ကိုယ်ပိုင်သတ်ပုံ

ကျွန်တော်က သတ်ပုံစာလေးတွေ အများကြီးရေးပါတယ်။ အရင်က ဘယ်လိုရေးခဲ့တယ်။ အခုဘယ်လို ရေးနေကြတယ် ဆိုတာကိုသာ အကိုးအကားနဲ့ ထောက်ပြပါတယ်။ ကိုယ်ပိုင်သတ်ပုံဆိုတာ တခုမှမရှိပါ။

သတ်ပုံစာအောက်မှာ ကိုယ်ပိုင်အမြင်တွေ ရေးလာကြတယ်။ တချို့က ကြံဖန်ပြီးပြောကြတယ်။ မြန်မာစာလုံးစစ်ရင် တလုံးချင်း အဓိပ္ပါယ်ရှိတယ်ဆိုတာ အမြဲ မမှန်ပါ။ ရေးထုံးကျမ်းတွေကို ကိုးကားရပါတယ်။

မြန်မာစာမှာ သိပ္ပံလို ပုံသေနည်းချထာကလည်း နေရာတိုင်းမှာ မမှန်ပါ။ ဥပမာ ရေတွက်လို့ရရင် တစ်၊ မ နောက်ဘဲလိုက် ဆိုတာ အတော်များများမှာ မှန်ပေမယ့် နေရာတိုင်းမှာ မမှန်ပါ။

တခြားဘာသာတခုကနေယူပြီး မြန်မာလိုရေးရင် အသံထွက်အနီးစပ်ဆုံးဖြစ်သင့်ပါတယ်။ အဲတာမျိုးကို မူကွဲပေမယ့် မှားတယ်လို့ မပြောနိုင်ပါ။ ဥပမာ ဇန်နဝါရီ၊ ဇန္နဝါရီ၊ ဂျန်နဝါရီ။ အာထွာဆောင်းကို အာထွာစောင်းလို့ရေးရင်တော့ မှားတယ်။

အရင်ကမှန်နေခဲ့တာကို အဆန်းထွင်ပြီးပြောင်းတာမျိုးက မဖြစ်သင့်ပါ။ ဥပမာ တ နဲ့ တစ်။ မှားတယ်။

အရေးအသားဟာ ခေတ်အရပြောင်းတယ်။ ပိုပြီးလွယ်ကူရှင်းလင်းအောင် ပြောင်းရတာဖြစ်တယ်။ ပါဠိတွေ သက္ကတတွေ နည်းလာတယ်။ ထပ်ဆင့်တွေနည်းလာတယ်။ ဥပမာ မိုဃ်း၊ ၍့၊ ၏့၊ ကျမ္မာရေး၊ စွဲး၊ စဲး၊ ထဲး၊ ဆြာ၊ မင်းသ္မီး၊ မိုဃ်း၊ မဲးဇာ၊ မှု့၊ ယ္ခင်၊ မြမ္မာ၊ သ္ခင်၊ သဲး၊ ဥူး၊ ဧး။

မြန်မာစာဆိုတာ ဖီလော်ဆော်ဖီလို စဉ်းစားတွေးခေါ်ရတာနဲ့ မတူပါ။ အများက ဦးလို့ရေးတာကို တောင်မြို့ ဆရာတော်ကြီးက ဥူးလို့ရေးတယ်။ ဆရာတော်ကြီးစာအုပ်ကို သတ်ပုံပြင်မထုတ်သင့်ပါ။ လူအများက ပုဂံလို့ရေးပေမယ့် ဒေါက်တာသန်းထွန်းက ပုကံလို့ရေးထားတာကို သွားမပြင်သင့်ပါ။ အဲလို တော်တတ်ထူးချွန်သူတွေ ဖေ့စ်ဘွတ်မှာတော့ ရှိမယ်မထင်ပါ။ ကိုယ်ပိုင်သတ်ပုံတွေ သည်းခံကြပါရန်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ