ဒါးဋီကာ

ကွန်မင့်တခုရတယ်။ ဆရာက မန္တလေးဆေးကျောင်းမှာ တက်သွားတာဆိုတော့ ဒါးတန်းရေခဲစက် ဆိုင်းဘုတ် တွေ့ဘူးမယ်ထင်ပါတယ် ဒါးလို့ရေးထားတာပါ တဲ့။


မန္တလေး ဒါးတန်းမှာ သူငယ်ချင်းတွေ နေတယ်။ မြို့မငြိမ်းရေးတဲ့ ကသစ်ပန်းသီချင်းကို အကော်ဒီယံမောင်သန့်၊ ဒါးတန်းဦးသန့် ဦးစီးတဲ့ တီးဝိုင်းနဲ့ ဓာတ်ပြားသွင်းခဲ့တယ်။ 


နောက်ကွန်မင့်တခုလည်းရတယ်။ စိန်ဒါးမြှောင်က အမှန်လား စိန်ဓားမြှောင်က အမှန်လားဆရာခင်ဗျာ။ စာရေးသူက ပုံပါ စာကိုယ်သူကိုယ်တိုင်တင်ပြီး ဓားကိုယ်သုံးသွားလို့ပါဆရာခင်ဗျာ တဲ့။


ဒါး နဲ့ ဓါး မူကွဲသတ်ပုံဖြစ်ပါတယ်။


၁၉၆၂ ခုနှစ်မှာ ဗခကနေဝင်းက ဆန္ဒပြကျောင်းသားတွေကို ဒါးကို ဒါးချင်း လှံကို လှံချင်းလို့ ကြိမ်းတယ်။ မင်းဆွေရေးတဲ့ မူရင်းစာအုပ်မှာ ဒါး။ စစ်အစိုးရခေတ်မှာ ထပ်ထုတ်တော့ဓါး။ မြန်မာစာသည် နီးရာဒါး ကြောက်ရ၏။


ရမည်းသင်းမြို့နယ်ထဲက ရွာတရွာမှာ မီးရထားဘူတာရှိတယ်။ ရွှေဓါးလား၊ ရွှေဒါးလား မသိသေးပါ။


ကျောင်းကုန်းမြို့နယ်မှာ ဒါးကမြစ်

အမ်းမြို့နယ်မှာ ဒါးလက်ရွာ

ဂုပ်တိပါဒါး မီးရထားဘူတာရုံ

ရွှေဒါး မဟာဗောဓိ၊ မန္တလေး

စစ်သင်တန်းကျောင်းတွေမှာ ငွေဒါး (ငွေဓါး) ဆုပေးတယ်။


ဗမာ့ဒါးနဲ့ တိုင်းတပါးသားကို ခုတ်ခဲ့တယ်။ မြန်မာ့ဓါးနဲ့ မြန်မာစာကို ခုတ်ခဲ့တယ်။ ကျွန်တော်ကတော့ ခွဲစိတ်ဒါးနဲ့ ဝေဒနာကို ခုတ်ခဲ့တယ်။


ဒေါက်တာတင့်ဆွေ

၁၄-၈-၂၀၂၀


Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး