Experience လူသစ်များသို့ပေးစာ (၁)

နိုင်ငံရေးထဲမှာ ထဲထဲဝင်ဝင်လုပ်မှသာ နိုင်ငံရေးအတွေ့အကြုံရတာမဟုတ်ပါ။ ကျွန်တော်မွေးတဲ့အချိန်မှာ မြန်မာပြည် လွတ်လပ်ရေးရတာက လပိုင်းသာရှိသေးတယ်။ ပုလဲမြို့နယ်တောင်ဖက်အစွန် တောင်ယမားဘေးက မင်းရွာဆိုတဲ့ ရွာကလေးမှာ မွေးတယ်။ ငါးနှစ်သားအထိသာ ရွာမှာနေရပေမယ့် အမှတ်ထင်ထင်ရှိတာတွေက သူပုန်နဲ့ ဓါးပြဖြစ်ပါတယ်။ အဲတာကြောင့်လည်း တမိသားစုလုံးမုံရွာကို အပြီးရွှေ့ရတာပါ။ နောက်ထပ်လည်း အပြီးဆိုတာတွေက ဆရာဝန်အလုပ်က အပြီးထွက်ရတာ၊ မြန်မာပြည်ကနေအပြီးထွက်ရတာ၊ နိုင်ငံတခုကနေ နောက်တိုင်းပြည်တခုကို အပြီးထွက်ရတာအပါအဝင် တသက်တာမှာ အပြီးဆိုတာတွေ ထပ်ထပ်လာပါတယ်။

မြန်မာပြည်မှာ ပြည်တွင်းစစ်ဖြစ်နေတယ်လို့ နောင်နှစ်ပေါင်းလေးဆယ်ကျော်မှ လုပ်ဖေါ်ကိုင်ဖက်တွေကပြောတာ ကြားရပေမယ့် ဝေါဟာရသာမဟုတ်တဲ့ တကယ့်သူပုန်ဆိုတာက မွေးကတည်းကတွေ့ရတာပါ။ ရွာမှာနေရတုံးက သူပုန်တွေက ကျွန်တော့်မိဘအိမ်မှာပဲ လာပြီးတည်းခိုကြတယ်။ အစိုးရတပ်လာလည်း အိမ်မှာပဲတည်းပါတယ်။ နဖူးတွေ့ဒူးတွေ့သာမကပါ ရေစက်ပါတယ်လို့ပြောရမယ်။ နောင်နှစ်ပေါင်းလေးဆယ်အကြာမှာပါပဲ အစိုးရကသူပုန်လို့ သတ်မှတ်ထားတဲ့ အဖွဲ့အစည်းတွေနဲ့ အတူအိပ်အတူစား နှစ်တွေအများကြီးနေရပါတယ်။

အထက်တန်းကျောင်းသားဘဝမှာ အပြင်စာတွေဖတ်ဖြစ်ပါတယ်။ လက်ဝဲအယူအဆလွှမ်းမိုးတဲ့စာတွေချည်းသာရှိတယ်။ စာ၊ ကဗျာ၊ အနုပညာမှာလည်း လက်ဝဲများတယ်။ ဖဆပလအစိုးရရဲ့ ကွန်မြူနစ်ဆန့်ကျင်ရေးတွေက စာထဲမှာသာမကပါ၊ အခမဲ့ လမ်းတကာ ရွာတကာလှည့်ပြတဲ့ ကွန်မြူနစ်ဆန့်ကျင်ရေး လူထုအောင်သံရုပ်ရှင်ဆိုရင် မှတ်မိသလောက် ငါးခါကြည့်ဘူးတယ်။ ဝန်ကြီးချုပ် ဦးနုရေးတာပါ။ စာဆိုတော့ ဖတ်စရာမို့ဖတ်တယ်။ ရုပ်ရှင်ဆိုတော့ ကြည့်စရာမို့ ကြည့်တယ်။ သူပုန်ဆိုတာတော့ ဆန်းတယ်မထင်မိပါ။ မြန်မာပြည်ကသူပုန်သာမက အိမ်နီးချင်းတိုင်းပြည်က သူပုန်တွေက ဒုက္ခပေးတာလည်း မခံရဘူးပါ။

မကြာပါ မြန်မာ့ဆိုရှယ်လစ်တက်လာတယ်။ အဲတာကကြာတယ်၊ ၂၆ နှစ်ပါ။ နေရာတိုင်းမှာ ဆိုရှယ်မှ မလစ်ရင် နေမဖြစ်သလောက်ပဲ။ အထက်တန်းကျောင်းသားဘဝမှာ ဆိုရှယ်လစ်လောကနိဗ္ဗာန်ပါတဲ့ သစ္စာအဓိဌာန်ကို နေ့တိုင်း ရွတ်ရတယ်။ ဆေးကျောင်းသားဘဝမှာတော့ ဆိုရှယ်လစ်ခေတ်ဆိုတာ ရှားပါးတာလို့သာတွေ့ပါတယ်။ တက္ကသိုလ် တက်ကြမယ့် ကျောင်းသားတွေကို ပုဆိုး၊ ဆပ်ပြာ၊ သွားတိုက်ဆေးဝယ်ခွင့်ပေးတာသိတယ်။ ဆေးစာအုပ်တွေဝယ်မရတာ သိတယ်။ ဆေးကျောင်းမဂ္ဂဇင်းထုတ်တော့ ကျွန်တော်က မျက်နှာဖုံးပန်းချီဆွဲရတဲ့အခါ ၁၉၇၃ မဆလ ပါတီညီလာခံကို ကြိုဆိုတဲ့အနေနဲ့ ပါတီလိုဂိုတခုပါ ထည့်ဆွဲခိုင်းလို့ ဒီဇိုင်းပါဆွဲပေးရတာသိတယ်။

ဆရာဝန်အလုပ်ရတော့ ရောက်တဲ့အရပ်မှာ တချို့ပါတီကောင်စီလူကြီးတွေနဲ့ သိပ်မစေးမကပ်ပါ။ ကျွန်တော်က ပါတီဝင် လျှောက်လွှာကို နှစ်အတော်ကြာမှာ တင်တော့တင်သေးတယ်။ မုံရွာမှာလို့ထင်တယ်။ လျှောက်လွှာမကျပါ။ ဒါပေမယ့် ၁၉၈၈ မှာတော့ တပ်တွင်းပညာပေးသင်တန်းထဲမှာ ပါသွားတယ်။ နောက်ဆုံးအသုတ်၊ မန္တလေးနန်တွင်းမှာပါ။ အဲဒီတုံးက ကုတင်ချင်း ကပ်နေခဲ့ရတဲ့ ဗိုလ်ကြီးတယောက်ကို (နဝတ) က အာဏာသိမ်းတော့ သူက ပုလဲမှာတာဝန်ကျလို့ ပြန်တွေ့ရတယ်။ ရွှေကျောင်းဆရာတော်ရှေ့မှာ ရပ်မိရပ်ဖတွေနဲ့တွေ့တော့ ပစ္စတိုကိုသူ့ရှေ့မှာချထားပြီး စကားပြောတာကို သတိထားမိတယ်။ မကြာပါ သူလည်း မဲသဝေါတိုက်ပွဲမှာ ကျသွားရှာတယ်။ နောက်ငါးနှစ်အကြာ အဲဒီမဲသဝေါနားက မာနယ်ပလောကို ကျွန်တော်ပါရောက်ရလိမ့်မယ်မှန်း ကြိုမမြင်ခဲ့ပါ။ ၁၉၉၅ မာနယ်မလောမကျခင်မှာ သုံးခေါက် ရောက်ပါတယ်။ ရုံးခေါင်းရင်းမှာ ဗုံးခိုကျင်းရှိတယ်။

မဆလပြုတ်ကျပြီးစ တပ်တွင်းပညာပေးသင်တန်းက ဆရာမတယောက်နဲ့ ရန်ကုန် ကုန်တိုက် (၁) မှာ သွားဆုံတော့ ဘယ်လိုစကားမျိုးပြောမိကြသလည်း ကောင်းကောင်းမမှတ်မိတော့ပါ။ မဆလ ကေဒါနည်းပြဆရာမ စိတ်ဓါတ်တွေ ထွေပြားနေတာတော့သိတယ်။ ကျွန်တော်ကတော့ ဘာရယ်လို့မဟုတ်ပါ။ NLD လည်းမရှိသေးပါ။

NLD ပါတီဖွဲ့လိုက်တာနဲ့ ကျွန်တော် ဆုံးဖြတ်ချက်ချပြီးသာဖြစ်နေပြီ။ အာဏာသိမ်းအစိုးရက အစိုးရဝန်ထမ်းတွေ နိုင်ငံရေးလုပ်ချင်ရင် အစိုးရအလုပ်ကထွက်ဆိုတာကို အခွင့်အလမ်းလို့မှတ်ယူလိုက်ပါတယ်။ ရန်ကုန်ဆင်းပြီး လျှောက်လွှာတင်တော့ တပါတ်တည်းနဲ့ ၁၅ နှစ်တာလုပ်နေခဲ့တဲ့ အစိုးရဆရာဝန်ဘဝကနေ အပြီးအပိုင်ထွက်ခွင့် ရပါတော့တယ်။ အဲသည်ကတည်းက နိုင်ငံရေးလုပ်တဲ့သူဘဝကို တရားဝင်ရလာပါတော့တယ်။ အဲတာလည်း အပြီးအပိုင်တခုပါပဲ။

၁၉၉ဝ ရွေးကောက်ပွဲဝင်ခဲ့တာကိုတော့ အလျဉ်းသင့်တဲ့အခါရေးထားပြီးမို့ ဒီစာမှာထည့်မရေးတော့ပါ။

ရွေးကောက်ပွဲရလဒ် ထွက်ပြီးကတည်းက အမတ်တွေအပေါ်ပေးတဲ့ဖိအားတွေက ဒေါင့်အစုံကနေလာတယ်။ ဘုန်းကြီးတွေနဲ့ ကျောင်းသားတွေက ထိပ်ဆုံးကပါ။ ကျွန်တော်တို့လည်း တတ်နိုင်တာတော့လုပ်ကြပါတယ်။ ဘယ်သွားသွား အရိပ်လိုလိုက်နေမယ့် ထောက်လှမ်းရေးနဲ့ သတင်းပေးတွေ ရှိနေမှန်းသိကြပါတယ်။ မတတ်နိုင်ပါ။ အသက်ကိုဖက်နဲ့ထုပ်ထားရသလိုပါပဲ။ ဆရာတော်ဦးရေဝတနဲ့ရော NLD က ဦးမောင်ကိုနဲ့ပါ ပြောဆိုဆွေးနွေးရဘူးတယ်။ နှစ်ဦးစလုံး ကံဆိုးကြတယ်။ ထောင်ထဲမှာပဲ ညှဉ်းဆဲပြီးအသတ်ခံကြရတယ်။ နောက်ဆုံးတော့ ကျွန်တော်လည်း ဝါးရမ်းပြေးနဲ့ ပြည်ပြေး ဖြစ်ရပါတော့တယ်။

ငယ်ကတည်းက လက်ဝဲသမားတွေရေးတာလည်း ဖတ်တယ်။ လူလားမြောက်ရာ ချင်းတွင်းမြစ်အနောက်ဖက်မှာ အလံနီခေါ်တဲ့ သခင်စိုးအဖွဲ့က ကြီးစိုးပါတယ်။ မဆလခေတ်မှာ အညမညကို သင်ယူရတယ်။ ဆိုဗီယက်နဲ့ အန်ကယ်ဆမ်တို့ စစ်ခင်းနေချိန်မှာ ဆယ်တန်းအောင်ပါတယ်။ အမေရိကန်သမတတွေရဲ့ အတ္တုပတ္တိတွေလည်း ဖတ်ဖြစ်ပါတယ်။ အဲဒီအိုဒီယောလော်ဂျီတွေအောက်မှာ နစ်ဝင်မသွားခဲ့ပါ။ ဆန့်ကျင်ရေးသမားလည်း မဟုတ်ပါ။

ဒီစာမှာ ကောက်ချက်ပေးချင်တာက တောမှာမွေးဖွါး၊ မောင်ကျောင်းသား၊ ဆေးကျောင်းသားနဲ့ ဆရာဝန်၊ NLD ပါတီဝင်၊ ရွေးကောက်ပွဲဝင်ခဲ့သူ ကျွန်တော့်ဘဝနောက်ခံမျိုးနဲ့ တူသူတွေ အများကြီးရှိမှာပါ။ အသက် ၄ဝ အရွယ်မှာတော့ အဲလို အခြေခံတူကြသူတွေမှာ မတူတာတွေဖြစ်လာကြပါတယ်။ အားလုံးဟာ လူထုဖြစ်တယ်။

၂ဝ၁၅ ရွေးကောက်ပွဲမှာ လူဟောင်းတွေနဲ့အတူ ဇာတ်ဆောင်သစ်တွေ (သရုပ်ဆောင်မဟုတ်ပါ) အများကြီး ပေါ်ထွက်လာကြပြီ။ သူတို့အားလုံးကို အားပေးချင်လို့ ဒီစာလေးရေးတာပါ။ သူတို့ရေးတာတွေကိုလည်း နောက်လူအသစ်အသစ်တွေက ဖတ်ကြရပါလိမ့်မယ်။

သင်္ခန်းစာဆိုတာ ကိုယ်ယူတတ်မှရတယ်လို့ ပြောကြတယ်။ ကျွန်တော်ပြောချင်တာက ဘေးဝတ်ဝန်ကျင်၊ ဖတ်တဲ့စာ၊ ပေါင်းသင်းရသူတွေ ဘယ်လိုများများ၊ ဘယ်လိုမတူငြားလည်း ယူသင့်တာကိုသာယူပါ။ စိုက်လိုက်မတ်တတ်လုပ်ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ