IF အကယ်၍

ဒီဘာသာပြန်ကဗျာကို လူအတော်များများ ဖတ်ပြီးသားဖြစ်မှာသိပါတယ်။ ပြည်ပနိုင်ငံရေးလုပ်ရတဲ့ကာလအတွင်း အစောပိုင်းနှစ်တွေကတည်းက ထင်ရှားပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေရဲ့ အဆောင်လို ဖြစ်ခဲ့ပါတယ်။ ဒီကဗျာကို ကျွန်တော့် အဟောင်းဆုံးဒေါ့ကူမင့်ဖိုင်တွဲကနေ ပြန်ရှာရတာ အကြောင်းရှိလို့ပါ။ အခုပဲ ဖေ့စ်ဘွတ်မှာ တယောက်တင်ထားတယ်။ စာရိုက်တာမှာ သတ်ပုံက စစ်အစိုးရ ထုတ်သတ်ပုံစာအုပ်အတိုင်း (တစ်) တွေ ဖြစ်နေလို့ပါ။ မူရင်းဘာသာပြန်က သည်လိုဖြစ်ပါတယ်။ အဲဒီခေတ်က အင်ဂျင်းနဲ့ ဝင်း-မြန်မာဖေါင့်သာရှိသေးလို့ ဖေါင့်ပြန်ပြောင်းလိုက်ရပါတယ်။

အကယ်၍
မင်းအသိုင်းအဝိုင်းက တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ မင်းကြောင့်လို့  ဝိုင်းဝန်းအပြစ်တင်ကြတဲ့အခါ
မင်းဟာ ခေါင်းအေးအေးနဲ့  ရင်ဆိုင်နိုင်မယ်ဆိုရင်

အကယ်၍
အားလုံးက မင်းကို မယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ကို နားလည်စွာခွင့်လွှတ်ရင်းနဲ့ 
မင်းကိုယ်မင်း ယုံကြည်မှုအပြည့် ရှိမယ်ဆိုရင်

အကယ်၍
စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောမပန်း နေနိုင်မယ်ဆိုရင်

ဒါမှမဟုတ်
မင်းရဲ့ အကြောင်း မဟုတ်တရား မုသားစကား ကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူးဆိုရင်

ဒါမှမဟုတ်
မင်းကို လူတကာက ဝိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းကလည်း အမုန်းတွေ ပြန်မပွားဘူးဆိုရင်

အကယ်၍
စိတ်ကူးယဉ်အိမ်မက်တွေဟာ မင်းအပေါ်မလွှမ်းမိုးစေဘဲ
စိတ်ကူးယဉ်နိုင်မယ်ဆိုရင်
ပြီးတော့ အတွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာမဖြစ်စေဘဲ တွေးခေါ်နိုင်မယ်ဆိုရင်

အကယ်၍
အောင်မြင်မှုသုခနဲ့  ဆုံးရှုံးမှု ဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံတရားတွေပါကလားရယ်လို့ 
ခံယူထားနိုင်မယ်ဆိုရင်

အကယ်၍
မင်းရဲ့ အမှန်စကားတွေကို
လူလိမ်လူညစ်တွေက လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင်ညစ်တဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့  နာကြားနိုင်မယ်ဆိုရင်

အကယ်၍
မင်းဘဝတခုလုံးပေးပြီး
အရိပ်တကြည့်ကြည့်နဲ့ ဖြည့်ဆည်းခဲ့ရတဲ့ အရာတခုကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်မှာ
အင်မတန်မှသေးငယ်တဲ့ တန်ဆာပလာအရာရာနဲ့ 
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်

အကယ်၍
မင်းနိုင်ခဲ့သမျှ တွေအားလုံးဟာ
ကြွေတလှည့် ကြက်တခုန်ပမာ
တလှည့်တခါထဲနဲ့ ဆုံးရှုံးသွားခဲ့ရင်
ပြီးတော့ အစကနေ ပြန်စနိုင်မယ်ဆိုရင်
ပြီးတော့တခါ ဆိုးလှတဲ့ကံကြမ္မာရယ်လို့ 
ဘယ်သောအခါမှ ညည်းငြူမနေဘူးဆိုရင်

အကယ်၍
သူများတကာတွေလုယှုပြီးသွားကြလို့ 
အချိန်အတော်ကြာမှ မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတယောက်ထဲနဲ့ ဘဲ
အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားနိုင်မယ်ဆိုရင်
အဲသည်လိုဘဲ
မင်းမှာ စိတ်အင်အားကလွဲလို့  ဘာဆိုဘာမှမရှိတော့တဲ့အခါ
အဲဒီ စိတ်အင်အားကို ခိုင်မာစွာနဲ့ 
ဆက်လက် ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင်

အကယ်၍
လူတွေနဲ့ ထိတွေ့ ဆက်ဆံ ပြောဆိုရတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိမ်းနိုင်မယ်ဆိုရင်
ဒါမှမဟုတ် မင်းဧကရာဇ်တွေနဲ့အတူ လမ်းလျှောက်နေရပေမယ့်
မာန်မာနသွေး မကြွဘူးဆိုရင်

အကယ်၍
ရန်သူကဖြစ်စေ မိတ်ဆွေကဖြစ်စေ
မင်းကို သိပ်ပြီးနာကျည်းအောင် မလုပ်နိုင်စေရင်

အကယ်၍
လူတိုင်းကို တန်ဖိုးထား လေးစားရပေမယ့်
စွဲလန်းမှုသံယောဇဉ်တွေ ထားမနေဘူးဆိုရင်

အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တမိနစ်အတွင်းမှာ
အဓိပ္ပါယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ်အဖြစ်
အသုံးချနိုင်မယ်ဆိုရင်

ငါ့သားရေ
မင်းဟာ
အရာရာရှိတဲ့ အရာရာဖြစ်တဲ့ ကမ္ဘာကြီးကိုချုပ်ကိုင်လို့ 
အရာရာဘာမဆို မင်းစွမ်းနိုင်ပြီပေါ့
အဲဒီတော့ မင်းဟာလည်း
ယောက်ျားကောင်းတယောက်ပေဘဲပေါ့ ။   ။

Rudyard Kipling ရေးသာပြီး ဒေါ်အောင်ဆန်းစုကြည်က မြန်မာဘာသာပြန်ထားတဲ့ကဗျာဖြစ်ပါတယ်။ (ဂျိုးဇက် ရောဒယပ် ကစ်ပလင်း) (၁၈၆၅-၁၉၃၆)  ဆိုတာ အင်္ဂလိပ် ဂျာနယ်လစ်၊ ကဗျာဆရာနဲ့ ဝတ္ထုရေးဆရာတဦး ဖြစ်တယ်။ သူရေးခဲ့တာတွေထဲမှာ Mandalay (1890) မန္တလေးဝတ္ထုတိုလည်း ပါတယ်။ ကလေးစာပေတွေလည်း ရေးခဲ့တယ်။

If by Rudyard Kipling, Read By Michael Caine https://www.youtube.com/watch?v=drBIhnATwuc

ဒေါက်တာတင့်ဆွေ
၂ဝ-၈-၂ဝ၁၆
ကဗျာရေးသူရဲ့နာမည်အသံထွက်မှန် https://www.youtube.com/watch?v=Or6IV0sU07A

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ