Hydrocele မုတ်ရောဂါ

၁။ ဆရာရှင့် ကျွန်မသားလေး က အသက် ၁ နှစ်နဲ့ ၉လ ရှိပါပီကန်တော့ပါနော် ဆရာ ကျွန်မသားလေး ဝှေးစေ့ တလုံးက နဲနဲလေး ကြီးလာသလို ဖြစ်တယ်လို့ စိတ်ထဲ ထင်မိ၍ ကလေးဆေးရုံကို သွားပြခဲ့ပါတယ်မပြခင် ၅ ရက်လောက်က အိမ်မှာ သားလေး ဆော့နေရင်း ချော်လဲခဲ့ပါတယ် အဲ့ဒါနဲ့လည်း သက်ဆိုင်မယ် ထင်သောကြောင့် ဆရာဝန်ကို အကျိုးအကြောင်း စုံလွင်စွာ ပြောပြပါတယ် ဆရာဝန်က သားသားလေး ဝှေးစေ့ကို စမ်းသပ်ပီး အရည်အိတ် ရှိနေတာလို့ ပြောပါတယ်ဆရာကလေး ခွဲစိတ်ဆရာဝန်နဲ့ ထပ်မံပြဆိုရန် ဆေးစာ ရေးပေးပါတယ်ဒီလို အရည်အိတ် ရှိခြင်းဟာ အန္တရာယ် ရှိမရှိနဲ့ အကယ်၍ ခွဲထုတ်လိုက်မည် ဆိုရင်ရော သားလေး ခံနိုင်ရည် ရှိ မရှိ သိလိုပါတယ်ဆရာခွဲထုတ်ပီးရင်ရော အရည်က ပြန်တည် လာနိုင်ပါသလားရှင်သားလေး အသက်ကြီးလာရင်ရော ပြန်ဖြစ်လာနိုင်သလား သိချင်ပါတယ် ဆရာ ခွဲစိတ်ဆရာဝန်နဲ့က ရက်ချိန်း မရောက်သေး၍ မပြရသေးလို့ပါရှင်သားလေးက ဆော့ချိန်/စားချိန်/အိပ်ချိန် အားလုံးပုံမှန်ပါ ရွှင်ရွှင်ပျပျလည်း ရှိပါတယ်ဒီလို အရည်အိတ် တည်ခြင်းဟာ ဘယ်လို ဂရုစိုက် ကာကွယ်မှု လိုအပ်သောကြောင့် ဖြစ်လာရတယ် ဆိုတာလည်း သိလိုပါတယ်ဆရာရှင့်ဆရာ့၏ အကြံဥာဏ်နှင့် ကုသရန် နည်းလမ်းများ ရယူလိုပါ၍ ဆေးမှတ်တမ်းများ ပူးတွဲ၍ ပေးပို့ပါတယ်ရှင့်။ (အင်္ဂလိပ်လို ဒေါ့တွေကို ဖျက်လိုက်ရတယ်။)

၂။ မင်္ဂလာပါဆရာ မီးကိုယ်ဝန်နဲ့ထဲက ဆရာကိုမေးခွန်းတွေအများကြီးမေးဖူးပါတယ်ဆရာ။ ဖြေပေးတဲ့အတိုင်း လိုက်နာပါတယ်ဆရာ။ 7.3.2016  မှာသားလေးကိုခွဲမွေးပါတယ်။ ကျမ္မာရေးလဲကောင်းပါတယ်။ အခုကလေးက  ၁ လနဲ့ ၁၂ ရက်ပါဆရာ။ ကန်တော့ပါတယ်ဆရာ သားလေးကမွေးကထဲကသူ့ဂွေးစေ့ကကြီးနေတယ်ဆရာ။ ဒီတိုင်းထားလို့ အဆင်ပြေလား။ ဘာလုပ်သင့်လဲလို့ အားရင်ဆရာနည်းလမ်းလေးပြောပေးပါလား။ သားလေးပုံပါတင်ပေးလိုက်တယ်ဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ။ ဆရာကိုမေးတဲ့သူတွေအားလုံးရဲ့ကိုယ်စားလည်း ကျေးဇူးတွေအများကြီးတင်ပါတယ်။ ဆရာတို့ မိသားစုအားလုံး ကိုယ်ကောစိတ်ပါ ကျမ္မာချမ်းသာကြပါစေလို့ ဆုတောင်းပေးပါတယ်ဆရာ။ (မီးကိုယ်ဝန်လို့ မရေးသင့်ပါ။)

၃။ ဆရာ ကျွန်မ တူလေးက ခု ၁ နှစ်နဲ့ ၁ လပါ။ ခု သူ့ရဲ့ ကပ္ပါယ်အိတ်လေးတဖက်က ဖောင်းနေပါတယ်။ ရေအိတ်လို့တော့ ပြောတယ်ဆရာ။ ကလေးကနာတဲ့ပုံတော့မရှိပါဘူး။ ဒါပေမဲ့ အဲ့ဒါလေးစဖောင်းတယ်လို့သိသိချင်းမှာ ကိုယ်ပူပြီးတော့ တပတ်လောက်ဖျားတယ်။ ခုတလောကလေးကသိပ်မလန်းသလိုဖြစ်နေတယ်ဆရာ။ အဲ့ဒီ့ရေအိတ်ကို မခွဲပဲသက်သာမဲ့နည်း မရှိဘူးလားဆရာ။ ခုအသက်အရွယ်မှာခွဲရင် ကလေးခံနိုင်ပါ့မလားဆရာ။

၎။ ဆရာရှင့် ကျမသားလေးက အသက် ၁ နှစ်နဲ့ ၈ လပါ။ ကန်တော့ပါဆရာ သူရဲ့ဝှေးစေ့လေးက တလုံးတည်း ကြီးနေသလို ဖြစ်နေပါတယ်။ အဲလို ဖြစ်တတ်ပါသလားဆရာ။ ဘာဖြစ်လို့လဲဆိုတာ ဖြေပေးပါအုံးရှင့်။ ပုံပါအတိုင်း ဖြစ်နေတာပါဆရာ။

မုတ်ရောဂါကို ဆေးစာမှာ Hydrocele ဟိုက်ဒရိုဆီးလ်ခေါ်တယ်။ Processus vaginalis နဲ့ Patent processus vaginalis လို့ အခေါ်မျိုးထပ်ရှိသေးသလို မြန်မာလိုလဲ မုတ်ရောဂါ၊ မုတ္တရောဂါ၊ (ကန်တော့ပါ) ဘောကြီးတာလို့လဲ ခေါ်ကြတယ်။ အဖြစ် အတော်များပါတယ်။ မွေးကလေးတွေမှာလဲ မနည်းလှပါ။ ကျွန်တော့် လက်ရှိဆေးခန်းလေးတခုမှာ တတ်သိပညာ မနေသာဆိုသလို ခွဲစိတ်တာလေးတွေ တတ်အားသမျှလုပ်ပေးပြီး (ကြွားချင်ချင်လဲ ရှိတာမို့) ဘလော့ခ်နဲ့ ‘ဖေ့စ်ဘွတ်မှာ ပုံလေးတွေတင်ပါတယ်။ ခွဲစိတ်ခန်းဝတ်စုံနဲ့ ခွဲနေတဲ့ပုံတွေ့တိုင်း အထင်တော် မကြီးကြပါနဲ့ ဆရာဝန်တိုင်း လက်တွေ့ ခွဲတာစိတ်တာလုပ်ရရင် ဒီရောဂါနဲ့ စကြရတာများတယ်။ ဒီရောဂါနဲ့ ဖိုင်မိုးဆစ်ခေါ်တဲ့ ပန်းငုံတာ နှစ်မျိုးက ခွဲရတာလွယ်လို့ဖြစ်တယ်။ နောက်ဆက်တွဲ ဖြစ်စရာတွေကလဲ စိုးရိမ်စရာနည်းတယ်။

ယောက်ျားအစိ ခေါ်တဲ့ တက်စတိစ် ဟာ သန္ဓေသားဘဝတုံးက ဝမ်းဗိုက်ထဲမှာစဖြစ်လာပြီး မွေးကာနီးမှ ကပ်ပယ်အိတ်ခေါ် ဆခရိုတမ်ထဲ ဆင်းလာတယ်။ ဆင်းလမ်းပိတ်မသွားရင် အရည်အောင်းတာဖြစ်လာလို့ မုတ်ရောဂါဖြစ်စေတယ်။ ဟိုက်ဒရို ဆိုတာက ရေ ဖြစ်ပြီး ဆီးလ်ဆိုတာက အိတ်။ ရေအိတ်လို့ ပြောတာပါ။ အူကျတာနဲ့လဲ တချို့မှာ တွဲဖြစ်သေးတယ်။ ကလေးငယ်လေးတွေမှာဖြစ်ရင် မစိုးရိမ်ပါနဲ့ အလိုလိုပျောက်ပါမယ်။

အသက်ရလာမှ ဖြစ်တာမျိုးက ကျားအစိကိုဖုံးပေးထားတဲ့အိတ်ထဲမှာ ရှိနေရမဲ့ အရည်ပါးပါးလေးက ရှိသင့်တာထက် များမျာလာလို့ဖြစ်တယ်။ ဘာလို့ အဲလိုများလာလဲ မပြောတတ်ပါ။ ကျားအစေ့ နဲ့ အကြောရောင်ရမ်းရာကနေလဲ အရည်များပြီး ဆက်ဖြစ်နိုင်တယ်။

အမှောင်ခန်းထဲမှာ မီးပုလွေလို ပိုက်လေးတဖက်ကနေ ကြီးနေတဲ့မုတ်ကိုထောက်ထားပြီး မုတ်တဖက်ကနေ လက်နှိပ်မီး အလင်းရောင်ထိုးထားရင် အလင်းကိုကောင်းကောင်းမြင်နိုင်တယ်။ အရည်ကကြည်နေလို့ပါ။ မကြည်ရင်တော့ တမျိုး ဖြစ်နေလို့ဖြစ်နိုင်တယ်။ ဆန်ဆေးရည်လိုလို၊ နွားနို့ရောင်လိုလို နောက်နေမယ်။ အလင်းရောင်ဖြတ်သန်းဘို့ခက်တယ်။ ကင်ဆာဆို အဲလိုနေမယ်။ နောက်ပြီး Wuchereria bancrofti or Brugia malayi ပိုးကနေဖြစ်ပြီး ခြင်ကတဆင့်ကူးတဲ့ ဆင်ခြေထောက်လိုရောဂါဖြစ်ရင်လဲ အဲလိုဘဲ။

ဖြစ်နေရင် အရွယ်အစားကြီးနေမယ်။ မနာဘူး။ အစိပါလိုက်ကြီးနေမယ်။ တဖက်ထဲရော နှစ်ဖက်လုံးပါဖြစ်နိုင်တယ်။ လူကို ဘာမှ အန္တရာယ်မပေးပါ။ ကြီးနေလို့ အနေရခက်မယ်။ သူများတွေက ပြောင်လှောင်မယ်။ အဝတ်အစား ခက်မယ်။ အုန်းသီး လောက်ကြီးလဲ မခွဲဘဲနေနိုင်ပါမယ်။

လေ့လာဆန်းစစ်မှုမှာ ၁၉၉၈ ကတည်းက ကလေး ၁၇၄ ယောက်ကို လေ့လာစောင့်ကြည့်ခဲ့တယ်။ ကလေးအားလုံးက ၁၈ လအရွယ်မှာ ကပ်ပယ်အိပ်ကြီးနေပြီး၊ ၁၆၈ ယောက်က ၁၂ ကတည်းကဖြစ်တယ်။ ၃၇ ပါတ်ထက် စောမွေးတဲ့ကလေးက ၃၂ ယောက်ပါတယ်။ ၁၁ ယောက်က ၃၂ ပါတ်နဲ့မွေးခဲ့တယ်။ ကလေး ၁၂ဝ မှာ ဘက်နှစ်ခုလုံးက ကြီးနေကြတယ်။

ကလေး ၁၁ဝ ကို စောင့်ကြည့်တယ်။ ၆၉ ယောက် (၆၂့၇%) က ပျမ်းမျှ ၁၁့၇ လမှာ ခွဲစိတ်တာမလုပ်ပဲ ပျောက်သွားကြတယ်။ ၄၁ ယောက် (၃၇့၃%) ကို ပျမ်းမျှ ၁၄ လမှာခွဲစိတ်ပေးရတယ်။ ခွဲရတာတွေက အရွယ်အစား ကြီးကြီးလာလို့နဲ့ အူကျတာပါတွဲနေလို့ဖြစ်တယ်။ ၆ ယောက်မှာ ဟာနီယာခေါ်တဲ့ အူကျတာပါတွဲနေတယ်။ အလိုလိုပျောက်တဲ့ကလေး ၂ ယောက်မှာ နောင်ကြတော့ အူကျတာနဲ့တွဲပြီး မုတ်ရောဂါပြန်ဖြစ်လာတယ်။ ကလေး ၆၄ ယောက်မှာ ကြီးနေတဲ့မုတ်ရောဂါအရွယ်အစား သေးလာတာတွေ့ရတယ်။

မြန်မာပြည်မှာ အတော်အဖြစ်များတယ်။ ကျွန်တော် အထဲမှာနေရတုံးက ဒီရောဂါလူနာပေါင်း ဘယ်နှစ်ယောက်ခွဲခဲ့ရသလဲ ရေတွက်မထားပါ။ ရာဂဏန်းရှိနိုင်တယ်။ ဆေးရုံမှာ ဆရာဝန်ဘာခွဲတာလဲ စပ်စုကြလို့ ဒီရောဂါကို ခဏခဏ ခွဲရဖန် များတာလဲသိလို့ ထပ်ပြီး ကန်တော့လိုပြောပါရစေ၊ လဥဆရာတဲ့။ လက်ဦးဆရာ၊ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ၊ မိနှင့်ဖ ဆိုတဲ့ အသုံးကိုယူပြီး ပြောကြတာပေါ့။

ခွဲစိတ်ပြုပြင်နည်းမှာ မခွဲတဲ့နည်းနဲ့ ခွဲနည်းရှိတယ်။ အမှန်က ခွဲမှသာ ပျောက်ပါမယ်။ မခွဲတဲ့နည်းတွေ စမ်းခဲ့ကြတယ်။ စုပ်ထုတ်တာက ခဏပဲ။ ထပ်ပြီးကြီးလာမယ်။ စုပ်ထုတ်ပြီး ဆေးတမျိုးမျိုး ဥပမာ အိုင်အိုဒင်းဆေး ထိုးထည့်ပေးနည်။ အရွယ်အစားမကြီးရင် ရတယ်။ ကြီးနေတာဆိုရင် ခွဲမှသာပျောက်တယ်။

ခွဲနည်းကို Hydrocelectomy ခေါ်တဲ့ အရည်ထွက်ရာပင်ရင်း အိတ်ကို ဖြတ်ထုတ်နည်းသုံးတယ်။ သမာရိုးကျနည်းက အရည်တွေကိုထွက်စေပြီး အရည်အိတ်ကို ပြောင်းပြန်လှန်ချုပ်ပေးတယ်။ အရည်ထွက်ရာ မျက်နှာပြင်က အပြင်မှာမို့ အရည်အောင်းစရာ အိတ်ရယ်လို့မရှိတော့ဘဲ ထွက်သမျှကို စုပ်ယူနေလို့ ထပ်မဖြစ်တော့ပါ။ အဲတာကို Radical cure အပြီးအပိုင်ကုသနည်းလို့ ခေါ်လေ့ရှိတယ်။ ခွဲစိတ်နည်းရဲ့ ပင်ရင်းနာမည်က ခပ်ဆန်းဆန်းမို့ စာမေးပွဲအတွက်သာ မှတ်ထားရတယ်။ Jaboulay procedure ကို ဂျပိုးလေးလို့သာ ပြောင်ခေါ်ကြတယ်။

စာအစမှာရေးခဲ့သလို မြန်မာပြည်မှာ အဖြစ်များတယ်ဆိုပေမဲ့ အိန္ဒိယကိုရောက်နေတဲ့ မြန်မာပြည်ကလူတွေထဲမှာ ချင်းပြည်နယ်ကလာသူက ၉ဝ% ရှိတယ်။ သူတို့အထဲမှာတော့ မြန်မာပြည်ထဲကလူတွေလောက် အဖြစ်မများတာ သတိထားမိတယ်။ ချင်းကလေးတွေမှာ အဖြစ်အများဆုံးက Phimosis ပန်းငုံတာ။ ဗမာတွေထက် နှစ်ဆမက များတာ တွေ့ရတယ်။ ခပ်ဆန်းဆန်းဘဲ၊ ချင်းမွေးကာစ မိန်းကလေးတွေ Imperforate hymen ဗဂျိုင်းနား အပေါက်မပါတာလဲ ဒီမှာ များများတွေ့တယ်။

ဒါကြောင့် ဘယ်အရာကိုဖြစ်ဖြစ် ကောက်ချက်ချတာ စိတ်မစောသင့်ပါ။ ကိုယ့်ရှေ့မှာ တွေ့တာတခုထဲကြည့်ပြီး ဒါက ဒီလိုဆိုလိုက်ရင် မမှန်ဘူး။ တခြားနေရာမှာ ဒါကဟိုလိုဖြစ်နေနိုင်တယ်။ အတွေ့အကြုံများလေလေ ကောင်းလေလေ။ ဒေါင့်စုံကကြည့်နိုင်လေလေ အမှန်နဲ့ နီးစပ်လေ။ ပညာစုံ ကုံလုံပြည့်ဝကြပါစေ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး