Tuesday, August 30, 2016

ယသော်ဓရာအား ပူဇော်ခြင်း




ချစ်သခင်သည်
လောကီငြိုငြင်၊ တောဝင်မွေ့ပျော်
လျော်တေညစ်ညမ်း၊ ဖန်ရည်စွန်းသော
ဆင်မြန်းဝတ်ရုံ၊ ဆိုတုံကြားရ
သည်ခဏမှာ၊ နုလှချောညက်
အိစက်ညံ့ထွေး၊ သိုးမွေးကတ္တီပါ
ဆင်မြဲစွတ်လွှတ်၊ ဖန်ရည်ဝတ်ခဲ့။

ချစ်သခင်သည်
မြင်းပြတ်ညောင်စောင်း၊ မလျောင်းမစက်
ပြေထက်မွေ့လျော်၊ ရှိသော်ကြားရ
သည်ခဏမှာ၊ ပန်းမွေ့ယာကျင်း
ကော်ဇောခင်းဖြန့်၊ ညံ့သက်နုလွ
ခြူးကြွကြာရံ၊ သဉ္စာစွန့်လျက်
မြေ၌စက်ခဲ့။

ချစ်သခင်သည်
တနေ့တာမှ၊ တခါမျှသာ
အစာမှီဝဲ၊ ခြိုးခြံမြဲတဲ့
ကြားခဲ့သည်က၊ ချိုမြခဲဖွယ်
ပွဲတော်ထူးထူး၊ ဆီဦးထောပတ်
တပ်မက်စွန့်ပစ်၊ သစ်သီးသစ်ရွက်
တရက်တခါ၊ မှီဝဲလာခဲ့
ဘယ်မှာနှိုင်းဆ၊ တုမရသော
ယသော်ဓရာ၊ မေတ္တာဘုရား။

ကိုယ့်ဘုရားကို ဝပ်တွားပူဇော်လိုက်ပါ၏။ (လူထုစိန်ဝင်း)

ကျွန်တော့်မှတ်ချက်
ဒီပင်္ကရာဘုရားရှင်လက်ထက်မှာ ရမ္မာဝတီပြည်သူပြည်သားတွေဟာ ဘုရားရှင်နဲ့တကွ သံဃာတော်တွေကြွလာရာလမ်းကို သုတ်သင်ရှင်းလင်း ပြင်ဆင်ကြတယ်။ သုမေဓာရသေ့နဲ့ သုမိတ္တာအမျိုးသမီးတို့လည်း ပါဝင်ခဲ့ကြတယ်။ သုမိတ္တာက ကြာပန်းရှစ်ခိုင်ကု ယူလာပြီး၊ ငါးခိုင်ကို သုမေဓာရသေ့ကိုလှူတယ်။ ရသေ့မြတ်ကတော့ သူ့ကိုယ်ခန္ဓာပေါ်မှာ ဘုရားရှင်နဲ့ ရဟန်းတော်တွေကို နင်းလျှောက်စေပြီး ဘုရားဆုပန်လိုက်တယ်။ သုမိတ္တာက ကြာသုံးခိုင်ကိုလှူပြီး၊ ရှင်ရသေ့နဲ့ ဘဝဆက်တိုင်းပေါင်းဆုံပါရစေသားလို့ ဆုပန်တယ်။ ဒီပင်္ကရာမြတ်စွာဘုရားက ဗျာဒိတ်စကား မိန့်ကြားတော်မူတယ်။ သူတို့နှစ်ဦးဟာ ဘဝပေါင်းများစွာအဆုံးမှာ သိဒတ္ထမင်းသားနဲ့ ယသော်ဓယာဒေဝီရယ်လို့ ဖြစ်လာကြတယ်။

လူထုစိန်ဝင်းက တအမှန်သတ်ပုံကို တစ်အကြံအဖန်လုပ်ဘဲ ဝပ်တွားပူဇော်တဲ့ကဗျာရေးခဲ့ပါတယ်။

ဒေါက်တာတင့်ဆွေ
Photo from Nay Thukha

Monday, August 29, 2016

Out of the EQ and IQ အီးကျူ-အိုင်ကျူ ဘောင်အပြင်ကနေပြောခြင်း

အရင်တခါ IQ နဲ့ EQ အကြောင်းတင်တော့ ကိုယ့်အမြင် ကိုယ့်ယူဆချက်တွေရေးလာကြတယ်။ IQ နဲ့ EQ ဝေါဟာရ အသုံးဟာ တီထွင်ကြတဲ့ ပညာရှင်တွေရဲ့ မူပိုင်စကားဖြစ်ပြီး မူပိုင်စံတွေရှိပါတယ်။ လူတွေရဲ့ဉာဏ်ရည်ကို သိပ္ပံနည်းကျ ပြောတာတွေဖြစ်တယ်။ အဲဒီစာထဲမှာ ကျွန်တော့်အမြင်အာဘော် ထည့်မထားပါ။ တချို့က ကျွန်တော့်ကို IQ ဖက်က ရေးသလိုထင်ကြတယ်။ တချို့က သူတို့သန်တာကြိုက်တာကို ရေးလာကြတယ်။ ကျွန်တော်ရေးတာက လူတိုင်းကိုယ်စီမှာ IQ ရော EQ ပါရှိနေတာပါ။ ကြိုက်တာတခုတည်းရွေးရှိတာ မဟုတ်ပါ။

IQ နဲ့ EQ အကြောင်းပြောကြရင် သူ့မူဘောင်နဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်အောက်ကနေသာ ပြောရမှာပါ။ ကနေ့မြန်မာ့ နိုင်ငံရေးမှာ ဒီမိုကရေစီဖြစ်ဖြစ်၊ လူ့အခွင့်အရေးဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးဖြစ်ဖြစ်၊ ပြည်ထောင်စုမူဖြစ်ဖြစ်ပြောရင် ၂ဝဝ၈ ဖွဲ့စည်းပုံကို ကျော်ပြောလို့သာရသလောက်ပေမဲ့ လုပ်လို့ မရသေးသလိုပါပဲ။

IQ, EQ ခွဲပြောတာ ဟုတ်ပါ့မလား။ လူတွေရဲ့ဉာဏ်ရည်ကိုပြောရင်တော့ IQ နဲ့ EQ ကနေကျော် ပြောရပါတော့မယ်။ လူတဦးရဲ့ဉာဏ်ရည်နဲ့ အောင်မြင်မှုကို နှိုင်းယှဉ်ပြောကြတယ်။ ဘာကတော်လို့၊ ဘာကကောင်းလို့ဖြစ်တယ်။

CEO လို စီးပွါးရေးလုပ်ငန်းတွေမှာ ဦးဆောင်တွေကိုတမျိုး၊ နိုင်ငံရေးခေါင်းဆောင်တွေကိုတမျိုး တွက်ရပါမယ်။ နိုင်ငံရေးမှာ ဉာဏ်နဲ့မဆိုင်ဘူးပြောရမလား။ တခြားအချက်အလက်တွေကြောင့် ထိပ်ရောက်တာမျိုးရှိတယ်။ ဂျာမဏီမှာ ဟစ်တလာဟာ လိုအပ်ချက်အရ အောက်နားကနေ ထိပ်ရောက်လာတာ။ ဦးနုဟာ ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရလို့ ဝန်ကြီးချုပ်ဖြစ်တယ်။ အဲတာကြောင့် ရာဇပလ္လင် ဖင်ကပ်ပါလာတာလို့ ပြောခဲ့ကြတယ်။ (သူ့အရည်အချင်းနဲ့သူလည်း ရှိပါတယ်။) မြောက်ကိုရီးယားခေါင်းဆောင်ကတော့ မိဘအရှိန်အဝါနဲ့သာ နေရာရလာတာပါ။ FIFA ဥက္ကဋ္ဌဟောင်းကိုလည်းကြည့်ပါ။ အဲတာတွေက IQ, EQ နဲ့ ဆိုင်ပါ့မလား။

EQ ဆိုတာ စိတ်လှုပ်ရှားမှုနဲ့ဆိုင်တယ်။ ကိုယ့်စိတ်လှုပ်ရှားမှုကို မျိုသိပ်ထိန်းချုပ်နိုင်စွမ်းနဲ့ သူများတွေရဲ့ စိတ်လှုပ်ရှားမှုကို သိပြီး အသုံးချနိုင်စွမ်းရှိသူဟာ EQ မြင့်သူဖြစ်တယ်။ မျက်ရည်ကျစေအာင်၊ ပြုံးရွှင်ရယ်မောစေအောင် ပြောဆို ရေးဖွဲ့တာမျိုး လုပ်ပြီး စိတ်လှုပ်ရှားမှုဖြစ်လာသူတွေအပေါ် အနိုင်ယူနိုင်စွမ်းကလည်း EQ ပဲလား။ တက်နေတဲ့ အစိုးရနဲ့ ထောက်ခံသူတွေကို အမြင်ကပ်အောင်၊ ဘာသာရေးအမုန်းတရားပွါးအောင် လုပ်ပေးသူတွေကတော့ EQ ကို ကောင်းကောင်း အသုံးချနေတာလား။

EQ ကိုလည်း တယောက်တမျိုးရေးကြတယ်။ ကျွန်တော်လည်း တမျိုးရေးမယ်။ Emotional Intelligence (EQ) မှာ Emotional quotient (EQ) စိတ်လှုပ်ရှားမှုမပါရင်တော့ EQ မဟုတ်တော့ပါ။

သိပ္ပံနည်းနဲ့ တိုင်းတာနိုင်တာတွေရှိသလို ကံဇာတာ၊ စန်း၊ လာဘ်ဆိုတာလည်း ရှိပါသေးတယ်။ စိတ်ရင်းစေတနာလည်း ရှိတယ်။

ဒေါက်တာတင့်ဆွေ
၁၇-၅-၂ဝ၁၆
၂၉-၈-၂ဝ၁၆

EQ and IQ အီးကျူ အိုင်ကျူ


ကျွန်တော့်ပို့စ်တခု = Brain size ဦးနှောက်ကြီးသလား

ကွန်မင့် (၁) = Kyaw Kyaw - ဥာဏ်အရည်အသွေးကို ဦးဏှောက်လေးတာ ပေါ့တာနှင့် နှိုင်းယှဉ်လို့ရပါလားဆရာ။
ကွန်မင့် (၂) = Chan Naing - Is weight of brain really important?

တိုက်ဆိုင်မှုပေါ့။ စောစောကပဲ၊ စင်္ကာပူမှာ ဇီကာဗိုင်းရပ်စ်ကူးစက်တဲ့သတင်းတင်လိုက်တယ်။ ဇီကာကူးစက်ခံနေရတဲ့ ကိုယ်ဝန်ကနေ ဦးနှောက်သေးတဲ့ကလေး မွေးတတ်တယ်။ ဦးနှောက်သေးရင် ဉာဏ်ရည်မမီဘူး။ လူစဉ်မမီဘူး။ မွေးရာပါဦးနှောက်ရောဂါတွေထဲမှာ ဦးနှောက်ထဲကအရည် ရှိသင့်တာထက်များနေရင် ခေါင်းကြီးနေမယ်။ အဲတာကနေလည်း ဉာဏ်ရည်မမီ၊ လူစဉ်မမီဖြစ်နိုင်တယ်။

ဉာဏ်ရည်အကြောင်းရေးပါမယ်။ IQ ကို ၁၈၈၃ ခုနှစ်မှာ Francis Galton ရေးသားတဲ့ Inquiries into Human Faculty and Its Development ကနေစတင်ခဲ့တယ်။ IQ (Intelligence quotient) ဆိုတာ စံသတ်မှတ်ထားတဲ့အတိုင်း စစ်ဆေးတဲ့အခါ ရရှိတဲ့အမှတ်တွေကိုခေါ်တယ်။ ဉာဏ်ကောင်းတာကိုဖေါ်ပြတယ်။ စိတ်ပိုင်းဆိုင်ရာရင်ဆိုင်စရာ (ချဲလင့်) တွေကို ဘယ်လိုကျော်လွှားနိုင်သလည်းဆိုတဲ့ အရည်အသွေး ဖြစ်တယ်။

EQ (Emotional Intelligence) သို့မဟုတ် (Emotional quotient) ဆိုတာ တစုံတခုကို အဲတာဘာလည်းဆိုတာ ဖေါ်ပြတတ်မှု၊ အဲတာကို သုံးသပ်တတ်မှုနဲ့ ထိန်းသိမ်းတတ်မှုအရည်အသွေးတွေဖြစ်ပြီး၊ အဲသည်အတိုင်း ထုတ်ဖေါ်မယ်။ ခေါင်းဆောင်နေရာကို ထိုက်ထိုက်တန်တန်ရရှိသူတွေဟာ EQ မြင့်ကြတယ်။ EQ ကို ၁၉၈၅ တုန်းက Wayne Payne ရဲ့ ပါရဂူဘွဲ့ယူစာတမ်း A Study of Emotion: Developing Emotional Intelligence ကနေစတင်ပြီး လူသိများလာတယ်။

EQ မြင့်သူတွေဟာ လုပ်ငန်းမှာအောင်မြင်သူတွေဖြစ်ကြတယ်။ ခေါင်းဆောင်မှုကောင်းသူဖြစ်တယ်။ အထက်ကိုလည်း သိတယ်။ အသင်းသားအဖွဲ့ဝင်တွေအကြောင်းကိုလည်းသိတယ်။ EQ ဆိုတာ စိတ်လှုပ်ရှားမှုနဲ့အတူ ဆင်ခြင်မှုနဲ့ တွေးခေါ်မှုကို တိုးတက်စေအောင် သက်ရောက်စေတဲ့ စိတ်လှုပ်ရှားမှု ဖြစ်တယ်။ EQ မြင့်သူဆိုတာ သူ့စိတ်လှုပ်ရှားမှုကို ထိန်းသိမ်းနိုင်ကြတယ်။ သူ့စိတ်လှုပ်ရှားမှုကိုလည်း တွေးခေါ်မှု၊ သူ့စိတ်လှုပ်ရှားမှုကို နားလည်နိုင်စွမ်းနဲ့ သူများတွေရဲ့ စိတ်လှုပ်ရှားမှုကို သိရှိနိုင်စွမ်းဖြစ်တယ်။ တနည်းအားဖြင့် သူ့စိတ်လှုပ်ရှားမှုတွေကို ထိန်ထားနိုင်ပြီး သူများတွေနဲ့ ဆက်ဆံရေး ထူထောင်နိုင်စွမ်းလည်းဖြစ်တယ်။

IQ ဆိုတာ သင်ယူနိုင်စွမ်း၊ နားလည်နိုင်စွမ်း၊ ရလာတဲ့သတင်းအချက်အလက်တွေကို အသုံးချနိုင်စွမ်းတွေကို တိုင်းတာတာ ဖြစ်တယ်။ ယုတ္တိကျကျတွေးတောဆင်ခြင်နိုင်ခြင်းဖြစ်တယ်။ ဂဏန်းသင်္ချာမှာလည်း ခြုံငုံသိနိုင်ခြင်းဖြစ်တယ်။ IQ မြင့်သူဟာ စိတ္တဇဆန်ဆန် (ဆုပ်ကိုင်မရတာမျိုး) တွေးတတ်တယ်။ ယေဘုယျချတတ်ပြီး၊ ဆက်စပ်တွေးတောနိုင်သူဖြစ်တယ်။

IQ နဲ့ EQ ဘယ်ဟာ ပိုအရေးပါသလည်း
အယူအဆ မတူတာတွေရှိတယ်။ IQ ကောင်းရင် ကျောင်းမှာ အမှတ်ကောင်းကောင်းရမယ်။ EQ ကောင်းမှသာ ဘဝမှာ အမှတ်ကောင်းတယ်တဲ့။ IQ ကောင်းမှာသာ EQ လည်း ကောင်းနိုင်တယ်လို့ ပြောတယ်။ သုတေသနပြုမှုတခု အဆိုအရ IQ ဟာ အလုပ်မှာစွမ်းဆောင်ရည် ၁၄% ကျော်ရတယ်။ EQ က ၁% ထက်နည်းတယ်။

EQ မြင့်သူတွေဟာ ယေဘုယျပြောရရင် အသင်းလိုက်လုပ်ဆောင်မှုမှာ ပိုတော်ကြတယ်။ ဝန်ဆောင်မှုပိုကြတယ်။ အစပျိုးလုပ်ဆောင်မှုရှိတယ်။ အဲတာကြောင့် စီးပွါးရေးလုပ်ငန်းကြီးတွေမှာ အဲတာမျိုးကိုလိုချင်ကြတယ်။

EQ တိုင်းတာနည်းက ဓမ္မဓိဌာန်ကျတယ်။ Mayer-Salovey-Caruso Emotional Intelligence Test ကိုသုံးတယ်။ Emotion-based problem-solving questions စိတ်လှုပ်ရှားမှုတွေနဲ့ဆက်စပ်နေတဲ့ ပြဿနာအဖြေရှာနည်းတွေ မေးတယ်။ ရမှတ်က စမ်းသပ်ခံသူရဲ့ စိတ်လှုပ်ရှားမှုနဲ့ဆက်နေတဲ့ ဆင်ခြင်နိုင်စွမ်းဖြစ်တယ်။ Goleman's model မော်ဒယ်ကတော့ စိတ်လှုပ်ရှားမှုမှာ ပြည့်စုံခြင်း (ခိုင်မာခြင်း) ကိုတိုင်းတယ်။ ဒီမော်ဒယ်မှာ Emotional Competency Inventory နဲ့ Emotional Intelligence Appraisal နည်း ၂ ခုရှိတယ်။

IQ tests နည်းကို ပညာရေးနဲ့ စိတ်ပညာနယ်ပယ်တွေမှာသုံးတယ်။ IQ testing ကိုလည်း ပိုပြီးဓမ္မဓိဌာန်ကျအောင် လုပ်လာတယ်။ Stanford-Binet test နည်းဟာ ပဌမဆုံးဖြစ်တယ်။ စမ်းသပ်ခံသူရဲ့ Mental age စိတ်သက်ကို သိမယ်။ စိတ်သက်ကို သူ့အသက်နဲ့စားပြီး  ၁ဝဝ နဲ့မြှောက်တယ်။ အမေရိကန်စိတ်ပညာရှင် David Wechsler ကနေ IQ tests သုံးခုတီထွင်ထားတယ်။ ကျောင်းမဝင်ခင်ကလေးတွေနဲ့ မူလတန်းကလေးတွေအတွက်၊ ကလေးအကြီးတွေအတွက်နဲ့ လူကြီးတွေအတွက်။ Woodcock-Johnson Test of Cognitive Abilities နည်းလည်းရှိတယ်။

EQ နည်းရော IQ နည်းမှာပါ အငြင်းပွါးစရာတွေ မလွတ်ပါ။

မေးခွန်းတွေမကြာခဏလာတယ်။ မွေးလာမယ့်ကလေးဉာဏ်ကောင်းချင်တဲ့ ကိုယ်ဝန်ဆောင်တွေ၊ ကလေးမိဘတွေက မေးကြတယ်။ ဉာဏ်ကောင်းဆေးရှိလားတဲ့။ အဲလိုဆေးမရှိပါ။ ကြော်ငြာရင် မယုံပါနဲ့။ ရှိတယ်လို့ယုံရင် ဉာဏ်နည်းလို့။

EQ နဲ့ IQ ကို ကောင်းအောင်လုပ်နိုင်သလား
စိတ်လှုပ်ရှားမှုအရည်အသွေးကို ငယ်စဉ်ကတည်းက ပျိုးထောင်ပေးနိုင်တယ်။ သူသိတာကိုမျှဝေစေခြင်း၊ သူများအကြောင်းကို တွေးတောစေခြင်း၊ ကိုယ့်ကိုယ်ကို သူများနေရာမှာ ဝင်ကြည့်ပြီးစဉ်းစားခိုင်းခြင်း၊ သူ့အတွက် ဝန်းကျင်ကျယ်ပေးထားခြင်းနဲ့ ပူးပေါင်းလုပ်ဆောင်ရာမှာ ယေဘုယျချတတ်စေခြင်း။ EQ မြင့်စေဘို့ရာ ကစားစရာတွေ၊ (ဂိမ်း) တွေသုံးနိုင်တယ်။ နိမ့်နေတဲ့ကလေးကို SEL (Social and Emotional Learning) သင်တန်းတက်စေရင် တိုးတက်လာမယ်။ လူကြီးတွေအတွက်လည်းရှိတယ်။

IQ ကတော့ ပိုပြီး မျိုးဗီဇနဲ့ဆိုင်တယ်။ ပိုကောင်းအောင်လည်း နည်းနာတွေရှိပါတယ်။ Brain-food and mental ability exercises လေ့ကျင့်မှုခေါ်တဲ့ Puzzles ပဟေဠိ၊ Lateral thinking ပြဿနာကိုဘေးတိုက်စဉ်းစားနည်း၊ Think outside the box ကန့်သတ်ထားတဲ့ အဝန်းအဝိုင်းအပြင်ထွက် စဉ်းစားနည်း။

ဒီစာကိုဖတ်ပြီး အဲတာဘာလည်းဆိုတာ ဖေါ်ပြတတ်မှု၊ အဲတာကို သုံးသပ်တတ်မှုနဲ့ ထိန်းသိမ်းတတ်မှုအရည်အသွေးတွေနဲ့ ကွန်မင့်တွေ လာမယ်ထင်တယ်။ ခေါင်းစဉ်နဲ့တင် ကောက်ရေးချသူလည်းပါမယ်။ ဆက်စပ်စဉ်းစားပြီး ရေးသူလည်းပါမယ်။ ရှိထားတဲ့အရည်အသွေး ပိုကောင်းအောင် ဘယ်လိုလုပ်ရမယ်ကို စူးစမ်းနေသူလည်းပါမယ်။

မြန်မာနိုင်ငံသားတွေ ဗလငါးတန်ပြည့်ကြစေ။

ဒေါက်တာတင့်ဆွေ
၂၉-၈-၂ဝ၁၆

A bowl of polished rice ဆန်ဖြူတခွက်

မနက်က ဆရာဝန်ဂျာနယ်လစ်တွေရဲ့ အင်နယ်လ်ဒီအစိုးရအပေါ် ရိသဲ့သဲ့ ခနဲ့တဲ့တဲ့လုပ်ကြတဲ့အကြောင်းလေးရေးတော့ ကွန်မင့်တခုက ပြောပြလိုက်ပါဆရာလို့ ရေးပါတယ်။ အဲတာနဲ့ ဟောရင်းသာ ပျံတော်မူရမည်၊ ဆန်ဖြူဖြူတခွက်မှ ထွက်ပုံမရလို့ ပြန်ရေးလိုက်ပါတယ်။

နိုင်ငံရေးအပြောင်းအလဲတိုင်းမှာ ဟိုဖက်သည်ဖက်ရှိစမြဲပါ။ ကျွန်တော်ဆိုတဲ့ ဂျာနယ်လစ်မဟုတ်တဲ့ဆရာဝန်ကလည်း ၁၉၉ဝ ကတည်းက အုပ်ချုပ်နေသူတွေကို အကောင်းမပြောခဲ့ပါ။ ဒီတခါက သူတို့အလှည့်။ ကျွန်တော်က နှစ်အစိတ်နဲ့ ဆန်ဖြူတခွက်ရလို့ တစခန်းရပ်နိုင်ခဲ့တယ်။ သူတို့ခေတ် ဘယ်လောက်ကြာမလဲ။ ကြာပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၉-၈-၂ဝ၁၆

Brain size ဦးနှောက်ကြီးသလား

ကိုယ်ခန္ဓာနဲ့ ဦးနှောက်အရွယ်အစားက အချိုးကျကျ ရှိတတ်တယ်။ တချို့အကောင်တွေမှာ ဦးနှောက်ရယ်လို့ သတ်သတ် မှတ်မှတ်မရှိပဲ ဦးနှောက်အလုပ်ကိုလုပ်တဲ့အင်္ဂါလို့သာရှိတယ်။ တချို့အကောင်ငယ်တွေမှာ ဦးနှောက်အင်္ဂါ မပါကြဘူး။ Echinoderms (starfish, sea urchins, sand dollars) အကောင်တွေမှာ ဦးနှောက်အင်္ဂါ မပါကြဘူး။ ကြယ်ငါးတွေမှာ အာရုံခံစရာသာပါပြီး ဗဟိုအာရုံကြောစနစ်မပါဘူး။ အူနေသန်ကောင်အပြားတွေမှာ အာရုံကြောတွေတော့ပါတယ်။ ပုရွက်ဆိတ်တွေမှာတော့ ဦးနှောက်ပါတယ်။ သူ့အရွယ်နဲ့စာရင် ကြီးတယ်။ လူတွေထက် အနံ့ခံအား ပိုကောင်းတယ်။

ဝါရှင်တန်တက္ကသိုလ်သုတေသနအရ Green lizard အစိမ်းရောင်ပုတ်သင်ဟာ ဦးနှောက်အသေးဆုံးရှိတဲ့ အကောင်လို့ သိရတယ်။ Green anole ပုတ်သင်က အရောင်ပြောင်းတယ်။ အညိုရောင်လဲဖြစ်နိုင်တယ်။

ဦးနှောက်-ကိုယ်ခန္ဓာအချိုးအစားတိုင်းတာနည်းရှိတယ်။ ကိုယ်ခန္ဓာကြီးတိုင်း ဦးနှောက်ကြီးတယ်ဆိုတာ ယေဘုယျသာ မှန်တယ်။ ဥပမာ ဆင်ဆိုရင် ဦးနှောက်အရွယ်က ကိုယ်အရွယ်အစားနဲ့ မမျှဘူး။ အသိဥာဏ်ကတော့ ကောင်းပါတယ်။ ဒေါ်လဖင်တွေမှာ ဦးနှောက်-ကိုယ်အလေးချိန်အချိုးအစားမှာ အမြင့်ဆုံးဖြစ်လို့ ဆင်တွေလိုပဲ ဥာဏ်ကောင်းတယ်။ ပုတ်သင်တွေ၊ တချို့လိပ်တွေလည်းအဲလိုပဲ။

ငှက်တွေထဲမှာ Parrots ကြက်တူရွေး၊ Crows ကျီးကန်းနဲ့ Magpies ငှက်ကျား၊ Jays ဖွတ်ကုလား၊ Ravens ကျီးနက်ကြီးငှက်တွေက ဥာဏ်ကောင်းကြတယ်။

Octopuses ရေဘဝဲ၊ Jumping spiders ပင့်ကူတွေကလည်း ဥာဏ်ကောင်းတယ်။ Sharks ငါးမန်းတွေဟာ ငါးတွေထဲမှာ ဥာဏ်အကောင်းဆုံးဖြစ်တယ်။ Whales ဝေလငါးတွေက ဆင်တွေလို ကိုယ်ခန္ဓာအချိုးနဲ့စာရင် ဦးနှောက်သေးတယ်။ သက်ရှိသတ္တဝါမှန်သမျှထဲမှာ နို့တိုက်သတ္တဝါတွေကဦးနှောက်ဥာဏ်အကောင်းဆုံးဖြစ်တယ်။ Sperm whale အမျိုးအစား ဝေလငါးမှာ ဦးနှောက်က 7 kg (17.5 pounds) လေးတယ်။ Blue whale အမျိုးအစားဝေလငါးမှာ ဦးနှောက်က 5 kg (12.5 pounds) လေးတယ်။

ဦးနှောက်အရွယ်အစားကြီးတာထက် နူရုန်း အရေအတွက်ကပိုပြီးအရေးပါတယ်။ သစ်သီးယင်ကောင်ကတော့ တိရစ္ဆာန်တွေထဲမှာ အငယ်ဆုံးဦးနှောက်ရှိတယ်။ နူရုံးခေါ်တဲ့ အရုံကြောဆဲလ်တွေ စုစုပေါင်း ၂ သိန်းခွဲသာရှိတယ်။ ရေဘဝဲ ဦးနှောက်ထဲမှာ နူရုန်းအကြီးစားပေါင်း သန်း ၅ဝဝ ပါတယ်။ လူ့ဦးနှောက်မှာ နူရုန်းအသေးစားပေါင်း ၁ဝဝ ဘီလီယန်ပါတယ်။

ဆင်ဦးနှောက်က 4.78 kg (10.5 pounds) လေးတယ်။ ကိုယ်အလေးချိန်ရဲ့ ဝ့၁% သာရှိတယ်။ Gorilla gorilla beringei ဂေါ်ရီလာတွေဦးနှောက်က 430 g (0.95 pounds) လေးတယ်။ Chimpanzee ချင်ပန်ဇီတွေဦးနှောက်က 350 g (0.77 pounds) လေးတယ်။ Mouse lemur (Microcebus murinus) ကြွက်အမျိုးဦးနှောက်က 2 g (0.004 pounds) သာလေးတယ်။  Walrus (Odobenus rosmarus) အစွယ်ပါပင်လယ်ဖျံဦးနှောက်က 1.1 kg (2.4 pounds) လေးတယ်။ အိမ်မွေးကြောင်ဟာ 30 grams (0.06 pounds) လေးရင် ဦးနှောက်က တောကြောင်ထက် 23.9 % ပိုပေါ့တယ်။ ခွေးဦးနှောက်ဟာ Wolf မြေခွေးဦးနှောက်ထက် 29 % ပိုပေါ့တယ်။ ဒေါ်လဖင်တကောင်ဟာ 120 kg (280 pounds) လေးရင် သူ့ဦးနှောက်ဟာ 1.7 kg (4 pounds) လေးတယ်။ ချင်ပန်ဇီတကောင်ထက် ၃ ဆပိုတယ်။

လူ့ဦးနှောက်ဟာ 2.7 pounds (1.2 kg) လေးတယ်။ 1.1 - 1.4 kg ဆိုရင်ပုံမှန်ဖြစ်တယ်။ ကိုယ်အလေးချိန်ရဲ့ ၂% ရှိတယ်။ ယောက်ျားတွေဦးနှောက်က မိန်းမတွေထက် 100 grams (0.3 pounds) ပိုလေးတယ်။

ဒေါက်တာတင့်ဆွေ

Brain Facts ဦးနှောက်၏ ကိန်းဂဏန်းများ

• 3 = အလေးချိန် = (၃)ပေါင်။
• 4 to 6 = အောက်စီဂျင်မရဘဲ ရှင်နိုင်သည့်အချိန် = (၄-၆)မိနစ်။
• 8 to 10 = သွေးကုန်သဖြင့်သတိမလစ်မီ ရရှိသည့်အချိန် = (၈-၁ဝ)စက္ကန့်။
• 10 to 23 = နိုးနေသည့်အချိန်၌ အသုံးပြုသောလျပ်စစ်စွမ်းအင် (၁ဝ-၂၃)ဝပ်။
• 20 = လှည့်ပတ်နေသောသွေး နှင့် အောက်စီဂျင်၏ ဦးနှောက်သို့ လာသောရာခိုင်နှုန်း = (၂ဝ)
• 100,000 = ဦးနှောက်ထဲရှိသည့် သွေးကြောများအား ဆန့်တန်းလျင် ရှည်သည့်မိုင်ပေါင်း = (၁ဝဝဝဝဝ)မိုင်။
• 1,000 to 10,000 = (နူရုန်း) တခုတွင်ရှိသည့် (ဆင်နက်ပ်စစ်)ပေါင်း = ၁ဝဝဝ - ၁ဝဝဝဝ။
• 100 billion = (နူရုန်း) စုစုပေါင်း = ၁ဝဝ ဘီလီယန်။

(ဆင်နက်ပ်စစ်) = ဦးနှောက်နှင့်အာရုံကြောများ အလုပ်လုပ်ရာတွင် ဤနေရာ၌ ကူးလူးဆက်ဆံရသည်။
(နူရုန်း) = ဦးနှောက်နှင့် အာရုံကြောများ၏ အသေးဆုံးယူနစ် (ကလပ်စည်း)။

ယောက်ျားဦးနှောက်နဲ့ မိန်းမဦးနှောက် မတူခြားနားတယ်။ ယောက်ျားဦးနှောက်မှာ ရှေ့ဖက်ကနေ နောက်ဆက်ဆီသွားလမ်းရှိပြီး ဘယ်နဲ့ညာ ကြားဖြတ်တာတွေရှိတယ်။ မိန်းမဦးနှောက်မှာ ဘယ်နဲ့ညာ ကန့်လန့်ဖြတ်သွားလမ်းတွေ ရှိတယ်။ ဒါကိုကြည့်ရင် ယောက်ျားတွေက လေ့လာသင်ယူမှုမှာ အားကောင်းကြပြီး၊ တခုတည်းသောကြွမ်းကျင်မှုကိုလုပ်ဆောင်နိုင်ကြတယ်။ ဥပမာစက်ဘီးစီးတာ၊ ခရီးလှည့်လည်တာမျိုး။

မိန်းမတွေကတော့ တာဝန်အများကိုလုပ်ဆောင်နိုင်စွမ်းရှိကြတယ်။ အမျိုးသမီးတွေက အာရုံစူးစိုက်မှု၊ စကားလုံးဝေါဟာရ၊ လူမှုရေးရာတွေမှာ ပိုသာကြတယ်။ အမျိုးသမီးတွေက သုံးဖက်မြင်ရှုတာမျိုးနဲ့ အာရုံခံ + ကြွက်သာလှုပ်ရှားမှု မြန်နှုန်းမှာ ပိုသာကြတယ်။ ပင်ဆယ်လ်ဗေးနီးယား ပညာရှင်တွေက တွေ့ရှိလာတာဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ

Blood Type Incompatibility သွေးအုပ်စုနှင့် ကလေးအသားဝါခြင်း

အသက် ၃ဝ/မ၊ ၁၂ လပိုင်းမှာအိမ်ထောင်ပြုပါတယ်။ ကိုယ်ဝန်နဲ့ပါဆရာ။ DD က13.10.2016 ပါ။ သွေးအမျိုးအစားက O+ ပါ။ အမျိုးသားရဲ့သွေးအမျိုးအစားက A ပါ။ OG က ကလေးကိုအသားဝါတတ်တယ်လို့ ပြောပါတယ်။ သွေးအမျိုးအစားကြောင့်လား။ ဘာကြောင့်လဲသိချင်ပါတယ်။ ကလေးအသားဝါရင် စိုးရိမ်ရလားသိချင်လို့ပါ။ ကျေးဇူးပြု၍ဖြေကြားပေးပါဆရာ။ တခါမှမမေးဖူးလို့အမှားပါရင်ခွင့်လွှတ်ပါဆရာ။ ကျေးဇူးတင်ပါတယ်။

သွေးအုပ်စုဆိုတာ A-B-O နဲ့ Rh ဆိုပြီး ၂ မျိုးခွဲရတယ်။ အဆင်မသင့်ရင် မွေးလာတဲ့ကလေးမှာ အသားဝါတတ်တယ်။ ကိုယ်ဝန်ဆောင်နေတုံးမှာ မိခင်ဆီက သွေးနီဥတွေဟာ အချင်းကနေတဆင့် ကလေးဆီရောက်နိုင်တယ်။ အဲလိုဖြစ်ရင် မိခင်မှာ အင်တီဘော်ဒီဆိုတာ ထွက်လာမယ်။ အဲတာကနေ ကလေးကိုတိုက်ခိုက်သလိုဖြစ်မယ်။ Jaundice အသားဝါစေမယ်။ ကလေးမွေးကာနီးမှာ ဖြစ်နိုင်ခြေအများဆုံးကာလဖြစ်တယ်။ auto-immune response လို့ခေါ်တယ်။ သွေးထဲမှာ ဘီလီရူဘင်များနေတာကို Hyperbilirubinemia လို့ခေါ်တယ်။

A-B-O incompatibility ခေါ်မတည့်ခြင်းဟာ ဒီလိုအခြေအနေတွေမှာဖြစ်နိုင်တယ်။
၁။ မိခင်သွေး O နဲ့ ကလေးသွေး B, A, or AB
၂။ မိခင်သွေး A နဲ့ ကလေးသွေး B or AB
၃။ မိခင်သွေး B နဲ့ ကလေးသွေး A or AB

Rh incompatibility ဆိုတာကတော့
မိခင်သွေး Rh-negative နဲ့ ကလေးသွေး Rh-positive ဆိုရင်ဖြစ်နိုင်တယ်။ ဒီလိုမသင့်တာက နောက်ကိုယ်ဝန်တွေမှာ ပိုဆိုးတယ်။ ဆောရီး။

အဲလိုမဖြစ်အောင် ကိုယ်ဝန်ဆောင်ရင် သွေးစစ်ရမယ်။ Rh incompatibility ဖြစ်နေရင် ကိုယ်ဝန် ၂၈ ပတ်မှာ Rh-immune globulin ကုသမှုခံယူရမယ်။ ကုသမှုမလုပ်ရင် ကလေးအသားဝါတာများပြီး ဦးနှောက်ကိုထိခိုက်နိုင်တယ်။ ဆောရီး။

မွေးလာတဲ့ကလေးကို Hydration ဆေးရည်သွင်းတာနဲ့ Phototherapy အလင်းရောင်ပေးကုတာ လုပ်ပေးရတယ်။ Biliblankets နည်းလည်းရှိတယ်။ ကလေးအသားဝါစေမဲ့ Bilirubin ဘီလီရူဘင်ကိုရှင်းပေးတာဖြစ်တယ်။

လေ့လာမှုတခုမှာ ကလေး ၁၈့၅% မှာ အသားဝါကြတယ်။ O Positive ကလေးတွေမှာ ၃၈% ဖြစ်တယ်။ ၆၂% က တခြားသွေးအုပ်စုကလေးတွေမှာဖြစ်ကြတယ်။

မိဘတွေကရဲ့သွေးအမျိုးအစားတွေကနေ သားသမီးတွေမှာ ဖြစ်လာနိုင်တဲ့ သွေးအမျိုးအစားများ
မိဘသွေးအုပ်စု = သားသမီး
(အေ) + (အေ) = (အေ) နှင့် (အို)
(အေ) + (ဘီ) = (အေ)၊ (ဘီ)၊ (အေဘီ) နှင့် (အို)
(အေ) + (အေဘီ) = (အေ)၊ (ဘီ) နှင့် (အေဘီ)
(အေဘီ) + (အေဘီ) = (အေ)၊ (ဘီ) နှင့် (အေဘီ)
(ဘီ) + (ဘီ) = (ဘီ) နှင့် (အို)
(ဘီ) + (အေဘီ) = (အေ)၊ (ဘီ) နှင့် (အေဘီ)
(အို) + (အို) = (အို)
(အေ) + (အို) = (အေ) နှင့် (အို)
(ဘီ) + (အို) = (ဘီ) နှင့် (အို)
(အေဘီ) + (အို) = (အေ) နှင့် (ဘီ)
(Rh +) + (Rh -) = (Rh +) နှင့် (Rh -)
(Rh -) + (Rh -) = (Rh -)
(Rh +) + (Rh +) = (Rh +) နှင့် (Rh -)

ဒေါက်တာတင့်ဆွေ
၂၉-၈-၂ဝ၁၆

Hydrosalpinx သားအိမ်ပြွန်ရောဂါ

ဆရာရှင့် ရိုသေစွာမေးမြန်းလိုပါသည်။ ကျွန်မညီမက သားအိမ်ဘေးမှာရေအိတ်တည်လို့ (၅.၅ စင်တီမီတာ) မှန်ပြောင်းနဲ့ခွဲထားတာ ၇ လပိုင်း ၁၄ ရက်နေ့ကပါ။ သူဆေးရုံကဆင်းပြီး ၂ ပတ်လောက်အကြာမှာ ဗိုက်ပြန်အောင့်တာနဲ့ ultrasound ရိုက်ခိုင်းပြီး ပြန်ကြည့်တော့ ပြည်ဖတ်တွေတွေ့တာနဲ့ ၈ လပိုင်း ၁ ရက်နေ့မှာ ပြန်ခွဲပါတယ်။ ဒီတစ်ခါ မှန်ပြောင်းနဲ့ခွဲတာ မဟုတ်ပါ။ အခုတခါ ဗိုက်နဲနဲပြန်အောင့်နေတာနဲ့ ဆေးခန်းပြပြီး ultrasound ပြန်ရိုက်ကြည့်ခိုင်းတော့ ရေအိတ် ၁ဝ စင်တီမီတာ ထပ်တွေ့ပါတယ် သူ့ BOC မှာ ကင်ဆာမတွေ့ပါဆရာ။ ကျွန်မတို့အနေနဲ့ သူ့ကိုထပ်မခွဲစေလိုပါ။ သူ့မှာခံနိုင်ရည်အား မပြည့်ဝသေးလို့ပါဆရာ။ သူကအပျိုပါရှင့်။ အသက် ၂၃ နှစ်ပါ။ ရေအိတ်စဖြစ်တာ ၁ နှစ်ကျော်လောက် ရှိပါပြီဆရာ။ ကျေးဇူးပြု၍ ဖြေကြားပေးစေလိုပါသည်။ ကျေးဇူးအထူးတင်ပါသည်။

အသက်နဲ့ အိမ်ထောင်ရေးကို အရင်ဆုံးရေးဘို့ မေးနည်းစည်းကမ်းမှာပါတယ်။ နောက်မှရေးတော တခါထပ်ဖတ်ရတယ်။
အာလ်ထွာဆောင်းအဖြေ (ပုံ မဟုတ်) မှာ ဘာရေးထားလဲ။ သားအိမ်လား၊ မျိုးဥအိမ်လား။

ဆရာရှင့် ကျွန်မ ရေအိတ်ဘယ်မှာဖြစ်တာလဲသိပ်နားမလည်လို့ ပုံပို့ပေးလိုက်ပါသည်ရှင့်။ ကျေးဇူးပြု၍ ဖြေကြားပေးပါရှင့်။ တအိမ်သားလုံးလဲ စိတ်ပူနေလို့ပါရှင့်။

ရေအိတ်မဟုတ်ပါ။ သားအိမ်ပြွန်မှာ အရည်အောင်းတဲ့ရောဂါဖြစ်တယ်။ သားအိမ်ပြွန်ပိတ်နေမယ်။ ကလေးရဘို့ခက်မယ်။ နှစ်ဖက်လုံးဖြစ်တာက ပိုများတယ်။ သားအိမ်ပြွန်ထိပ်မှာ လက်ချောင်းလေးတွေလိုရှိလို့ အဲတာတွေကရောင်ရာကနေ ပိတ်စေတာဖြစ်တယ်။ ထွက်နေတဲ့အရည်တွေ စီးလျှောက်တာမလုပ်နိုင်ပဲ အရည်အိတ်ဖြစ်လာမယ်။ တွယ်ကပ်မှုတွေလည်း ဖြစ်တယ်။

ဘာလို့ဖြစ်သလည်း။ (PID) ခေါ် တင်ပါးဆုံတွင်းအင်္ဂါတွေရောင်ရာကနေဖြစ်တယ်။ လိင်ကတဆင့်ကူးစက်တဲ့ ကလီမီးဒီးယားနဲ့ ဂနိုးရီးယားပိုးတွေကနေဆက်ဖြစ်တာများတယ်။ တီဘီပိုးကနေ ဖြစ်တာက အလွန်ရှားတယ်။ တချို့မှာ ပြွန်ပိတ်မနေပါ။ ဘာလို့ဖြစ်သလည်း၊ အရင်က ဗိုက်ထဲမှာကလေးဆုံးဘူးတာ၊ အင်ဒိုမီထရီယိုးဆစ် ခေါ် သားအိမ်ရောဂါ၊ ဗိုက်ခွဲဘူတာ၊ စတာတွေကို စဉ်းစာနိုင်တယ်။ ခွဲစိတ်ကုသမှု၊ ကင်ဆာရောဂါတွေကနေလည်း အခုရောဂါကိုဆက်ဖြစ်စေနိုင်တယ်။

ခံစားရမှာတွေက မတူကြပါ။ အများစုမှာ ဗိုက်အောက်ပိုင်း မကြာမကြာနာမယ်။ ကလေးမရလို့ စစ်ဆေးရင်းသာ တွေ့တဲ့သူလည်း ရှိတယ်။ သားအိမ်ပြင်ပသန္ဓေတည်တာဖြစ်စေနိုင်တယ်။ Tuboovarian abscess (TOA) သားအိမ်ပြွန် ပြည်တည်နာလည်း တွဲရှိနေနိုင်တယ်။

Hydrosalpinx ကို အာလ်ထွာဆောင်းနဲ့သိမယ်။ လိုအပ်ရင် hysterosalpingogram (HSG) လုပ်ရမယ်။ လိုအပ်ရင် Laparoscopy ဗိုက်ထဲကရိယာထည့်ကြည့်မယ်။

ကာကွယ်ဘို့က တင်ပါးဆုံတွင်းအင်္ဂါတွေကို မရောင်စေဘို့ပဲ။

ကုသဘို့မှာ အနာသက်သာဆေးတွေသောက်ရတယ်။ Salpingostomy ခွဲစိတ်ရမယ်။ Adhesiolysis တွယ်ကပ်နေတာတွေကို ရှင်းပေးရတယ်။ ကံတော့မကောင်းပါ၊ ကလေးရဘို့ခက်ပြီ။ IVF နည်းနဲ့တော့ ကလေးရနိုင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၈-၂ဝ၁၆

Baby movements ဗိုက်ထဲကကလေးလှုပ်ခြင်း

မင်္ဂလာပါဆရာ သမီးမေးပါရစေ။ သမီးအသက် ၂၁ နှစ်ပါ။ သမီးရဲ့ကိုယ်ဝန်က ၈ လထဲမှာပါဆရာ။ ကလေးလှုပ်တာ သိချင်ပါတယ်။ ဆရာ အိုဂျီကပြောပါတယ် ကလေးလှုပ်တဲ့အရေအတွက်ကို မှတ်ထားခိုင်းပါတယ်။ တခါလှုပ်ရင် ၃ ကြိမ်၊ တနေ့ ၁၂ ကြိမ်လှုပ်ရမယ်တဲ့။ ဒါပေမယ့် ၂၉ရက်နေ့ထိ ကလေးကသိပ်မလှုပ်ဘူးဆရာ။ သေချာစောင့်ကြည့်ပါတယ်။ မလှုပ်ဘူးရှင့်။ မနက်တခါ ညအိပ်ရာဝင်တခါလောက်ပဲလှုပ်တာ ၅ ရက်ရှိပါပြီ။ အဲ့ဒါ စိုးရိမ်ရတယ်ပြောပါတယ်။ ဘာတွေ စိုးရိမ်ရလဲ သိချင်ပါတယ်ဆရာ။ ကလေးအလှုပ်နည်းတာ ဘာကြောင့်လည်း သိချင်ပါတယ်ရှင့်။ ပြီးတော့ ကလေး နှလုံးခုန်သံစမ်းတာအရင်တပတ်က ၁၄၈ ရှိပါတယ်။ ဒီတပတ်စမ်းတာ ၁၄၄ ပဲရှိတယ်။ ပုံမှန်အဲ့လောက်ပဲလားဆရာ။ အရမ်း စိုးရိမ်လို့ ပြန်လည်ဖြေပေးပါနော်ဆရာ။

မေးခွန်းထဲက � ၈၂ ခုကို ဖျက်ပြီးဖတ်ရတယ်။ တစ် ၅ ခုကို ဖယ်လိုက်ပါတယ်။

ကိုယ်ဝန် ၅ ပါတ်ရှိရင် အထဲကကလေး နှလုံးစခုန်နေပြီ။ ခုန်ကာစမှာ အမေလို တမိနစ်မှာ ၈ဝ-၈၅ ခုန်ရာကနေ တရက်မှာ ၃ ခါတိုးနှုန်းနဲ့ မြန်မြန်လာတယ်။ ၉ ပါတ်ရှိရင် ၁၇၅ အထိရှိလာတယ်။ ဒိနောက် ပြန်နှေး လာတယ်။ ပုံမှန် Fetal heart rate ဗိုက်ထဲကလေး နှလုံးခုန်နှုန်း တမိနစ်မှာ ၁၂ဝ-၁၈ဝ ရှိတယ်။ မွေးစကနေ ၆ လကလေး = ၁၃ဝ၊ တနှစ်သား = ၁၂ဝ၊ ၃-၆ နှစ်သား = ၁ဝဝ၊ ၈ နှစ်သား = ၉ဝ၊ ၁၂ နှစ်သား = ၈၅၊ လူကြီး = ၆ဝ-၁ဝဝ။

ကိုယ်ဝန်ဆိုတာ ဆန်းကြယ်တယ်။ မတူကြပါ။ တယောက်တည်းမှာတောင် အရင်ကိုယ်ဝန် နောက်ကိုယ်ဝန် မတူတတ်ပါ။ သူများတွေဖြစ်တာ ကိုယ့်မှာမဖြစ်တာနဲ့တော့ အစိုးရိမ်မကြီးပါနဲ့။

ကိုယ်ဝန် ၁၆ ပတ်ကနေ ၁၉ ပတ်မှာ မသိသာကလေးလှုပ်တာသိလာမယ်။ သားဦးကိုယ်ဝန်က နောက်ကျမှသိတာ များတယ်။

ကိုယ်ဝန် ၂ဝ ပတ်ကနေ ၂၃ ပတ်မှာ ကလေးလှုပ်တာသန်လာပြီ။ ကန်တတ်ပြီ။ ကလေးကြို့ထိုးတယ်လို့ တချို့ပြောတယ်။

ကိုယ်ဝန် ၂၄ ကနေ ၂၈ ပတ်မှာ ရေမြွာရည်က 750ml (26fl oz) ရှိလာလို့ ကလေးမှာနေရာချောင်လာတယ်။ လှုတ်တာ ပိုများလာမယ်။ သတိထားတတ်ရင် ကလေးကိုယ်လှုတ်တာနဲ့ ခြေကန်တာခွဲခြားသိမယ်။

ကိုယ်ဝန် ၂၉ ကနေ ၃၁ ပတ် လှုပ်ရှာမှု ငြင်သာမယ်။ သတ်သတ်မှတ်မှတ် သိသာလာမယ်။ ကန်ချက်ပြင်းမယ်။ ဗိုက်နာချင်သလိုဖြစ်လာမယ်။

ကိုယ်ဝန် ၃၂ ကနေ ၃၅ ပတ်မှာ ကလေးကလှုပ်တာအများဆုံးဖြစ်လာပြီ။ ဒီရက်တွေနောက်မှာတော့ ကလေးလှုပ်တာ နည်းလာမယ်။ လှုပ်ပုံလှုပ်နည်းပြောင်းလာမယ်။ ငြင်သာပြီး တာရှည်တယ်။ သူလှုပ်ရှားချိန်က ဘယ်အချိန်မျိုးလို့ မှတ်ထားလို့ရလာမယ်။

ကိုယ်ဝန် ၃၆ ကနေ မွေးတော့မဲ့ ၄ဝ ပတ်အထိ အရင်လောက်မလှုပ်တော့ပါ။ ကန်တာလည်း နည်းလာပြီ။ တချက်တချက်သာ ကန်မယ်။ လက်ကနေလက်သီးထိုးသလိုဖြစ်မယ်။ မိခင်လောင်းနာနိုင်တယ်။

Photo shows Bronze figure of a pregnant naked woman by Danny Osborne, Merrion Square အိုင်ယာလန်နိုင်ငံ၊ ဒပ်ဘလင်မြို့၊ မာရီယွန် စကွဲယားပန်းခြံထဲက အဝတ်အစားမပါ ကိုယ်ဝန်ဆောင်ကြေးရုပ်တု

ဒေါက်တာတင့်ဆွေ
၂၉-၈-၂ဝ၁၆

Sunday, August 28, 2016

My Writings စာတွေကို ဘာလို့ ဘယ်လိုရေးသလဲ


My Writings စာတွေကို ဘယ်လိုရေးသလဲ

(လွန်ခဲ့တဲ့ ၂ နှစ်တိတိကစာ)

ကျွန်တော်က စာတွေရေးဖြစ်တာ မကြာသေးပါ။ ဆေးစာတွေကို ဘာသာပြန်ရင်းကနေ စရေးဖြစ်လာတာပါ။ နောက်မှာ ကိုယ်လုပ်ခဲ့တဲ့နိုင်ငံရေးတွေ ရေးဖြစ်လာတယ်။ စိတ်ထဲပေါ်တာ ပါလာပြန်ရော။ ဘဝဇာတ်ကြောင်း တိုတိုတိတိ မေးလာတာရှိတဲ့အခါရေးပြန်ပါတယ်။

ခုဆိုရင် ပုဒ်ရေထောင်ကျော်လာတော့ တချို့က ကျွန်တော့်ကို စာရေးဆရာထင်လာကြပြန်ရော။ တန်းမဝင်ပါ။ ဖြစ်ချင်တဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်အောင်လုပ်တဲ့ ကြိုးပမ်းမှုလဲ မလုပ်ပါ။ ကာရန်သင့်တာလေးတွေနဲ့ ခပ်တိုတိုရေးတော့ ကဗျာလို့ နာမည်တပ်မရ။ ကိုယ့်ကိုယ်ကို သိပ်နှိမ့်ချတာမဟုတ်၊ အသားလိုလို့ အရိုးတောင်းတာ မလုပ်ပါ။

ရသဆိုတာ စာရဲ့ပေတံလို့သဘောထားကြတယ်။ ကျွန်တော်က အဲလို ရသပေါ်အောင် ရေးနိုင်ဘို့မကြိုးစားပါ။ ကြိုးစားရင် အတန်အသင့်တော့ ဖြစ်မလားမပြောတတ်။ ကိုယ်ရေးတဲ့စာကို ဖတ်လိုက်သူမှာ တခုခုရစေချင်တယ်။ အဲဒီတခုခုဟာ အတုံးလိုက်အတစ်လိုက် ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ အချက်အလက် အမှန်တော့ဖြစ်တယ်။ အချက်အလက် မှန်ချင်မှမှန်မှာ မဟုတ်တဲ့ ဝတ္ထုတွေလို စိတ်ကူးကောင်းကောင်းနဲ့ ဖွဲ့နွဲ့ပြီး မရေးချင်ပါ။ ဝတ္ထုတွေကို မကြိုက်တာလဲ မဟုတ်ပါ။ သိပ်ကိုစိတ်ကူးယဉ်လွန်းတာမျိုးကိုလဲ အကြိုက်စာရင်းထဲမှာ မထည့်ချင်ပါ။ နာမည်ကြီးလို့ဆိုပြီးလည်း လိုက်မကြိုက်နိုင်ပါ။

ရသမဟုတ်ရင် သုတလို့သတ်မှတ်ကြတယ်။ သုတရေးတာကို ဆောင်းပါးလို့ ခေါ်ကြတယ်။ ကျွန်တော့်စာတွေကို ဆောင်းပါးလို့၊ အာတီကယ်လို့၊ အက်ဆေးလို့ မပြောပါ။ စာများလို့သာ ခေါင်းစဉ်တပ်ထားပါတယ်။

စာရေးဆရာ၊ ကဗျာဆရာ၊ ဂီတသမား၊ အနုပညာသမားတွေဟာ သူ့နယ်ပယ်မှာသူတို့ တစိုက်မတ်မတ်ရှိကြရတယ်။ စားလဲသည်စိတ်၊ အိပ်လဲသည်စိတ်။ အဲလိုဖြစ်မှလဲ နက်နဲတာမျိုးကို ထုတ်ကုန်အဖြစ်ထွက်နိုင်မဲ့သဘောလို့ ထင်ပါတယ်။ ဒါပေမဲ့ နက်နဲလွန်းတာမျိုးကြရင် သူတို့လိုလူမျိုးမဟုတ်သူတွေက နားမလည်ကြတော့ဘူး။ သူတို့ အချင်းချင်းသာ ငြင်းခုန်နေကြတာမျိုး မဖတ်ချင်ပါ။ အဲလိုကောင်းလွန်းတာ (အောက်ခြေလွတ်တာ) မျိုးကို မကြိုက်ပါ။ တန်ဘိုးတော့ ရှိမှာပေါ့။ ကျွန်တော်က အားမကျပါ။

နိုင်ငံရေးမှာတော့ တချို့ သဘောတရားတွေဆိုရင် သမိုင်းတန်ဘိုးထက်မပိုတော့တာတွေ ရှိပါတယ်။ ခေတ်အလိုအရ တန်ဘိုးကျလာတဲ့သဘောဖြစ်တယ်။ ဝါဒဖြန့် အရေးအသားမျိုးကို လက်မခံပါ။ လက်တွေ့မျက်မြင်ကို ရေးချင်တယ်။ ဘဝသရုပ်ဖေါ်စာမျိုးကို အားပေးကြတယ်။ ဆင်းရဲသူတွေအကြောင်းရေးတာ ကောင်းပါတယ်။ ဒါပေမဲ့ လူတိုင်းက စားစရာမရှိအောင်ဆင်းရဲနေကြတာလဲ မဟုတ်ပါ။ ဒီမိုကရေစီမှာ သိပ်ဟောင်းတာကိုလဲ အများစုကမကြိုက်ကြပါ။ လူတိုင်းကလဲ ဆန်းချင်နေကြတာလည်း မဟုတ်ပါ။

စာကိုအလေးအနက်ဖတ်သူ နည်းရင် ဝါဒဖြန့်တာကို အလွယ်နဲ့ယုံကြတော့တယ်။ ပြုပြင်ရေးလို ရေးသူတွေ၊ ဖတ်သူတွေ များစေချင်တယ်။ အချက်အလက်ပါတဲ့ အမှန်တွေကို လူအများဖတ်ချင်လာအောင်ရေးတာမျိုး ကြိုက်တယ်။

ဒေါက်တာတင့်ဆွေ
၂၈-၈-၂ဝ၁၄

Classic songs မရိုးနိုင်တဲ့ သီချင်းများ

မုံရွာ TOP ကျောင်းမှာ သီချင်းဆိုပြိုင်ပွဲပို့စ်တွေ တွေ့ပါတယ်။

ကျွန်တော်တို့ ပြည်ပနိုင်ငံရေးလုပ်ကြသူတွေ တခါက ဖိလစ်ပိုင်ကိုသွားကြရတယ်။ ကွန်ဖရင့်အိမ်ရှင်က ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဟောင်း Raul Manglapus (ရာအူးလ် မင်္ဂလာပတ်စ်) ဖြစ်တယ်။ သူက တေးဂီတမှာလည်းဆရာကြီး။ ညစာမစားခင်မှာ ကိုယ်ပိုင် (အော်ခက်စထွာ) တီးဝိုင်းနဲ့ ဧည့်ခံတယ်။ ဧည့်သည်တွေထဲက တနိုင်ငံတယောက်ကျ သီချင်းဆိုဘို့ ဖိတ်ခေါ်တယ်။ ကျွန်တော်တို့ မြန်မာ့အရေးအတွက်သွားကြသူတွေက ၁ဝ-၁၅ ယောက်လောက်ရှိမယ်။ မြန်မာပြည် အလှည့်မခေါ်ခင် တယောက်ပြီးတယောက် ထွက်သွားကြရော။ ထွက်မကောင်းလို့ ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းရယ်၊ ကျွန်တော်ရယ်။ ပအိုဝ်အဖွဲ့က ဦးခွန်ဥက္ကာရယ်။ သုံးယောက်သာကျန်တယ်။ မြန်မာ့အဆိုတော်ကို ဖိတ်ခေါ်တော့ တယောက်ကိုတယောက် လက်တို့ကြတယ်။ တယောက်မှ သီချင်းဆိုတတ်သူကမပါ။ နောက်ဆုံးမှာ ခွန်ဥက္ကာက ကျွန်တော်တို့ စင်ပြိုင်အစိုးရကို ကယ်လိုက်ပါတယ်။ သူကပဲ စင်ပေါ်တက်ပြီး ပအိုဝ်ရိုးရာသီချင်းတပုဒ် (ဆိုလို) လုပ်ပါတယ်။ အခုထိ ကျေးဇူးတင်တယ်။

• နဂါးနီ၊ ရွှေညာဆီသွားမယ်၊
• စိမ်းမြလျှံခြယ်၊ အောင်ပင်လယ်၊

• မင်္ဂလာနံနက်ခင်း၊ မြန်မာ့စိတ်ရင်း မြန်မာ့ရှုခင်း၊
• အောင်ခြင်းရှစ်ပါး၊ မင်္ဂလာဆယ်နှစ်ပါး။
• ပြည်ထောင်စုသားများ ကျန်းမာချမ်းသာကြစေသား။

သုမောင် သီဆိုတဲ့ နဂါးနီ https://www.youtube.com/watch?v=OB3tsn-Uu9k

ဒေါက်တာတင့်ဆွေ
၁၈-၅-၂ဝ၁၄
နံနက် ဝဝ နာရီ၊ ၅၃ မိနစ်။

Midwife သားဖွါးဆရာမ

ဆရာ့ MW ပါဆရာ။ အောက်ခြေဝန်ထမ်းတွေအပေါ်ထားတဲ့ ဆရာ့စိတ်ထားအတွက် မျက်ရည်ဝဲတဲ့အထိ ခံစား ကျေးဇူးတင်တာပါဆရာ။ မြန်မာပြည်က MW တွေ အလုပ်တွေက လူနဲ့မမျှပါဆရာ။ ရှိသမျှ project တွေအကုန်လုံး MW တွေလုပ်ရပါတယ်။ ဒါပေမဲ့ သားဖွါးဆရာမတွေမှာ စာရင်းဇယားနဲ့ပဲ အချိန်ကုန်နေပါတယ်။ ဗဟုသုလည်းနည်းနေပါပြီ အွန်လိုင်းကနေပဲကြည့်နေရတာပါဆရာ။ သင်ကြားပေးပါဆရာ။

ဆရာ အခုအခြေအနေတွေကို သိပ်မသိဘူး။ ပညာလိုချင်ရင်တော့ပြော။ ဆရာစာတွေ အများကြီးရေးထားတယ်။ ဆရာ ဒေလီမှာဖွင့်ခဲ့တဲ့ ယမုန်နာဆေးခန်းလေးမှာ လာကူညီကြမယ့်ဆရာမတွေကို စာသင်ပေးဘို့ ဆေးစာတွေကို ဘာသာပြန်ရာကနေ ဆေးပညာစာတွေရေးတယ်။ ကြာတော့ ခေါင်းစဉ်တွေကစုံလာတယ်။ မေးလာတာကိုဖြေရင်းနဲ့ အမေးအဖြေပါဖြစ်လာတယ်။ ကြာတော့ သဗ္ဗပေါင်းစုံ အကုန်ရေးဖြစ်လာတယ်။

Midwife သားဖွါးဆရာမရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်က သားဖွါးပညာရပ်ကို ဆေးပညာနည်းကျ သင်ယူတတ်မြောက်ထားသူ ဖြစ်ပါတယ်။ သားဖွါးဆရာမတွေဟာ မွေးဖွားခြင်းဆိုင်ရာကျန်းမာရေးအတွက် ကာကွယ်ရေးနဲ့ ကုသရေးမှာ ရှေ့တန်းက နေကြရတယ်။ စိတ်ချရအောင်နဲ့ ကုန်ကျစရိတ်နဲ့မျှစေတာကို လုပ်ပေးကြရတယ်။

ကိုယ်ဝန်ဆောင်ချိန်၊ မွေးဖွါးချိန်နဲ့ မွေးဖွါးပြီးကာလသုံးပါအတွက် အတတ်ပညာကို သင်ယူထားသူ ဖြစ်တယ်။ တချို့ နေရာတွေမှာ သားဖွါးခြင်းနဲ့တိုက်ရိုက်မဆိုင်တာကိုပါ လုပ်ရတယ်။ ဒါပေမယ့် မျိုးပွါးခြင်းနဲ့ပတ်သက်တဲ့ ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုကိုသာ လုပ်စေတယ်။ ဥပမာ မီးယပ်ပိုင်းစမ်းသပ်ခြင်း၊ မိသားစုစီမံကိန်းနဲ့ သွေးဆုံးခြင်းကို ပြုစုပေးခြင်းတွေဖြစ်တယ်။ မဖွံ့ဖြိုးသေးတဲ့ တိုင်းပြည်တွေမှာတော့ လူထုကျန်းမာရေးလုပ်သားတွေ လုပ်ရတာတွေကိုပါ လိုအပ်ရင်လုပ်စေတယ်။ အခုလက်ရှိမြန်မာပြည်ကလိုပေါ့။ အဲလိုလုပ်တာမှာ ကောင်းတာရော အားနည်းတာပါ ရှိတတ်တယ်။

မြန်မာပြည်မှာ အရင်ကတော့ သားဖွါးဆရာမကို တနှစ်ခွဲသင်တန်းပေးတယ်။ ဒိနောက်မှာ အလွတ်သင်ကျောင်းတွေက သင်တန်းကာလ အမျိုးမျိုးလုပ်လာတယ်။ အစိုးရခန့်သားဖွါးဆရာမတွေကို ကျေးလက်ကျန်းမာရေးဌာနအောက်မှာဖြစ်ဖြစ် တိုက်နယ် ကျန်းမာရေးဌာနအောက်မှာဖြစ်ဖြစ် တာဝန်ပေးတယ်။ သူတို့အပိုင်နယ်ဆိုတာ ရွာ ၄-၅ ရွာရှိတတ်တယ်။ သားဖွါးကိရိယာ တစုံထက်ပိုပြီး ထောက်ပံ့ပေးတာ မရှိပါ။

သားဖွါးဆရာမတွေလုပ်ကြရတဲ့ ကျန်းမာရေးစီမံချက်တွေက အများကြီးရှိတယ်။ ကိုယ်ဝန်ဆောင်နဲ့ ကလေးကာကွယ်ဆေး ထိုးလုပ်ငန်းကတော့ သူတို့ရဲ့ ပင်မအလုပ်နဲ့ဆက်စပ်နေတယ်။ ရောဂါတိုက်ဖျက်ရေးလုပ်ငန်းတွေက သွယ်ဝှိုက်ပြီးသာ ဆိုင်တယ်။ ကူးစက်ရောဂါ နှိမ်နင်းရေးထဲမှာ ရောဂါတွေကပေါင်းစုံတယ်။ တန်းစီရေးရင် စာအတော်ရှည်သွားမယ်။ ဝမ်းရောဂါ၊ တီဘီ၊ ငှက်ဖျား၊ အိတ်ခ်ျအိုင်ဗွီ။ စာရေးရတာက စာလုံးလေး ၂ လုံး ၃ လုံး၊ ရောဂါတွေက အကြီးစားတွေ။ လုပ်စရာတွေဆိုတာက တရက်တည်းပြီးမဟုတ်။ တလလည်းမဟုတ်။ တသက်စာအလုပ်။

သားဖွါးဆရာမတွေကို စီမံကိန်းအလုပ်တွေနဲ့ မနိုင်ဝန်ကိုထမ်းရတာကို လေ့လာဆန်းစစ်မှုလုပ်ရင် အကျိုးတွေနဲ့ အဆိုးတွေ တွေ့ပါမယ်။ သားဖွါးဆရာမတိုင်းကနေ မွေးလူနာတွေကို အကောင်းဆုံးလုပ်ပေးနိုင်စေချင်တယ်။ တောသူကိုယ်ဝန်ဆောင်တွေက မြို့သူတွေလိုခွဲမမွေးချင်ကြဘူး။ တောက သားဖွါးဆရာမတွေကလည်း မြို့ကအိုဂျီတွေလို ခွဲဘို့မလိုသူတွေကို ခွဲတာမျိုးမလုပ်တတ်သူတွေဖြစ်ကြတယ်။

သားဖွါးဆရာမတွေကိုပေးထားတဲ့ မလွဲမသွေလိုတဲ့ပစ္စည်းကိရိယာတွေ မစုံဘူးလို့ပြောကြတယ်။ တခါသုံးလက်အိတ် အလုံအလောက် ရှိကြရဲ့လား။ တောမှာ HIV နဲ့ ဘီပိုးမစစ်ကြတာများတော့ ပိုးရှိနေတဲ့လူနာဆီကနေ သားဖွါးဆရာမတွေ ကူးစက်ခံရမှာ သေချာတယ်။ ဘီပိုးကာကွယ်ဆေးတော့ ထိုးထားကြ။ စီပိုးကလည်း သွေးကနေကူးတာ။ ကာကွယ်ဆေး မပေါ်သေးဘူး။ ကံတရားသာ အားကိုးကြ။ HIV အရေးပေါ်ကာကွယ်နည်းလည်း လက်လှမ်းမီအောင် လုပ်ထားကြ။ အဲတာတွေက ကိုယ့်အိတ်စိုက်ပဲ။ သူများတွေက အာလ်ထွာဆောင်း သရီး-ဒီ၊ ဖိုး-ဒီတွေနဲ့ ကိုယ်ဝန်ဆောင် စောင့်ရှောက်ပေးနေချိန်မှာ ဆရာမဆို့မှာ ပုံထဲကလို ထရမ်းပက်နဲ့ လုပ်ပေးနေကြရတယ်။ ဆောရီး။ ဆရာလည်း ဆောရီးပဲ တတ်နိုင်တယ် ဆရာမတို့ရေ။

တမြန်နှစ်က ဒီစာကိုတင်တာထဲမှာ ဒီလိုရေးတာပါခဲ့တယ်။
• Health Assistant = ကျန်းမာရေးမှူး။ မြို့နယ်တခုမှာ ၂-၃-၄ ယောက်ရှိတယ်။ RHC ကျေးလက်ကျန်းမာရေးဌာန တခုကို ဦးစီးရတယ်။ သင်တန်း ၃-၄ နှစ် တက်ထားရသူဖြစ်တယ်။
• PHS I and II = Public health supervisor grade = လူထုကျန်းမာရေးကြီးကြပ်အဆင့် ၁-၂
• Lady Health Visitor အမျိုးသမီးကျန်းမာရေးလှည့်လည်ကြည့်ရှုပေးသူ။ သူနာပြု-သားဖွားဆရာမကနေ ရာထူးတိုးတယ်။ RHC တခုမှာ တယောက်ရှိတယ်။ သူ့အောက်မှာ သားဖွါးဆရာမ ၄-၅ ယောက်ရှိမယ်။
• Midwife = သားဖွါးဆရာမ၊
• Township Health Nurse မြို့နယ် ကျန်းမာရေးသူနာပြု (အသစ်ဖြစ်တယ်)
• TBA = Traditional Birth Attendant အရပ်လက်သည်၊ (့ သင်တန်းဆင်း)
• CHW = Community Health Worker ကျန်းမာရေးလုပ်သား၊ (၂၁ ရက်သင်တန်းဆင်း)
• AMW (Auxillaiary Midwives) အရံသားဖွါးဆရာမ၊ (တလသင်တန်းဆင်း)

ကွန်မင့်မှာ
Salai HungKee Htang = PHS ဆိုတာကို ပြည်သူ့ကျန်းမာရေးကြီးကြပ်လို့ ပြန်ပါတယ်ဆရာ။ LHV ကို အမျိုးသမီး ကျန်းမာရေးဆရာမလို့ ခေါ်ပါတယ်။ THN ကို ထူးထူးဆန်းဆန်း မြို့နယ်သူနာပြု (၁) လို့ခေါ်သလို TBA ဆိုတာက သင်တန်းဆင်းမဟုတ်ပါဘူး။ TTBA = Trained Traditional Birth Attendance ကျမှသာ သင်တန်းဆင်း အရပ်လက်သည်ပါ။ CHW ကို လကလ လို့ အတိုကောက်ခေါ်သလို လူထုကျန်းမာရေးလုပ်သားလို့ ခေါ်ကြတာ များပါတယ်။ ဆရာ့လို ဖော်လိုဝါအများကြီးရှိတဲ့သူရဲ့ စာတစ်စောင်မှာ အမှားတွေများနေတော့ မဖြစ်သင့်ဘူးထင်လို့ပါ။ စိတ်မရှိပါနှင့်ဗျ လို့ အခုပဲဖတ်ရတယ်။

Tint Swe နောက်အခေါ်တွေတော့ မသိပါ။ အရင်ကတော့ ဆရာ့စာထဲမှာပါတဲ့အတိုင်းခေါ်တယ်။ အမှန်က HA, LHV, CHW, TBA အင်္ဂလိပ်စာလုံးအတိုကောက်နဲ့သာ ပြောလေ့ရှိတယ်။ ဖြီးဖြန်းတာတော့ ဟုတ်ပါ။ အဲဒီတုန်းက TTBA လို့ မခေါ်ခဲ့ပါ။ Visitor ကို တိုက်ရိုက်ဘာသာပြန်ခဲ့တယ်။ ဘယ်သူကမှ အတွန့်မတက်ခဲ့ပါ။ ဖြီးဖြန်းတာတော့ ဟုတ်ပါ။ Attendance တော့ မဟုတ်လောက်။ Attendant ဖြစ်ပါမယ်။

ကျွန်တော့စာတွေမှာ မြန်မာပြည်ကဓါတ်ပုံတွေကိုသာ သုံးချင်တယ်။ ဒါပေမယ့် အဆင်ပြေတာမရလို့ရော ခွင့်ပြုချက်လိုတာ ရှိနိုင်လို့ပါ ဂူဂယ်အင်မေ့ခ်ျကပုံတွေကိုသာ သုံးရတယ်။ သိပ်ကြိုက်တာတော့ မဟုတ်ပါ။

ဓါတ်ပုံ = ၂၄-၈-၂ဝ၁၂ နေ့က ယမုန်နာဆေးခန်းမှာ မွေးလူနာတယောက်ကို ခက်ခက်ခဲခဲမွေးပေးကြစဉ်က

ဒေါက်တာတင့်ဆွေ

New books ဘုတ်အုပ်သစ်များ

စစ်တွေနဲ့နေခဲ့ရတဲ့တိုင်းပြည်မှာ တစ်တွေနဲ့သာရေးတတ်ကြတယ်။
စစ်တွေဆိုတာ မြို့ မဟုတ်။ တစ်တွေဆိုတာ နံပါတ်ဝမ်း မဟုတ်။
စာအုပ်သစ်တွေ ဘုတ်အုပ်သစ်တွေမှာ စလုံးတွေကများလှတယ်။
စလုံးဆိုတာ စင်္ကာပူမဟုတ်။ စသတ်ဟုတ်။
အဖြစ်ကတော့ တကျွန်းပြန်ကရေးလည်း စသတ်နေလိုက်တာ ဂျွမ်းကိုပြန်လို့။
ကျွန်းဆိုတာ ကျောက်ပြင်မဟုတ်၊ ကိုကိုးကျွန်ဟုတ်။
အမြစ်ကနေလှန်ပြလို့ ပုတ်သင်ဥပေါ်၊ ဘောင်းတော်ညိတ်၊ စိတ်တော်သိသူကများလှတယ်။ ဘောင်းတော်ညိတ်ဆိုတာ ဘုရားထူး အဘခေါ်သူဟုတ်။

မော်ဒန်စာရေးဆရာ၊ ကဗျာဆရာ၊ ထုတ်ဝေသူတွေရဲ့စာအုပ်တွေကို မော်ဒန်ကာတွန်းနဲ့ မလဲချင်တာဟုတ်။
မှတ်ချက်။ အဲလိုမြန်မာစာအုပ်တွေက (ကန်တော့ပါ) ပုဂံဘုရားတွေလို လက်ညှိုးထိုးမလွဲ များလှပေမဲ့ ပုံတင်ရမှာ အားနာလို့။

ဒေါက်တာတင့်ဆွေ
၂၈-၈-၂ဝ၁၆

Swallow and Barn swallow မိုးစွေငှက်နဲ့ မိုးစာငှက်

မိုးစာငှက်သည် ပျံလွှား၊ ဇီဝဇိုးငှက်တို့နှင့်အတူ အိပိုဒီးဒီးမျိုးရင်းတွင် ပါဝင်၍ ပါဏဗေဒအမည်မှာ ဆစ်ပဆီအာရတ် ပါးဗတ် အင်ဖူးမေးတပ်ဖြစ်သည်။ အလျား ၅ လက်မရှိ၍ တကိုယ်လုံးတွင် ကျပ်ခိုးရောင်ထနေသည့် အညိုရောင်လွှမ်းနေသည်။

မိုးစွေငှက်သည် မိုးစာငှက်နှင့် အသွင်အပြင်ချင်း တူသော်လည်း ကိုယ်အနေအထားတည်ဆောက်ထားပုံချင်းမှာ အလွန် ကွဲပြားသည့်ပြင် မျိုးစဉ်နှင့် မျိုးရင်းချင်းလည်း မတူကြချေ။ မိုးစွေငှက်သည် ပက်ဆာရီဖောမီး မျိုးစဉ်နှင့် ဟီရန်ဒီဒီဒီး မျိုးရင်းတွင်ပါဝင်၍ ပါဏဗေဒအမည်မှာ ဟီရန်ဒို ရတ်စတစ်ကား ဂရက်တူရာလစ်ဖြစ်သည်။ မိုးစွေငှက်သည် ပျံသန်းနေစဉ် တောင်ပံကို တခါတခါ အနည်းငယ် ပိတ်၍ပိတ်၍  ပျံတတ်သော်လည်း မိုးစာငှက်ကား မည်သည့်အခါမျှ တောင်ပံကို မပိတ်ချေ။

မှတ်ချက် -
ပါဏဗေဒကို နောင်မှာ ဇီဝဗေဒလို့ခေါ်လာတယ်။
လက်မကို လက္မလို့ရေးတာလည်း မမှားပါ။
တစ်ကိုယ်လုံးတွင်လို့ မရေးရပါ။
တစ်ခါတစ်ခါလို့ မရေးရပါ။

ဒေါက်တာတင့်ဆွေ
၂၈-၈-၂ဝ၁၆

Music သီချင်း ဂီတ

သီချင်းများရေးဖွဲ့ရာမှ တစတစနှင့် ဂီတလောက၌ ကဏ္ဍသစ်တရပ်ဖြစ်သော အော်ပရာခေါ် ဂီတဇာတ်ကို ၁၇ ရာစုနှစ်တွင် ဣတလီနိုင်ငံကပင်စ၍ ထွင်လိုက်ပြန်သည်။့ (မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၁၃)၊ စာမျက်နှာ (၁၁၉)

တစ်စတစ်စနှင့် မဟုတ်။
ကဏ္ဍသစ်တစ်ရပ် မဟုတ်။

ကြာရင် (ဂီတ) ကနေ (ဂီတစ်) များဖြစ်လာလေမလာ့း့

မြမန်းဂီရိ တီး - စောင်းဦးမြင့်မောင်၊ ဆို - ရီရီသန် https://www.youtube.com/watch?v=TXlQ25QAn2k
မြမန်းဂီရိ ယိုးဒယား Mya Man Giri (Thailand tune) https://www.youtube.com/watch?v=HPwszPRGzj8

ဒေါက်တာတင့်ဆွေ
၂၇-၈-၂ဝ၁၆

Deer hunter သုဝဏ္ဏသာမဇာတ်တော်ကား ဤသို့တည်း

ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်အနီး၌နေသော ဒဂါမခေါ် ရွာတရွာတွင် တံငါသည်ကြီးတဦးရှိသည်။ ထိုရွာ၏တဖက်ကမ်းတွင်လည်း တံငါသည်ကြီးတဦးရှိလေရာ ထိုသူနှစ်ဦးတို့သည် မိတ်ဆွေဖြစ်ကြသည့်အလျောက် မိမိတို့၏သားနှင့်သမီးတို့ကို လက်ထပ်ထိမ်းမြားရန် ကတိထားကြလေသည်။ တယောက်သောအမျိုးသားအိမ်၌ ဒုကူလသတို့သားကို ဖွားမြင်၍ တယောက်သောအမျိုးသားအိမ်၌ ပါရီကာသတို့သမီးကို ဖွားမြင်သည်။ ထိုသူတို့ အရွယ်ရောက်သောအခါ ကတိရှိသည့်အတိုင်း ထိမ်းမြားပေးကြသည်။ သို့ရာတွင့့်

(မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၁၃)၊ စာမျက်နှာ (၁၅၈)
ရွာတစ်ရွာတွင် မဟုတ်။
တံငါသည်ကြီးတစ်ဦး မဟုတ်။
တစ်ဖက်ကမ်းတွင်လည်း မဟုတ်။
တစ်ယောက်သောအမျိုးသားအိမ်၌ မဟုတ်။

ရုပ်ပြစာအုပ်တွေမှာ သတ်ပုံတွေကို လိုသလိုပြင်ထားကြလို့ စာအုပ်နမူနာပုံတင်ရမှာ အားနာလို့ မတင်တော့ပါ။

ဒေါက်တာတင့်ဆွေ
၂၇-၈-၂ဝ၁၆

Saturday, August 27, 2016

Tamarind fruits မန်ကျည်းသီး သုံးဆောင်ပါဦး

ကျွန်တော့်ပို့စ်တခု = Tamarind tree ရွာထိပ်က မန်ကျည်းပင်

ကွန်မင့် (၁) = Phyu Phyu Tin Aung ကိုယ်ပျောက်နေတာ သူများပျောက်တယ် ထင်တတ်ကြတယ် ဟီးဟီး။ ဆရာ ကျမ်းမာနေဖို့ဘဲလိုပါတယ်၊ အန်တီရောပေါ့။

ကွန်မင့် (၂) = Win Thura Aung ကျွန်တော်ကတော့ ဆရာကို See first လုပ်ထားတော့ ဆရာကြီးရဲ့ Post တွေ နေ့တိုင်း တွေ့ရပါတယ်။ တနေ့တနေ့ အနည်းဆုံး Post သုံးခုလောက်တော့ တွေ့ရပါတယ်။

အဲတာနဲ့ ကိုယ်တနေ့မှာ ပို့်စ်ဘယ်နှစ်ခုရေးဖြစ်လဲ ကြည့်တယ်။ ကနေ့ ၂၇-၈-၂ဝ၁၆ မှာ အခုထိတင်ပြီးတာ
1. Osteoporosis အရိုးပွရောဂါ (သို့) အမေ့ရောဂါ
2. The exiles တက္ကသီလာ ပြည်ပမှာ
3. Pregnancy and Antihistamines ကိုယ်ဝန်နှင့် အအေးမိပျောက်ဆေး
4. Fake Goods အမှား အလကားမဝေပါနဲ့
5. Hyperprolactinaemia နို့ထွက်ဟော်မုန်းများခြင်း
6. English ဗိုလ်လိုပြောကြခြင်း
7. Tamarind tree ရွာထိပ်က မန်ကျည်းပင်
(၇) ခုရှိပြီ။ နေ့တဝက်ကျော်လောက်တော့ရှိပြီ။

၂၆-၈-၂ဝ၁၆ မနေ့ကတော့ -
1. Miscarriage Prevention ကိုယ်ဝန်မပျက်အောင်
2. Substandard စာရေးညံ့သူ
3. UN headquarters နယူးယော့ဖြစ်သွားသော နေပြည်တော်
4. တစ်မိုး မဟုတ်တဲ့ တင်မိုး
5. Computer Eye Strain ကွန်ပြူတာနဲ့ မျက်စိ
6. September စက်တင်္ဘာလ
7. Urinary Tract infection in women အမျိုးသမီး ဆီးအောင့်ခြင်း
8. Speaking skills စကားပြောနည်း ဆယ်မျိုး
9. ဒေါက်တာဂျော်နီ
10. FB language ဖေ့စ်ဘွတ်စာ
11. Venus de Milo ဗီးနပ်စ်ရုပ်တုကို လက်မတပ်ပါနဲ့
12. I miss Yamuna Clinic ကလေးမွေးမပေးရတာ နှစ်နှစ်ကြာပြီ
13. အဖြစ်ရှိ တစ်မရှိတဲ့ ဒေါက်တာသန်းထွန်း
14. Unity is bleeding အရေ့း့ ကြီးပြီ ညီနောင်အပေါင်းတို့
15. Bureaucrat နရသီဟပတေ့လက်ထက်က ဗျူရိုကရက်
16. B Vitamins ဗမာဗီတာမင်
17. Blocked Fallopian Tubes သားအိမ်ပြွန်ပိတ်ခြင်း
18. Ferrovit ဖါရိုဗစ်
19. Semen Analysis သုက်ရည်ရဲ့ အရည်အသွေး
20. Cervical length သားအိမ်လည်ပင်းအရှည်
21. Pen name ကလောင်နာမည်
22. Abdominal Pain နာတယ်ဆိုတာ မကောင်းပါ
မနေ့က (၂၂) ခုရှိခဲ့တယ်။

မန်ကျည်းပင်အိုကြီးမှာ အသီးမတုံးသေးပါ။ အချိုသီးရော၊ အချဉ်သီးရော။ Smile!

ဒေါက်တာတင့်ဆွေ
၂၇-၈-၂ဝ၁၆

English ဗိုလ်လိုပြောကြခြင်း

Tint Swe မောနင်း။
DrZaw Min အားဖတားနွန်း။
Tint Swe ဆေးကျောင်းမှာ ဗိုလ်လိုပြောခဲ့ရတာဆိုလို့ (ရက်တာ) ကို အဲဒီတခွန်းတည်းသာရှိလို့ အမှတ်တရ ပြောကြည့်တာ။

အင်္ဂလန်မှာနေသူနဲ့ ယူအက်စ်အေမှာနေသူ ဆေးမန်းသူငယ်ချင်းတွေ ဟယ်လို-ဟိုင်း လုပ်ကြတာပါ။

ကျွန်တော်တို့က (မဆလ) ခေတ်မှာ လူဖြစ်ရတာ။ ပညာတွင်းက နက်လှတယ်။ အင်္ဂလိပ်စာဆိုရင် အဝီစိတွင်းလောက်။ ဆေးစာအုပ်တွေက ဘာသာပြန်တာမရှိ။ စကားကြတော့ အင်္ဂလိပ်လိုတလုံးနှစ်လုံးပြောမိရင် ဗိုလ်ရူးအပြောခံရတယ်။ စာကြတော့ ဗမာလိုမရှိတာကို အင်္ဂလိပ်လိုမသင်ရ။

အဲဒီခေတ်က ဗမာနဲ့ မြန်မာ ဝိဝါဒကွဲစေတဲ့ပြဿနာသစ် မရှိသေးပါ။ အခုတော့ အင်္ဂလိပ်စာက မပေါက်မြောက် မြန်မာစာကတော့ ချောက်ထဲရောက်။

ရက်တာ = ပါမောက္ခချုပ် ဒေါက်တာမောင်မောင်ကြီး

ဒေါက်တာတင့်ဆွေ
၂၇-၈-၂ဝ၁၆

The exiles တက္ကသီလာ ပြည်ပမှာ

(မနှစ်က ဒီရက်မှာရေးခဲ့တာ)

၁။ ဆရာရေ ၈၈ မှာတောခိုလာတဲ့လူတွေအများစုက နိုင်ငံပြင်ပကိုရောက်လာရင် ဘာဖြစ်လို့ သဘောထားတွေ ပြောင်းကုန်တာလဲမသိဘူးဆရာ။ တကယ်ဆိုရင် သူတို့လဲအာဏာရှင်ကိုဖြုတ်ချဖို့က လိုရင်းဆိုရင် သူတို့တွေလုပ်ခဲ့တဲ့ တော်လှန်ရေးနဲ့ လက်ရှိလုပ်နေတဲ့ စိတ်ခံစားမှုကဘာဆိုလိုလဲဆိုတာ နားမလည်နိုင်အောင်ပဲဆရာရေ။

၂။ ကျွန်တော့်အမြင်ကတော့ ဟီးရိုးလုပ်ချင်တာ၊ အများနဲ့မတူပဲဆန့်ကျင်ခဲ့ရင် ထင်ပေါ်မယ်ထင်တာလို့ပဲ မြင်ပါတယ်ဆရာ။

အတော်မေးသင့်တဲ့ မေးခွန်းပါ။ မေးတဲ့သူကိုယ်တိုင်က ကိုယ်ပိုင်လေ့လာမှုသဘောလုပ်ပြီးမှ ကောက်ချက်ထွက်လာမျိုး။ ကာလအပိုင်းအခြား အနည်းဆုံးနှစ်ခုကို ကြည့်ရတာမျိုး။ စာတမ်းလိုမရေးချင်ပါ။ လူနာမည် အသင်းအပင်း နာမည်တွေ မတပ်လိုပါ။

ကျွန်တော်တို့က ဝါအရပြောရင် အကြီးဆုံးမဟုတ်ပါ။ ကျောင်းသားတွေနောက်မှရောက်တဲ့ (နောက်ရောက်တဲ့သူ နောက်ကတန်းစီရတဲ့ခေတ်က) ၁၉၉ဝ အုပ်စုကဖြစ်ပါတယ်။ ဒိနောက်မှ ရောက်လာတဲ့အုပ်စုတွေလည်း ရှိသေးတယ်။ ၁၉၉၆ အုပ်စု၊ ၂ဝဝ၇ အုပ်စု၊ စသဖြင့်။ နောက်ဆုံးမှာ နိုင်ငံရေးနဲ့ လားလားမှမဆိုင်ဘဲရောက်လာသူတွေကနေ ပြည်ပကို ကြီးစိုးလာတယ်။ ဒီမိုကရေစီအရေးဓါတ်ပုံထဲမှာတော့ ရှေ့ဆုံးတန်းကနေကြတယ်။ သူတို့ကိုးကွယ်တဲ့ ဘာသာရေး ခေါင်းစဉ်အောက်ရောက်ရင် နိုင်ငံရေးကိုခါးခါးသီးသီးရန်တွေ့ပြီး၊ နိုင်ငံရေးမှာနေရာပေးရင် ထိပ်ဆုံးကရချင်သူတွေကို ကိုယ်တိုင်ကိုယ်ကျ ကြုံခဲ့ရတယ်။

နိုင်ငံရေးအုပ်စုထဲမှာကလည်းအမျိုးမျိုး။ အခြေခံအသက်မွေးမှုမတူတာ၊ ပညာရေးနဲ့ လေ့လာမှု မတူတာ၊ ရည်ရွယ်ရင်း မတူတာ၊ အဲတော့ အခြေအနေကို သုံးသပ်မှုမတူတာတွေရှိပါတယ်။ ဟီးရိုးလုပ်ချင်သူဆိုတာ တကယ်ပါတယ်။ အာဏာရှင်ကို အော်ကြီးဟစ်ကျယ် ဆန့်ကျင်ပြတဲ့သူတချို့ အာဏာရှင်ကအရေးမလုပ်တော့ ဘေးကလူတွေကို လိုက်တုတ်တယ်။

ငယ်ရွယ်သူတွေ (ကျောင်းသားအုပ်စု) ထဲမှာ အတွေ့အကြုံများလာတော့ တိုးတက်လာသိမြင်လာကြသူတွေရှိတယ်။ ချီးကျူးတယ်။ အဲ့ မငယ်သူတွေထဲမှာ ကြီးမိုက်ဆိုတာ တကယ်ရှိတယ်။ ဗီဇ (ဥာဉ်) ကို မပြင်နိုင်ကြပါ။ နှုတ်အာ ကြမ်းတဲ့သူတွေက အသက် ဘယ်လောက်ရရ ကြမ်းနေကြတာပဲ။ တချို့ကလည်း နေရာတကာမှာ ဗိုလ်သာ လုပ်ချင်ကြတယ်။ တတိယနိုင်ငံ သွားရေးအတွက် ပြည်ပထွက်လာကြသူတွေကိုဆွဲစားပြီး ဆရာကြီးလုပ်တယ်။ အစာခံရသူတွေကလည်း ပျော်လို့။ အဲဒီကာလမှာ ကျွန်တော့်ဘဝက ကျနေပြီ။ နိုင်ငံတကာကလည်း အကူအညီမပေးတော့။ ဇာတ်သိမ်းမလှတဲ့ (ကျွန်တော့်) ပြည်ပနိုင်ငံရေး။

ထောင်ကျသူတွေထဲမှာ ထောင်ချခံရတာကို ဆုတံဆိပ်လိုသဘောထားကြသူတွေရှိတယ်။ ပြည်ပထွက်ကြသူတွေထဲမှာ တချို့က သူတို့ကိုယ်သူတို့ တက္ကသီလာမှာ အဋ္ဌာရသပညာတွေ သင်ပြီးပြန်လာသလို အထင်ရောက်ကြတယ်။ အကုန်လုံးမဟုတ်တော့ တလှေလုံး မပုပ်ပါ။

ဒေါက်တာတင့်ဆွေ
၂၅-၈-၂ဝ၁၅
၂၇-၈-၂ဝ၁၆

Friday, August 26, 2016

UN headquarters နယူးယော့ဖြစ်သွားသော နေပြည်တော်

ယူနက်စကို ရောက်နေပြီတဲ့။ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားရတဲ့ ပုဂံကရှေးဟောင်းအမွေအနှစ်တွေကို စနစ်တကျ ထိန်းသိမ်းနိုင်အောင် ကူညီဘို့တဲ့။

ယူအင် အတွင်းရေးမှူးချုပ်လည်းလာမယ်တဲ့။ လက်နက်ကိုင်ဒဏ်အမျိုးမျိုးကြောင့်ပျက်စီးသွားတဲ့ ငြိမ်းချမ်းရေးအတွက် အားပေးမလို့တဲ့။

ယူအင် အတွင်းရေးမှူးချုပ်ဟောင်းလည်းလာမယ်တဲ့။ နိုင်ငံရေးဒဏ်နဲ့ ဘာသာရေးဒဏ်တွေကြောင့် ယိုယွင်းနေရတဲ့ ရခိုင်ဒေသအတွက် အကြံပြုဘို့တဲ့။

နယူးယော့မှာရှိတဲ့ ယူအင်ဌာနချုပ်ဟာ မီးခြစ်ပုံးနဲ့ သဏ္ဌာန်တူတယ်လို့ ငယ်ငယ်က ကျောင်းဖတ်စာထဲမှာ သင်ခဲ့ရတယ်။ အဲဒီအဆောက်အဦကြီးသာ ငလျင်ဒဏ်ထိရင်တော့ မြန်မာပြည်က စစ်ထောက်လှမ်းရေးချုပ်ဟောင်းကို လွှတ်လိုက်စေချင်တယ်။

ဒေါက်တာတင့်ဆွေ
၂၆-၈-၂ဝ၁၆

Speaking skills စကားပြောနည်း ဆယ်မျိုး

Shwe Nwe Yoe ဆရာအချိန်ရတဲ့အခါ စကားပြောနည်းဆယ်နည်း၏ အဓိပ္ပါယ်လေးကိုရှင်းပြပေးပါလား။ လေးစားစွာဖြင်-

ကျွန်တော်တို့ ဆယ်တန်း မြန်မာစာပြဋ္ဌာန်းစာအုပ်မှာပါတယ်။

၁။ ရေကူးညာတင်ပြောနည်း
မြစ်ကူးရာတွင် မြစ်ညာကတင်ပြီးကူးမှ ရေစီးအတိုင်းလိုက်၍ အလိုက်သင့်လိုရာ ဆိပ်ကမ်းရောက်မည်ဖြစ်၏။ စကားပြောဆိုရာတွင်လည်း လိုရင်းရောက်အောင် ကြိုတင်ပြင်ဆင်ပြီး ပြောထားခြင်းကို ဆိုလိုသည်။

၂။ ကောက်ပင်ရိတ်လှီးပြောနည်း
စပါးရိတ်သောအခါ ကောက်ပင်များကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ပြီးမှ တံစဉ်နှင့် ပြန်ရိတ်ရ၏။ စကားပြော ဆိုရာတွင်လည်း တဖက်လူ၏ စကားကိုမိမိရရဆုပ်ကိုင်မိမှ ချက်ကောင်းယူပြီး ပိုင်အောင်ပြောဆိုနည်းကို ဆိုလိုသည်။

၃။ ရေစီးဖောင်ဆန်ပြောနည်း
ရေစီးသည့်နေရာမှာ ဖောင်ဆန်သည့်အခါ ဖြည်းညှင်းစွာထိုးဝါးနှင့် ထောက်ထောက်ပြီး စိတ်ရှည်လက်ရှည် ဆန်တက်ရ၏။ စကားပြောဆိုရာတွင်လည်း လိုရာရောက်အောင် စိတ်ရှည်လက်ရှည် သာယာညှင်းပျောင်းစွာ ပြောဆိုနည်းကို ဆိုလိုသည်။

၎။ အိုးတန်ဆန်ခတ်ပြောနည်း
အိုးနှင့်ဆန်ကို တန်အောင်ချက်လျှင်နူးနပ်စွာ စားသုံးရ၏။ စကားပြောဆိုရာတွင်လည်း မိမိပြောမည့် စကားသည် မိမိပြောမည့်လူနှင့်တန်သောစကားမျိုးပြောမှမိမိဆိုလိုရင်းကိုထိုသူသဘောပေါက်အောင်ပြောနိုင် မည်ဖြစ်၏။

၅။ ဆန်ပွတ်ကျည်ပွေ့ပြောနည်း
ဆီကိုရအောင် ပွတ်သည့်အခါ အထပ်ထပ်အခါခါ ပွတ်ရ၏။ စကားပြောဆိုရာတွင်လည်း မိမိပြောလိုသော စကားအောင်မြင်အောင် အထပ်ထပ်အခါခါ ပြောရန်လိုအပ်သည်ကို ဆိုလိုသည်။

၆။ ဆင်ဝှေ့ရန်ရောင်ပြောနည်း
ဆင်ဝှေ့သည့်ရန်ကို ရှောင်သည့်အခါ ကွေ့ပတ်ဝေ့ဝိုက်၍ရှောင်ရ၏။ တည့်တည့်ပြေး၍မရ၊ စကားပြောဆိုရာတွင်လည်း မိမိဘေးအန္တရာယ်ဖြစ်စေမည့် အနေအထားရှိလျှင် ကွေ့ပတ်ပြောရန်လိုအပ်သည်ကို ဆိုလိုသည်။

၇။ တောင်သူယာခုတ်ပြောနည်း
တောင်သူများ ယာခုတ်သည့်အခါ ချုံနွယ်ပိတ်ပေါင်းသစ်ပင်ငယ်များကို အရင်ခုတ်ပြီးမှ သစ်ပင်ကြီးများကို ခုတ်လှဲသည်။ စကားပြောဆိုရာတွင်လည်း ကိစ္စငယ်များကို အရင်ကိုင်တွယ်ဖြေရှင်းပြီးမှ ကိစ္စကြီးကို ဖြေရှင်းပြောဆိုရန် ကိုဆိုလိုသည်။

၈။ ကြက်ဆုတ်ခွပ်ပစ်ပြောနည်း
ကြက်တို့သည် ဆုတ်၍ အရှိန်ယူပြီးမှ ပြန်ခွပ်ပစ်တတ်သည်။ စကားပြောဆိုရာတွင်လည်း တဖက်သား၏ စကားကို အလိုက်သင့် လျှော့ပေးပြီးမှ ပိုင်ကွက်တွေ့သည့်အခါ ပြန်ဖိပြီး ပြောပစ်လိုက်သော နည်းကိုဆိုလိုသည်။

၉။ ရေစစ်ကရားရေသွားသောသွင်ပြောနည်း
ရေစစ်ကရားသည် ရေသွားသောအခါတွင် တသွင်သွင်သွားသကဲ့သို့ ပိတ်၍လည်းရ၏။ မိမိပြောသော စကားသည် ရပ်၍လည်းရ၏။ အဆက်မပြတ်ပြော၍လည်းရသော စကားမျိုးဖြစ်ရမည်ဖြစ်သည်။

၁ဝ။ ခက်တင်မောင်းနင်းပြောနည်း
မောင်းနင်းသည့်အခါ စည်းဝါးကိုက်ထောင်းနေသကဲ့သို့၊ စကားပြောဆိုရာတွင်လည်း တဖက်လူပြောသည့်စကားကို ချက်ကျကျ အခွင့်ကောင်းယူပြီး ပြန်ပြောတတ်ရန်ဖြစ်သည်။

ဒေါက်တာတင့်ဆွေ
၂၆-၈-၂ဝ၁၆

I miss Yamuna Clinic ကလေးမွေးမပေးရတာ နှစ်နှစ်ကြာပြီ

Janese Even Ngalaeng: At Yamuna Clinic with most respected Dr. Tint Swe.... He's the best Doctor ever... I miss u Saryar

Tint Swe ကျွန်တော့်အကြီးဆုံးမြေးထက်ငယ်တဲ့ ယမုန်နာဆေးခန်းက အငယ်ဆုံးဆရာမလေး အီဗင်ကတင်ထားတာကို အခုပဲတွေ့တယ်။ သူကအားကိုးရတယ်။ ခွဲစိတ်လူနာကိုပါကူညီနိုင်တဲ့အထိ တတ်မြောက်ခဲ့သူဖြစ်တယ်။

Janese Even Ngalaeng ဆရာ့ကို ဒေလီကမွေးလူနာတွေက သတိရနေကြတယ်။ 😊😊 We miss u

ကလေးမွေးမပေးရတာ နှစ်နှစ်ကြာပြီ။ ဒေလီမှာနေစဉ်ကတော့ တနှစ်မှာ ကလေး (၅ဝ) ယောက်ကို ကျွန်တော့်လက်နဲ့ မွေးပေးခဲ့ရတယ်။

ဒေလီမှာကျန်ရစ်ကြတဲ့ မြန်မာပြည်ကဒုက္ခသည်တွေ ကျန်းမာကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၆-၈-၂ဝ၁၆

Venus de Milo ဗီးနပ်စ်ရုပ်တုကို လက်မတပ်ပါနဲ့

နာမည်ကျော် ရှေးဟောင်းဂရိလက်ရာ ဗီးနပ်ရုပ်တုကို Aphrodite of Milos လို့လည်းခေါ်တယ်။ ရောမ (ရိုမန်) လိုက (ဗီးနပ်စ်) ဖြစ်တယ်။ အလှနဲ့ အချစ် ဂရိနတ်ဘုရား (အဖရိုဒိုက်စ်) ပုံကို ထုလုပ်ထားတာလို့ ယူဆကြတယ်။ (မာဘယ်လ်) ကျောက်နဲ့ လုပ်ထားတယ်။ ၆ ပေ ၈ လက္မမြင့်တယ်။ ၈-၄-၁၈၂ဝ နေ့မှာ စတွေ့ကတည်းက လက်နှစ်ဖက်ကမစုံတော့ပါ။ ပျောက်နေတဲ့လက်နှစ်ဖက်ကို ပညာရှင်တွေအမျိုးမျိုးကြိုးစားပြီး ရှာကြပေမယ့် မတွေ့သေးပါ။

ပုဂံနားက ဘုရားစေတီပုထိုးတွေနဲ့ အဆောင်အအုံတွေသက်တမ်းက နှစ်တထောင် (တစ်ထောင် မဟုတ်) ဝန်းကျင်သာ ကြာသေးတယ်။ ဗီးနပ်စ်ရုပ်တုကို ဘီစီ ၁၃ဝ နဲ့ ၁ဝဝ လောက်ကထုလုပ်ခဲ့တာလို့မှန်းဆရတယ်။ ပန်းပုပညာရှင်တွေက ဒီလောက်လက်ရာကောင်းလှတဲ့ ရုပ်တုက လက်နှစ်ဖက်ကို အသစ်တပ်ဆင်ပေးဘို့ တခါမှ မကြိုးစားကြပါ။

ကျွန်တော်တို့နိုင်ငံမှာ ရှေးဟောင်းလက်ရာတွေကို မွမ်းမံနေကြတာကို ကျွန်တော်တော့ နားမလည်ပါ။ ပြိုပျက်နေတာကို နောက်ထပ်မပျက်စီးအောင်လုပ်တာက အကောင်းဆုံးနည်းလမ်းလို့ ထင်မိတယ်။

စစ်ကိုင်းကောင်းမှုတော်ဘုရားကိုရွှေချတာလည်း ကျွန်တော်က တယောက်တည်းသာရှိရှိ သဘောမတူပါ။ သာလွန်မင်းတရားကြီးတည်ခဲ့သလိုသာရှိစေချင်တယ်။ ၁၂-၇-၂ဝ၁၆ နေ့ကသတင်းထွက်တယ်။ ပုဂံအာနန္ဒာဘုရားကြီးကို ကျပ်သိန်း  ၁ဝဝဝ ကျော်ကုန်ကျခံ၍ ရွှေထီးတော်နှင့် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူမည်တဲ့။ ရှေးဟောင်းလက်ရာကောင်းတွေကို မူရင်းအတိုင်းထားချင်ပါတယ်။ အာနန္ဒာဘုရားကို ကျန်စစ်သားလက်ထက်ကအတိုင်းသာ ဖြစ်ချင်စိတ်ကို ဖျောက်မရသေးပါ။

ဗီးနပ်စ်ရုပ်တုကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့က Louvre Museum ပြတိုက်မှာ လုံလုံခြုံခြုံခမ်းခမ်းနားနားထားတယ်။ ကျွန်တော်တို့ ရှေးဟောင်း ဘုရားတွေကို နောက်လူတွေက ထုံးသုတ်ကြ၊ ရွှေချကြတယ်။ ဘုရားပရဝုဏ်နဲ့ ဘေးပတ်ဝန်းကျင်မှာတော့ ခြုံနွယ်တွေ အမှိုက်သရိုက်တွေနဲ့။

ဗီးနပ်စ်ရုပ်တုမှာ လက်အသစ်တပ်လိုက်တာနဲ့ ဘုရားပွဲဈေးမှာရောင်းတဲ့အရုပ်အဆင့်ရောက်သွားပါမယ်။

ဒေါက်တာတင့်ဆွေ
၂၆-၈-၂ဝ၁၆

B Vitamins ဗမာဗီတာမင်

တောင်သူသား၊ စိုက်စားစရာမြေမရှိ၊ တောမှာမွေးပေသိ၊ မြို့တွေမှာနေရတာ ဇာတာသက်ထက်လျှော့တာ ၅ နှစ်တိတိ၊ မွေးရပ်မှာမနေရတာ နှစ်အစိတ်ရှိ။

ဧရိယာစတုရန်းမိုင် ၃့၈ သန်းရှိတဲ့တိုင်းပြည်ကြီးမှာ စိုက်ပျိုးစရာ တလက္မမ မပိုင်ရှိ။ ဒါပေသိ ပူစရာမရှိ၊ အသိမိတ်ဆွေတွေက ပေါများပါဘိ။

အခင်းမရှိ၊ ဈေးနှုန်းမသိ၊ ခြေထောက်မရှိတဲ့ အသီးအရွက်တွေဟာ အိမ်တိုင်ယာရောက် ပေါက်ချလာ၊ ညစာ-နေ့စာ-သိမ်းထားစရာ၊ ကျေးဇူးတင်တယ်ဗျာ။

ချဉ်ပေါင်လည်းပါ၊ မြင်းခွါနဲ့ ခွေးတောက်ရွက်၊ ခေါင်းရွက်သည်ဆီကမဟုတ်၊ အမေရိကမှာလုပ်တဲ့ ဗမာဗီတာမင်သုံးထုပ်။

ဒေါက်တာတင့်ဆွေ
၂၆-၈-၂ဝ၁၆

Thursday, August 25, 2016

Waste picker အမှိုက်ကောက်သူ

ကျွန်တော်က မြန်မာစာကို တတ်သလောက်လေးနဲ့ ရေးနေတာများပြီ။ ရေးနိုင်တာက လူမှုရေးကွန်ရက်မှာပါ။

ရေးတာကလည်း လမ်းဘေးအမှိုက်လိုက်ကောက်သလို။ အလေအလွင့်ပဲ လိုက်ကောက်နိုင်တယ်။ ကောက်ရင်တော့ (ရီဆိုက်ကယ်) လုပ်လို့ရတာကိုသာ ရွေးကောက်ပါတယ်။

စာရေးဆရာတွေ၊ မြန်မာစာပညာရှိကြီးတွေကသာ ပိုက်ဆံနဲ့ရောင်းရတဲ့စာတွေ ရေးကြပါတယ်။

ကျွန်တော်ရေးတဲ့စာကို စာအုပ်တိုက်တွေ၊ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေက ထုတ်ပေးရဲကြမယ်လည်း မထင်ပါ။ သူတို့ကို အပြစ်မပြောပါ။ သူတို့ခင်ဗျာ ရေဆန်လှော်ရတာက ပိုပင်ပန်းလို့ပါ။ ဆရာဝန်ဆိုတာ လူနာကို (ခီမို) ပေးရတိုင်း စိတ်မကောင်းဖြစ်ကြရပါတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၈-၂ဝ၁၆

Indian Trumpet ကြောင်လျှာသီး

ငယ်သူငယ်ချင်းတယောက်က ဒီနေ့တော့ Furen International School က video interview ရှိတာနဲ့ မစီးဖြစ်တာကြာပြီ ဖြစ်တဲ့ နက်ကတိုင်လေးစီးဖြစ်တယ် စသဖြင့်ရေးတာတွေ့တယ်။ ခေါင်းစဉ်က ကြောင်လျှာသီးနဲ့တဲ့။

ဟိုတလောက ကျွန်တော် အင်္ဂလိပ်စာသင်ကူနေတဲ့ကျောင်းမှာ ဖတ်စရာတခုမှာ လက်ငင်းဖြစ်နေတဲ့ သတင်းတပုဒ်ကို ဖတ်ခိုင်းတယ်။ အမေရိကန်သမတလောင်း ဒေါ်နယ်ထရမ့်။ Trump ထရမ့်လို့ ရေးတော့ ကျောင်းသားတယောက်က သူ့ဖုန်းထဲက အင်္ဂလိပ်-မြန်မာအဘိဓာန်ထဲမှာလိုက်ရှာတယ်။ စာလုံးနဲ့အနီးစပ်ဆုံးဖြစ်တာ Trumpet ပေါ်လာပြီး ဗမာလို ကြောင်လျှာသီးတဲ့။ ကျောင်းသားက ဘယ်လိုမှဆက်စပ်မရ၊ ဒုက္ခရောက်နေလို့ ရှင်းပြရတယ်။

ကြောင်လျှာပင်ကို Indian Trumpet လို့ခေါ်ကြတာများတယ်။ Broken Bones နဲ့ Damocles Tree လို့လည်းခေါ်တယ်။ ရုက္ခဗေဒလို Oroxylum Indicum ခေါ်တယ်။ ဟင်ဒီလို Muhudie လို့ခေါ်တယ်။ ကြောင်လျှာသီးကို Oroxylum pod လို့ ခေါ်တယ်။

ဒေါက်တာတင့်ဆွေ
၂၅-၈-၂ဝ၁၆

Spelling prisoners နိုင်-ပုံ

ပုဂံငလျင်သတင်းကိုတင်ကြတာမှာ သတ်ပုံအမှားတွေ ရွေးထုတ်လိုက်သလိုထွက်ထွက်လာတယ်။ စူဠာမဏိကိုရေးကြတာ စူဌာမဏိ၊ စူဋ္ဌာမဏိ၊ စုဋာမဏိ၊ စုံနေတာပဲ။

ဌာ နဲ့ ဋ္ဌာ လည်းမတူပါ။ ဋာစာလုံးမြင်တိုင်း ပဋာစာရီပဲထင်မိတယ်။ ဘုရားဘွဲ့တော်တွေကိုတော့ မှန်မှန်ကန်ကန် ရေးသင့်ကြပါတယ်။

အသံထွက်ကော မှန်အောင်မထွက်ကြလို့ စာလုံးပေါင်းမှားရေးတာဖြစ်မယ်။ (စူလာမနိ) သံထွက်ပါတယ်။ တခြား သတ်ပုံတွေဆိုရင် (စူထာမနိ)၊ (စူတာမနိ) ဖြစ်ကုန်မယ်။

(ဒဏ်) ကိုလည်း (ဒါဏ်) လို့ရေးနေကြတာ မှားတယ်။

စစ်အစိုးရဒဏ်ခံကြရတဲ့ နိုင်ငံရေးအကျဉ်းသား (နိုင်-ကျဉ်း) စာရင်းပြုစုသလို ထောင်ချခံရတဲ့ မြန်မာစာသတ်ပုံတွေပါ ပြုစုရင်ကောင်းမယ်။ (နိုင်-ပုံ) လို့ခေါ်မယ်။

ပြည်ပထွက်ပြေးရတဲ့ သတ်ပုံတွေကိုလည်း မမေ့ကြပါနဲ့။ Smile!

ဒေါက်တာတင့်ဆွေ
၂၅-၈-၂ဝ၁၆

Twisted language ဒဏ်ကြောင့် ပဲရွဲ့နေတဲ့မြန်မာစကား

Tint Swe ဒဏ်
Shi Di ဆရာ ဘာပြောချင်တာလဲရှင့်
Tint Swe ပဌမဆုံးပုံမှာ ငလျင်ဒါဏ်ခံလို့ရေးတာ သတ်ပုံမှားနေတယ်။ ဒဏ်လို့သာရေးရတယ်။ ဆရာက အမှားတွေကို ဘယ်တော့မှ နမူနာပြစရာအဖြစ် ယူမသုံးပါ။ ဆိုးသွမ်းတဲ့သူ၊ လူမကြည်ညိုသူတွေပုံတွေကိုလည်း မသုံးပါ။ ဆေးအတုတွေကိုလည်း ပုံမတင်ပါ။ တင်ရင် ဘယ်မှာဝယ်ရမလဲကလာပြီ။ အမှားတွေတင်ရင် အမှန်ပဲထင်ကြသူက အလွန့်အလွန်များတယ်။ လူတွေကို ဖမ်းဆီးနှိပ်စက်ခဲ့သူပုံကို ခဏခဏတင်နေကြတာ ကိုးကွယ်ရာကျတယ်။ ဆဲရေး တိုင်းထွာသူပုံတွေကို တင်နေကြတာလည်းအဲလိုပဲ။ အဲလိုလုပ်တာ သူတို့ကို ပရိုမိုးရှင်းလုပ်ပေးရာကျတယ်။

La Min ဆရာ့ကို ဆီးဖတ်လုပ်ထားတာဆရာ
Tint Swe ဆရာကတော့ ဆီးဖတ်စ် လို့ရေးစေချင်တယ်။ ဖတ် ဆိုရင် အဖတ်လို့ထင်နိုင်တယ်။ နှမ်းဖတ်ခဲမှတ်လို့ ထပ်ဖတ်ရတယ်။ Smile!

အဲလိုရေးတာကို ဗိုလ်ဆန်တာလို့ မခေါ်သင့်ပါ။ မြန်မာပြည်ကြီး အခုတော့ နွားခြေရာကွက်ထဲကထွက်လာရပြီမို့ သူများ အရီမခံရအောင်၊ နားလည်စေအောင် အင်္ဂလိပ်လို ပြောမှ ရေးမှရတာမျိုးကို မှန်ကန်ပီသအောင် ပြောရ ရေးရမယ်။ ခက်နေတာက မြန်မာစကားကို ပဲ့ရွဲ့စောင်းအောင်ပြောနေကြတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၈-၂ဝ၁၆

Wednesday, August 24, 2016

ရှေးခေတ်ပုဂံပြည်

မောင်တို့ ကြားကုန်လော့
မယ်တို့ ကြားကုန်လော့
ရှေးဖျား ပုဂံပြည်မှာဖြင့်
မြန်မာတတွေမှာ ရတနာရွှေငွေ အပေါင်းငဲ့ပြင်
မင်းကောင်း နော်ရထာတဲ့
မော်စရာ ဟိုတခေတ်ကိုဖြင့်
ဉာဏ်သစ်ကာ တရွှင်ရွှင်နဲ့
ဘဝင်မှာ အမြင်မှန်းကာပ
တမ်းမ၍ ကြည်ညိုပါ။

ဪ ပြည်မြန်မာခေတ်ထူး
ရာဇဝင်မှာ စာတင်လို့ကျူးခဲ့ကြ
ငထွေးရူး လုံးလက်ဖယ်
ညောင်ဦးနယ် ကိုရွှေဖီး
ရွှေထီးလောင်း မင်းကျန်စစ်
ထီမထင်အောင်၊ ပြည်ခွင်ကိုချစ်ခဲ့ကြ
ရဲစစ်တပ်ခြံအရံ၊ မြန်မာနယ့်တရိုး
ရန်ထိုထိုကို၊ ရန်လိုလျှင် ချိုးခဲ့၍
မြို့ရိုးမြင့် ပြည်ပုဂံ၊ ရဲစစ်တပ်ပြန်မှာ။

အောင်လံတွေ ရောင်ပျံမြူးကာပါ့
တပ်ဦးမှာတချီချီနဲ့
အောင်ရွှေစည် အောင်သံညင်းလိုက်တော့
ပြည်တွင်းမှာ ညံဆူဆူနဲ့
ကျန်ရစ်သူ ပုဂံသားတို့မှာလ
အားတက်ကြမှာ။

လာစမ်းဟဲ့ မေ့သား
အမယ်မင်း ထွားလိုက်တာ
စစ်သားကြီး လုံးလုံး၊ ဗိုလ်မှူးကြီးရှုံးလောက်ရဲ့
ပုခုံးနဲ့လက်ပြင်၊ ကြောခြင်က သံချောင်း
တနှစ်တွင်းမှာ၊ ချက်ချင်းပဲ ပြောင်းရော့
ကောင်းလိုက်ပေ့ မေ့သား
ဤဇမ္ဗူ၊ တလူရှားလောက်ရဲ့
မယ်ဘွားမှာလေ
ပန်းသပြေနှင့်၊ ညောင်ရေသွန်းလောင်း
ပြည်ကြီးရှင် အနိုင်ရလို့
ငါ့သားလှ ပြန်လာကြောင်းကို
နေ့တိုင်းပဲ တောင်းရတယ်
အမယ် မမ
သားလှတွက်တာ၊ နောင်များဖြင့် ပူပါနဲ့
ပုဂံမှာမွေး၊ ပုဂံသွေးမို့
အလေးမမူ၊ အသက်ပင်လှူခဲ့ပေါ့
ပြည်သူသက်စွန့်၊ လက်ရုံးအင် သည်တအားနဲ့
ဘယ်တိုင်းခြား ဝံ့မတုံးတဲ့။

ယာလက်ရုံးငဲ့ပြင်
နှလုံးမှာ ဖြူစင်ကြယ်နဲ့
လူတွင်ကျယ် ပုဂံသားတွေတို့
ကိုယ့်အားကို ကိုယ်ယုံကိုးကာပ
ကိုယ့်မျိုးဂုဏ် တမာန်တက်ပေလိမ့်
ဓားထက်တဲ့ပုဂံမှာ
မြန်မာတို့ခေတ်ဟောင်း။

စေတီနဲ့ တန်ဆောင်း
ဆည်ချောင်းနဲ့ စပါးနှံ
ရွှေပေါက္ကံ ပြည်တကြောမှာ
ပေါချင်တိုင်းပေါတဲ့ပြင်
ဝပြောတဲ့ သာသနာ
ခေါင်းလောင်းသံ ညံမစဲရယ်နဲ့
ပုဂံပွဲ သာလွန်လို့
လာသူလာ သွားသူသွား
လယ်တွင်းသား ပြည်တော်သား
အသည်သား မင်းမှုထမ်း
တစိတ်ဝမ်း တလက်ညီ
ပြည်ရေးကို ပြိင်တူချီကြတော့
ပြည်တော်မြတ် ပဲ့တင်သံ
ဘဝဂ်က ပြန်ပါရော့။

တရားငယ်မှန်
ရှင်မြတ်ကယ် ထေရ်အရဟံနဲ့
ပြည်ပုဂံ နော်ရထာဘုန်းငဲ့ပြင်
ပြည်လုံး ညီညာတော့
ဤကမ္ဘာမှာ ပြည်မြန်မာရယ်လို့ ဝင်းခဲ့သ
သည်မင်း သည်ပြည်ထောင်ဖြင့်
မလေးမောင် ချစ်မငြီးနိုင်ဘူ့
ရွှေစည်းခုံ ခြေတော်ရင်းဆီ
ခေတ်ဟောင်းစံ ပုဂံသီချင်းကိုဖြင့်
ညှင်းဆိုခဲ့ကြောင်း။     ။

ဇော်ဂျီ (ဂန္ထလောက၊ မေ၊ ၁၉၃၆)

ဒါက သတ်ပုံမှန်နဲ့ ဆရာဇော်ဂျီရဲ့ကဗျာဖြစ်ပါတယ်။ နောက်လူတွေက သတ်ပုံကိုသူတို့လိုသလိုပြင်ပြီး ရေးတင်ကြတယ်။ ရိုက်နှိပ်ထုတ်ဝေ ရောင်းချနေကြတယ်။ အဲလိုမလုပ်အပ်ပါ။

ဒေါက်တာတင့်ဆွေ
၂၅-၆-၂ဝ၁၆

Save Bagan ပုဂံကို ကယ်ဆယ်ပါ

Save the Bagan လို့ရေးနေကြတာတွေ့တယ်။ ကျွန်တော်တော့ အတော်စဉ်းစားနေရတုံးပဲ။ Save Bagan လို့သာ ရေးသင့်တယ်ထင်ပါတယ်။

Save Berlin ဆိုတာရှိတယ်။ ဘာလင်မြို့ကြီးရဲ့ မြို့ပြအခြေအနေတွေကို တင်ပြတဲ့ (ပရောဂျက်) တခုဖြစ်တယ်။ မြို့တော် ဖွံ့ဖြိုးရေးအတွက်ရည်ရွယ်ပြီး၊ မလိုလားအပ်တဲ ပြုပြင်မှုလုပ်တာတွေကို ထောက်ပြမယ်။ ဘာလင်မြို့ကြီးအနာဂတ်ကို ဆောက်လုပ်ရေးသမားတွေနဲ့ အစိုးရလက်ထဲ ဝကွက်အပ်မထားလိုသူတွေကနေ ဆော်သြကြတာပါ။ နှစ်စဉ်လုပ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၈-၂ဝ၁၆

Earthquake ငလျင်

Mg Ponnya  ငလျှင် ချောက် ၆့၈ ပုဂံ ၆့၉ အပျက်အစီးဘယ်လောက်များတယ် အတိအကျ မသိရသေး ဓာတ်ပုံ ခရက်ဒစ် ပုဂံဘုရား

Nay LA ၂၅-၈-၂ဝ၁၆ ငလျင်ပြင်းအား ၆့၈ ရှိ ငလျင်လှုပ် ထီးလိုမင်းလိုစေတီတော်အပါအဝင် ပုဂံဘုရားအချို့ ပျက်စီး

Kyaw Ngwe ၁၃-၄-၂ဝ၁၆ ရေစကြိုမှာ ည ၈ နာရီ ၂၆ မိနစ်ခန့်က ငလျင်လှုပ်သွား၊ ရစ်ချတာ ၆ ကျော်မည်ထင်မိ၊

Ko Naing Htun Maung ဟာ တော်တော့ကိုပြင်းထန်တယ် ငလျင်လှုပ်တယ်ဟ

Sein Win ၁၉၇၄ ပုဂံငလျှင်ဟာ ၇့၂ ထင်တယ် ဘုရားတွေပြိုတယ်။ ခုလည်း ဘယ်ကို ဗဟိုပြုသလဲ။

Tint Swe ၁၉၇၄ ပုဂံမှာ ငလျှင်လှုပ်တုန်းက ကျွန်တော် မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကျောင်းသားကနေ ဆရာဝန် စဖြစ်တဲ့ပဌမနှစ်ပါ။ ၅ တန်းကနေ ၁ဝ တန်းအထိစာသင်ခဲ့တဲ့ စတိတ်တူးကျောင်းကနေထွက်တဲ့လမ်းနဲ့ အလုံလမ်းဒေါင့်က ဆေးရုံကပေးတဲ့ ခြေတံမတိုမရှည် အိမ်လေးမှာ နေရပါတယ်။ ဆေးပညာအသိနဲ့ အတွေ့အကြုံကလည်း ဟိုမရောက် သည်မရောက်။

ဘုရားစေတီ၊ တိုက်တာအဆောက်အဦတွေနဲ့ လူသူလေးပါး ငလျင်ဘေးကလွတ်ကင်းချမ်းသာကြပါစေ။

Dr. တင့်ဆွေ
၁၃-၄-၂ဝ၁၆
၂၄-၈-၂ဝ၁၆ (နေရတဲ့နေရာနေ့စွဲ)

Alphabets ဗျည်းသရအက္ခရာ

ကျွန်တော်က သတ်ပုံမှားတာလေးတွေ ရေးပါတယ်။ ကနေ့တော့  ပုဂံငလျင်အပျက်အစီးသတင်းတွေမှာ ဗျည်းရေးတာပါ မှားနေကြတာတွေ့တယ်။ (ဌ) နဲ့ (ဠ) လွဲနေတယ်။ စူဠာမဏိလို့ရေးရတယ်။ စူဠာမုဏိလို့ရေးတာလည်း တွေ့ပါတယ်။

ဓါတ်ပုံ = ကျွန်တော့်သူငယ်ချင်း ဆရာဝန်တယောက်က မြန်မာပြည်ကနေ တကူးတကဝယ်လာပြီး၊ အိမ်အရောက် လာပေးတဲ့ လက်ဆောင် တီရှပ်။ ကျွန်တော်က အပြင်ထွက်ရင် တီရှပ်ဝတ်လေ့မရှိတာလေး ဟိုတနေ့ကတင် ရေးထားတယ်။ မနေ့ကတော့ အင်္ဂလိပ်စာသင်ကူနေတဲ့ကျောင်းကိုဝတ်သွားတာ ကျောင်းသူတယောက်က က၊ ခ၊ မေ့တတ်လို့ ရိုက်ထားမယ်တဲ့။

Dr. တင့်ဆွေ
၂၄-၈-၂ဝ၁၆
Photo by Grace T Deih Cing

Premaston ကိုယ်ဝန်မပျက်၊ ကလေးစောမမွေးစေတဲ့ဆေး

Premaston ပရိုဂျက်စတီရုန်းဆေး

၁။ ဆရာရှင့် အသက်က ၃ဝ၊ အမျိုးသမီးပါ။ ရှေ့မှာလဲ တခါမေးပြီးပါပြီ။ အခုထပ်မေးချင်တာက သမီးက ကလေးရဖို့ ကြိုးစားနေတာပါ။ အခု ဒီလ ၈ လပိုင်းအတွက် ရာသီမလာသေးပါ။ ဆီးစစ်ကြည့်တော့လဲ negative ပါ ၇ လပိုင်း တုန်းကတော့ Premaston ဟော်မုန်းဆေးသောက်ထားပါတယ်။ အဲ့ဒါသောက်ထားလို့မလာတာလား သိချင်လို့ပါ
ဆရာ့ထံမှ အကြံပေးချက်လေးလိုချင်လို့ပါ။ ဆရာဝန်ပြန်ပြသင့်လားဆိုတာလေး ဖြေကြားပေးပါဆရာ။

အရင်ကမေးလို့ဖြေထားပါတယ်။

၂။ ဆရာ Premaston ရဲ့ Side Effect လေးတွေ သိချင်လို့ပါ။ သမီးကို တနေ့ 3 လုံး 3 Weeks သောက်ခိုင်းလို့ပါ။ လောလောဆယ်တော့ ဆံပင်တွေ အရမ်းကျွတ်နေလို့ပါ။ မြင်မကောင်းအောင်ကျွတ်တာပါဆရာ။

အသက် မသိပါ။ ရာသီ မသိပါ။ အိမ်ထောင်ရေး-ကိုယ်ဝန်-ကလေး မသိပါ။

၃။ မင်္ဂလာပါဆရာ။ ကိုယ်ဝန်က ၉ လထဲရောက်ပါပြီ။ OG က ကလေးစောမမွေးအောင် ကိုယ်ဝန်ရင့်မှသောက်တဲ့ ခိုင်ဆေး ၁၅ ရက် သောက်ခိုင်းပါတယ်။ ကလေးတခုခုဖြစ်မှာစိုးရိမ်လို့ ဆေးသောက်သင့် မသောက်သင့် ညွှန်ကြားပါဦးရှင့်။

အသက် မသိပါ။ ဆေးအမည် မသိပါ။

အသက်က ၂၈ ပါရှင့်။ ဆေးအမည်က Premaston ပါရှင့်။ ကိုယ်ဝန်က ၃၅ ပတ်ပါဆရာ။

Premaston ဆေးထဲမှာ Allylestrenol 5 mg ပါတယ်။ Progestogen ပရိုဂျက်စတိုဂျင်ဟော်မုန်းဆေးဖြစ်တယ်။ ကိုယ်ဝန်မပျက်အောင်၊ ကလေးစောမမွေးအောင်ပေးတယ်။ ယောက်ျား ဆီးကျိတ်ကြီးတာအတွက်လည်းပေးတယ်။ ကိုယ်ဝန်ပျက်မှာကို ကာကွယ်ဆေးဘို့ 5 mg တနေ့ ၃ ကြိမ်၊ ၅-၇ ရက်။ ကလေးစောမွေးမှာအတွက်လည်း ပေးတယ်။ 5 mg တနေ့ ၃ ကြိမ်၊ ၅-၇ ရက်။ အများဆုံး 40 mg ပေးတယ်။ ယောက်ျားဆီးကျိတ်ကြီးတာကိုလည်း ပေးတယ်။ မကြာခဏ ကိုယ်ဝန်ပျက်သူကို ကိုယ်ဝန်သေချာကတည်းက 5-10 mg / day တလအနည်းဆုံးပေးတယ်။

Missed abortion ကိုယ်ဝန်ပျက်ခြင်း တမျိုးနဲ့ Recurrent miscarriage ကိုယ်ဝန် ခဏခဏပျက်ရခြင်းမှာသုံးနိုင်တယ်။

ဒေါက်တာတင့်ဆွေ

Tuesday, August 23, 2016

၂၆-၁-၁၉၆၂ နေ့က သတ်ပုံ

မြန်မာနိုင်ငံ ရှေးခေတ်ဘာသာပြန်သမိုင်းအချုပ်
(ပုဂံခေတ် အခန်း)
တင်ပြသူ
ဦးဝန် (မင်းသုဝဏ်)
့
တခြားလူများနှင့် ထွေးရောယှက်တင် ဆက်ဆံပေါင်းသင်းနေထိုင်ကြပြီး၊ ထိုတခြားသူတို့မှာ (က) ကရင်၊ (၂) ကုလား၊ (၃) ကန်တူး၊ (၄) ကမ်းယ့၊ (၅) ဂျွမ်း၊ (၆) ချင်း၊ (၇) စကြဝ်၊ (ဂ) တောင်သူ၊ (၉) ပျူ၊ (၁ဝ) မွန်၊ (၁၁) လဝ၊ (၁၂) သဝ်၊ (၁၃) သက်၊ (၁၄) ရှမ်း စသူတို့ဖြစ်ကြသည်။့

့ ယခုတင်ပြသည့်စာတမ်းမှာ ထိုစာတမ်း၏ တစိတ်ပိုင်းကို ဖွင့်ဆိုဖြည့်စွက်သောစာတမ်းဖြစ်သည်။

ဒေါက်တာတင့်ဆွေ
၂၃-၈-၂ဝ၁၆
Photo from Phyo Nyein Ko

ဟောင်ခြင်းသည် ဒို့စကား

ဘာသာပြန်ဆောင်းပါး
တင်ပြသူ ဦးထင်ဖတ် (မောင်ထင်)
့
ယခုခေတ်၌မူ သာမန်ရွှေလမ်းငွေလမ်းဖောက်ခြင်းထက်လွန်ကဲ၍ သတင်းစာ ရေဒီယို တယ်လီဗစ်ရှင် စသော ဆက်သွယ်ရေးပစ္စည်းများဖြင့် ဆက်သွယ်လျက်ရှိကြလေရာ နိုင်ငံတနိုင်ငံ၏ အတွေးအခေါ်၊ အကြံအစည်၊ အပြောအဆို၊ အပြုအမူ၊ အလုပ်အကိုင်တို့သည် အခြားနိုင်ငံ တနိုင်ငံသို့ ကူးစက်နိုင်သည်။့

ဆရာမောင်ထင်ဟာ ငဘ၊ ဗမာ့အောင်ဆန်း၊ အာရှနှင့်အောင်ဆန်း၊ မြို့မကျောင်း၊ ကိုဒေါင်း၊ အတွေးပဒေသာ၊ လွတ်လပ်ခြင်း၊ မြန်မာဆယ့်နှစ်လအကြောင်း၊ မဟတ္တမဂန္ဒီတိုက်ပွဲအစ၊ အညတြရဲဘော်၊ လူလားမြောက်သောအရွယ်၊ ပိန္နဲသီး၊ ချက်ကော၏ လူ့ပုတ်သင်၊ မိုပါဆွန်၏ စိန်ပန်းကုံး၊ ရှမ်းပြည်နယ်၏ ခေတ်ပြောင်း၊ အားဆေးစားမလို့လား၊ ရိုးသားဖြောင့်မတ်ခြင်း၊ လွတ်လပ်ခြင်း၊ စတဲ့ အလွန်ကောင်းမွန်တဲ့စာတွေ အမြောက်အများရေးသားခဲ့ပါတယ်။

မောင်ထင်ရဲ့ သရော်စာတပုဒ်ကို အိုးဝေမဂ္ဂဇင်း၊ အတွဲ ၇၊ အမှတ် ၁၊ ၁၉၃၈ မှာ ဖော်ပြပုံနှိပ်ခဲ့ပါသည်။ အယ်ဒီတာဦးညိုမြနဲ့ အပြန်အလှန်သရော်စာရေးကြတာပါ။

တက်ခွေး
့
ခွေးပြည်သည် ခွေးအဖို့
အမဲရိုးသည် ဒို့အစာ
ဟောင်ခြင်းသည် ဒို့စကားဟူ၍ အောင်နက်သည် သုံးကြိမ်တိတိ အူပြီးသော် ဦးသာဝ၏လည်မြိုကို ဟပ်လေ၏။့

ဒေါက်တာတင့်ဆွေ
၂၃-၈-၂ဝ၁၆
Photo from Phyo Nyein Ko

Scar (3) အမာရွတ် (၃)

Scar (3) အမာရွတ် (၃)

၁။ ဆရာရှင့် လွန်ခဲ့တဲ့နှစ်ကျော်လောက်က ဆိုင်ကယ်မှောက်တာ မျက်နှာထိသွားပါတယ်ရှင်။ စိတ်လောပြီး အနာသိပ်မကျက်ခင် hiruscar လိမ်းမိပါတယ်ရှင်။ လိမ်းနေစဉ်မှာ ပျောက်ချင်ဇောနဲ့ ကြိတ်မှန်ရွက်လိမ်းမိပါတယ်ရှင့်။ အမာရွတ်ကမဲသွားတယ်ရှင့်။ နောက်ပိုင်းသနပ်ခါးကိုနေ့ပိုင်းလိမ်း ညပိုင်းအမရွတ်ပျောက်ဆေးလိမ်းပါတယ်ရှင်။ ပျောက်နိုင်ပါလား။ သမီးအမာရွတ်အရှင်းကြီး (ပုံပို့လိုက်ပါတယ်ရှင့်) ပျောက်နိုင်ပါလား ဘယ်လိုလုပ်ရမလဲရှင့်။
၂။ ဆရာရေ သမီးအသက်က ၁၈ နှစ်ပါ။ သမီးမှာ ငယ်ငယ်လေးထဲက ခြင်ကိုက်လို့ကုတ်ရာကနေ အနာတွေ ဖြစ်လာပါတယ်။ ခုချိန်ထိလည်း မပျောက်သေးပါဘူး။ ပျောက်သွားလည်းခဏပါပဲ။ ပြီးရင်ပြန်ဖြစ်လာရော။ ခြေထောက်နဲ့ လက်တွေမှာပဲ ဖြစ်တာပါ။ အရေပြား အထူးကုတွေနဲ့လည်းပြပါတယ်။ ဒါပေမယ့်ခဏပဲဆရာ ပြီးရင်ပြန်ပြန်ဖြစ်လာရော ခုခေတ် မိန်းကလေးတွေလို အတိုအပြတ်တွေ ဝတ်ချင်လို့တော့မဟုတ်ပါဘူး လူကြားထဲသွားရင် confidence မရှိဘူးဆရာရယ်။ လမ်းညွန်ပါဦး။ သမီးကခု့ တတ်နေပါတယ်။ ခု အသားဖြူဆေးထိုးလို့ရတယ်ဆိုတဲ့pageတခုမှာ ဆရာပြောပြထားတာတွေ့လို့ အဲ့ဒါကရောဆရာ သမီးထိုးလို့ရလား ဒါမှမဟုတ် အမာရွှတ်ပျောက်အောင် ထိုးလို့ရတာမျိုးရော ရှိလားဟင်။ ကူညီပါဆရာရယ်။ သမီးက့ တိုင်း၊့ မြို့နယ်ကပါ။

ပဌမမေးခွန်းပါလို အရပ်ဆေးနည်းတွေကနေ အမာရွတ်ဆိုးသွားတတ်တာကို စာ (၁) နဲ့ (၂) မှာရေးထားတယ်။ ပလပ်စတစ်ခွဲစိတ်နည်းနဲ့သာ လုပ်ရပါမယ်။ (ပို့စ်မှာသုံးတာက မေးတဲ့သူပို့တာ မဟုတ်ပါ။)

ဒုတိယမေးခွန်းပါ အသားဖြူဆေးကို ဆရာက တားမြစ်တာပါ။ မညွှန်ပါ။ မသင့်ပါ။ အမာရွတ်တိုင်းက ကြာလေလေ ကောင်းလေလေဖြစ်မယ်။ ဒီအရွယ်မှာ ပျောက်တာပိုမြန်တယ်။ အားကောင်းတယ်း ဆေးလိုမျိုး မလိုအပ်တာတွေကို ရှောင်သင့်တယ်။

အိမ်မှာတင် လုပ်နိုင်တဲ့နည်းတွေ
• Vitamin E cream တနေ့ ၂ ကြိမ်၊
• Mederma topical gel ဆိုတာ Onion နဲ့ Allantoin ကနေထုတ်လုပ်တဲ့ဆေးကို တနေ့ ၃-၄ ကြိမ်၊
• Thiosinaminum 5c တနေ့ ၂ ကြိမ်၊ Calendula gel or cream, 10% Mustard-seed oil, Rose hip seed oil and Essential oils of rose နဲ့ Lavender oil တွေကိုလဲ သုံးနိုင်တယ်။

ဆရာဝန်တွေက လုပ်ပေးနိုင်တာတွေ
• Vitamin C အထောက်အကူရနိုင်တယ်။ ဒါပေမဲ့ အမာရွတ်က သေးမသွားပါ။
• Vitamins E and onion extract (Mederma) မထိရောက်ဘူးလို့ ဆိုတယ်။ Vitamin E ကြောင့် ၃၃% အရေပြားရောင်တာ ဖြစ်စေတယ်။
• Chemical Peels နည်းက အမာရွတ်ရဲ့ အပေါ်ဆုံးလွှာ Epidermis ကို ဖယ်ရှားပေးမယ်။ Acne scars ဝက်ခြံ-အမာရွတ်၊ အသားမဖြူသူတွေဖြစ်တာနဲ့ Keloid scars (ကီးလွိုက်) အမာရွတ်တွေအတွက် သုံးတာများတယ်။
• Dermabrasion နည်းကို ဝက်ခြံ-အမာရွတ်မှာသုံးတယ်။
• လေဆာနည်းများ
- Non-ablative lasers လေဆာနည်းကို Hypertrophic scars and Keloids အမာရွတ်က အသီးလို ဖြစ်နေတာအတွက် သုံးတယ်။
- Ablative lasers လေဆာနည်းကို Atrophic and acne scars ဝက်ခြံ-အမာရွတ်၊ ရှုံ့တွနေတာမျိုး အတွက် သုံးတယ်။
• Semiocclusive Ointments & Pressure Dressing
- Silicone scar treatments အမာရွတ်ဖြစ်မလာစေအောင်နဲ့ ဖြစ်ပြီးသားကို ပုံပန်းဆိုးတာ သက်သာစေအောင်သုံးတယ်။ Semiocclusive silicone based ointments တွေကိုသုံးတယ်။
- Pressure dressings နည်းကို Burn and hypertrophic scars မီးလောင်-အမာရွတ် နဲ့ အသီး ဖြစ်နေတာမျိုးအတွက် သုံးတယ်။
• Corticosteroid Injections (ကော်တီကိုစတီရွိုက်) ထိုးဆေးနည်းကို အမာရွတ် ပြော့သွားစေအောင်၊ ပုံပန်း ပြောင်းလာအောင် Keloid or Hypertrophic scars တွေအတွက် သုံးတယ်။ Steroids လိမ်းဆေးနဲ့ မရပါ၊
• Surgery ခွဲစိတ်နည်းကို တချို့နေရာတွေမှာ အသုံးကျတယ်။
- Excision of keloid scars ကို လုပ်ပေးရင် ၄၅% ပြန်ဖြစ်တယ်။
- Burn မီးလောက်-အမာရွတ်အတွက် Skin graft အရေပြား အစားထိုးတာလုပ်နိုင်တယ်။
• Dermal Fillers နည်းကတော့ Atrophic scars အမာရွတ်က အရေပြားအောက်မှာ နိမ့်ကျနေတာမျိုးအတွက် သုံးတယ်။ Juvederm or Restylane နာမည်နဲ့ရောင်းတယ်။ မေးတဲ့သူမှာဖြစ်တာနဲ့ ဆင်နေမလားဘဲ။ ဒါပေမဲ့

Juvéderm ဆိုတာ ထိုးဆေးဖြစ်တယ်။ လူ့ကိုယ်မှာ ရှိနေတဲ့ Hyaluronic acid ဓါတ်ဖြစ်တယ်။ FDA ကနေ ၂ဝဝ၆ မှာ အသိအမှတ်ပြုပေးထားတယ်။ အဓိကသုံးတာက Smile lines ခေါ်တဲ့ ပြုံးရယ်ရတာများလွန်းလို့ဖြစ်ရတဲ့ အရေးအကြောင်း အတွက်ဖြစ်တယ်။ အနေနဲ့ နှုတ်ခမ်းပိုလှစေအောင်နဲ့ အမာရွတ်ကြောင့် ခွက်နေတာမျိုးကို ပြန်ဖြည့်လာစေအောင် အတွက်လဲ သုံးတယ်။ ဆေးကို ၆-၉ လနေရင် ကိုယ်ခန္ခာကနေ စုပ်ယူသွားမယ်။ ထပ်ထိုးရမယ်။ ဆေးထိုးတဲ့နေရာ နီရဲနေမယ်။ နာမယ်။ ဖေါင်းနေမယ်။ ၇ ရက်နေရင် ပျောက်သွားမယ်။ တီဗွီနဲ့ ရုပ်ရှင်မင်းသမီး (လီဆာ ရင်နာ) ပြောတာက သိပ်သုံးတာများရင် မှားမယ်တဲ့။

အလားတူထိုးဆေးတွေက Beloter, Perlane injections and Restylane တွေ ဖြစ်တယ်။ Restylane ထိုးဆေးကလဲ Hyaluronic acid filler မျိုးဖြစ်တယ်။ ပိုလှစေအောင် မျက်နှာကအရေးအကြောင်းတွေ သက်သာစေဘို့ သုံးတယ်။ Sad mouth corners မျက်နှာမဲ့နေသလိုဖြစ်ရတဲ့ အရေးအကြောင်းကို သက်သာစေမယ်။ ၆ လ အထိခံတယ်။

• Scar အမာရွတ် (၁) http://dts-medicaleducation.blogspot.com/2010/10/scar.html
• Scar (2) အမာရွတ် (၂) http://doctortintswe.blogspot.com/2014/11/scar-2_21.html
• Scar (3) အမာရွတ် (၃) http://doctortintswe.blogspot.com/2015/03/scar-2.html
• Keloid အရုပ်ဆိုးတဲ့ အမာရွတ် http://dts-medicaleducation.blogspot.com/2010/10/keloid.html

Dr. တင့်ဆွေ

Sky Wine အမိန့်ရထန်းရည်ဆိုင်

မြန်မာစာသတ်ပုံတွေကို ထောက်ပြပေးလို့ ကျေးဇူးပါဆရာ။ ဆရာကျမ်းမာပါစေ။ ကျမရေးတာ သတ်ပုံမှန်လားတော့ မသိဘူး။

(ကျမ္မာ) လို့အရင်ကရေးသားခဲ့ကြတာ အမှန်ရှိခဲ့တယ်။ အခုတော့ ကျန်းမာလို့သာရေးကြတယ်။ မှားလို့ပြောင်းတာ မဟုတ်ပါ။ ခေတ်ကာလအရ ပြောင်းတာမျိုး။ ပိုပြီးလွယ်ကူအောင်ရေးလာကြတာမျိုးသဘောဖြစ်ပါတယ်။ ဥပမာ ဆြာ၊ သ္ခင်၊ ယ္ခင်၊ ဥူး၊ စတာတွေလိုပါပဲ။

(ကလေး) ရော (ခလေး) ပါ အရင်ကတည်းက ရေးခဲ့တာရှိတယ်။ သူငယ်တန်းဖတ်စာမှာ (ကလေး) လို့လုပ်ခဲ့ပြီးသာဖြစ်လို့ (ကလေး) ကသာ သင့်မှန်ပါတယ်။

လွယ်နေပြီးသား (တ) ကို (တစ်) လုပ်တာ မမှန်သင့်ပါ။

မခက်လှတဲ့ (ပြီ) ကို (ပီ) နဲ့ (ပြီး) ကို (ပီး) လုပ်တာ မှားတယ်။

မြန်မာစာမှာ တပြေးညီ ဘယ်တုံးကမှမဖြစ်ခဲ့ပါ။ သည်လိုပဲ ဆွေးနွေးငြင်းခုံကြရတယ်။ အဲတာကောင်းတယ်။ မကောင်းတာကတော့ အထက်ညွှန်ကြားချက်အတိုင်းမဟုတ်ရင် စာမေးပွဲအမှတ်မပေးတာတို့၊ ထုတ်ဝေခွင့်မရတာတို့၊ တလုံးဘယ်လောက်ဆိုပြီး ဒဏ်ငွေတပ်တာတို့။

အဲတာ အမိန့်ရထန်းရည်ဆိုင်မြန်မာစာ။ အမိန့်ရထားရင် ရောချင်တာရောရောင်းလို့ရတယ်။

ဒေါက်တာတင့်ဆွေ
၂၃-၈-၂ဝ၁၆
ဓါတ်ပုံ = ရဲလင်းအောင် (သတင်းအမရ)

Dress code အဝတ်အစားကပိုကရိုနဲ့

Khin Thida Wai Wai အကြောင်းအရာက အဓိကပါ။ စာလုံးပေါင်းကကိစ္စမရှိပါဘူး။ ကျန်းမာရေးဗဟုသုတတွေ အများကြီးရပါတယ်။ ကျေးဇူးပါ။

အဲလိုသဘောထားပေးတာ ကျွန်တော့်အတွက် နားလည်မှုပေးတာလို့ သဘောပေါက်ပါတယ်။ ဒါပေမယ့် လွယ်လွယ်နဲ့ ခွင့်မလွှတ်စေချင်ပါ။ ယဉ်ကျေးစွာနဲ့ ပြုပြင်ပေးကြစေချင်တယ်။

ကိုယ်ရေးတဲ့စာမှာ သဒ္ဒါမှာ၊ သတ်ပုံလွဲနေရင် အဝတ်အစားကပိုကရိုနဲ့ လူကြားထဲ ထွက်မိသလို မနေတတ်ဖြစ်ပါတယ်။ စကားလုံးလေးတလုံးရေးရေး၊ ဝါကျတကြောင်းရေးရေး မှန်အောင်ကြိုးစားသင့်တယ်။

ကျွန်တော် စာရေးတိုင်းမှားတယ်။ လူမှုရေးကွန်ရက်နဲ့ ကိုယ်ပိုင်ဘလော့မှာဖြစ်လို့ ပေါ့ဆတာလည်းပါတယ်။ ပြန်စစ်ပါတယ်။ ပြင်သေးသူတွေကပြင်ပေးလာတိုင်း ချက်ချင်းပြင်လိုက်တယ်။ ကြယ်သီးပေါက်မှားတပ်ထားတာကို သူများပြောမှသာ သိသလိုပေါ့။ ကျွန်တော့်မှာ ပြင်ရတာ (၅) နေရာရှိတယ်။ ပြင်တာပဲ။

သူများတိုင်းပြည်အမျိုးမျိုးမှာနေရတော့ အသိတခုရတယ်။ မြက်ရိတ်တာ စနစ်တကျတတ်ထားမှ အာကာသယာဉ်ကို တည်ဆောက်နိုင်တယ်။ မြက်ရှင်းပြီးရောလုပ်ရင် လယ်တောယာတော ကန်သင်းအပြင်ကို  ထွက်ရမှာမဟုတ်ပါ။

နည်းပညာဆိုတာအရေးပါသလို စည်းစနစ်ကျတာလည်းလိုတယ်။ ဝိုင်းကြဝန်းကြစို့။

ဒေါက်တာတင့်ဆွေ
၂၃-၈-၂ဝ၁၆

Monday, August 22, 2016

A gargle a day keeps Gonorrhoea away

(ဒီပို့စ်အတွက် ကန်တော့ပါ)

လိင်ကတဆင့်ကူးစက်တဲ့ ဂိုနိုးရီးယားရောဂါကို ပါးစပ်ဆေး ဆေးရည်သုံးတာနဲ့ ကာကွယ်နိုင်မယ်လို့ ကနေထွက် ဆေးသုတေသနသတင်းကဆိုလိုက်ပါတယ်။

ဂိုနိုးရီးယားရောဂါပိုးဟာ ကျားလိင်အင်္ဂါ၊ မလိင်အင်္ဂါတွေအပြင် လည်ချောင်းကထွက်တဲ့အရည်ထဲမှာနေနိုင်တယ်။ အဲဒီလမ်းကြောင်း သုံးခုလုံးကနေ ကူးစက်တယ်။ လိင်ဆက်ဆံရာမှာ ပါးစပ်သုံးလို့ လိင်ကတဆင့်ကူးစက်နိုင်တဲ့ပိုးတွေဟာ ပါးစပ် (ခံတွင်း) ထဲဝင်လာမယ်။ ရောဂါလက္ခဏာ မပြသေးပဲ ရင်ကြာကြာနေနိုင်ကြတယ်။ အဲဒီအချိန်မှာ ပါးစပ်သုံးနည်း လုပ်ရင် သူများကိုပါကူးစက်မယ်။

ပါမောက္ခ ခရစ်စတိုဖါ ဖဲယားလေးကနေ ခံတွင်းမှာ ဂိုနိုးရီးယားပိုးရှိနေကြတဲ့ ယောက်ျား ၅၈ ယောက်ကို လေ့လာမှု ပြုခဲ့တယ်။ Mouthwash theory ပါးစပ်ဆေးရည် သီအိုရီလို့ခေါ်တယ်။ လူဦးရေတဝက်ကို ဆားရေနဲ့သာပါးစပ်ဆေးစေပြီး ကျန်တဝက်ကို ဆိုင်တွေမှာ ဝယ်လို့ရနေတဲ့ Antiseptic mouthwash ပိုးသေဆေးပါ ခံတွင်းသန့်ဆေးရည်သုံးစေတယ်။ ဒုတိယအုပ်စုများ ပိုးတွေသိသိသာသာနည်းသွားတာတွေ့ရတယ်။

ဂိုနိုးရီးယားရောဂါပိုးရှိနေတဲ့ ယောက်ျား ၁ဝ ယောက်မှာ ၁ ယောက်နဲ့ မိန်းမ ၁ဝ ယောက်မှာ ၅ ယောက်သာ ရောဂါ လက္ခဏာ ခံစားရတယ်။ ဆီးလမ်းကနေ အဖြူ၊ ခပ်ဝါဝါအရည်ဆင်းမယ်။ ဆီးပူမယ်။ ဆီးအောင့်မယ်။

ဂိုနိုးရီးယားရောဂါဖြစ်တာ များလာနေတယ်။ အင်္ဂလန်မှာ ၂ဝ၁၂ ကနေ ၂ဝ၁၅ အထွင်း ၅၃% များလာတယ်။ သုံးနေကျဆေး Azithromycin ကိုယဉ်နေတဲ့ပိုးကို Super gonorrhea ဆူပါ ဂိုနိုးရီးယားလို့ခေါ်တယ်။ Ceftriaxone ဆေးနဲ့တော့ ရသေးတယ်။

ဒေါက်တာတင့်ဆွေ
၂၃-၈-၂ဝ၁၆

Policy Books ပေါ်လစီသတ်ပုံ

ကွန်မင့်တခုကို ဖုန်းကနေ အင်္ဂလိပ်လိုရိုက်ထားပြီး ပုံနဲ့တွဲပို့ပါတယ်။ ပုံထဲမှာ တထောင့်တညပုံပြင်များစာအုပ် လေးတွဲပုံကို တွေ့ပါတယ်။ အဖုံးတိုင်းက သတ်ပုံအမှားကိုလည်း တန်းမြင်ပါတယ်။

ကျွန်တော်ကပါ အင်္ဂလိပ်လိုပြန်ရေးလိုက်ပါတယ်။

I prefer to the termite eaten old books than the brand new look-good laser-printed ones with policy spellings.

ကျွန်တော်ကတော့ ခြထိုး၊ ပိုးဟပ်စားနေပေမဲ့ သတ်ပုံမှန်တဲ့စာအုပ်ဟောင်းတွေကိုသာ တန်ဖိုးထားတယ်။ လေဆာ ပရင်တာနဲ့ ကွန်ပြူတာစာစီထားတဲ့စာအုပ်သစ်တွေကို စာအုပ်စဉ်မှာ တင်မထားချင်ပါ။ လက်ဆောင်လည်း မရချင်ပါ။

ရုပ်ရှင်တွေမှာသာ မဟုတ်ပါ၊ မြန်မာစာနဲ့ စာအုပ်တွေလည်း ပေါ်လစီထုတ်တွေ များလွန်လွန်းနေတယ်။ အဲတာမျိုးကို ပေါ်လစီသတ်ပုံလို့ ခေါ်တယ်။ အရင်က အမိန်နဲ့ခိုင်းတယ်။ အခုက လုပ်ပိုင်ခွင့်နဲ့ခိုင်းတယ်။ အတူတူပါပဲ။

ဒေါက်တာတင့်ဆွေ
၂၃-၈-၂ဝ၁၆

Looking back ခြသေ့င်္လည်ပြန်ကြည့်ခြင်း

Nay Ta Yar = ဆရာ ဆရာ့ဘော်ဒါကြီး ဒေါက်တာစိန်ဝင်း ပြည်တော်ဝင်မယ်ဟု ကြားတယ်ဆရာ။ ဆရာကော ပြည်တော် ပြန်မဝင်ခြင်သေးဘူးလားဆရာ။

ချင်၊ ခြင်၊ ချဉ်

Tint Swe ဝင်ချင်သလားမေးရင် ဝင်ချင်တယ်။ ခြင်ကိုက်မှာလည်း မကြောက်ပါ။ ကျွန်တော့်ကို အသေရရ အရှင်ရရ ဖမ်းချင်သူတွေကတော့ တစခန်းသိမ်းသွားပြီထင်ရတယ်။ ဒါပေမဲ့ ချဉ်နေသူတွေ ရှိမှန်းတော့သိတယ်။ Smile!

ဆင်ခြင်တုံတရားနဲ့ စဉ်းစားနေရတယ်။ သွားချင်လာချင်ပေမဲ့ လိုချင်တာမရသေးလို့ စောင့်နေရတယ်။ ဖြစ်ချင်တိုင်း ဖြစ်နေတာတွေကို လာကြည့်ချင်တာလို့တော့ မပြောပါ။ Smile!

ခြင်ပုန်း၊ ခြင်ကောင်ရန်ကနေကာကွယ်ဘို့ရာ ခြင်ထောင်နဲ့အိပ်ပါမယ်။ နေ့ခင်းမှာ ခြင်ယပ်သုံးမှာပေါ့ဗျာ။ ဟောက်ဆာဂျင် လုပ်ခဲ့တဲ့ ရိုးတွင်းခြင်ဆီ စိမ့်အောင်အေးတဲ့ မေမြို့ဆောင်းကို သတိရနေတာအခါခါ။ ပုလဲက အိမ်ဟောင်းလေးမှာ အခြင်ရနယ် ပျက်နေပြီတဲ့။ No smile!

ဝယ်ချင်တာတွေကို ခြင်တွယ်ဝယ်ပါမယ်။ ခွက်ခြင်ရောင်းတာတော့ မသောက်တော့ပါ။ လာလည်ရတဲ့အခါ အကြောအခြင်ပြေမှာ အမှန်ပါ။ Smile!

မြန်မာပြည်ကအစားအစာတွေကို စားချင်တယ်။ ချဉ်ပေါင်၊ အချဉ်ဖတ်၊ ငါးချဉ်တွေပါစားချင်တာ။ လေချဉ်တက်ရင် ဒိန်ချဉ်ပဲသောက်မယ်။ စိတ်ချဉ်ပေါက်ပြီး၊ ချဉ်စုတ်စုတ်အရည်တွေတော့ ငယ်ငယ်ကလို မသောက်တော့ပါ။ Smile!

အိပ်ချင်မူးတူးလည်း မြန်မာပြည်ကိုပဲ သတိရနေတယ်။ ၁၉၉ဝ ဒီဇင်္ဘာ ၂၁ ရက်နေ့က မြန်မာပြည်ကြီးကို နောက်ဆုံးအကြိမ် ခြသေ့င်္လည်ပြန်ကြည့်ပြီး ကျောခိုင်းခဲ့ရတယ်။

ဒေါက်တာတင့်ဆွေ
၂၂-၈-၂ဝ၁၆

Proportional Representation System အချိုးကျကိုယ်စားပြုစနစ်

(ပြန်တင်တာဖြစ်ပါတယ်)

၁။ Henry Aung Bhuu ဆရာရေ ကော်လံ တခု နှစ်ခုလောက်ကို ပုံတပုံလောက်ရိုက်ပြီးတင်ပါလား။ ပုံများသွားပေမယ့် ဖတ်လို့အဆင်ပြေလောက်မယ် ။ အခုဖတ်ရတာ အားမရသလို ဖြစ်နေလို့ပါ။ ဆရာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ရှိပါစေ။
၂။ Maung Ko Naing နောက်ဆုံးအပိုဒ် ဖတ်လို့မရပါဆရာ။
၃။ Thidar Lwin စာလုံးတွေတော့ဖတ်မရပါ။ ဒါပေမဲ့
၎။ Maung Lay ဖတ်ချင်လိုက်တာ

ကမ္ဘောဒီးယားမှာ နိုင်ငံရေးအပြောင်းအလဲတွေရဲ့ အစပိုင်းလို့သတ်မှတ်နိုင်တဲ့ ရွေးကောက်ပွဲကို ၂ဝဝ၃ မှာ ကျင်းပတော့ နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာသူများအဖွဲ့တခုနဲ့အတူ လိုက်ပါခဲ့ရဘူးပါတယ်။ ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ် စည်းရုံးတာတွေ၊ မဲစာရင်း ထုတ်ပြန်တာတွေ၊ မဲဆန္ဒရှင်တွေ၊ တခြား ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေနဲ့ ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်ကို လိုက်လံတွေ့ဆုံ စကားပြော မေးမြန်းခွင့်ရခဲ့ပါတယ်။ နောက်ဆုံးမဲပေးတဲ့ရက်မှာ တောနယ်တွေက မဲရုံတွေကို တခုပြီးတခု သွားကြည့်ခဲ့တယ်။ မဲရေတွက်တော့ မဲရုံတရုံကို ကိုယ်ဖါသာရွေးပြီး လေ့လာ စောင့်ကြည့်ကြပါတယ်။

အမတ်လောင်းတွေထဲက နိုင်တဲ့သူဆိုတာ ချက်ချင်းဆိုသလိုသိတယ်။ ဒါပေမဲ့ နိုင်ငံရေးပါတီ ကိုယ်စားပြုတဲ့ ပီအာစနစ် ရှိနေလို့ မဲအများဆုံးရသူတိုင်းက အမတ်မဖြစ်သေးဘူး။ ပီအာစနစ်အရ တွက်တာချက်တာတွေလုပ်ရသေးတယ်။ အဲဒီ ရွေးကောက်ပွဲရလဒ်အရ (CPP) နဲ့ (FUNCINPEC) တွေ ဖွဲ့စည်းပုံအရ တခုမှ ၃ ပုံ ၂ ပုံမရလို့ ညွန့်ပေါင်းအစိုးရ ဖွဲ့လိုက်ရပါတယ်။

PR ပီအာစနစ်ကို ကြိုက်သူတွေအပြော
ပါတီငယ်လေးတွေနဲ့ တသီးပုဂ္ဂလအတွက် တပမ်းသာစေမယ်။ နိုင်ငံရေးပါတီကြီးတွေကနေကြီးစိုးမှု နည်းစေမယ်။ မဲပေးသူများစေမယ်။ ကမ္ဘာမှာ ပီအာကျင့်သုံးတဲ့နိုင်ငံတွေက များတယ်။ နိုင်ငံရေးပါတီတွေဟာ ရွေးကောက်ပွဲမှာ ရခဲ့တဲ့မဲ အရေအတွက်ကို အချိုးချပြီး လွှတ်တော်မှာ ကိုယ်စားလှယ်ရကြမယ်။ ပါတီတွေများလို့ အိုင်ဒီယာတွေ များစေမယ်။ ရွေးချယ်စရာတွေလဲ များတယ်။ ပါတီငယ်လေးတွေတိုင်းကနေ ကိုယ်စားလှယ် အနည်းဆုံး ၁ ယောက်တော့ရမယ်။ မဲဆန္ဒနယ်မြေကြီးမှသာ လုပ်လို့ မဲမသမာမှုနည်းစေမယ်။ လွှတ်တော်မှာ ပါတီတခုခုကနေ ကြီးစိုးတာ နည်းမယ်။

PR ပီအာစနစ်ကို မကြိုက်တဲ့ဘက်က ထောက်ပြတာတွေ
ကမ္ဘောဒီးယားမှာ အဲဒီကတည်းက Hun Sen ဟွန်ဆန်း ကသာ အခုထိဝန်ကြီးချုပ် ဖြစ်နေပါတယ်။ မြန်မာပြည်မှာ တပါတီထဲကနေလုပ်လုပ် မဲပေးသူ အမြဲတန်းများပါတယ်။ ဆန္ဒခံယူပွဲမှာဆို ၁ဝ၂% တောင်ရှိသေးတယ်။ ကျင့်သုံးနိုင်ငံတွေ များတယ်ဆိုပေမဲ့ ယူကေ၊ ယူအက်စ်၊ အိန္ဒိယ၊ ကနေဒါ၊ ပြင်သစ်တို့ကတော့ ပီအာစနစ် မကျင့်သုံး။ PR ကျင့်သုံးရင် အစွန်းရောက်ပါတီတွေက ကြီးစိုးစေနိုင်တယ်။ ဥပမာ သြတြီးယား ၂ဝဝဝ ရွေးကောက်ပွဲ၊ နိုင်ငံရေးမတည်ငြိမ်မှုဖြစ်စရာ အလားအလာများတယ်။ ညွန့်ပေါင်းအစိုးရဆိုတာ အားနည်းတယ်။ ဥပမာ အီတလီမှာ လွန်ခဲ့တဲ့ နှစ် ၄ဝ အတွင်းမှာ ပါလီမာန်ကို (၇) ကြိမ် ဖျက်သိမ်းခဲ့ရတယ်။

အမတ်လောင်းဟာ သူမဲဆွယ်စည်းရုံးတဲ့နယ်မြေကို အမှန်တကယ် ကိုယ်စားပြုနိုင်တယ်။ ဒေသအတွက် ပိုကောင်းတယ်။ နိုင်ငံရေးပါတီတွေက အခယာကျတယ်။ တနည်းအားဖြင့် မဲအနည်း-အများ၊ အနိုင်-အရှုံးက သာမညဖြစ်တယ်။ မဲဆန္ဒနယ်မြေ သတ်မှတ်မှုက ရွေးကောက်ပွဲကော်မရှင်လက်ထဲမှာသာရှိမယ်။ မြန်မာပြည်က လက်ရှိ ရွေးကောက်ပွဲ ကော်မရှင်ဆိုတာ သိတဲ့အတိုင်းဘဲ။ ပေါ်လစီချတာမှာ ခက်မယ်။ ဥပမာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ကျန်းမာရေး အထောက်အပံ့ပေါ်လစီ။ လွှတ်တော်ကိုယ်စားလှယ်ကို နိုင်ငံရေးပါတီကနေသာ ဆုံးဖြတ်တာများတယ်။ ပါတီခေါင်းဆောင်တွေက ရှိသင့်တာထက် ပိုပြီး အရေးပါလာစေမယ်။ ပါတီတွင်း အားပြိုင်မှုတွေဖြစ်စေမယ်။ တချို့နိုင်ငံတွေမှာ အဲတာမျိုးနည်းအောင် အစီအမံထပ်ထည့်ထားတတ်တယ်။ ဆွစ်ဇာလန်မှာ မဲပေးသူတွေကနေ ပါတီကခန့်သူကို အစားထိုးနိုင်တယ်။ အဲဒီလူသစ်ဟာ တခြားပါတီကလဲ ဖြစ်ချင်ဖြစ်နိုင်တယ်။

PR ကနေဒါ ဥပမာ
Closed Party List အပိတ်ပါတီစနစ်မှာ မဲပေးသူတွေကနေ ပါတီကိုသာပေးခွင့်ရတယ်။ အမတ်ကိုမပေးရပါ။ ဥပမာ ၁ဝ၆ နေရာရှိတဲ့ အွန်တေးရိုမှာဆိုပါစို့။ မဲစုစုပါင်းရဲ့ ၂၅% ရတဲ့ လစ်ဘရယ်ပါတီက ၂၆့၅ နေရာရမယ်။ ဝ့၉% ရတဲ့ ကွန်မြူနစ်ပါတီက ဝ့၉၅၄ နေရာရမယ်။

Open Party List အဖွင့်ပါတီစာရင်းမှာ မဲစာရင်အရှည်ကြီးထဲမှာ ပါတီတိုင်းက အမတ်လောင်းတွေကို ရေးပေးတားယ်။ စာမျက်နှာ ၁ဝ-၁၅ အထိရှိတယ်။ မဲပေးသူပေါင်း ၁ သန်းရှိတယ်ဆိုပါစို့။ ကွန်ဆာဗေးတစ် ပါတီက ၂၅ဝဝဝဝ ရတယ်ဆိုရင် ၂၆့၅ နေရာရမယ်။ အပိတ်ပါတီစနစ်နဲ့မတူတာက မဲအများဆုံးရတဲ့သူတွေကသာ အမတ်ဖြစ်မယ်။ မဲရတိုင်း အမတ်မဖြစ်နိုင်ပါ။

Mixed Member Proportional Representation အရောစနစ်မှာတော့ ပိုရှင်းတယ်။ နယူးဇီလန်မှာသုံးတယ်။ မဲပေးသူတွေက မဲ ၂ ခုစီပေးရမယ်။ အမတ်လောင်းအတွက်တမဲနဲ့ ပါတီအတွက်တမဲ။ မဲအများဆုံးရတဲ့ အမတ်လောင်းက အမတ်ဖြစ်မယ်။ ဒါပေမဲ့ ပါတီတွေအတွက်ချန်ထားပေးရတာရှိလို့ နိုင်တိုင်းလဲ အမတ် မဖြစ်နိုင်ပါ။

Single Transferable Vote တခါတည်းသောလွှဲပေးနိုင်တဲ့မဲပေးစနစ်ဆိုတာကို သြစတြေးလျားမှာသုံးတယ်။ Hare-Clark system လို့ခေါ်သေးတယ်။ မဲပေးသူတွေကနေ အမတ်လောင်းတွေကို အစဉ်လိုက်မဲပေးရတယ်။

Game of cards ဖဲကစားနည်းသစ်
PR ကို အမျိုးသားလွှတ်တော်မှာ အဆိုတင်သူ = လက်ရှိ ရွေးကောက်ပွဲစနစ်ဟာ ၁၉၃၅ နှစ်၊ ၉၁ ဌာန အုပ်ချုပ်ရေး ကတည်းက နိုင်သူအကုန်ယူစနစ် ဖြစ်နေတယ်။

ကျွန်တော် = ၁၉၉ဝ မှာ အကုန်နိုင်သူက အရှုံးပေးခဲ့ရတယ်။ အခုလက်ရှိကတော့ အကုန်ယူချင်သူက အနိုင်ယူနေတာ ဖြစ်တယ်။

PR အကြောင်းကို တခြားလူတွေမပြောနဲ့ နိုင်ငံရေးထဲကလူတွေ၊ အမတ်တွေ၊ ဝန်ကြီးတွေ၊ သမတ အထိ နားလည်တဲ့သူ အတော်ကိုနည်းတယ်။ ပီအာစနစ်ကျင့်သုံးတဲ့နိုင်ငံတွေမှာတောင်မှ သူတို့နိုင်ငံကစနစ်ကိုသာ နားလည်ချင် နားလည်ကြမယ်။ လေ့လာမှုဆိုတာလဲ ဘယ်ခေါင်းစဉ်မှာမဆို မကုန်နိုင်ဘူး။ သိတယ်ဆိုပြီးရေးနေ၊ ပြောနေသူတွေလဲ ကျွန်တော် အပါအဝင် အကုန်သိကြတာမဟုတ်ဘူး။ မြန်မာပြည်မှာ ဘာလုပ်မလဲဆိုတာ ပြောမရသေးလူး။ ၂ဝဝ၈ ဖွဲ့စည်းပုံလိုဘဲ ၁၄ နှစ်ကြာရေးကြတယ်။ ဒါတောင် လူဘယ်လောက်က ဖတ်ပြီးပြီလဲ။ အဆိုး-အကောင်းဆိုတာ ထောက်ပြလို့ရတာတွေချည်းပါ။ ပညာရှင်လိုငြင်းချင်သူတွေကလဲ ငြင်းကြပေါ့။ဒါကြောင့် RFA မှာပြောတုံးကလို လေ့လာစရာတွေများတယ်။ မြန်မာပြည်မှာ ဘယ်လိုဆိုတာ ထွက်မလာသေးလို့ သိပ်မပြောချင်သေးဘူး။ နိုင်ငံရေးလိုကြည့်ချင်တယ်။ ဘာကြောင့် ဒီဟာကြီးလုပ်ချင်လာကြသလဲ။ ဘာ့ကြောင့် သည်အချိန်ကြမှ လုပ်ချင်လာရသလဲ။ သည့်နောက်က စေ့ဆော်ချက် (အကွက်) ကို မေးခွန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။

၂ဝ၁၂ ကြားဖြတ်ပြီးမှ ပီအာ အသံစထွက်တာဖြစ်တယ်။ NLD လွှတ်တော်ထဲရောက်လာလို့ မဟုတ်လား။ NLD ကို ကန့်သတ်ချင်လို့မဟုတ်လား။ ၂ဝဝ၈ ဖွဲ့စည်းပုံနဲ့ ဒေါ်စုကို ကန့်သတ်ထားပြီးပြီ။ အခု ပါတီကို ကန့်သတ်ချင်နေတာ မဟုတ်လား။ ဖွဲ့စည်းပုံပြင်ရေးနဲ့ လူတွေအလုပ်များနေချိန်၊ ဘာသာရေးအစွန်းရောက်အယူအဆအပေါ် ရန်ဖြစ်နေကြချိန်၊ ၂ဝ၁၅ နီးလာချိန်၊ လက်ရှိအစိုးရရဲ့ ဟန်းနီးမွန်းကာလ ကုန်ဆုံးချိန်မှာ ဒါလာတင်တာ မဟုတ်လား။ ပီအာ မဟုတ်လဲ တခြားဟာ ရှာတင်မှာဘဲ။ သူတို့လုပ်လို့ ပီအာမှာကောင်းတာလေးတွေရှိတာတောင်မှ လူကြိုက်နည်းတော့မယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဖဲကစားသလိုဘဲ။ ဖဲကစားနည်းကျွမ်းကျင်သူနဲ့ ဖဲလိမ်တတ်သူသာ နိုင်တယ်။ ဒီကောင်တွေက တကယ့်ကြေးစားဖဲသမားနဲ့တူတယ်။ ရွေးကောက်ပွဲကော်မရှင်က ဖဲဒိုင်။ မြန်မာပြည်ဟာ မသာအိမ်မဟုတ်ပါ။

PR and Army Chief ပီအာ နဲ့ ကာချုပ်
ရွေးကောက်ပွဲလုပ်မယ်။ မဲတွေကို တပြည်လုံးအတွက် ရေတွက်မယ်။ မဲဆန္ဒနယ် တခုခုကနိုင်ပေမဲ့ အမတ် မဖြစ်နိုင်သေးဘူး။ ရှုံးလဲ အမတ်ဖြစ်နိုင်တယ်။ တပြည်လုံးက စုစုပေါင်းမဲကို % တွက်မယ်။ ပါတီတွေကရတဲ့ မဲ % အလိုက် အမတ်အရေအတွက်ရကြမယ်။ ၁ဝ% ရသူက အမတ် ၁ဝ% ရမယ်။ ပါတီကနေ သူကြိုက်တဲ့သူကို အမတ်စာရင်းပေးမယ်။ မဲဆန္ဒနယ်တွေမှာ နိုင်တဲ့အမတ်လောင်းအရေအတွက် နည်းပေမဲ့ ပီအာစနစ် အရ အမတ်ပိုရနိုင်တယ်။ ၁၉၉ဝ ရွေးကောက်ပွဲမှာ ပီအာစနစ် သာရှိခဲ့ရင် တစည မှာ အမတ်ဦးရေ ဒုတိယအများဆုံးရမယ်။ အဲဒီတုံးက ပီအာ မဟုတ်လို့ တစည က စတုတ္ထနေရာသာရတယ်။ ပါတီတွေမှာ သြဇာကြီးမယ်။ တနည်းအားဖြင့် မဲစုစုပေါင်းရဲ့ ၂၅% ရတဲ့ပါတီဟာ ကာချုပ်လိုပဲ အမတ် ၂၅% ခန့်နိုင်တယ်။

ဒေါက်တာတင့်ဆွေ

One Thousand and One Nights တထောင့်တည

Phyo Nyein Ko ကျနော် သခင်ဘသောင်းရဲ့ တစ်မလုပ်ပဲ တနဲ့ရေးတဲ့ photo comment တွေကို တောကပြိတ္တာ ဆိုတဲ့ ဆရာပိုစ့်မှာရှိပါတယ်ဆရာ။

သခင်ဘသောင်းဟာ လူလေးစားခြင်းခံရတဲ့ စာရေးဆရာတဦးလည်းဖြစ်တဲ့အပြင် ပဌမဆုံးသခင်အမည်ခံသူဖြစ်ပါတယ်။ သခင်ဘသောင်းရေးသားခဲ့တဲ့ ထင်ရှားတဲ့စာအုပ်တွေကတော့ ပန်းသာမစာဥ၊ တထောင့်တည၊ ဗုဒ္ဓ၏စကြာဝဠာတရား၊ ဆရာဝန်ပါပဲ၊ တိုင်းပြည့်ရန်သူ၊ ခြေလေးချောင်းတော်လှန်ရေး၊ အမေလေး၊ သူခိုးအာမတ်၊ ကမ္ဘာ့ရာဇဝင်ချုပ်၊ ကမ္ဘာပတ်လည်ရက်ရှစ်ဆယ်။

သခင်ဘသောင်းရေးသားခဲ့တဲ့ ထင်ရှားတဲ့စာအုပ်တွေကို ပြန်ပြီးထုတ်ဝေကြတယ်။ အွန်လိုင်းမှာလည်းတင်ပေးကြတယ်။ ကောင်းပါတယ်။ ဒါပေမယ့် သခင်ဘသောင်းရေးခဲ့တဲ့သတ်ပုံတွေကို စစ်အစိုးရခေတ်မှာ ပြောင်းထားတဲ့အတိုင်းသာ ထုတ်ဝေရေးသားနေကြတယ်။ တထောင့်တညကနေ တစ်ထောင့်တစ်ည ဖြစ်နေတယ်။ အဲတာ မှားတယ်။

သခင်ဘသောင်းရေးသားခဲ့တဲ့ ဘာသာပြန်သူတဦး၏ အတွေ့အကြုံနှင့် ထင်မြင်ချက်များမှာ သည်လိုသတ်ပုံတွေသာ ပါတယ်။ တ တွေက တစ်မဟုတ်ကြပါ။ ဓါတ်ပုံရိုက်ပို့ပေးထားတာတွေရှိပါတယ်။ မတင်တော့ပါ။

အသက်မွေးမှုအတတ်ပညာတခုဖြစ်သည်
အသက်မွေးမှုအတတ်ပညာတခုခုကို
အခြားတနည်းတလမ်းဖြင့်
တဘာသာမှတဘာသာသို့ပြန်ရာတွင်
ထို့ပြင် တခါတရံပါဠိလို
တခါတရံတွင်
တမျိုးတည်းသာ
စကားလုံးတလုံးကို
ဥပဒေသတခုဖြစ်သည်ကို

ကိုယ်ပိုင်စာကို ကိုယ်ကြိုက်တဲ့သတ်ပုံတွေရေးတာ မပြောလိုလှပါ။ မူရင်းဆရာတော်ကြီးတွေ၊ စာရေးဆရာကြီးတွေ၊ ကဗျာဆရာကြီးတွေရေးသားထားခဲ့တာတွေကို ကိုယ်လိုသလိုလိုက်ပြီး သတ်ပုံပြောင်းတာဟာ စော်ကားရကျပါတယ်။ နောက်စာဖတ်ကြသူတွေကိုလည်း လမ်းလွဲရောက်အောင် အမှားတွေသင်ပေးရာကျပါတယ်။ မလုပ်ကောင်းပါ။

ဒေါက်တာတင့်ဆွေ
၂၂-၈-၂ဝ၁၆

Cervical intraepithelial neoplasia (CIN) သားအိမ်ဝ ရောဂါတမျိုး

၁။ သမီးသူငယ်ချင်းက အသက် ၃၁နှစ်ပါ။အိမ်ထောင်မပြုရသေးပါဘူး။ ရာသီပုံမှန်မလာတာကစပြီးစစ်ကြည့်မိတော့ CIN 1 သားအိမ်ခေါင်းကင်ဆာအဆင့် ၁ လို့ ဆရ...