ့။

အကောင်းဆုံးတွေ အများဆုံးတွေအဆင့်ကနေ မဆလ ကျေးဇူးနဲ့ မြန်မာ့ဆန် ဝယ်သူမရှိဖြစ်သွားရရှာပါတော့တယ်။ ဘယ်လိုကဘယ်လို ဒီစာမှာ မတည့်တော့ပါ။ ဆိုရှယ်လစ်ခေတ်မှာ လူအများစုဟာ စားမဖြစ်အောင်ညံ့လွန်းလှတဲ့ ကုန်သွယ်ရေဆန်ကို တန်းစီတိုးစားကြတဲ့ဘဝ ရောက်ကုန်ကြတယ်။ နိုင်ငံခြားတင်ပို့မှုကို အကြမ်းပြောရရင် ၁၉၃၀ ကျော်မှာ မက်ထရစ်တန် ၇ သန်းပို့ခဲ့ရာကနေ ၂၀၁၁ မှာ ၇ သိန်းသာ ပို့နိုင်ပါတော့တယ်။

ဆန်ကို အဲလိုဖြစ်အောင်လုပ်ခဲ့ကြတဲ့ မဆလ ဆိုတာ စစ်တပ်အရာရှိတွေနဲ့ စစ်ထွက်တွေက တိုင်းပြည်ကြီးကို ဆိုရှယ်လစ် လူ့ဘောင် တည်ဆောက်ကြတာ။ တိုင်းပြည် အယ်လ်ဒီစီ အဆင့်ကျပြီးတော့ နောက်ထပ် စစ်တပ်အရာရှိတွေနဲ့ စစ်ထွက်တွေက အာဏာသိမ်းပြီး တိုင်းပြည်ကြီကို ဆင်းရဲတွင်းနက်သည်ထက်နက်အောင် လုပ်ကြပြန်တယ်။

တိုင်းပြည်တိုးတက်အောင်လုပ်နိုင်စွမ်း အရည်အချင်းကို ဆန်နဲ့ တိုင်းတာနိုင်ပါတယ်။ အခု သူတို့က မဲရချင်နေကြသတဲ့။

ဒေါက်တာတင့်ဆွေ
၁၃-၇-၂၀၂၀

ဆန်အကြောင်း အဆက်

ဆန်ဖြင့်တိုင်းတာ၍ရသော အရည်အချင်းအောက်မှာ ကွန်မင့်တခုရတယ်။ ကျေးဇူး။

(စ) လွပ်လပ်ရေးမရမီအချိန် ကာလက မြန်မာနိုင်ငံ လူဦးရေနှင့်စိုက်ပျိုးမြေဧကအချိုးအစားနှင့် ၁၉၆၂ ခုနှစ်လူဦးရေ နှင့် စိုက်ပျိုးမြေဧကအချိုးကို ပြန်ကြည့်စေလိုပါသည် (ဆုံး)

ကွန်မင့်က ဘာကိုဆိုလိုချင်သလဲ မသိပါ။ အခုလူဦးရေများလို့ ဆန်ညံ့လာတာလို့ ဆိုချင်ပါသလား။ လူဦးရေများလို့ နိုင်ငံခြားက မဝယ်ချင်တော့တာလို့ ဆိုလိုချင်ပါသလား။ မြန်မာပြည်ထက် ဆန်ရောင်းကောင်းလာတဲ့ တိုင်းပြည်တွေမှာလည်း ဟိုအရင်ကနဲ့စာရင် လူဦးရေနဲ့ စိုက်ပျိုးမြေ ဧကအချိုးအစား ပြောင်းလဲကြပါတယ်။

တချိန်က ဆန်တင်ပို့မှုနိုင်ငံ နံပတ် (၁) နေရာကနေ အခု (၈) ရောက်နေတာပါ။
Rice Exports by Country
1. India: US$7.1 billion (32.5% of total rice exports)
2. Thailand: $4.2 billion (19.2%)
3. United States: $1.9 billion (8.6%)
4. Vietnam: $1.4 billion (6.6%)
5. Pakistan: $1.2 billion (5.6%)
6. China: $1.1 billion (4.8%)
7. Italy: $624.3 million (2.9%)
8. Myanmar (Burma): $579 million (2.6%) မြန်မာနိုင်ငံ
9. Cambodia: $430.6 million (2%)
10. Uruguay: $375.8 million (1.7%)

မြန်မာပြည်မှာ အခုဆန်မရှားပါ။ ၁၉၈၈ မှာတော့ စားစရာမရှိအောင်ရှားခဲ့တယ်။ အရေးအခင်းကြီးကို ဦးတည်စေခဲ့တယ်။ မဆလ ခေတ်မှာ ပြည်ပပို့တာတွေမှာပါ အရောအနှောတွေနဲ့ စံချိန်မမီလို့ သင်္ဘောတွေ ပြန်လာခဲ့ရတယ်။ နဝတ-နအဖ ခေတ်မှာ ဆန်ရှင် ခေါ် စီးပွါးရေး ဒဏ်ခတ်ခံရတယ်။ အခုမှ ကြိုးစားနေရတာ။ ကြားကာလတွေမှာ သူများတွေကို ကိုယ့်ထက်သာသွားကြတာ။

ဆန်မရှားပေမဲ့ အရည်အသွေးမကောင်းသေး။ ဖွဲပါသလား၊ အာဆဲနစ်ပါသလား၊ ပိုးသတ်ဆေးပါသလား၊ စသည်။

ဘယ်အရာမဆို ဘာ့ကြောင့် ညံ့သလဲရှာတဲ့အခါ နိုင်ငံရေးညံ့တာကြာလွန်းရာကနေ လူတွေကိုပါညံ့စေခြင်းလို့ပြောရင် လွဲခဲ့တယ်။ အကြောင်းရင်းမှန်သိမှသာ ကုသနည်း ကာကွယ်နည်းသိနိုင်တယ်။ ကြိုးစားကြရမယ်။

ဒေါက်တာတင့်ဆွေ
၁၄-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး