Extra Nipples ရင်သားအပို

(ကန်တော့ပါ)

၁။ ဆရာခင်ဗျား ကျတော်ညီမက ကလေးမွေးထားတာတနှစ်ရှိပါပြီ။ ကလေးနို့တိုက်နေပါတယ်။ အခုသူ့ဂျိုင်းကို ညှစ်လိုက်ရင် ပုံထဲကအတိုင်း နို့ရည်လိုအရည်ထွက်နေပါတယ်။ အဲဒါဘာဖြစ်နိုင်လဲဆရာ။ ကျေူဇူးပြုပြီး အကြံပေးပါဦးဆရာခင်ဗျား။

ပုံ ၂ ပုံပို့ပေးပါတယ်။ ပုံကို မသုံးပါ။

၂။ သမီးအသက်၂၇ ပါမိန်းကလေးပါ။ ဆရာကြားဖူးလားမသိဘူး ရင်သား(နို့) အပိုပါနေလို့ပါ။ ချိုင်းနားမှာပါ။ အမေမှာရှိလို့ သမီးတို့ညီအမသုံးယောက်စလုံးပါပါတယ်။ အဲဒါပျောက်ကင်းအောင် ဘာလိမ်းဆေးလိမ်းရမလဲ။ လေဆာနဲ့ ဖျက်မရဘူး ထင်တယ်။ မွေးရာပါအမှတ်ပါ ငယ်ကတည်းကခုထိရှိနေတယ်အညိုရောင်ပါ။ တချို့လူတွေက အရွယ်ရောက်လို့ ပျောက်ပေမယ့် သမီးမှာရှိနေပါတယ်။ လေဆာနဲ့မဖျက်ဘဲ တခြားဆေးနည်းရှိရင် ညွှန်ကြားပေးစေလိုပါတယ်။ ဆရာဓာတ်ပုံကြည့်ချင်ရင်လည်း ပို့ပေးနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်ဆရာ။

၃။ ဆရာ ကျမက အသက် ၃၃ နှစ် အိမ်ထောင်ရှိပါတယ်။ ကလေးကခု ၁ နှစ်ဆယ်လပါ။ ကိုယ်ဝန် ၃ လလောက်ကစပြီး ညာဘက်ချိုင်းမှာ အကျိတ်လိုလိုဖြစ်လာခဲ့ပါတယ်။ ပျော့နေပြီး မနာပါဘူး။ သားသားကိုနို့တိုက်ကာစကတော့ မာပြီး နာလာပါတယ်။ နောက်တော့မနာတော့ပဲ ပျော့သွားပါတယ်။ og ကိုမေးတော့ နို့ရည်ဂလင်းတွေကြောင့်လို့ ပြောပါတယ်ဆရာ။ ခုထိမပျောက်တော့ ဘာလုပ်ရမှန်းမသိလို့မေးကြည့်မိတာပါ။ အဲဒါဘာကြောင့်ဖြစ်တာပါလဲရှင်။ ဘယ်လိုလုပ်ရင်ပျောက်နိုငိပါသလဲ။ သားလေးကို ခုထိနို့တိုက်နေတုန်းပါ စိုးရိမ်ရလားရှင်။

၎။ ဆရာ တတိယနို့အကြောင်းရေးထားတာရှိရင် ဖတ်ချင်လို့ပါ။ ဘယ်မှာရှာရမလဲရှင်။ မခွဲပဲ မပျောက်နိုင်ဘူးလားရှင်။ စိတ်ပူစရာမရှိရင်တော့ မခွဲချင်လို့ပါ။

၅။ သမီးက အသက် ၂၁၊ ကိုယ်ဝန်ဆောင်တစ်ယောက်ပါ။ ကိုယ်ဝန်က (၂၅) ပတ်ရှိပါပြီ။ လွန်ခဲ့တဲ့ ၂ ရက်လောက်က ညာဘက် ချိုင်းမှာ (အတွင်းဘက် ရင်သားအထက်) အကျိတ်တစ်ခု တွေ့တာနဲ့ ပြနေတဲ့ OG ကိုသွားပြတော့ မစိုးရိမ်ရပါဘူးလို့ ပြောပါတယ်။ နို့အပိုတစ်ခုထွက်တာလို့ပြောပါတယ်။ တဖြည်းဖြည်း ကြီးလာပြီး အတံလေးထွက်လာမယ်၊ နောက် အရည်လေးတွေလည်း ထွက်လာမယ်လို့ ပြောပါတယ်။ မွေးပြီးမှ ချပ်သွားမယ်လို့လည်း ပြောပါတယ်။ အကျိတ်က သိပ်မကြီးသလို နာလည်းမနာပါဘူး။ ရှိမှန်းတောင် မသိသာပါဘူး။ ကိုင်ကြည့် ရင်တော့ အထဲမှာ အစိလေးတွေ အများကြီးပါ။ နာသလို ခံစားရပေမယ့် ခံနိုင်ပါတယ်။ ရင်သားကင်ဆာတော့ မဟုတ်ဘူးလို့ ပြောပါတယ်။ သမီးတို့ဆီမှာလည်း မျိုးရိုးမရှိပါဘူး။ ချိုင်းမွှေးနှုတ်ရင်းနဲ့မှ အကျိတ်ရှိနေမှန်း သိတာပါ။ နို့အပိုထွက်တယ်ဆိုတာ တကယ်ရှိသလား။ ဘာဆက်လုပ်သင့်ပါသလဲဆိုတာ ဖြေပေးပါဦးဆရာ။

တချို့မေးခွန်းတွေဖတ်ရင်း ပြုံးရတတ်တယ်။ ဆရာသိရင် ပြောပြပါ။ ဆရာတွေ့ဖူးလား မသိဘူး။ ဆရာသိသလောက် ပြောပြပါ။ Smile!

မွေးရာပါ တတိယနို့ကို Supernumerary nipple, Third nipple, Accessory nipple လို့လည်းခေါ်ပါတယ်။ လူအပါအဝင် နို့တိုက်သတ္တဝါတွေမှာ ပုံမှန်ရှိရမဲ့အရေအတွက်ထက် ပိုနေတာမျိုးပါ။ မိန်းမတွေမှာ ၅ဝ မှာ ၁ ယောက်နဲ့ ယောက်ျား ၁၈ ယောက်မှာ ၁ ယောက်ရှိတယ်။ သန္ဓေဘဝကတည်းကရှိနေခဲ့နိုင်တယ်။ ရုတ်တရက်ကြည့်ရင် မှည့်လိုလို၊ အရေးအကြောင်းလိုလို မြင်ရတယ်။

ရှိတဲ့နေရာကို ဒေါင်လိုက်မျဉ်းနဲ့သတ်မှတ်ထားတယ်။ ချိုင်းတခုစီကနေ အောက်ဖက်ကို ပုံမှန်နို့နေရာကိုဖြတ်ပြီး ပေါင်ခြံအထိ တန်းနေတယ်။ Milk lines တွေလို့ခေါ်တယ်။ စနစ်တကျလေ့လာရင် အမျိုးအစားခွဲတွေရှိတယ်။ ရင်သားတစ်ရှူပါနေတာ မတူကြပါ။ glandular tissue နို့ရည်နဲ့ဆိုင်တဲ့ တစ်ရှူး ပါ မပါ၊ nipple နို့သီး ပါ မပါ၊ areola နို့သီးဘေးအရောင်ရင့်အဝိုင်း ပါ မပါ၊ fat tissue အဆီတစ်ရှူး ပါ မပါ၊ hair patch ကိုယ်မွေးပေါက် မပေါက်။ ရှစ်မျိုးရှိတယ်။ နို့ထွက်ဂလင်း၊ နို့အဝိုင်း၊ အဆီ၊ အမွေးတစ်ရှူးတွေပါတာ မတူကြပါ။ နို့သီးသာမက နို့တစ်ရှူးတွေ ရောပါတာကို Polymastia လို့ခေါ်တယ်။ အဲတာမှာ နို့ထွက်အိတ်လေးတွေရှိနေရင် ကလေးမွေးပြီးတော့ နို့ရည်ပါ ထွက်နိုင်တယ်။

ရင်သားအပိုရှိနေတာ စိုးရိမ်စရာမရှိပါ။ သီအိုရီအရတော့ ရင်သားကင်ဆာဖြစ်နိုင်တယ်။ တကယ်ဖြစ်တာ မတွေ့သေးပါ။ ခွဲစိတ်ပါတယ်။ ကံဆိုးသူတချို့မှာ တခြားမွေးရာပါရောဂါ တွဲရှိတတ်တယ်။ ဥပမာ နှလုံးရောဂါနဲ့ ကျောက်ကပ်ရောဂါ။ နို့သီးအပိုက ပေါင်ခြံနေရာမှာရှိပြီး Paget's disease ရောဂါဖြစ်တာလဲရှိတယ်။ ဘယ်လိုမှမနေရင် ဘာမှမလုပ်ဘဲနေလို့ ရတယ်။ ပြောင်းလဲမှုကိုတော့ ဂရုစိုက်နေပါ။

ကျွန်တော် နယူးဒေလီမှာ ဆေးခန်းနဲ့ သားဖွါးခန်းလေးဖွင့်တော့ လူနာ ၃-၄ ယောက်တွေ့ခဲ့တယ်။ ဒီကိုပြောင်းမလာခင်က တယောက်လာပြသေးတယ်။ ချိုင်းနှစ်ဖက်လုံးမှာရှိတယ်။ ညာဘက်က ၂ လက္မပါတ်လည်ရှိတယ်။ ဘယ်ဘက်က နည်းနည်းသေးတယ်။ ပုံမှန်နို့တွေမှာ ပြောင်းလဲမှုရှိရင် အဲဒီနို့အပိုပါ လိုက်ပြောင်းတယ်။ ရာသီရက်တွေမှာ တင်းမယ်၊ နာမယ်။ ကလေးနို့တိုက်ချိန်မှာ တင်းပြီး ကြီးလာတယ်။ သည်အတိုင်းသာထားပါလို့ အကြံပေးခဲ့ပါတယ်။

မိန်းမတွေသာမဟုတ်၊ ယောက်ျားတွေမှာလည်း နို့အပိုပါကြတာရှိတယ်။ ဂျိမ်းဘွန်းရုပ်ရှင်တွေ ကြည့်ဖူးသူများမှာပါ။ The Man with the Golden Gun ရွှေသေနတ်နဲ့လူကြည့်ဖူးပါသလား။ ဗီလိန်ဆရာကြီးကို သတိထားမိပါသလား။ သူ့မှာ နို့အပိုပါတယ်။ Smile!

ဒေါက်တာတင့်ဆွေ

Comments