Icy Cold အအေးနဲ့ အဝေး

အေးတာကို ဘယ်လိုစာဖွဲ့ကြသလဲ။ အများကြီး ဖတ်ဖူးတယ်။ သီချင်းကောင်းတွေလည်း အများကြီး နားထောင်တယ်။ ကျွန်တော့်ဘဝတသက်တာမှာ အေးတယ်ဆိုတာ စာဖွဲ့ တေးသီလို့ မဖြစ်တာတွေချည်းနဲ့သာ ကြုံခဲ့ရပါတယ်။

အခုနေရတဲ့ နေရာမှာ နှင်းတွေတကယ်ကျတဲ့အခါ အပြင်ထွက်ရတိုင်း ငယ်ထိပ်ကနေ ခြေဖနောင့်အထိ အထပ်ထပ် ဖုံးအုပ် စီးနှောင်ထားရပါတယ်။ မြင်မြင်သမျှ နှင်းတွေကဖွေး၊ မိုးလေးပါရွာ၊ သည်ကြားထဲမှာ လေလာပြီဆိုမှဖြင့် အညာသားမှာ နေရာမရှိပါ။

မုံရွာနဲ့ မန္တလေးမှာသာ ကြီးပြင်းခဲ့သူ ၁၉၇၂-၇၃ မှာ အလုပ်သင်ဆရာဝန်အဖြစ် မေမြို့စစ်ဆေးရုံမှာတာဝန်ကျတယ်။ နိုဝင်္ဘာလမှာ စတယ်။ စစ်ဆေးရုံထဲက တိုက်ပျက်တခုထဲမှာ ဆေးမန်းကအတူတူအောင်ခဲ့သူတစု စုနေကြတယ်။ ရေချိုးဖို့ဆိုတာ ကျွန်တော်တို့ကြားမှာ တပင်ရွှေထီး စစ်သားရွေးသလို။ အတော်ကို သတ္တိကောင်းရတယ်။

၁၉၉ဝ ခုနှစ်က အခုလိုဒီဇင်္ဘာလထဲမှာ ချင်းတောင်ကြီးကို ခြေလျှင်ဖြတ်ကျော်ခဲ့ရတာကို မမေ့နိုင်ပါ။ တောင်တွေပေါ်မှာ စီးဆင်းနေတဲ့ ချောင်းလေးတွေကို အခါခါဖြတ်ကြရတာ။ ခြေတလှမ်းချတိုင်း ရေထဲကခြေထောက်ကို အမြန်ဆုံး ပြန်နုတ်ယူရတယ်။ ရေက ကြည်နေပေမဲ့ အေးကိုက်နေတာပဲ။ အိပ်စက်ရတာက တောထဲမှာ။ မိုးက တဖျောက်ဖျောက် ကျနေ၊ မြေကြီးက စိုထိုင်း၊ မီးဖိုစရာ သစ်ကိုင်းခြောက် ရှာမရ။ မီးလှုံချိန်ကလည်း မရပါ။ အိပ်ပြီး ဝေလီဝေလင်း ခရီးပြင်းဆက်ရတယ်။ နောက်မှာက ဂျီသရီးလိုက်တာကို မှန်းသိကြတယ်။ အထဲမှာအပူ၊ အပြင်မှာအအေး၊ အတွေးက အဝေး၊ ရှေ့ခရီးကား အလွန်ဝေး။

ကျွန်တော်တို့ အခုလိုရက် လမ်းတဝက်ကျိုးကြပြီ။ မြန်မာပြည်သူတွေ အေးချမ်းကြပါစေ။

ဒေါက်တာတင့်ဆွေ
၁၈-၁၂-၂ဝ၁၈
၁၈-၁၂-၂၀၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး