Vitamins and memory ဗီတာမင်တွေက မှတ်ဥာဏ်တိုးစေနိုင်သလား

၁။ စိတ်ညစ်စရာတွေများပြီး အခု ကျွန်တော့် ဦးနှောက်က ပုံမှန် အကြောင်းအရာတွေတောင် စဉ်းစား ပြီးမှ ပြောလို့ရတယ် ဆရာ။ ဥပမာ လူနာမည်တို့ အရင်က ကျက်ဖူးထားတဲ့ English meaning တို့က အခုမေ့ကုန်တယ်ဆရာ။ မနေ့က အကြောင်းကို ဒီနေ့လိုကျရင် သိပ်မမှတ်မိချင်ဘူးဆရာ။ မနည်းစဉ်းစားနေရတယ်။ ကျွန်တော့် ဦးနှောက် ကြောင်သွားပြီလား မသိဘူး။ ဆရာ ကူညီပါဦးဗျာ။

၂။ ဆရာ သမီးက အသက် ၃၈ နှစ်ရှိပါပြီ။ သတိအရမ်းမေ့တတ်လို့ ဆေးညွှန်းပေးပါအုံးရှင့်။

ဗီတာမင်တွေနဲ့ ဓါတ်ဆားတွေကို ဆယ်စုနှစ်နဲ့ သောက်ခဲ့ကြတဲ့လူကြီးတွေမှာ Memory test မှတ်ဥာဏ်-စမ်းသပ်မှု လုပ်ကြည့်တော့ ပိုကောင်းကြတာကို ပြင်သစ်မှာတွေ့လာရတယ်။ အသက်ကြီးလာသူတွေဟာ အစားအစာ လုံလောက် + ပြည့်စုံအောင်စားသုံတော့ စဉ်းစားမှုနဲ့ မှတ်ဥာဏ်အတွက် ပိုကောင်းမယ်ဆိုတာ ဒိထက်ကျယ်ပြန့်တဲ့ လေ့လာမှုတွေတော့ လိုပါသေးတယ်။

UK နိုင်ငံ Aberdeen (အဘာဒင်) တက္ကသိုလ်က အာဟာရပညာရှင် Geraldine McNeill ကပြောတာက အဆန်းကြီးတော့ မဟုတ်ပါ။ လူတိုင်း သောက်သင့်ပါတယ်တဲ့။

ပြောခဲ့တဲ့သုတေသနမှာ မပါခဲ့သူ McNeill ပြောတာက Vitamins ဗီတာမင် နဲ့ Minerals ဓါတ်ဆား နည်းနေသူတွေ အတွက် ကတော့ မှတ်ဥာဏ် တိုးစေနိုင်ပါတယ်တဲ့။ စစ်တမ်းလုပ်ရာမှာပါခဲ့တဲ့ ပြင်သစ်နိုင်ငံ Paris XIII (အဌမ ပဲရစ်) တက္ကသိုလ်က (မီမင်နူရယ် ကက်ဆေး-ဂူယွတ်) ပြောတာကတော့ အရင်ကလည်း အစာအာဟာရ ကောင်းမွန် ပြည့်စုံတာနဲ့ စဉ်းစားမှု နဲ့ မှတ်ဥာဏ် ဆက်စပ်နေတာကို သိထားပြီးသားပါ။ ဒါပေမဲ့ အကြောင်းနဲ့အကျိုး ဆက်စပ်မှုသာ မသိခဲ့တာ။

မေးစရာတခုကတော့ အာဟာရအပေါ် စဉ်းစား-တွေးခေါ်မှုကမှီတည်သလား၊ ပြောင်းပြန်လား။ သေခြာတာ အသိပညာ-အတွေးအမြင် ကောင်းသူတွေက အစားအစာကိုလဲ ကောင်းမွန်တာ ရွေးတတ်တယ်လို့ သူကပဲဆက်ပြောပါတယ်။

သူတို့အဖွဲ့က ပြင်သစ်နိုင်ငံသူ နိုင်ငံသားပေါင်း ၄၅ဝဝ လောက်ကို စမ်းသပ်ခဲ့တာပါ။ ၁၉၉၄ ကတည်းက အစမ်းသပ်ခံမဲ့သူတွေကို အုပ်စု ၂ ခုခွဲပြီး တစုကို နေ့တိုင်း Vitamins C and E, Selenium, Zinc နဲ့ beta-carotene တွေကို ၈ နှစ်တာ တိုက်ကျွေးခဲ့တယ်။ ကျန်တအုပ်စုကိုတော့ Placebo pill ခေါ်တဲ့ အဲလို အာဟာရဓါတ်မပါတဲ့ ဆေးကိုသာ ပေးခဲ့တယ်။ ကာယကံရှင်တွေဟာ သူတို့ သောက်တဲ့ဆေးက ဗီတာမင်ဆေး အတုလား အစစ်လား မသိကြပါ။ ၈ နှစ်ကြာတော့ သူတို့ သောက်ချင်တာကိုသာ သောက်စေခဲ့တယ်။ နောက် ၆ နှစ်အကြာမှာ ဓါတ်ခွဲခန်းကို ပြန်ခေါ်ပြီး Memory tests တူညီတဲ့ မှတ်ဥာဏ်စမ်းသပ်မှုတွေ လုပ်ပါတယ်။ ရေရှည်မှတ်ဥာဏ်ပြိုင်ပွဲမှာ ဗီတာမင်ဆေး အစစ်ပေးခဲ့သူတွေက အနိုင်ရရှိတာ တွေ့ရတယ်။

စစ်ဆေးမှုတွေကို နည်းမျိုးစုံနဲ့ အသေအခြာ လုပ်ခဲ့တာပါလို့ American Journal of Clinical Nutrition မှာ ရေးသားထားပါတယ်။ တွေ့ရှိချက်တွေဟာ မျှတကောင်းမွန်တဲ့ Antioxidant nutrients အဆိပ်အတောက် ဖယ်ပေးတဲ့ အာဟာရ-ဆေးတွေကို Nutritional doses သင့်လျှော်တဲ့အဆ ပေးပြီးစမ်းတာ ဖြစ်ပြီး၊ Cognitive performance အသိတရားဆိုင်ရာအလုပ်၊ အထူးသဖြင့် Verbal memory မှတ်ဥာဏ်အတွက် တကယ်အကျိုးဖြစ်စေတာ ဖြစ်ပါတယ်။

McNeill ကပြောတကလဲ စမ်းသပ်ခံလူတွေဟာ သူတို့ဖါသာသူတို့လဲ အသီးဖျော်ရည် သောက်ရာကနေ Vitamin C ရမယ်၊ Plant oil အသီအနှံဆီတမျိုးမျိုးကနေ Vitamin E ရကြပါလိမ့်မယ်။ အပိုဆောင်းဆေးသောက်ဘို့ ကျမအတွက်ကတော့ မဖြစ်မှ သောက်မှာပါတဲ့။

Boston Tufts University က အာဟာရသုတေသနပညာရှင် Barbara Shukitt-Hale ပြောတာက ဗီတာမင်တွေဟာ မှတ်ဉာဏ်အတွက်ကောင်းတယ်။ ပိုအရေးကြီးတာက ဦးနှောက်ဉာဏ်သန်နေစေဘို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ စားသုံးဘို့နဲ့ လူကတက်ကြွနေဘို့ပါဘဲ။

1. MCI လူကြီးရောဂါ တခု https://doctortintswe.blogspot.com/2016/10/mci.html
2. Memory loss သတိမေ့ခြင်း https://doctortintswe.blogspot.com/2015/03/memory-loss.html
3. Tonics အားဆေး https://doctortintswe.blogspot.com/2014/11/tonics.html
4. Vitamins ဗီတာမင် အေ ဘီ စီ အီး ကေ https://doctortintswe.blogspot.com/2015/04/vitamin.html

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး