Healthy Babies ကိုယ်ဝန်ဆောင်နဲ့ ကလေးတွေအကြောင်း

၃၁-၇-၂ဝ၁၅ နေ့က အမေရိကန်ပြည်ထောင်စု၊ အင်ဒီယာနာပြည်နယ်၊ အင်ဒီယာနာပိုးလစ်မြို့မှာကျင်းပတဲ့ အင်ဒီယာနာပိုးလစ် ကျန်းမာသောကလေးများခေါင်းစဉ်နဲ့ဆွေးနွေးပွဲမှာ စကားပြောရတယ်။

ဒီကိုရောက်နေတဲ့ ချင်းကိုယ်ဝန်ဆောင်နဲ့ကလေးတွေအကြောင်းတော့ ဒီကပညာရှင်တွေနဲ့ ချင်းကွန်မြူနတီ ခေါင်းဆောင်တွေက ပြောကြပါတယ်။ သူနာပြု ချင်းအမျိုးသမီးနှစ်ယောက်နဲ့ ကျန်းမာရေးဌာနဝန်ထမ်း ချင်းအမျိုးသမီး တယောက်နဲ့ ရခိုင်အမျိုးသားတယောက်တို့လည်းတက်ရောက်ကြတယ်။ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု၊ မီးဖွါးခြင်းနဲ့ ကလေးသေဆုံးမှု၊ အလေးချိန်နည်းမွေးတာ၊ စောမွေးတာနဲ့ မိခင်နို့တိုက်တာတွေကို ကိန်းဂဏန်းတွေနဲ့ပြတယ်။ ကလေးကိုမိခင်တွေက နို့တိုက်နှုန်းကလွဲရင် တခြားလူမျိုးကိုယ်ဝန်တွေထက် နိမ့်ကျနေတာတွေ့ရတယ်။

ကျွန်တော်ကတော့ ပြည်တွင်းဆရာဝန်လုပ်ရတုံးကနဲ့ ပြည်ပမှာမြန်မာဒုက္ခသည်တွေရဲ့ ကျန်းမာရေးအတွေ့အကြုံတွေကို ပြောတာပါ။ ပြည်တွင်းက မြန်မာကိုယ်ဝန်ဆောင်တွေနဲ့ ပြည်ပမှာ ချင်းကိုယ်ဝန်ဆောင်တွေ မမွေးခင်၊ မွေးစဉ်နဲ့ မွေးပြီး ကြုံတွေ့ရတာတွေကို နှိုင်းယှဉ်ပြီးပြောပါတယ်။ ပြည်တွင်းမြန်မာလူမျိုးကိုယ်ဝန်စောင့်ရှောက်မှုနဲ့ ချင်းအမျိုးသမီး ကိုယ်ဝန် စောင့်ရှောက်မှုမတူပါ။ ဒါ့ပြင် နိုင်ငံတကာ ဆေးသုတေသနတွေထဲမှာ ပါတာတွေနဲ့လည်းကွဲပြားတယ်။

သုတေသနလုပ်ချိန်နဲ့ လုပ်စရာလိုအပ်ချက်တွေ မပြည့်စုံပေမယ့် သိသာတဲ့ခြားနားမှုတွေရှိတာကို ပြောပါတယ်။ မြန်မာ အမျိုးသမီးတွေက နို့နာပေါက်တာများပြီး ချင်းအမျိုးသမီးတွေကနည်းတယ်။ မြန်မာလူမျိုးတွေထဲမှာ အူကျတာနဲ့ မုတ်ရောဂါ များသလောက် ချင်းကလေးတွေမှာ မများပါ။ ဒါပေမယ့် ပန်းငုံတာနဲ့ အပျိုမှေးလုံးဝပိတ်တာ ပိုများတယ်။

ဒေလီမှာ ရိုးရိုးမွေးပေးနိုင်တာများတယ်လို့ပြောတော့ ဆွေးနွေးပွဲတက်တဲ့ အမေရိကန်သားဖွါးအထူးကုဆရာဝန်တဦး (သူက မြန်မာပြည်ကို တခေါက်ရောက်ဖူးတယ်) ကမေးလို့ ဘာကြောင့် ခွဲမွေးနည်းသလည်းကို ရှင်းပြရသေးတယ်။ ဆရာဝန်က စိတ်ရှည်၊ သီးခံပြီး၊ အချိန်ပိုပေးရတယ်။ စိုးရိမ်စရာတွေကိုသိပေမယ့် တာဝန်ယူလုပ်ပေးရတယ်။ အထောက်အကူနည်းတွေ လုပ်ပေးရတယ်။ လူနာတွေကိုယ်တိုင်ကလည်း စိတ်ရှည်သီးခံပြီး၊ ဆရာဝန်ဆုံးဖြတ်ချက်ကို အားကိုးကြတယ်လို့ ဖြေခဲ့ပါတယ်။

ဒေါက်တာတင့်ဆွေ
၃၁-၇-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ