တို့တိုင်းပြည်

ဆရာဇော်ဂျီရေးတဲ့ တို့တိုင်းပြည်ကဗျာတင်ထားတာတွေ့လို့ ဖတ်ပါတယ်။ အဆုံးပိုဒ်မှာ တစ်တွေဖြစ်နေလို့ ကွန်မင့် ရေးလိုက်တယ်။ ဆရာဇော်ဂျီက တတွေကို မလိုအပ်ပဲ တစ်လုပ်မရေးပါ။ မူရင်းကဗျာနဲ့ ပြန်စစ်ဆေးသင့်ပါတယ်။ ကျေးဇူး။

သူက လင့်တခုပို့တယ် တစ်တွေနဲ့ပဲ။

https://plus.google.com/118113490205479.../posts/GmWNPTXvq8C

လက်ထဲမှာရှိတဲ့ ပိတောက်ရွှေဝါကဗျာများစာအုပ်အဖုံးကို ပြန်ပို့လိုက်တယ်။

ဟုတ်ကဲ့ရှင့် ရှာလိုက်ပါ့မယ်

မှန်အောင်ရေးထားတဲ့ လင့်တခုပါတွေ့လို့ ပို့လိုက်တယ်။

တို့တိုင်းပြည်(ဇော်ဂျီ) http://moethaukkye.blogspot.com/2010/10/blog-post_6543.html

အွန်လိုင်းမှာ စာအုပ်တွေ ကဗျာတွေကို တင်ကြတာမှာ သတ်ပုံပြင်တင်သူက ၉၀% လောက်ရှိတယ်။ ၁၀% ကိုသာ ကျေးဇူးတင်တယ်။
တို့တိုင်းပြည်

ထလော့မြန်မာ၊ အိုမြန်မာတို့
တို့ရွာ တို့မြေ၊ တို့ရွာမြေဝယ်
စေတီစပါး၊ များလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
ယာစကာမျိုး၊ တညှိုးညှိုးနှင့်
ပုထိုးမြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျှက်
မစားလေရ၊ ဝမ်းမဝ၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။

ထလော့မြန်မာ၊ အိုမြန်မာတို့
တို့ရွာတို့မြေ၊ တို့ရွာမြေဝယ်
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား၊ များလည်းများ၏
များပါလေလည်း၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
မြင်သာမြင်ရ၊ မစားရ၍
တောကပြိတ္တာ၊ ဖြစ်မည်တည်း။

ထလော့မြန်မာ၊ မြန်မာထလော့၊
အားမပျော့နှင့်၊ မလျော့လုံ့လ
သူကစ၍၊ ငါကအားလုံး
လက်ရုံးများမြောင်၊ ဉာဏ်များမြောင်နှင့်
စွမ်းဆောင်ကြလေ
ဤမြေဤရွာ၊ ဘယ်သူ့ရွာလဲ
ဤယာစပါး၊ ဘယ်သူ့စပါးလဲ
ထားလော့တာဝန်၊ ဉာဏ်ရှေ့ ပန်း၍
တဝမ်းတစိတ်၊ ညီစေသတည်း။

ပိုဆိုးတဲ့သူတွေက များပါလေလဲ၊ တစ်မွဲမွဲနှင့်၊ ယာစကာမျိုး၊ တစ်ညှိုးညှိုးနှင့်၊ တစ်ဝမ်းတစ်စိတ်၊ ညီစေသတည်းလို့ ပိုမှားအောင်ပြင်ထားကြတယ်။

စာရေးသူတွေ တစိတ်တဝမ်းတည်းမရှိ။ မြန်မာစာ တမွဲမွဲဖြစ်နေ၏။ တဝမ်းတစိတ် ညီပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၀-၂-၂၀၁၉

ဆက်ညာနေကြတယ်

ဒီစာရေးနေရင်း ဆရာဇော်ဂျီ တို့တိုင်းပြည်ဝင်လာလို့ ကြားဖြတ်ရေးလိုက်ရတယ်။

ကျွန်တော့်ကို ကဗျာသမား စာသမားလို့ ခေါ်သင့်လောက်အောင်ထိ မတတ်ပါ။ စာတွေတော့ ဖတ်ခဲ့တာ အတော်ကိုများပြီ။ ငယ်ကတည်းက လူကြီးတွေဆိုပြတဲ့ လင်္ကာတွေကို နားစွဲတယ်။ ကျောင်းစာမှာ ကာရန်နဲ့ ဖွဲ့တာတွေကို မမေ့ပါ။ ခုနစ်တန်းအပြီး နွေရာသီမှာ ရှစ်တန်းမှာသင်ရမဲ့ ဦးကြင်ဥရေးတဲ့ ဒေဝကုမ္ဘန်ပြဇာတ်စာအုပ်လေးကို အလွတ်ကျက်တယ်။ အခုစာရေးဘို့ အကိုးအကားတွေရှာတော့ ဝီကီပီးဒီးယားမှာ ဒေဝကုမ္မာန်လို့ ရေးထားတာတွေ့တယ်။ မှားနေတယ်။

ဆရာဝန်အလုပ်ရော နိုင်ငံရေးတာဝန်ပါ မရှိတော့ စာတွေရေးဖို့ရာ စာဆက်ဖတ်ပါတယ်။ ပေါ်လာတဲ့ အင်တာနက်က စာတွေပါ ဖတ်ရတယ်။ အဲဒီမှာ မြန်မာစာ အတော်ဒုက္ခရောက်နေတာတွေ့လာတယ်။

အရင်က အလွတ်ရတဲ့ကဗျာတွေနဲ့ အွန်လိုင်းမှာတင်ထားတာတွေ ကွဲနေတာ တွေ့လာတယ်။

အရင်ကထုတ်တဲ့စာအုပ်တွေ ကိုယ်ပိုင်စာကြည့်တိုက်တခုစာရှိတော့ အွန်လိုင်းမှာ တင်ထားတာတွေက သတ်ပုံတွေ ပြင်ထားမှန်းသိတယ်။ မသိတဲ့လူတွေကိုတော့ ညာလို့ရပါတယ်။

ဘယ်ကဗျာဆရာတွေ ဘယ်စာရေးဆရာတွေက ဘယ်လိုသတ်ပုံနဲ့ ရေးမှန်းသိတယ်။ မသိတဲ့လူတွေကိုတော့ ညာလို့ရပါတယ်။

မဖတ်ဖူးသေးတဲ့ စာတွေ ကဗျာတွေတွေ့လို့ ဖတ်ကြည့်တာ အဲဒီကဗျာဆရာ စာရေးဆရာတွေရေးလေ့မဟုတ်တဲ့ သတ်ပုံတွေ ပြင်ထားမှန်းသိတယ်။ မသိတဲ့လူတွေကိုတော့ ညာလို့ရပါတယ်။

မြန်မာစာ ဆက်ညာနေကြတယ်။

ဒေါက်တာတင့်ဆွေ
၂၀-၂-၂၀၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ