Wednesday, May 31, 2017

ဖိုးမောင် သွားချေပြီ

ဖိုးမောင်လာနေပြီကွလို့ ပြောစရာမလို။ ရောက်နေနှင့်ကြတဲ့ အဖေါ်တွေက ကုန်းအမြင့်ပေါ်တက်လာတဲ့ ဖိုးမောင်ကို အထင်အရှားမြင်နိုင်ကြတယ်။ မှိုင်းပြာမှောင်နေတဲ့ ကောင်းကင်နောက်ခံကြောင့် ဖိုးမောင်ရဲ့ တပတ်နွမ်းရှပ်အဖြူဟာ ပိုပြီးသစ်လွင်နေတယ်။

ဖိုးဆောင်
ဒီကောင်ကွာ မိန်းမ မရှိတော့ ပေါ့ပါးနေလိုက်တာ။ ငါ့မှာတော့ ဗိုက်တလုံးနဲ့မိန်းမကို ထားခဲ့ရတာ ဗိုက်သုံးလုံးစာ အတွက်မို့သာ။ အဲတာနဲ့ အရင်လူတွေနဲ့လိုက်ဘို့ရာ အထမမြောက်ခဲ့ဘူး။ အခုတောင် အိမ်ပြန်ရကောင်းမလား စဉ်းစားနေသူက ဖိုးဆောင်။

ဖိုးအောင်
ဖိုးမောင် မင့်မှာ ယူစရာတွေ စုံရဲ့လား။ ဓါတ်ပုံရိုက်ခဲ့တယ်နော်။ ပတ်စပို့ဆိုက်။ သူကြီးဆီက စာကောပါလား။ ငွေကတော့ လုံလောက်အောင် မပါလို့ကမဖြစ်။ တို့အားလုံး အတူတူနဲ့ အနူနူချည်းပဲကွ။ စေ့စပ်ပြီး စာရင်းဇယားတွက်ချက်တာမှာ အထုံပါတဲ့ ဖိုးအောင်က လှမ်းပြောလိုက်တယ်။

ဖိုးထောင်
သူတို့ထဲ စာဖတ်အများဆုံး ဖိုးထောင်ကတော့ သူဖတ်ဖူးတဲ့ ရွက်ဝါတောမှာ လမ်းနှစ်သွယ်ဆိုတဲ့ ဘာသာပြန်ကဗျာကို အမှတ်ရနေတယ်။ ကဗျာထဲက ခရီးသည်ဟာ လမ်းနှစ်သွယ်မှာ လူသွားလူလာနည်းတဲ့လမ်းကို ရွေးခဲ့တယ်။ သူရွေးတဲ့ လမ်းတလျှောက် အရိပ်အောက်မှာ ခိုနားတယ်။ ပူလောင်တာကို ရင်ဆိုင်ရတယ်။ လေပြင်းနဲ့တွေ့ရတယ်။ သားကောင်တွေ ရန်ကနေလည်း အသက်လုပြေးရတယ်။ ဒါပေမယ့် နောက်ပြန်လှည့်ပြီး သူမရွေးခဲတဲ့လမ်းက ပိုကောင်းမလား စဉ်းစားမိတာကို ချိုးနှိမ်ထားနိုင်ခဲ့တယ်။

ဖိုးမောင်ကတော့ တခြားကောင်တွေလိုမဟုတ်။ အမေ့သံယောဇဉ်သာရှိတဲ့သူ။ ပညာကလည်း မတောက်မခေါက်။ ရပ်ရေး ရွာရေးမှာတော့ လက်မနှေးသူ။ ဘုန်းကြီးကို ကန်တော့နှုတ်ဆက်ပြီးပြီ။ ဗလာစာရွက်ပေါ်မှာ ဆရာတော်ရေးပေးလိုက်တဲ့ မင်္ဂလသုတ်တပိုဒ်ကို ပါဠိလိုနဲ့ ဘာသာပြန်အနက်ပါ အသေအချာထည့်လာခဲ့တယ်။ အဲတာကို သူရွတ်ကြည့်နေတယ်။ သူတို့သွားကြတော့မယ့်နိုင်ငံမှာ ဘာသာခြားတွေလို့ သိထားပြီးသားမို့ အားကိုးစရာ တခါတည်းယူလာခဲ့တယ်။

လူစုံချိန်မှာတော့ ကောင်းကင်က ပိုပြီးမည်းနက်လာတယ်။ မိုးရွာချတော့မယ်။ လေကလည်း ပိုတိုက်လာတယ်။ သည်မိုးနဲ့ သည်လေကို သူတို့တတွေ နောင်ဘယ်တော့မှာ ပြန်တွေ့ကြမလဲ။ ဖိုးဆောင်ကတော့ တနှစ်အလွန်ဆုံး။ ဖိုးထောင်ကတော့ မပြောတတ်သေး။ ဖိုးအောင်ကတော့ သူရောက်တဲ့ဆီကနေ ယူအက်စ်အေဆက်ဘို့ အကွက်ချပြီးသား။ ဖိုးမောင်ကတော့ အမေ့စကားပဲ နားထောင်မယ်။

တူမလေးက ဖိုးမောင်အမေ့ဆီ အလည်ရောက်လာတယ်။ ဖိုးမောင်တို့သွားကြပြီ ခွေးမရေ့

ဂျွန်းစစ်သည်တွေကိုတိုက်ဘို့ စစ်သည်လေးသိန်းနဲ့ညီတဲ့ ပုဂံလူစွမ်းကောင်းတွေလိုပဲ။ တောသားလေးယောက်တို့ဟာ ပြည်ပထွက် အလုပ်လုပ်ကြရတဲ့ မြန်မာ့ပြည်က လူလေးသန်းနဲ့တူတယ်။

ဒေါက်တာတင့်ဆွေ

ဇွန်လ (၁) ရက်ဖွါး

ကနေ့ တူမတယောက်မွေးနေ့လို့ အခုပဲသတိရတယ်။

ဇွန်လ (၁) ရက်နေ့ ဖွါးသူတွေဟာ အရာရာကို စူးစမ်းချင်စိတ်များတယ်။ လူတွေရဲ့ အမူအယာတွေကို သိအောင်လုပ်တယ်။ အတွင်းကျကျတော့မဟုတ်။ သူများတွေအကြောင်း စူးစမ်းနေတာများလို့ ကိုယ်ကိုယ်ကို မေ့နေတတ်တယ်။ ကျန်းမာရေးမှာ သူတို့က ဆရာဝန်တွေကို သိပ်မယုံကြဘူး။ စူးစမ်းနေတာအတွက် အချိန်ကုန်တာနဲ့ ဆေးရုံဆေးခန်းကို အားမထားချင်လို့ ကိုယ့်ကျန်းမာရေးကို စစ်ဆေးဘို့အချိန်နည်းကြတယ်။ ဒါပေမယ့် ကာကွယ်ရေးတော့ လုပ်ကြတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တာ ရွေးစားသောက်တတ်ကြတယ်။ ငွေရေးကြေးရေးမှာ ခက်ခဲတတ်တယ်။ သူများကို ပေးချင်ကမ်းချင်စိတ် များကြတယ်။ အဲတာနဲ့ ကိုယ့်တွက်မကျန် ဖြစ်တတ်ကြတယ်။ အလုပ်အကိုင်ကယ်ရီယာမှာ အဆင်ပြေကြတယ်။ လူတွေအကြောင်းသိကြလို့ရော ဆုံးဖြတ်တာမှန်ကန်လို့ကြောင့်ဖြစ်တယ်။

ဇွန်လ (၁) သမိုင်းအဖြစ်အပျက်များ
၁၂၁၅ တရုပ်နိုင်ငံ ဘေဂျင်းမြို့ကို မွန်ဂိုးလ်ဘုရင် ဂျင်ဂစ်စ်ခန်က သိမ်းယူလိုက်တယ်။
၁၇၉၂ ကင်တပ်ကီဟာ အမေရိကန်ပြည်ထောင်စုရဲ့ ၁၅ ခုမြောက်ပြည်နယ်ဖြစ်လာတယ်။
၁၇၉၆ အမေရိကန်ပြည်ထောင်စုကနေ ဗြိတိသျှရဲ့ နောက်ဆုံးတပ်တွေ ရုပ်သိမ်းတယ်။
၁၇၉၆ တင်နက်ဆီပြည်နယ်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ၁၆ ခုမြောက်ပြည်နယ်ဖြစ်လာတယ်။
၁၈၈ဝ ပဌမဆုံး တယ်လီဖုန်း တပ်ဆင်လိုက်တယ်။
၁၉ဝဝ ဗြိတိသျှက တောင်အာဖရိက ပရီတိုးရီးယားကို သိမ်းယူတယ်။
၁၉၄၁ ဗြိတိသျှက အီရတ်နိုင်ငံ ဘက်ဂဒက်ကို သိမ်းတယ်။
၂ဝ၁၆ ဆွစ်ဇာလန်မှာ ကမ္ဘာအရှည်ဆုံးလှိုင်ခေါင်းပြီးစီးတယ်။ ၅၇ ကီလိုမီတာရှည်ပြီး အကုန်အကျလည်းအများဆုံး ဖြစ်တယ်။ ယူရို ၁၁ ဘီလီယန်ကုန်ကျတယ်။

ဇွန်လ (၁) ရက်နေ့ မွေးတဲ့ နာမည်ကြီးတွေကတော့ အမေရိကန်ရုပ်ရှင်မင်းသမီး မွန်ရိုးနဲ့ သရုပ်ဆောင် မော်ဂင် ဖရီးမင်းတို့ ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ

2015 global HIV statistics

ကျွန်တော် ပထမဆုံးတောင်းဆိုတယ်ထင်ပါတယ်။ Youtube မှာ hiv အကြောင်းရှင်းပြထားတဲ့ ရုပ်သံ video တွေရှိပေမဲ့ မြန်မာဘာသာစကားနဲ့ မြန်မာဆရာဝန်တွေ မရှိသေးပါသဖြင့် ဆရာအနေဖြင့်ကူညီလို့ရရင် HIV ရောဂါနှင့်ပတ်သက်သော ကူးစက်ပုံ သွေးစစ်ပုံ သွေးစစ်သည့် test တွေအကြောင်း စုံလင့်စွာ Youtube တွင်ဆရာ video ဖိုင်တင်ပေးပါခင်ဗျာ။ လေးစားလျက်။

Youtube မှာ မလုပ်အားပါ။ Blog မှာ အားလုံးတင်ထားပါတယ်။ ပို့ပေးတဲ့သတင်းဖြတ်ပိုင်းအရ မြန်မာပြည်မှာ လူ ၁ဝဝဝ မှာ HIV ရှိသူ ၅ ယောက်လို့ဖတ်ရပါတယ်။

၂ဝ၁၅ စစ်တမ်းတခုအရ ကမ္ဘာမှာ HIV ရှိနေသူပေါင်း ၃၆့၇ သန်းရှိတယ်။ သူတို့ထဲမှာ ကလေးပေါင်း ၁့၈ သန်းပါတယ်။ ကမ္ဘာ့ HIV ဖြစ်နှုန်း ဝ့၈% ဖြစ်တယ်။ လူ ၁ဝဝဝ မှာ (၈) ယောက်နှုန်း။ ၂ဝ၁၅ ခုမှာ AIDS နဲ့ သေဆုံးခဲ့သူပေါင်း ၁့၁ သန်း ရှိခဲ့တယ်။ ကပ်ရောဂါအသွင်ဖြစ်ကတည်းက လူပေါင်း ၇၈ သန်းကိုကူးစက်ပြီး ၃၅ သန်းသေးဆုံးခဲ့ပြီးဖြစ်တယ်။ အများစုက ဆာဟာရအောင်ပိုင်းဒေသမှာဖြစ်တယ်။ ၂၅့၅ သန်းကူးစက်ခံထားရတယ်။ ၂ဝ၁၅ ခုနှစ်မှာ ပိုးတွေ့ လူနာသစ်ပေါင်း ၂့၁ သန်းရှိတယ်။ လူနာ ၁၇ သန်းက ART ဆေးသောက်နေနိုင်ကြတယ်။ အဲတာက ပိုးတွေ့သူတွေရဲ့ လူကြီး ၄၆% နဲ့ ကလေး ၄၉% သာဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၃၁-၅-၂ဝ၁၇

Overdue pregnancy ရက်ကြာနေတဲ့ကိုယ်ဝန်

၁။ မင်္ဂလာပါဆရာ သမီးအသက်က ၂၄နှစ်ပါ။ အိမ်ထောင်ကျတာက ငါးနှစ်ထဲမှာပါ။ အခု ကိုယ်ဝန်နဲ့ပါ။ ပထမအကြိမ်ပါ။ ကိုယ်ဝန်က လကစေ့နေပြီ မမွေးသေးတာပါဆရာ။ ရာသီလာတဲ့ရက်က ၂၂-၈-၂၀၁၆ ပါ။ ရာသီပြီးတဲ့ရက်က ၂၅-၈-၂၀၁၆ ပါဆရာ။ အခုအဲ့ရက်အတိုင်း ဆရာဝန်ပြလာတာကို မွေးမဲ့ရက် ကျော်နေပြီလို့ ပြောပါတယ်။ အဲ့လို မွေးမဲ့ရက် ကျော်ရင် ကလေးအတွက်စိုးရိမ်ရပါသလားဆရာ။ ကြားထဲကပို့တဲ့စာတွေက လိုင်းမကောင်းလို့ မရောက်တာဆရာ။

နောက်ဆုံးရာသီလာခဲ့တဲ့ပဌမရက် = ၂၂-၈-၂ဝ၁၆ ဖြစ်ရင် ခန့်မှန်းမွေးရက် = ၂၉-၅-၂ဝ၁၇ ဖြစ်တယ်။ ရှေ့-နောက် ၁-၂ ပတ်အထိကွာနိုင်တယ်။ စိုးရိမ်စရာမရှိပါ။

၂။ ကိုယ်ဝန်ကလစေ့နေပါပြီဆရာ။ OG ကိုလည်းရိုးရိုးမွေးမယ်လို့ပြောထားပါတယ်။ သွေးပေါင်ချိန်ကလည်း ကျနေပါတယ်။ 90/60 ပဲရှိပါတယ်။ ultrasound ကိုအခု 20 ရက်ကရိုက်ထားတာပါဆရာ။ အားလုံးကောင်းပါတယ်လို့ပဲ ပြောပါတယ်။ အခု 27 ရက်တစ်ပတ်ကြာလို့ ပြန်သွားပြတော့ ဗိုက်စမ်းပြီးတာနဲ့ Due date စေ့နေပြီ။ ကလေးကအနေထား မှန်ပေမယ့် ခေါင်းက ဂွင်ထဲမရောက်သေးဘူး ရေမြွှာလည်းနဲနေပုံရတယ်၊ ဖြစ်နိုင်ရင်ခွဲမွေးစေချင်တယ်လို့ ပြောပါတယ်။ အခုတော့ 1.12.15 ထိစောင့်ကြည့်ပြီးမှ ultrasaund ပြန်ရိုက်ကြည့်မယ်လို့ ပြောပါတယ်ဆရာ။ အဲဒါ ဆက်စောင့်နေသင့်သလား ခွဲရမှာလား မစဉ်းစားတတ်လို့ပါဆရာ။ သွေးပေါင်ချိန်ကတော့ ကျနေတုန်းပါပဲဆရာ။ အခုထိ due date လွန်နေပေမယ့် ဗိုက်နာတာရေဆင်းတာသွေးဆင်းတာဘာမှမရှိပါဘူးဆရာ။ လူက တော်တော်နေလို့ ကောင်းနေတုန်းပါပဲ။ ဗိုက်ထဲက ကလေးကိုစိတ်ပူလို့ပါ။ ဆရာ့အကြံပေးချက်ကို အားကိုးလျက်ပါဆရာ။

ကိုယ်ဝန် ခန့်မှန်းမွေးမယ့်ရက်ကျော်ပေမယ့် မမွေးသေးတာဖြစ်တတ်ပါတယ်။ ကိုယ်ဝန်အများစုဟာ ၃၇ ပတ်နဲ့ ၄၁ ပတ်အတွင်းမှာ မွေးပါတယ်။ ခန့်မှန်းမွေးမယ့်ရက်ထက် ၁-၂ ပတ်အထိကွာခြားတာဟာလည်း ပုံမှန်သာဖြစ်တယ်။ ၄၂ ပတ် (၂၉၄ ရက်) ကျော်နေရင်တော့ သတိထားသင့်ပါပြီ။  အဲတာမျိုးက ၅-၁ဝ% ထိရှိနိုင်ပါတယ်။ အဲလိုကိုယ်ဝန်တွေမှာ ကလေးမွန်းတာနဲ့ အသေမွေးတာပိုအဖြစ်များတယ်။ ဆောရီး။ ၄၉-၄ဝ ပတ်ကိုယ်ဝန် ၁ဝဝဝ မှာ ၁ ယောက်ရှိတယ်။ ၄၁ ပတ်ဆိုရင် ၂ ယောက်၊ ၄၂ ပတ်ကျော်ရင် ၃ ယောက်ရှိတယ်။

နားနေပါ။ စိတ်လှုပ်ရှားမှုကို ထိန်းပါ။ မွေးလာမယ့်ကလေးအတွင် ပြင်ဆင်မှုတွေလုပ်ထားပါ။ ဗိုက်မနာသေး၊ သားအိမ်မပွင့်သေးရင် တမင်မွေးအောင်လုပ်ရတယ်။

• ဒေလီမြို့ မြန်မာပြည်ကနေလာနေသူတွေအတွက် အခမဲ့ ယမုန်နာဆေးခန်းလေးမှာ မွေးပြီးသူ ၂ဝ၄ ယောက်ထဲမှာ Date of birth (DOB) အတိအကျ မွေးသူ စုစုပေါင်း ၅ ယောက်ပဲ ရှိတယ်။
• ၁ ရက်စောမွေး ၃ ယောက် (ကျား = ၁၊ မ = ၂)
• ၁ ရက်နောက်ကျမွေး ၈ ယောက် ( ကျား = ၃၊ မ = ၅)
• ၂ ရက်စောမွေး ၃ ယောက် (ကျား = ၁၊ မ = ၂)
• ၂ ရက်နောက်ကျမွေး ၁ ယောက် (ကျား = ၁)
• ၃ ရက်စောမွေး ၂ ယောက် (ကျား = ၁၊ မ = ၁)
• ၃ ရက်နောက်ကျမွေး ၂ ယောက် (ကျား = ၁၊ မ = ၁)
• ၄ ရက် စောမွေး ၁ ယောက် (မ = ၁)
• ၄ ရက် နောက်ကျမွေး ၄ ယောက် (ကျား = ၃၊ မ = ၁)
• ရက်အတိအကျ မွေးသူ ၅ ယောက် (ကျား = ၂၊ မ = ၃)

မြန်မာပြည်က အင်တာနက်နှုန်းနဲ့ဆို ဒီစာရချိန်မှာ ပဌမမေးတဲ့သူ မွေးဖွားပြီးလောက်သလား စဉ်းစားနေတယ်။ ဒုတိယမေးခွန်းက အရင်ကမေးထားတာပါ။ သူ့ဆီက အကျိုးအကြောင်း မသိရပါ။ ကျန်းမာကြပါစေ။

ဒေါက်တာတင့်ဆွေ

မုန့်ဟင်းခါး

ဆရာ သိချင်တာလေး မေးခွင့်ပြုပါ။ မုန့်ဟင်းခါး နှင့် မုန့်ဟင်းငါး မည်သည့်အသုံးက မှန်ပါသလဲ ဆရာ

အရင်ကလည်း ကွန်မင့်တခုမှာ သည်လိုရေးတယ်။ သီ ရိ ချို မုန့်ဟင်းငါးလို့ထင်တယ်ဆရာတဲ့။

မုန့်ဟင်းခါးလို့သာ ရေးရတယ်။ မြန်မာ့အစားအစာမှာ ဟင်းခါးလို့လည်းရှိတယ်။ ဟင်းငါး မရှိပါ။ ငါးဟင်းသာရှိတယ်။ ခါးတဲ့အရသာကို မြန်မာပြည်ကလူတွေက တန်ဖိုးထားကြတယ်။ အခါးစားတတ်မှ လူကြီးဖြစ်တယ်လို့ ပြောစမှတ်ရှိတယ်။ သူများတိုင်းပြည်တွေမှာ ကျွန်တော်တို့လောက် အရသာခြောက်ပါး မခံစားတတ်ကြပါ။ သူတို့ခါးတယ်ဆိုတာ ကော်ဖီသာ ရှိတယ်။

စာနဲ့စကားကို အလေးမထားကြသူတွေက ခပ်ပေါ့ပေါ့ရေးကြပြောကြလို့ စကားလုံးအမှန်တွေကို ပျောက်စေနိုင်တယ်။  ရေးတော့အမှန် ဖတ်တော့အသံကို တချို့က တလွဲထင်ကြတယ်။ တစ်လို့ရေးပြီး တသံထွက်ခိုင်းတာ မှားတယ်။ မုန့်ဟင်းခါးလို့ ရေးပြီး မုန့်ဟင်းဂါးလို့ ထွက်မှသာမှန်တယ်။ ငါးဆိုရင် သွားပြီ။

ဘန်းစကားတွေထဲက မွန်းငါး၊ မွတ်ငါးလို့ရေးခဲ့ကြတာ ရခိုင်မြောက်ပိုင်းအရေးအခင်း ပေါ်တော့ ပျောက်ကုန်တယ်။

ဒေါက်တာတင့်ဆွေ

Dead Languages ကွယ်လွန်သွားတဲ့စာများ

အီမိုရှင်းသင်္ကေတတွေကို သုံးနေကြတယ်။ ကျွန်တော်တော့ တချို့အရုပ်တွေကို ငိုတာလား၊ ရီတာလားမခွဲခြားတတ်ပါ။ ကွန်မင့်မှာမရေးပါရန်လို့ မေတ္တာရပ်ခံထားတယ်။ Egyptian hieroglyphs အီဂျစ်အရုပ်စာခေတ်ကို ပြန်သွားနေသလိုပဲ။

သူငယ်ချင်းချင်း အပျော်အပျက်ပြောကြရေးကြတာတော့ မဆန်းပါ။ မက်ဆင်ဂျာကနေ အချင်းချင်းရေးလို့ သူများကို ဒုက္ခမပေးပါ။ ဖေ့စ်ဘွတ် ပို့စ်တင်တာက လူတိုင်းကိုဖတ်ခိုင်းနေတာဖြစ်တော့ သတိထားသင့်တယ်။ စကားမပီသူ၊ ဆွံ့အသူ၊ အိုနာကျိုးကန်းနေသူတွေကို ပျက်ရယ်ကဲ့ရဲ့မပြုကြရပါ။ အခုတော့ ထောက်ပြသူတွေကို ဝဋ်လိုက်အောင် လုပ်ရာကျတယ်။

မြန်မာစာ မြန်မာစကား လွဲ၊ မှား၊ ပျောက်ကွယ်၊ သေသွားမှာစိုးပါတယ်။ အခုတော့ လေဖြတ်တဲ့အဆင့်ရောက်နေပြီ။ ကမ္ဘာမှာ သေသွားသလောက် ဖြစ်နေတဲ့ ရှေးဟောင်းဘာသာစကားတွေရှိတယ်။

၁။ Ancient Greek ရှေးဟောင်းဂရိ၊
၂။ Latin လက်တင်၊
၃။ Old Norse အိုက်စလန်၊ နော်ဝေ၊ ဒိန်းမတ်၊ ဆွီဒင် နို့စ် လက်ဟောင်း၊
၎။ Ancient Egyptian ရှေးဟောင်းအီဂျစ်၊
၅။ Sanskrit ဆန်းစ်ခရစ် (သင်္သကရိုက်၊ သက္ကတဘာသာ)
၆။ Middle English အလယ်ခေတ် အင်္ဂလိပ်၊
၇။ Aramaic အရှေ့အလယ်ပိုင်းဒေသ အာရာမစ်၊
၈။ Coptic ရှေးဟောင်းအီဂျစ် ကော့်ပ်တစ်၊
၉။ Biblical Hebrew ကျမ်းစာသုံး ဟီဘရူး၊

နံပါတ် (၁ဝ) မှာ Myanmar မြန်မာစကား ထည့်ရမလားမသိပါ။ မြန်မာစာမြန်မာစကား သေမသွားစေချင်ပါ။ မသေအောင် အိုနာကျိုးကန်းဖြစ်စေအောင် မလုပ်သင့်ကြပါ။

ဒေါက်တာတင့်ဆွေ
၃၁-၅-၂ဝ၁၅
၃၁-၅-၂ဝ၁၆
၃၁-၅-၂ဝ၁၇

Snake-bite မြွေကိုက်လူနာ

၁။ နိုင်ငံခြားတိုင်ပြည်များရှိ မွေဆိပ်ခွဲခြားနည်းသိလိုပါသည်။ မွေဆိုးကိုက်ကုထုံးများ သိလိုပါသည်။ ရေခဲတင်ကုထုံး သိလိုပါသည်။ မည်သည့်နိုင်ငံကမြွေဆိပ်ဖြေဆေး အကောင်းဆုံးပါလဲ။ ပခုက္ကူဆေးရုံမှာ မြွေကိုက်လူနာ တွေ့ပြန်ပြီ။

၂။ ဆရာခင်ဗျား ကျွန်တော်၏အသိမိတ်ဆွေများ မြွေကိုက်ခံရသည်နှင့်ကြုံသည့်အခါ ဆေးရုံတွင် လူနာမေး မကြာခဏ သွားရပါတယ်။ သေဆုံးကြသည်ကများပါတယ်။ ဆေးရုံကို အချိန်မှီမရောက်လို့များလား။ ဖြေဆေးများ လုံလောက်အောင် မရလို့များလား မေးမြန်းကြည့်မိပါတယ်ဆရာ။ လူနာရှင်ကပြောပါတယ် တို့လူနာက ထန်းပင်အောက်မှာ အကိုက်ခံရတာ။ ဆိုင်ကယ်ကလဲအသင့်ရှိတော့ ဆေးရုံကိုနာရီဝက်အတွင်းပို့နိုင်ခဲ့တယ်။ ဖြေဆေးလဲထိုးရတယ်။ စုစုပေါင်း အလုံး ၃ဝ လောက်ထိုးရတယ်တဲ့။ ဒါပေမဲ့ဆုံးသွားတယ်တဲ့။ ကွsန်တော်တွေးမိတာက အဆိပ်ဖြေဆေးတွေ အာနိသင်နည်းတာလား ဆိုတာပါပဲ။ ကျေးဇူးပြု၍ ဖြေကြားပေးစေလိုပါတယ်။့ (ဘုတလင်)

၃။ မြွေကိုက်ခံဖူးတဲ့မိန်းကလေးက လက်ရှိအသက် ၂၉ပါ။ မြွေကိုက်ခံရချိန်ကအသက် ၁၇ အရွယ်ပါ။ ကိုက်တဲ့မြွေက မြွေပွေးပါဆရာ။ မြွေဆိပ်ဖြေဆေးကို ကိုက်ခံရပြီးခြင်းခြင်း ဆေးခန်းသွားတော့ထိုးပါတယ်ဆရာ။ မြွေကိုက်ခံရဖူးသူက စစ်ကိုင်းတိုင်းအောက်ပိုင်း မုံရွာပတ်ဝန်းကျင်နားနေတာပါ။ မြွေပွေးပေါတဲ့နေရာပါ သူကအခု တခါတလေ ကိုက်ခဲတယ် ပြောပါတယ်။ မိုးရွာရင်လည်း ကိုက်ခဲတတ်တယ်ပြောပါတယ်။ မေးခွန်းက ကိုယ်ဝန်ဆောင်ရင် ကလေးမျက်စိ ကွယ်နိုင်မလား သိလိုပါသည်ခင်ဗျား။

ဘာကြောင့် အဲလိုမေးသလဲ စဉ်းစားမရ။ မြွေပွေးဆိုတာ သွေးစနစ်သာဖြစ်တယ်။

မြွေအမျိုးအစား အများကြီးရှိပေမဲ့ အဆိပ်ရှိတဲ့မြွေကနည်းတယ်။ သူများတိုင်းပြည်ကမြွေတွေ ဘယ်လောက်ဆန်းဆန်း အသာထားပါ။ မြန်မာနိုင်ငံသားတွေကို ဒုက္ခပေးနေတဲ့ မြွေပွေးနဲ့ မြွေဟောက်ကိုသာ သိထားစေချင်ပါတယ်။ ဒီမြွေတွေ မဟုတ်ရင် မစိုးရိမ်ပါနဲ့။ မြွေပွေးကသာ အသက်သေစေတာ အများဆုံးဖြစ်တယ်။ မြန်မာပြည်ပေါက်မြွေတွေအတွက် မြန်မာပြည်ထုတ်ဆေးတွေက အကောင်းဆုံးဖြစ်တယ်။ တိုးတက်တဲ့တိုင်းပြည်တွေမှာ မြွေအကြောင်းသိပ်မသိကြဘူး။ ကျွန်တ်ာတို့ တိုင်းပြည်မှာတော့ ဘာမဆို အတ္တာဟိ အတ္တနော နာတ္ထောချည်းပဲမဟုတ်ပါလော။

ရှေးဦးသူနာပြုသင်ခန်းစာတွေ တချို့ကဟောင်းသွားပြီး၊ ခေတ်မီနည်းတွေ ထပ်မထည့်ကြတော့ဘူး။ မြဝတီ (ဆိုက်) ထဲမှာ သတိပြုရှောင်ကြဉ်ဖွယ် မြွေဆိုးအန္တရာယ်ကိုဖတ်ကြည့်ပါတယ်။ လိုတာလေး တွေ့ရတယ်။ မြွေဆိပ်ကာကွယ်ဆေးမှာ အကိုက်ခံရပြီး (၄) နာရီအတွင်းထိုးလျှင် ထိရောက်မှုအရှိဆုံးဖြစ်ပြီး၊ အကယ်၍ (၁၂) နာရီကျော်ပါက ဆေးအာနိသင်မှာ လျော့ပါးလာနိုင်ပါသည်လို့ ဖတ်ရပါတယ်။

အမှန်က မြွေဆိပ်ဖြေဆေးကို မြန်မြန်ထိုးနိုင်လေ ကောင်းလေလို့သာ ရေးသားသင့်ပါတယ်။ ၄ နာရီအတွင်းနှင့် ၄ နာရီ ကျော်အတွက် သုတေသနလုပ်ထားချက် မတွေ့ဘူးပါ။ ဆေးအာနိသင် လျှော့ပါသည်လို့ရေးတာ မမှန်ပါ။ မြွေဆိပ်ဒဏ်တွေ ခံနေရတာကြာလို့ လူနာအသက်အတွက် ဆေးထိုတာနောက်ကျလေလေ အန္တရာယ်များလေလေ ဖြစ်ပါတယ်။ ဆေးတန်ခိုး မလျှော့ပါ။

မြွေကိုက်ရင် လုပ်သင့်တဲ့ ရှေးဦးသူနာပြုနည်း
မလုပ်သင့်တာတွေ
ဆေးမီးတိုနည်းသုံးတာ၊ မြွေကိုက်တဲ့နေရာကို ပါးစပ်နဲ့စုပ်တာ၊ ဒါးနဲ့ခွဲတာ၊ လေဟာနယ်ပုလင်း လုပ်ပြီး စုပ်ယူတာ၊ ကြိုးစီးတာ၊ ရေခဲတင်တာ၊ မြွေကိုကိုလိုက်ရှာပြီး သတ်ယူတာ။ လူနာကို အတတ်နိုင်ဆုံး လှုပ်ရှားမှု မလုပ်စေပါနဲ့၊ ခြေထောက်မှာကိုက်ရင် လမ်းမလျှောက်စေပါနဲ့။

လုပ်သင့်တာတွေ
• အကိုက်ခံရသူကို အန္တရာယ်ရှိရာကနေ နေရာရွေ့ပါ၊
• မြွေဆိပ်ဖြေဆေးရှိတဲ့ အနီးဆုံးနေရာကို လူနာအမြန်ဆုံးသယ်ပို့ပေးပါ။
• နှစ်သိမ့်အားပေးပါ၊ စိတ်တည်ငြိမ်စေပါ၊ ပြုစုသူကလဲ တည်ငြိမ်ပါ။
• ခြေလက်မှာ ကိုက်ခံရတာဆိုရင် လက်ဝတ်လက်စား၊ အလှအပအတွက် ဝတ်ဆင်ထားတာတွေ ချွတ်ယူပါ။
• ကိုက်တဲ့မြွေအကြောင်းမေးပါ၊ မြွေကိုက်ချိန်၊ လူနာမှာ ဖြစ်ပေါ်ခံစားလာရတာတွေကို မှတ်သားပါ။ ဆရာဝန်ကိုပြန်ပြောပြပါ။
• Shock ရှော့ခ်ဖြစ်ရင် ရှေးဦးသူနာပြုစုနည်းအတိုင်းလုပ်ပါ။
• အကိုက်ခံရတဲ့နေရာကို နှလုံး (ရင်ပတ်) နေရာ အထက်ကို မမြှင့်စေပါနဲ့။
• ရေသန့်သန့် + ဆပ်ပြာနဲ့ ဆေးကြောပေးပါ။ Antiseptic ပိုးသေဆေးရည် ရှိရင်သုံးပါ။ မရှိရင် အချိန်ကုန်ခံပြီး ရှာမနေပါနဲ့။
• ကြိုးစည်းတာကို လုံးဝမသုံးပါနဲ့လို့ မဆိုလိုပါ။ အကိုက်ခံရတဲ့နေရာအထက် ၂ လက္မအကွာမှာ စည်းပါ။ ရောင်နေရင် ရောက်နေတာအထက်က စည်းပါ။ သွေးလုံးဝမလျှောက်အောင်အထိ တင်းစရာမလိုပါ။ ကြာမယ်ဆိုရင် ပြန်လျှော့-ပြန်စီး လုပ်ပါ။ ကြိုးက ၁ လက္မလောက်တုတ်တာ ကောင်းတယ်။ အကိုက်ခံရပြီး မိနစ် ၂ဝ အတွင်းသာ စီးပါ။ နောက်ကျသွားရင် မစီးပါနဲ့တော့။
• အကိုက်ခံရတဲ့နေရာကို ငြိမ်အောင်လုပ်ပေးနည်းက အရိုးကျိုးသူတွေကို လုပ်ပေးနည်းအတိုင်း ဖြစ်တယ်။
• မြွေကသေပြီးနောက်မှာ တနာရီကြာတဲ့အထိ ထိလိုက်ရင် တုန့်ုပြန်ကိုက်နိုင်စွမ်းရှိတာ သတိထားပါ။
• အရက်၊ ကော်ဖီအပြင်းစား၊ အိပ်ဆေး၊ မူးယစ်စေတဲ့ဆေး၊ အမျိုးအမည်မသိတဲ့ဆေး မတိုက်ပါနဲ့။
• လူနာရဲ့ အရေးပါလက္ခဏာ ၄ မျိုးကို သတိထားကြည့်နေပါ။ အပူချိန်၊ အသက်ရှူမှု၊ နှလုံးခုန်တာနဲ့ သွေးဖိအား။
Neurological bites (Elapid species) မြွေဟောက်လို အာရုံကြောကိုထိတဲ့မြွေမျိုးဖြစ်ရင် ရှေးဦးသူနာပြုနည်းမှာ တခု ပိုပါတယ်။ Cobras, King Cobras, Kraits, Coral snakes and Sea Snakes မြွေအမျိုးအစားတွေဖြစ်တယ်။ Pressure immobilization ဖိအားပါတဲ့ ပတ်တီးစီးနည်းလုပ်ပါ။ Sutherland method နည်းခေါ်တယ်။ 5 - 10 cm အကျယ်ရှိတဲ့ Elastic Crepe Bandage ဆန့်နိုင်-ကျုံ့နိုင်တဲ့ပတ်တီးမျိုး ၃-၄-၅ လိပ်သုံးပါ။
• အခုအခံပြားတခုခုသုံးပါ။ ဒီလိုနည်းအတွက် အချိန်ပိုမကုန်ပါစေနဲ့။ မြွေဆိပ်ဖြေဆေးရှိရာကို ရောက်စေဘို့ကို ပဌမဦးစားပေးပါ။ (၁) အဖျားပိုင်းကနေစပြီး အထက်ဆီသွားနည်းအတိုင်း ပတ်တီးစည်းပါ။ ဘောင်းဘီချွတ်ရန်မလိုပါ။ အကိုက်ခံရတဲ့ ခြေ-လက်ကို ငြိမ်နေစေပါ။ (၂) ကြောင်လိမ်နည်းနဲ့ တင်းတင်းစီးပါ။ (၃) ပတ်တီးကို အဖက်ပိုင်းဆီ ရောက်နိုင်သမျှရောက်အောင်စီးပါ။ (၄) သစ်သားပြား (ဝါး၊ သတ္တုချောင်း) နှစ်ချောင်း သုံးပြီး ငြိမ်အောင်လုပ်ပါ။ (၅) လက်ကိုကိုက်ရင် လက်ကိုပတ်တီးစီးပြီး သုံးထောင့်ပတ်တီးသုံးပြီး ကိုယ်မှာကပ်ထားပါ။

အိန္ဒိယ မြွေကိုက်ခြင်းလိုက်နာရန်အချက်များ (၂ဝဝ၇)
၁။ မြွေ ၇ဝ% မှာ အဆိပ်မရှိ။
၂။ အကိုက်ခံရသူ ၅ဝ% မှာသာ အဆိပ်သင့်။
၃။ တင်းကြပ်နေအောင် စီးနှောင်တာမလုပ်ပါနဲ့။

Anti-venom မြွေဆိပ်ဖြေဆေးကို ၁၈၉၅ မှာ ပြင်သစ်ဆရာဝန် Albert Calmette ကနေ ပဌမဆုံးသုံးခဲ့တယ်။ မြွေရဲ့ ပါးစပ်ကနေ အဆိပ်ကို နို့ညှစ်သလို ထုတ်ယူပြီး၊ မြင်း၊ သိုး ကိုယ်ထဲကို ဆေးထိုးပေးတယ်။ အဲဒီအခါ အကောင်ရဲ့ သွေးထဲမှာ မြွေဆိပ်ကို တန်ပြန်တဲ့ ခုခံဓါတ် (အင်တီဘော်ဒီ) တွေထွက်လာမယ်။ အဲဒီဓါတ်ကို ထုတ်ယူပြီး မြွေဆိပ်ဖြေဆေးအဖြစ်သုံးနိုင်အောင်စီမံရတာ ဖြစ်ပါတယ်။ လူနာရဲ့သွေးထဲကို ထိုးပေးလိုက်ရင် ကိုယ်ထဲဝင်နေတဲ့ မြွေဆိပ်ကို ဆန့်ကျင်ပြီး အဆိပ်ပျယ်စေတော့တယ်။ နောက်ပေါ်မြွေဆေးတွေက Polyvalent anti-venom ခေါ်တဲ့ မြွေမျိုးစုံ အဆိပ်တွေကို နိုင်တယ်။

မြွေကိုက်ခြင်းရှေးဦးသူနာပြု စနစ်တကျသင်ပေးရမယ်။ ပညာပေးရမယ်။ ဆေးရုံတွေမှာ မြွေဆိပ်ဖြေဆေး အလုံအလောက် ဖြည့်တင်းထားရမယ်။ ဒီဂျစ်တယ်လ်ခေတ်မှာ ဖုန်းကနေလဲ ရှေးဦးသူနာပြုနည်း၊ ပတ်တီးစည်းနည်း၊ မြွေဆေးရတဲ့နေရာ စတာတွေကို ချက်ချင်းရှာဖွေကြည့်နိုင်လို့ နည်းပညာရဲ့အကျိုးကိုရယူပါလေ။

မြန်မာနိုင်ငံသားတွေ မြွေဘေးကနေ ကင်းဝေးကြပါစေ။

ဒေါက်တာတင့်ဆွေ
၃၁-၅-၂ဝ၁၆
၃၁-၅-၂ဝ၁၇

Tuesday, May 30, 2017

လျှံ လျှပ် လျှာ

ဆရာရှင့် သျှံ နဲ့ လျှံ ဘယ်လိုသုံးနှုန်းနိုင်ပါသလဲသိချင်လို့ပါရှင့်။

မီးတောက်မီးလျှံ၊
လျှံ (ပိုလျှံ)
လျှံထွန်းတေဇာ၊
လျှင် (သူလာလျှင် ငါသွားမည်)
လျှင် (ပေးလျှင် ယူမည်)
လျှပ် = ရုတ်တရက်
လျှပ်စစ်
လျှပ်စား = မတရားရယူသည်
လျှပ်စား ဖြတ်စား
လျှပ်စီး
လျှပ်တေး = ပေါ့တီးပေါ့ဆလုပ်ကိုင်တတ်သော မိန်းကလေး
လျှပ်ပေါ်လော်လီ = စောင်စည်းမှုမရှိ၊ အရှက်အကြောက်ကင်း
လျှမ်း = ပြည့်လျှံသော
လျှမ်းလျှမ်းတောက်
လျှာ
လျှာခင်
လျှာစက်အာစက်
လျှာနာခွါနာ
လျှာရှည်
လျှာလေးအာလေး
လျှိုး (ငုံ့လျှိုး)
လျှို့ဝှက်ချက်
လျှိုသွင်းသည်
သျှတ္တရ = ပညာရပ်ကျမ်း (အာကာသသျှတ္တရ၊ မဏိသျှတ္တရ)
သျှားဖြူသီး = ချဉ်ဖန်သောအသီး
သျှိသျှား = ဆီးဖြူတမျိုး
သျှို = အောင်မြင်ပြီးမြောက်မှု၊ နှုတ်ချို သျှိတပါး
သျှိုးလိုက်ရတု
သျှီလင် = ဗြတိသျှနိုင်ငံသုံးငွေ၊ ၂ဝ သျှိလင် = တပေါင်
အပြည့်အလျှံ၊
အလျှံညီး၊
အပေါ်လျှံ (အပေါ်ယံ)၊
အရောင်လျှံ၊
ရေလျှံ၊
လျှော့ (ဈေးလျှော့)
လျှော့ရက်
လျှော့ပေါ့
လျှောက် (လမ်းလျှောက်)
လျှောက်ထား
လျှောက်ပြန်သံပေး
လျှောက်လဲချက်
လျှောက်လွှာ
လျှောက်သွား
လျှောက်ပြော
လျှောချ
လျှောမွေး (ကိုယ်ဝန်ပျက်)
လျှော် (အကြွေးလျှော်)
လျှော် (ခေါင်းလျှော်)
လျှော်ကြိုး
လျှော်မျှင်
လျှော်တေသင်္ကန်း
သျှောင် = ယောက်ျားဆံထုံး
သျှောင်ကြီးဗွေ

သျှင် သတ်ပုံကျမ်းမှာမပါ။ အသျှင်၊ နတ်သျှင်နောင်၊ စသည်။ ကိုယ့်နာမည်ကိုလည်း သျှင်မ၊ သျှင်လှ စသဖြင့်ရေးကြတယ်။ နာမည်ကိုကြိုက်သလို ရေးကြတဲ့သဘောသာ ဖြစ်ပါတယ်။ တွင်းသင်းတိုက်ဝန် မဟာစည်သူ ဦးထွန်းညို မဟာရာဇဝင်သစ်ထဲမှာ နတ်ရှင်နောင်လို့ရေးပါတယ်။

ဒေါက်တာတင့်ဆွေ

Pregnancy Spelling သတ်ပုံမှားသော မီးနေသည်များ

၁။ ဆရာရှင် ကျမအသက်က ၂၈ နှစ်ပါ။ မီးနေသည် ဆပ်ပြာမကိုင်ရတဲ့အယူအစက B1 ချို့တဲ့တယ်လို့ တစ်ချို့တွေက ပြောကြပါတယ်။ ဟုတ်သလားရှင့်။ B1 ချို့မတည့်အောင် ဘာတွေစားသုံးဘယ်ဆေးမျိုးသောက်ရမလဲရှင့်။

ဆပ်ပြာကို မတည့်သူက တသက်လုံးဆင်ခြင်ရတယ်။ တည့်သူက တသက်လုံးသုံးနိုင်တယ်။ ဘီ-၁ ချို့တဲ့တယ်လို့ ဆရာဝန်ကပြောပါသလား။ ထုံးနာကျင်နာဖြစ်နေပါသလား။ ဆရာ့ဘလော့မှာ ဖတ်လိုကဖတ်နိုင်။ ရာသီလာခြင်းနဲ့ ကိုယ်ဝန်-မီးနေကာလ မှားယွင်းတဲ့အယူအဆတွေကိုလည်း ရေးထား။

အယူအဆလို့သာ ရေးရမယ်။ အယူအစလို့ရေးတာ မှားတယ်။ မွေးလာမယ့်ကလေး သတ်ပုံမမှားပါစေနဲ့။

၂။ ဆရာရှင့် ကျွန်မအသက် ၂၅၊ အိမ်ထောင်နဲ့ ကလေးတယောက်ရှိပါတယ်။ အခု ဒုတိယကိုယ်ဝန် ဆောင်ထားပါတယ်။ ကျွန်မ ပထမသားလေးမွေးထဲက လိပ်ခေါ်င်းဖြစ်နေတာ မွေးတုန်းအရမ်းစိုးပေမဲ့ သက်သာသွားပါတယ်။ အခုလိပ်ခေါင်းက ဟိုနေ့ဝမ်းညစ်မိလို့ သွေးထွက်နေပါတယ်။ ကျွန်မလောလောဆယ် ဘာဆေးများလိမ်းရမလဲရှင့်။ ဒုတိယကိုယ်ဝန်ကို ရိုးရိုးမွေးလို့ရပါ့မလား။ လိပ်ခေါင်းကသွေးထွက်နေလို့။ လေးစားစွာဖြင့်

အရမ်းစိုးလို့ရေးတာ မှားတယ်။ အရမ်းဆိုးလို့သာ ရေးရမယ်။ မွေးလာမယ့်ကလေး သတ်ပုံမမှားပါစေနဲ့။

သတ်ပုံမှားသော မီးနေသည်တွေ ကျန်းမာကြပါစေ။ မြန်မာစာ သားကောင်းသမီးကောင်းတွေ မွေးနိုင်ပါစေ။

ဒေါက်တာတင့်ဆွေ

Contraceptive Implant ကိုယ်ဝန်တားဆေးချောင်းနဲ့ လက်မောင်း

ဆရာ ရိုသေစွာမေးပါရစေ။ လက်မောင်းအရေပြားအောက်မှာထည့်သွင်းရတဲ့ သန္ဓေတားဆေးချောင်းလေးကို  လက်မောင်းအောက်မဟုတ်ပဲ ပေါင်မှာ သို့မဟုတ် တခြားမမြင်ကွယ်ရာနေရာမျိုးတွေမှာထည့်သွင်းလို့ ရ-မရ သိပါရစေ။ ရိုသေစွာဖြင့်

မရတော့ မရှိပါ။ အကျိုး နဲ့ အပြစ် ချိန်ဆရတယ်။ ပိုကောင်းတာလည်းရှိနိုင်။ သတိပိုထားစရာလည်းရှိနိုင်ပါတယ်။

ဥပမာ Nexplanon ဆိုတာ ၄ စက်တီမီတာရှည်တယ်။ ကွေးနိုင်ဆန့်နိုင်လို့ ထည့်ထားပြီး ကိုယ်လက်လှုပ်ရှားရင် ထိခိုက်မှု မရှိစေပါ။ တကမ္ဘာလုံးမှာ ဘယ်ဖက်လက်မောင်းအတွင်းဖက်မှာ ထည့်ထားကြတယ်။ သုံးနှစ်တခါ အသစ်လဲပေးရမယ်။ အမာရွတ်လည်း မသိသာ။ ချုပ်ရိုးမပါ။ အရုပ်မဆိုးပါ။

မွေးလာတဲ့ကလေးတိုင်းကို အရင်ဆုံးထိုးစေတဲ့ကာကွယ်ဆေးက BCG ခေါ် တီဘီကာကွယ်ဆေးဖြစ်တယ်။ စစ်ဆေးရာမှာ လွယ်ကူပြီး စနစ်ကျအောင် ဘယ်ဖက်လက်မောင်းမှာထိုးပေးတယ်။ အမာရွတ်ကလေးတွေထင်နေမယ်။ အဲတာ ဆေးအောင်တာလို့ အရပ်ပြောပြောကြတယ်။

အရင်က ကျောက်ကြီးရောဂါ မြန်မာပြည်အပါအဝင် တကမ္ဘာလုံးမှာ လူတွေသေဆုံးတဲ့အထိ ကပ်ရောဂါဖြစ်ခဲ့တယ်။ ကျောက်ဆေးခေါ် ကာကွယ်ဆေးပေါ်လာတယ်။ နိုင်ငံတိုင်းမှာ ကျောက်ကြီးရောဂါပပျောက်ရေး စနစ်တကျလုပ်လို့ အခုဆိုရင် တကမ္ဘာပေါ်ကနေ ပျောက်ကွယ်သွားပြီ။ ကျောက်ကြီးရောဂါ ဖြစ်ပြီး အသက်မသေသူတွေမှာ တသက်လုံးအမာရွတ်ထင်ကျန်ရင်တယ်။ ကျောက်ပေါက်မာခေါ်တယ်။ ကျောက်အိုး၊ ကျောက်ဖြုံး၊ မင်းကုသ၊ မယ်ကုသ စသဖြင့် ပြောင်ခေါ်လေ့ရှိကြတယ်။

ကျောက်ရောဂါကာကွယ်ဆေးထိုးတဲ့ အမာရွတ်ကလည်း တသက်လုံးထင်နေတယ်။ အမာရွတ် နှစ်ခုကို လက်မောင်း အပြင်မှာမြင်နေရတယ်။ အမာရွတ်မတွေ့သူကို ကာကွယ်ဆေးထိုးစေတယ်။

အဲဒီခေတ်မှာလည်း အခုခေတ်လို မလှချင်တွေရှိတယ်။ အမာရွတ်ကို လူမမြင်စေချင်ကြဘူး။ ကာကွယ်ဆေးကလည်း မထိုးမဖြစ်။ ကြံဆကြတယ်။ လှချင်လွန်းသူတွေက အတိုအပြတ်ဝတ်တတ်တယ်။ တိုတာကလည်း ဘီကီနီ။ ရေကူးဝတ်စုံ ရိုးရိုးထက် တိုပြတ်သေးတယ်။ နောက်ဆုံးမှာ လိုလျှင်ကြံ နည်းလမ်းရသွားတယ်။  ဘီကီနီဖုံးထားတဲ့နေရာမှာ ကာကွယ်ဆေးထိုးတယ်။ Smile!

ကိုယ်ဝန်တားဆေးချောင်းလေးကို လက်မောင်းအတွင်းဖက်မဟုတ်တဲ့နေရာမှာ ထည့်ရင်ဘယ်လိုနေမလဲ။ ဘာအကျိုးရှိမလဲ။ လေ့လာဆန်းစစ်မှု မတွေ့သေးပါ။ အသားဆေးထိုးသလို တင်ပါးထိုးတာနဲ့ လက်မောင်းထိုးတာ။ ကလေးငယ်လေးတွေ ပေါင်မှာထိုးတာ အတူတူသာဖြစ်တယ်။ အကျိုးအကြောင်းရှိတယ်။ အသေးစိတ်တွေ မရေးတော့ပါ။ ကိုယ်ဝန်တား အရေပြားအောက်ထားရတဲ့ ဆေးချောင်းကိုတော့ ဘီကီနီဝတ်တဲ့နေရာကို မစဉ်းစားလောက်ကြလို့ ထင်ပါတယ်။ Smile!

ဒေါက်တာတင့်ဆွေ
၃ဝ-၅-၂ဝ၁၇

Leukemia လူကီးမီးယား သွေးကင်ဆာ

၁။ ကျမ အသက် ၂၇ နှစ်ပါဆရာ။ ကလေး ၂ ယောက်ရှိပါတယ်။ သိချင်တာက သွေးကင်ဆာရောဂါဟာ မျိုးရိုးလိုက်တတ်ပါသလားရှင့်။ ကျမအဖေဟာ အသက် ၆၀ ကျော်မှာ သွေးကင်ဆာအမျိုးအစား AML ဖြစ်ပြီး ဆေးကုနေရင်း ဆုံးပါးခဲ့ရပါတယ်။ သားက ကိုယ်ခံအားနည်းတဲ့ကလေးမို့ သူ့အတွက်စိတ်ပူလို့ပါ။ မျိုးရိုးလိုက်တက်ခဲ့ရင်လည်း ဆောင်ရန်ရှောင်ရန်လေးတွေကိုလဲ သိချင်ပါတယ်ရှင့်။

၂။ ကျွန်နော်က leukemia CML ရောဂါခံစားနေရပါတယ်ဆရာ။ ကျွန်တော်ကနယ်ကပါ။ တခါတလေဆေးဝယ်မရလို့ဆေးပြတ်တဲ့အခါကျရင် သွေးဖြူဥတေတွများလားပြီး ဒူးတွေတင်ပစုံတွေမှာသွေးစုပြီးတော့ ကိုက်ခဲပါတယ်ဆရာ။ လွန်ခဲ့တဲ့ ၆ လလောက်တုံးက ကျွန်တော်သွေးဖြူဥတွေများပြီး ပထမဒူးမှာသွေးစုတယ်။ ၅ ရက်လောက်ကြာတော့ ဒူးကကောင်းသွားပြီး ဆီးလမ်းကြောင်းမှာလာဖြစ်တယ်ဆရာ။ ဆီးလမ်းကြောင်းအရမ်းတင်ပြီးကိုက်လို့ ကျွန်တော်ရန်ကုန်မှာဆေးခန်းသွားပြတယ်ဆရာ။့ မှာထိုင်တဲ့ ဆီးလမ်းကြောင်းခွဲစိတ်ဆရာဝန်က့ မှာခွဲမှရမယ်လို့ပြောတော့ ကျွန်တော်က ငွေကြေးမတတ်နိုင်လို့ မခွဲဖြစ်ဘူး။ ဒီလိုနဲ့ဆေးစားရင် သက်သာသွားတယ်ဆရာ။

၃။ ဆရာ သမီးအမျိုးသားက သွေးကင်ဆာပါ ဆေးသောက်နေရတာ သုံးနှစ်ရှိပါပြီ။ ဆေးကြောင့်ကလေးမယူသင့်ဘူးလို့ သိရပါတယ်။ သားလေးကသုံးနစ်သားပါ။ နောက်တယောက်ထပ်ယူခြင်ပါတယ်ဆရာ။ နည်းလမ်းမရှိတော့ဘူးလား သိခြင်ပါတယ်ဆရာ။ သူသောက်တဲ့ဆေးက tasigna ပါဆရာ။

မေးခွန်း (၃) ပြောတာကိုမှန်းကြည့်ရရင် Chronic myeloid leukemia (CML) ရောဂါဖြစ်နိုင်တယ်။ ထင်တာကိုပြောတာပါ။ Tasigna ဆေးရဲ့ဘေးထွက်ဆိုးကျိုး ဆိုးလွန်းတာတွေ = သွေးအရေအတွက်နည်းခြင်းဖြစ်လို့ သွေးထွက်လွယ်မယ်။ ဆီးထဲသွေးပါနိုင်တယ်။ အားယုတ်မယ်။ သွေးစီးလျှောက်တာနည်းလို့ ဦးနှောက်၊ ခြေထောက်၊ နှလုံးကိုသွေးမဝမှာ သတိထားရမယ်။ အသည်းကို ထိခိုက်နိုင်တယ်။ အသားဝါဖြစ်နိုင်တယ်။ သရက်ရွက်ကိုလဲထိခိုက်နိုင်တယ်။ သာမန် သတိထားစရာတွေ = ပျို့-အန်ချင်၊ အရေပြားအနီပြင်ထွက်၊ ခေါင်းကိုက်၊ မောပန်း၊ ယားယံ၊ ဝမ်းပျက်၊ ချောင်းဆိုး၊ ကြွက်သားအရိုးနာ၊ ကိုယ်ပူ၊ ညချွေးထွက်။ သားသမီးယူတာအတွက် သပ်သပ်သတိပေးတာမတွေ့ပါ။ ဒါပေမဲ့ ကုသပေးတဲ့ဆရာဝန် ညွှန်တာကိုသာ လိုက်နာသင့်ပါတယ်။

Leukemias (လူကီးမီးယား) သွေးကင်ဆာ ရက်တိုနဲ့ နာတာရှည် နှစ်မျိုးရှိတယ်။ ရောဂါဖြစ်တဲ့ သွေးဖြူဥ အမျိုးအစားနဲ့လဲ ခွဲခြားတယ်။ Infections ရောဂါပိုးဝင်တာ၊ Anemia သွေးအားနည်းတာနဲ့ Bleeding သွေးယိုတာတွေ ဖြစ်လာစေနိုင်တယ်။

ရိုးတွင်းခြင်ဆီမှာ Stem cells ခေါ်တာတွေကနေ သွေးဥအမျိုးမျိုး ဖြစ်လာရတယ်။ သွေးဥဆိုတာ အနီ နဲ့ အဖြူ။ အနီက အသက်ရှူလိုက်တဲ့ လေထဲက အောက်စီဂျင်နဲ့ ပေါင်းပြီး သွေးကို သန့်အောင်လုပ်ပေးတယ်။ သွေးဖြူဥတွေကတော့ ရောဂါကို တိုက်ဖျက်တာ လုပ်ပေးတယ်။ သွေးမှုံ ဆိုတာလေးတွေက သွေးကိုခဲစေပြီး၊ သွေးမယိုရအောင် လုပ်ပေးတယ်။ သွေးဥ မှန်သမျှဟာ တခြားသက်ရှိ ဆဲလ်တွေလိုပါဘဲ၊ အသစ်ဖြစ်လာ၊ ရင့်လာ-အိုလာပြီး နောက်ဆုံး ပျက်စီး-သေဆုံး ကုန်ကြတယ်။ ခေမာ-မိဘုရားကြီးကို တရားပြသလိုပါဘဲ။

Myeloid stem cell ဆဲလ်အမျိုးအစားတွေကနေ Red blood cell သွေးနီဥနဲ့ Platelets သွေးမှုံတွေ ဖြစ်စေတယ်။ White blood cells သွေးဖြူဥတွေလဲပါတယ်။ Lymphoid stem cell လင်ဖွိုက်-စတမ်-ဆဲလ် အမျိုးအစားတွေကနေ သွေးဖြူဥတွေ ဖြစ်စေတယ်။ B cells or T cells စသဖြင့်။ ဒီနှစ်မျိုးကနေ သွေးဖြူဥတွေ ဖြစ်လာကြပေမဲ့ မတူကြဘူး။ လူကီးမီးယားရောဂါရသူတွေမှာ ဖြစ်လာတဲ့ ပုံမှန်ဟုတ်တဲ့ သွေးဖြူဥတွေကို Leukemia Cells လို့ ခေါ်တယ်။ ပုံမှန် မဟုတ်ပေမဲ့ အချိန်ကျတာတောင် မသေကြဘူး။ တချို့က ဘုန်းလဲကြီး အသက်လဲ ရှည်ကြတယ်။ လူကောင်းတော့ မဟုတ်ဘူး။

အမျိုးအစားတွေ ခွဲထားတယ်။ Acute leukemia ရက်တို။ ဖြစ်တာ မကြာသေးရင် ဖြစ်စမှာ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေက အလုပ် နဲနဲပါးပါးတော့ လုပ်သေးတယ်။ လူကောင်းလိုဘဲ။ လက္ခဏာမပေါ်သေးဘူး။ Chronic leukemia နာတာရှည်။ ကြာမှ မလုပ်တော့တာ။ Lymph nodes တက်စေ့တွေရောင်။ Infections အင်ဖက်ရှင်တွေ ဝင်လာမယ်။

ဘာလို့ဖြစ်လဲ မသိပါ။ ဓါတ်ကင်တာ၊ အနုမြူရောင်ခြည်သင့်တာ၊ ဆေးလိပ်သောက်တာ၊ Benzene ဘင်ဇင်းဆေး၊ ကင်ဆာဆေး၊ မွေးရာပါ ဒေါင်း-ဆင်ဒရုမ်း၊ မျိုးရိုးထဲမှာလဲ ရှိတာတွေကနေ ဖြစ်စေနိုင်တယ်။

အမျိုးအစားကို ဆဲလ်တွေအပေါ်မူတည်ပြီး ၄ မျိုးခွဲတယ်။ တခြား ရှားတဲ့အမျိုးလဲ ရှိသေးတယ်။
1. Chronic lymphocytic leukemia (CLL) အသက်ကြီးသူ (၅၅ နှစ်ကျော်) တွေဖြစ်တယ်။ ကလေးတွေမဖြစ်ဘူး။
2. Chronic myeloid leukemia (CML) အရွယ်ရောက်သူတွေမှာဖြစ်တယ်။
3. Acute lymphocytic (lymphoblastic) leukemia (ALL) ကလေးတွေမှာပိုဖြစ်တယ်။
4. Acute myeloid leukemia (AML) ကလေး-လူကြီးဖြစ်တယ်။

Acute leukemia ရှိသူဟာ နေမကောင်းသလို ဖြစ်လာမယ်။ ဦးနှောက် ထိခိုက်ရင် ခေါင်းကိုက်၊ အန်၊ ကြွက်သားတွေ အားယုတ်၊ စိတ်မရှင်း၊ တက်တာတွေ ဖြစ်နိုင်တယ်။ အစာလမ်းကြောင်း၊ ကျောက်ကပ်၊ အဆုပ်၊ နှလုံး၊ ယောက်ျားအစေ့ တွေကို ထိခိုက်တတ်တယ်။ တက်စေ့တွေ ရောင်နေမယ်။ ဖျားပြီး ညချွေးထွက်တယ်။ ရောဂါပိုး ဝင်လွယ်တယ်။ မောပန်း အားယုတ်နေမယ်။ သွားဖုံး၊ အရေပြားက သွေးယိုမယ်။ အသဲ၊ ဘေလုံးကြီးနိုင်တယ်။ လူကပိန်လာမယ်။ အရိုး-အဆစ်တွေ နာမယ်။

သွေးစစ်ရင် Leukemia ဖြစ်နေသူမှာ WBC သွေးဖြူဥတွေ သိပ်များနေမယ်။ သွေးမှုံနည်းမယ်။ Hb သံဓါတ် နည်းမယ်။ ရိုးတွင်းခြင်ဆီကို Bone marrow aspiration ဒါမှမဟုတ် Bone marrow biopsy လုပ်ရင် ကင်ဆာ-ဆဲလ်တွေ တွေ့မယ်။ Cytogenetics တို့ Spinal tap တို့လဲ လုပ်တယ်။ ရင်ပတ် ဓါတ်မှန်ရိုက်ရင် တက်စေ့တွေ ကြီးနေတာ တွေ့မယ်။

Acute leukemia ဖြစ်ရင် ချက်ချင်း ဆေးကုရမယ်။ အများအားဖြင့် ပျောက်နိုင်ပါတယ်။ ဆေးစစ်လို့သာ နာတာရှည်ဖြစ်ပြီး ရောဂါလက္ခဏာ မရှိသူတွေကို ချက်ချင်း ဆေးမလိုသေးပါ။ ပျောက်ဘို့ ခက်တယ်။ တချို့ကို Stem cell transplants ဆိုတာ လုပ်တယ်။ Oematologists, Medical oncologists, Radiation oncologists အထူးကု အမျိုးမျိုးနဲ့ ကုရတယ်။

Chronic lymphocytic leukemia ဖြစ်နေသူတွေကို ဆေးတွေရဲ့ဘေးထွက် ဆိုးကျိုးတွေကြောင့် ရောဂါလက္ခဏာ မပေါ်သေးရင် Chemotherapy မပေးသေးဘဲ နေနိုင်သေးတယ်။ လူနာသဘော၊ ဆရာဝန်သဘော။ သောက်ဆေး။ အကြောဆေး၊ တခြားနည်းလမ်းတွေနဲ့ ဆေးပေးတယ်။

Chronic Myeloid Leukemia ဖြစ်နေသူတွေကို Targeted therapy နည်းသုံးနိုင်တယ်။ Imatinib (Gleevec) tablets စားဆေးပေးမယ်။ Side effects တွေကတော့ ရောင်မယ်၊ ဗိုက်ကယ်မယ်၊ လူဝလာမယ်၊ ပျို့-အန်မယ်၊ ဝမ်းပျက်မယ်၊ ကြွက်သားတွေ နာမယ်၊ အနီပြင် ထွက်တာတွေလဲ ရှိတတ်တယ်။

• Biological Therapy ကုနည်းလဲ ရှိသေးတယ်။
• Radiation Therapy ဓါတ်ကင်နည်းလဲ သုံးတယ်။
• Stem Cell Transplant ရိုးတွင်းခြင်ဆီ လဲပေးတယ်။
• Supportive Care ရောဂါပိုးမဝင်အောင်၊ ရောဂါလက္ခဏာတွေ သက်သာအောင်၊ ဆေးရဲ့ ဘေးထွက် ဆိုးကျိုးတွေ သက်သာအောင်၊ အစာအာဟာရ ပြည့်ဝအောင်၊ စိတ်ဓါတ် မကျအောင် လုပ်ပေးရမယ်။

အလားအလာတွေ
• Chronic Myeloid Leukemia ရောဂါရဲ့ Prognosis အလားအလာ။ အဖြစ်နှေးပါတယ်။ အရွယ်ရောက်တွေမှာ အဖြစ်များတယ်။ Chemotherapy နဲ့ Bone marrow transplant ကုသနည်းတွေကို လုပ်ပေးတော့ စောစော သိသူ-ကုသူ ၉၈ လ အသက်ရှည်မယ်။ နောက်ကျရင် ၆၅ လ၊ ဒိထက် နောက်ကျရင် ၄၂ လ။ ၁၁၇ လ အထိ ရှင်သူ စံချိန်တင်ထားတယ်။
• Acute Myeloid Leukemia ရောဂါရဲ့ Prognosis အလားအလာ။ ပိုဆိုးတယ်။ မြန်တယ်။ လူကြီးအရွယ်မှာ အများဆုံး ဖြစ်ကြရတယ်။ Chemotherapy နည်းနဲ့ ကုသတယ်။ ၂ဝ-၄ဝ% တွေက ၆ဝ လ ရှင်တယ်။ အသက် ပိုကြီးရင် အသက်ပိုတိုမယ်။
• Chronic Lymphocytic Leukemia ရောဂါရဲ့ Prognosis အလားအလာ။ ကလေးတွေမှာ မဖြစ်ပါ။ အသက်ကြီး ၆ဝ အထက်တွေမှာ ဖြစ်တယ်။ ယောက်ျားတွေ ပိုဖြစ်တယ်။ ဖြစ်တာ နှေးပါတယ်။ B-cells တွေဖြစ်သူ စောစော ကုရင် နောက်ထပ် ၁ဝ-၂ဝ နှစ်အထိ ရှင်မယ်။ T cell ဖြစ်ရင် ပိုဆိုးတယ်။
• Acute Lymphocytic Leukemia ရောဂါရဲ့ Prognosis အလားအလာ။ ကလေးတွေအဖြစ်များဆုံး။ ကလေး-ကင်ဆာတွေရဲ့ ၄ ပုံ ၁ ပုံရှိတယ်။ အသက် ၄၅ ကျော်သူတွေလဲဖြစ်တယ်။ Chemotherapy နည်းနဲ့ကုတယ်။ အရင်က အများဆုံး ၄ လသာ ရှင်တယ်။ အခု ခေတ်မီနည်းတွေကြောင့် ၈ဝ% ပျောက်နိုင်နေပြီ။ ၄ဝ%က လုံးဝပျောက်နိုင်တယ်။ ၃-၇ နှစ်ကြား ကလေးတွေ ပျောက်နိုင်တဲ့ အခွင့်အလမ်း ပိုများတယ်။

Dr. တင့်ဆွေ

Omega-3 and Pregnancy အိုမီဂါ နှင့် ကိုယ်ဝန်

မင်္ဂလာပါဆရာ ကျွန်မ အမည် မ့၊ အသက် ၂၇နှစ်၊ မန္တလေးမြို့။ ကျွန်မ ပထမကိုယ်ဝန် ၄လနဲ့ ပျက်ကျခဲ့တယ်ဆရာ။ ပထမကိုယ်ဝန်တုန်းက OG က (Susten, Folic Acid and Omega 3) ပေးတယ်ဆရာ။ ကိုယ်ဝန် ၃လကျော်ထိ သောက်ခဲ့ရတယ်ဆရာ။ ကိုယ်ဝန် ၄လရောက်တော့ အိုဘီမင် သောက်ရတယ်ဆရာ။ ယခု ဒုတိယကိုယ်ဝန် ၁လပါဆရာ။ အဲ့ဒီတုန်းက OG ပဲ ထပ်ပြတယ်ဆရာ။ ဒါပေမယ့် ဆေးတွေက Susten and Folic Acid ပဲပေးတယ်ဆရာ။ Omega 3 မပါပါဘူးဆရာ။ ကျွန်မအထင်တော့ လူနာများပြီး မေ့သွားတယ်ထင်ပါတယ်။ Omega 3 မပါလို့ ကိုယ့်ဘာသာကိုယ်ပဲ ဆေးဆိုင်ကနေ Omega 3 ၀ယ်သောက်ချင်တယ်ဆရာ။ Omega 3 သောက်ရင် ကလေးဥာဏ်ကောင်းတယ်လို့ ကြားဖူးလို့ပါဆရာ။ သောက်လို့ရမရနဲ့ သောက်ရမယ့် ကိုယ်ဝန်လ အထိသိချင်လို့ပါဆရာ။

အိုမီဂါ-၃ ဆိုတာ ကိုလက်စထောအတွက်သာဖြစ်တယ်။ ကိုယ်ဝန်နဲ့ နို့တိုက်မိခင်တွေအတွက် ဆေးသုတေသနက မတူတာတွေရှိတယ်။

Omega-3 အစားအသောက်များများစားရင်လည်း ကလေးမှာ အလာဂျီဖြစ်မှာ နည်းစေနိုင်လောက်တယ်လို့ ဆိုပါသေးတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ တနေ့မှာ အိုမီဂါ-သရီး 500 mg + EPA + DHA လိုအပ်တယ်လို့ သတ်မှတ်ထားပါတယ်။ ငါးတွေမှာ အဲတာတွေပါတယ်။ ဒါပေမဲ့ Cod liver oil ငါးကြီးဆီထဲမှာ Retinol ဗီတာမင်အေ များလွန်းတယ်။

အိုမီဂါ-သရီးကြောင့် ရောင်ခြင်းဖြစ်စဉ်ကို လျော့နည်းစေတယ်။ နှလုံးရောဂါ၊ ကင်ဆာနဲ့ အဆစ်နာရောဂါတွေကို သက်သာစေမယ်လို့ ယူဆစရာအကြောင်း ရှိနိုင်တယ်။ စားတဲ့အထဲကပါတဲ့ ဒီဓါတ်ဟာ ဦးနှောက်မှာ အများကြီး လာစုနေတယ်။ ဒါ့ကြောင့် ဦးနှောက်မှတ်ဥာဏ်၊ စဉ်းစားမှုနဲ့ အမူအယာအလုပ်တွေအတွက် အရေးပါတာ ဖြစ်နိုင်တယ်။ တကယ်လို့ မိခင်ဆီကနေ အိုမီဂါ-သရီး အလုံအလောက်မရရင် ကလေးဟာ အမြင်ဆိုင်ရာနဲ့ အာရုံကြောတွေမှာ အားနည်းနိုင်တယ်။

EPA နဲ့ DHA ဓါတ်တွေပါတဲ့အစားအသောက်ဟာ ကိုယ်ဝန်အတွက်ကောင်းတယ်လို့ ဆေးသုတေသနတွေဆိုလာတာ နှစ်သိပ်မကြာသေးပါ။ ကလေးဖွံ့ဖြိုးမှုကို ကောင်းမွန်စေတယလို့ဆိုပါတယ်။ အမြင်နဲ့ စဉ်းစားမှု။ အိုမီဂါ-သရီးတွေထဲက EPA နဲ့ DHA တွေပါတာ ဆာလ်မွန်၊ ကျူနာ၊ ဟာလီဘတ်ငါးတွေ ဖြစ်တယ်။ ပင်လယ်စာတွေ၊ အပင်တွေနဲ့ အစေ့အဆံကရတဲ့ အဆီတွေမှာလဲပါတယ်။ ALA ဆိုတာက နှမ်းကြတ်စေ့၊ နှမ်းကြတ်ဆီ၊ ပန်းနှမ်းဆီ၊ ပဲပုပ်စေ့၊ ပဲပုပ်စေ့ဆီ၊ ဖရုံစေ့၊ ဖရုံစေ့ဆီ၊ သစ်ကြားသီး၊ သစ်ကြားစေ့ဆီတွေကနေရတယ်။

DHA ဆေးက နာမည်တော့ကြီးပါတယ်။ ဒါပေမယ့် ထိရောက်နိုင်တာတွေက AMD အသက်ကြီးလို့ ချို့ယွင်းလာတာတွေ၊ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ ကိုလက်စထောများတာတွေဖြစ်တယ်။ ကိုယ်ဝန်ဆောင်နဲ့ ကလေးနို့တိုက်ချိန်မှာ မသင့်ပါလို့ တချို့သုတေသနကဆိုတယ်။ Aspirin ဆေးနဲ့တွဲသောက်ရင် သွေးခဲစနစ်ကို သက်ရောက်စေနိုင်တယ်။ သကြားဓါတ် တက်စေနိုင်တယ်။ သွေးတိုးကျစေလို့ သွေးကျဆေးနဲ့တွဲရင် ဆေးထိန်းရခက်တယ်။

ကိုယ်ဝန်ဆောင်တွေအပါအဝင် ဘယ်လိုအခြေအနေနဲ့ ရောဂါတွေဖြစ်ဖြစ် အခြေခံကျတာနဲ့ အဓိကဦးစားပေးရမှာတွေကို အာရုံစိုက်သင့်တယ်။ အဲတာတွေအပြင်သာ ကြိုက်တာကို စနစ်တကျရွေးသင့်တယ်။ နာမည်ကြီးလို့၊ ခေတ်စားလို့ နောက်ဆုံးပေါ်မို့ လိုက်လုပ်တာထက် ကျန်းမာရေးဆိုရင် ဆရာဝန်ကညွှန်တာသာ သုံးသင့်ကြပါတယ်။ ကြော်ငြာကောင်းတိုင်း ဆေးပိုမကောင်းပါ။

ဒေါက်တာတင့်ဆွေ

အရုဏ် နှင့် အာရုံ

မင်္ဂလာပါ ဆရာ အရုဏ် နဲ့ အာရုဏ် အမှန်ကို သိချင်လို့ပါ။

အရုဏ (ပါဠိ) = စဉ်းငယ်နီမြန်းသော၊ ရှေးဦးကာလတက်လာသောနေရောင်၊ ထွက်သစ်နေ၊ အရုဏ်။
အရုဏ် = အရုဏ်တက်၊ အရုဏ်ကျင်း၊ အရုဏ်ဆွမ်း၊ အရုဏ်ဦး။

အာရုံ = စိတ်၏မွေ့လျော်ရာ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့၊ အတွေး။ (ပါဠိ အာရမ္မဏ)
အာရုံခြောက်ပါး၊ အာရုံခံတန်ဆောင်း၊ အာရုံစိုက်၊ အာရုံပြု၊ အာရုံပြောင်း၊ စွဲမိတဲ့ချစ်အာရုံ၊ အာရုံကြော၊ ဦးနှောက်နှင့်အာရုံကြောဌာန။

ဒေါက်တာတင့်ဆွေ

Septic Shock ဆက်ပတစ်ရှော့ခ်

ဆရာ သွေးထဲကို ပိုးဝင်လို့ သွေးဆိပ်တတ်တဲ့အကြောင်း သိချင်ပါတယ်

ဘလော့မှာ ဖတ်နိုင်။

ဟုတ်ဆရာ ကျေးဇူးပါ။ Blog မှာ ရှာပါသေးတယ်ဆရာ။ ဒါပေမဲ့ link တွေထဲဝင်ကြည့်ရင်မြန်မာစာ font တွေက ဇောက်ထိုးတွေပေါ်ကျနော်ဟန်းဆက်က ဘယ်လိုမှရှာမရလို့ပါဆရာ။

Septic shock ဘောက်ဆင်ချန်ပီယံ သေဆုံးရတဲ့အကြောင်းရင်းလို့ရေးထားတယ်။ ဆက်ပတစ်ရှော့ခ်ဆိုတာ ရောဂါပိုးဝင်ရာကနေထွက်တဲ့ အဆိပ်အတောက်တွေကြောင့်ဖြစ်တာပါ။ အသက်ကြီးသူတွေမှာ ခုခံအားနည်းနေလို့ သေဆုံးတဲ့အထိဖြစ်နိုင်တယ်။ ပိုးဝင်တိုင်း ရောင်ရမ်ဖြစ်စဉ်ဖြစ်တယ်။ အလွန်သေးငယ်လှတဲ့သွေးခဲလေးတွေဖြစ်လာတယ်။ အရေပါတဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေမှာ မရှိမဖြစ်တဲ့ အောက်စီဂျင်မရဖြစ်လာနိုင်တယ်။ အဲဒီအစိတ်အပိုင်းက အလုပ်မလုပ်နိုင်ဖြစ်တာမယ်။ သွေးဖိအားကျဆင်းရာကနေ သေဆုံးရတယ်။ အထူးကုသဆောင်တွေမှာထားရတဲ့ လူနာတွေက အဲလိုနဲ့ ကွယ်လွန်ရတတ်တယ်။

ပိုးဝင်တာက တကိုယ်လုံးရောက်တာကို သွေးထဲပိုးဝင်တာလို့ခေါ်တယ်။ အရေပါတဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေဆိုတာ ကျောကပ်လည်းပါတယ်။ ခြေလက်တွေမှာပိတ်ရင် တစ်ရှူးတွေသေမယ်။ (ဂင်ဂရင်း) လို့ခေါ်တယ်။ ဖြစ်တဲ့ခြေ-လက် ဖြတ်ပေးရတယ်။

ဖြစ်တဲ့အရေပြားမှာ အရောင်ပြောင်းလာမယ်။ ဆီးသွားတာနည်းလာမယ်။ စိတ်မကြည့်လင်ဖြစ်မယ်။ အသက်ရှူရ ခက်လာမယ်။ နှလုံးအလုပ်မမှန်ဖြစ်လာမယ်။ မြန်လာမယ်။ အားနည်းမယ်။ ကိုယ်အေးစက်လာမယ်။
ပိုးဆိုးတာတွေက ဗက်တီးရီးယား၊ ဖန်းဂတ်စ်နဲ့ ဗိုင်းရပ်စ်တွေဖြစ်တယ်။

အသက်ကြီးသူတွေ၊ ကျန်းမာရေးမကောင်းဖြစ်နေသူနာတာရှည်လူနာတွေမှာ ဖြစ်နိုင်တယ်။ မွေးစကလေးတွေနဲ့ ကိုယ်ဝန်ဆောင်တွေမှာလည်းဖြစ်နိုင်တယ်။ HIV ရှိနေသူလည်းဖြစ်နိုင်တယ်။ ဆီးချိုရှိနေသူတွေလည်း ပါတယ်။

စောစောသိရင် ပိုးသေဆေးကို သွေးကြောထဲကနေသွင်းပေးရတယ်။ ပိုးသေဆေးအပြင် သွေးဖိအားတက်ဆေးပေးရမယ်။ ကော်တီကိုစတီရွိုက်ဆေးလည်းလိုမယ်။

Septicemia ဆက်ပတီဆီးမီးယား ဆိုတာက သွေးထဲပိုးရောက်တာ။ Bacteremia လို့လည်းခေါ်တယ်။ Blood poisoning လို့လည်းခေါ်တယ်။ ဆက်ပတီဆီးမီးယားကနေ ဆေးမကုရင် Sepsis ဆက်ပဆစ် ဖြစ်လာနိုင်တယ်။ မတူကြပါ။ တကိုယ်လုံးကိုပိုးရောက်တာကိုသာ ဆက်ပဆစ်ခေါ်တယ်။ သွေးခဲလေးတွေဖြစ်ရာကနေ အောက်စီဂျင်မရဖြစ်စေမယ်။

ဆီးလမ်းပိုးဝင်ခြင်း၊ အဆုပ်ပိုးဝင်ခြင်းနဲ့ နူမိုးနီးယား၊ ကျောက်ကပ်ပိုးဝင်ခြင်း၊ ဗိုက်ထဲပိုးဝင်ခြင်းတွေကနေ ဆက်ဖြစ်နိုင်တယ်။ မူလနေရာကဗက်တီးရီးယားတွေ နေရာအနှံ့ရောက်လာမယ်။ ပွါးများလာတယ်။ ဆေးရုံတက်လူနာတွေ၊ ခွဲစိတ်လူနာတွေမှာ ဆက်ဖြစ်နိုင်တယ်။ မီးလောက်နာရှိသူတွေ၊ အသက်သိပ်ငယ်သူ ကြီးသူတွေ၊ ခုခံအားမကောင်းသူတွေ၊ ဆီးပိုက်တပ်ထားရသူတွေ၊ စက်နဲ့အသက်ရှူနေရသူတွေမှာ ဖြစ်လာနိုင်တယ်။

ဖြစ်လာရင် မြန်တယ်။ အေးစက်လာမယ်။ အသက်ရှူမြန်လာမယ်။ နှလုံးခုန်မြန်လာမယ်။ ပိုဆိုးလာရင် စိတ်မကြည်မလင် ဖြစ်လာမယ်။ ပျို့အန်မယ်။ အရေပြားအနီစက်လေးတွေပေါ်လာမယ်။ ရှော့ခ်ရမယ်။

Sepsis ဆက်ပဆစ် ဆိုတာ ရောဂါပိုးအတွက် ခုခံအားနစ်က အပြင်းအထန်ခုခံလို့ဖြစ်တယ်။ တကိုယ်လုံး ရောင်ရမ်းဖြစ်စဉ် ဝင်လာမယ်။ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ အလုပ်မလုပ်နိုင်ဖြစ်တာနိုင်တယ်။ HIV ရှိသူတွေနဲ့ ကင်ဆာ ရှိသူတွေက သတိထားရမယ်။ Septic Shock သွေးဖိအားသိပ်ကျတာကို ဆက်ပတစ် ရှော့ခ် လို့ခေါ်တယ်။ အဆိပ်တွေကနေ ဖြစ်စေတယ်။ Acute Respiratory Distress Syndrome (ARDS) ခေါ် ရုတ်တရက် အသက်ရှူလမ်း ဖိအား သက်ရောက်ခံရခြင်းလည်း ဆက်ဖြစ်လာနိုင်တယ်။

ဖျားမယ်။ ချမ်းမယ်။ နှလုံးခုန်မြန်မယ်။ အသက်ရှူမြန်မယ်။ စိတ်မကြည်မလင်ဖြစ်လာမယ်။ ပိုဆိုးရင် ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကို သက်ရောက်မယ်။ သတိလစ်မယ်။ သွေးမှုံနည်းမယ်။ ဆီးနည်းမယ်။

ပိုးသေဆေး ရွေးပေးရမယ်။ အနာသက်သာဆေးပေးရမယ်။ ကျောက်ကပ်မကောင်းရင် ကျောက်ကပ်စစ်ပေးရမယ်။

ဒေါက်တာတင့်ဆွေ

ရုပ် နှင့် ရုတ် ဖျန်း နှင့် ဖြန်း


မင်္ဂလာပါ ဆရာရှင့်။ စာလုံးပေါင်းသတ်ပုံလေး မေးချင်လို့ပါ။ ရုံးစာရေးတဲ့နေရာမှာကို အမှားတွေမကင်းသေးလို့ပါရှင့်။ အမှန်အမှား ကွဲကွဲပြားပြားမသိသေးတာကပိုတယ် ပြောရမလိုပါပဲ။ ကျွန်မကိုယ်တိုင်ကိုက တခါတလေ အဲလို ဖြစ်တတ်လို့ပါ။ အစည်းအဝေး ရုတ်/ရုပ်သိမ်း ဘယ်စာလုံးကမှန်ပါသလဲရှင့်။ ပသတ်ကို တော်တော်များများ တွေ့နေရပေမယ့် ကျွန်မစိတ်ထဲ မသေချာလို့ပါ။ ဒီအရွယ်ထိ မသိတန်ကောင်းရဲ့လို့လည်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိပါတယ်။ နောက်တခုက ဖျန်း/ဖြန်း နဲ့ အဆောက်အအုံ/ အဆောက်အဦ။ ကျွန်မစာထဲ စာလုံးပေါင်း အမှားပါရင် ခွင့်လွှတ်ပါဆရာရှင့်။ ဆရာတင်သမျှ စာတော်တော်များများကို only me နဲ့ save ထား ပြန်ဖတ်ဖြစ်ပါတယ် ကျန်းမာပါစေ ဆရာရှင့်။ ကျေးဇူးတင်ပါတယ်။

ရုပ်
တရုပ်စကားပင်
တရုပ်လူမျိုး
တရုပ်ပြေးမင်း
ယဉ်မင်းရုပ် (ယမင်းရုပ်)
ရုပ်ကလာပ်
ရုပ်ဆင်းသဏ္ဌာန်
ရုပ်တုဆင်းတု
ရုပ်ဓါတ်
ရုပ်နာမ်တရား
ရုပ်ပုံ
ရုပ်ပွါး
ရုပ်ဖျက်
ရုပ်ကြွ
ရုပ်ကြွင်း
ရုပ်ရည်သန့်
ရုပ်လှသည်
ရုပ်သိမ်းသည်
ရုပ်ချော
ရုပ်ဖျောက်
ရုပ်ပြောင်
ရုပ်ပြောင်းရုပ်လွှဲ
သဒ္ဒါရုပ်
သရုပ်ကွက်
အရုပ်ဆိုး
အရုပ်ထု

ရုတ်
ငရုတ်သီး (ငြုပ်သီး)
ငရုတ်ကောင်း
ပရုတ်ဆီ
ဗရုတ်ဗရက်
ရုတ်ကနဲ
ရုတ်တရက်
ရုတ်ခြည်း
ရုတ်ရက်ခတ်သည်
ရုတ်ရုတ်မြည်သံ
ရုတ်ရုတ်ရက်ရက်
ရုတ်ရုတ်သဲသဲ

ဖျန်း
ဆွတ်ဖျန်းသည်
ဖျန်းဆွတ်သည်
ဖျန်းပက်သည်
ဖျန်းသပ် (နံ့သာရည်လိမ်းသပ်)
မီးကိုရေဖြင့်ဖျန်းသည်
ဖျန်း၍ပြောသည် (မူရင်းသတ်ပုံ)
ဖျန်းသန်းသည် (မူရင်းသတ်ပုံ)
ကြက်သီးဖျန်း (မူရင်းသတ်ပုံ)

ဖြန်း
ညာဖြန်းပြောသည် (နောက်ရေးသတ်ပုံ)
ကြက်သီးဖြန်းဖြန်းထသည် (နောက်ရေးသတ်ပုံ)
ဖြန်းခနဲ
ဖြန်းဖြန်းကွဲသွားသည်
ဖြန်းဖြန်းကျိုးသွားသည်
ဖြန်းသန်းပြောသည် (နောက်ရေးသတ်ပုံ)
သွေးလေဖြန်းသည် (တိုင်းရင်းဆေးအခေါ်)

အဆောက်အအုံရော၊ အဆောက်အဦပါ မှန်တယ်။ အဆောင်အဦးဆိုရင် မှားတယ်။

ဒေါက်တာတင့်ဆွေ

Morning sickness ကိုယ်ဝန်ရှိစ အိပ်ရာထရောဂါ

(ကန်တော့ပါ။ အင်္ဂလိပ်စာလုံးတွေကို ကျော်ဖတ်နိုင်ပါတယ်။)

၁။ ဆရာ မင်္ဂလာပါရှင့်။ သမီး အသက်က ၃၆ နှစ်ပါ။ ဆီးစစ်ကြည့်တော့ ကိုယ်ဝန်ရှိပြနေပါတယ်။ ဘာမှမစားချင်ဘဲ လေတွေဘဲ အန်နေပါတယ် ဆရာ။ အရမ်းလဲမောပန်းနေသလိုခံစားနေရတယ်။ အဲဒါ ဘယ်အချိန်လောက်ဆို ပုံမှန်ပြန်ဖြစ်မလည်းဆရာ။ ပြီးတော့ စောင်းအိပ်လို့လဲမရဘူး၊ ပက်လက်အိပ်မှသက်သာတယ်ဆရာ။ အဲဒါ ပုံမှန်လားရှင့်။ ကျေးဇူးတင်ပါတယ်ဆရာ။

၂။ လေးစာရပါသောဆရာ ကျွန်မအသက်က ၂၇ပါ။ ကိုယ်ဝန် ၈ ပတ်ထဲမှာပါဆရာ။ အရမ်းတော့မအန်ပါဘူး။ ဘာမှစားမဝင်တာရက် ၂၀ ကျော်နေပါပြီဆရာ။ ဆရာဝန်တွေပေးတဲ့ဆေးက အခုမသက်သာသလိုခံစားနေရပြီး တံတွေး ခဏခဏထွေးနေလို့ အားတော်တော်ရုတ်နေပါတယ်။ တံတွေးထွေးရလွန်းလို့ လည်ချောင်းထဲမှာ တမျိုးမျိုးခံစားနေလို့ ကျေးဇူးပြု၍ကူညီပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ကိုယ်ဝန်အတွက်စိုးရိမ်ရပါသလားဆရာ။ သက်သာအောင် လမ်းညွှန်းပြသကူညီပါဆရာ။

ဖြေတဲသူဆီမှာက မနက်ထ၊ မေးတဲ့သူဆီမှာည။ ရောဂါအမည်က အိပ်ရာထရောဂါဆိုပေမဲ့ အချိန်မရွေးခံစားရနိုင်ပါတယ်။ ဆောရီး။ ကိုယ်ဝန်ဆောင်စ အစောပိုင်းလတွေမှာ ပျို့တာ၊ အန်တာကို ကိုယ်ဝန်ရှိစအိပ်ရာထရောဂါလို့ ခေါ်ပြီး ဆေးစာနဲ့ Nausea gravidarum လို့ ခေါ်ပါတယ်။ မနက်ခင်းမှာ အဖြစ်များလို့ ဒီနာမယ် ပေးတာဖြစ်မယ်။ နေ့ခင်းရော ညပိုင်းမှာပါ ဖြစ်တတ်တာပါဘဲ။ ကိုယ်ဝန်ဆောင်တိုင်းလိုလို ကိုယ်ဝန်ဆောင် ၇ဝ-၈၅% ဖြစ်တတ်။ တဝက်လောက်က ဆေးကုသမှု ခံယူကြရတယ်။ အများအားဖြင့် ကိုယ်ဝန် ၆ ပတ်မှာ စတတ်ပြီး၊ ၁၂ ပါတ် ရောက်ရင် သက်သာသွားကြတယ်။ ပျို့-အန်မယ်၊ ရင်သားနာမယ်၊ အစာအိမ်ပြဿနာပေးမယ်၊ အားယုတ်မယ်၊ မကြာခဏဆီးသွားမယ်၊ မောပမ်းမယ်၊ သွေးအနည်းငယ် ဆင်းနိုင်တယ်၊ အားအင်ပြည့်ပြီး အလေးချိန်တိုးလာမယ်။ အနေအထိုင်ခက်ခဲလာမယ်။ အရေပြား ပြောင်းလည်းမှုတွေရှိမယ်၊ သွင်ပြင်လက္ခဏာများနဲ့ စိတ်ပိုင်းဆိုင်ရာလည်း ပြောင်းလာမယ်။

မိခင်လောင်းမှာ အတော်အနေရခက်တယ်။ အန်တာက အတော်အသင့် ဆိုးတာနဲ့ လက်ထိုးအန်တာ ဖြစ်နိုင်တယ်။ တခြား အန်တဲ့ရောဂါတွေလို ဆေးကုစရာ မလိုပါ။ ကလေးကိုလည်း မထိခိုက်စေပါ။ ဆိုးရင်တော့ ရေဓါတ်-ဆားဓါတ် ခန်းခြောက်တာ ဖြစ်နိုင်တယ်။ ကိုယ်အလေးချိန်ကျမယ်။ Alkalosis အယ်လ်ကာလီဓါတ်များတာ နဲ့ Hypokalemia ပိုဆက်ဆီယမ်နည်းတာတွေ ဖြစ်မယ်။ ဆေးကုဘို့လိုပြီ။

ဘာလို့ဖြစ်သလဲ
အနံ့အသက်တချို့ကို မကြိုက်ဖြစ်တာကြောင့်လား ထင်ရတယ်။ အီစထိုဂျင်ဟော်မုန်း များလာလို့ထင်ကြတယ်။ အရင်ကထက် အဆ ၁ဝဝ အထိများလာတယ်လို့ တချို့ကဆိုတယ်။ အသေအချာ ဒါကြောင့်လို့ မပြောနိုင်ပါ။ သကြားဓါတ်နည်းလို့လည်း ထင်တယ်။ ကလေးဆီ အချင်းကတဆင့်ပို့ပေးရလို့ နည်းတာ။ ပရိုဂျက်စတီရုန်းများလာလို့ သားအိမ်ကြွက်သားတွေ လျှော့လာစေသလို အစာအိမ် ကြွက်သားကိုလည်း အဲလိုလျှော့စေမလား ထင်ရတယ်။ HCG ဟော်မုန်းများတာလည်း စဉ်းစားတယ်။ အသည်းအင်ဇိုင်းမ်များလာတာကြောင့်လားလည်း စဉ်းစားတယ်။ ကာကွယ်စနစ်အနေနဲ့လည်း စဉ်းစားတယ်။ အထဲကကလေးကို မအေစားတဲ့ထဲပါတဲ့ အဆိပ်အတောက်တွေရန်ကနေ အကာကွယ်ပေးတာလား စဉ်းစားလာတယ်။ ပျို့တာ-အန်တာမဖြစ်တဲ့ ကိုယ်ဝန်က ပိုပျက်ကျတတ်တယ်လို့ ထင်တယ်။ မိခင်ကိုလည်း တနည်းတလမ်းနဲ့ ကာကွယ်တာလည်း ဖြစ်နိုင်တယ်။ ကိုယ်ဝန်ဆောင်ရင် ခုခံစနစ်အား နည်းလာတယ်။ မသင့်တာကို အန်ထုတ်တဲ့သဘော ဖြစ်မလား ယူဆတယ်။

ဘယ်လိုကုသမလဲ
ဖြစ်စေတာ မသေခြာလို့ ကုသနည်းဟာလည်း မရေရာလှပါ။ ခံစားရတာကို သက်သာအောင်သာ လုပ်ရတာများတယ်။
• အစာချေရည်ဆန်တာနဲ့ တွဲနေတာဆိုရင် ညမအိပ်ခင် Antacid လေဆေး သောက်အိပ်ပါ။
• အစားအသောက်မှာ ဖိုင်ဘာများတာ စားပေးပါ။ အဆီလည်းစားဘို့လိုတယ်။ ပေါင်မုံ့ဖြူက အညိုထက် ဒီနေရာမှာ သင့်တယ်။ အသီးအနှံ၊ အသီးအရွက်တွေလည်း အစိမ်းမစားသင့်ပါ။ အဆီများတဲ့အသား ရှောင်ထားပါ။
• စားပြီးရင် လဲလျောင်းမနေပါနဲ့၊ အစာစားပြီး လမ်းလျှောက်ပေးပါ။
• သကြားဓါတ်နည်းတာဖြစ်ရင် သွားရည်စာ ခဏခဏစားပေးပါ။
• သံပရာ၊ ရှောက်သီး၊ လိမ္မော်သီးတွေက အကျိုးများစေတယ်။ Ginger capsules, Ginger tea ချင်း (ဂျင်း) ဆေးတောင့်၊ ချင်းလဖက်ရည် ကောင်းတယ်။
• အန်ရင် ရေခဲငုံပါ။
• တခါစားရင် နဲနဲချင်းစားပါ။ ထမင်းမစားပြီးပြီးချင်း ရေမသောက်သေးဘဲ နာရီဝက်နေမှ သောက်ပါ။ မစားခင် ရေကို နာရီဝက်ကြို သောက်ထားပါ။ မနက် မထခင် Soda crackers စားနိုင်တယ်။ အိပ်ရာထရင် Crackers စားပါ။ အနံ့၊ အရသာ မကြိုက်တာမစားပါနဲ့၊
အစာစားချိန်မှာ မစားဘဲမနေပါနဲ့၊
• ကောင်းကောင်း အနားယူပါ၊ ကိုယ်လက်လှုတ်ရှားမှု လုပ်ပေးပါ။
• Acupressure wristbands လက်မှာပတ်ထားပါ။ Sea Bands နဲ့ Relief Band Device တွေလည်းသုံးနိုင်တယ်။
• Salty potato chips အာလူးချစ်ပ် စားနိုင်တယ်။ Preggie Pops lollipops ငုံထားပါ။
• သံဓါတ်အားဆေးကြောင့်ထင်ရင် Slower-release ဖြစ်ဖြစ် Lower-dose iron pills သံဓါတ်နည်းနည်းသာပါတာ ပြောင်းသောက်ပါ။
• ဗီတာမင် ဘီ ၆ 50 mg သောက်ပါ။
• ဆားဓါတ်ခန်းခြောက်တာဖြစ်ရင် ORS ဓါတ်ဆားထုပ် သောက်ပါ။ သောက်တာလည်း အန်ရင် Ringer Lactate drip သွင်းပါ။

ကိုယ်ဝန်ရင့်လာရင် ဖြစ်တတ်တာတွေအတွက်
• ခါးနာရင် အနေအထား ပြောင်းပေးပါ။ ခွါမြင့်ဖိနပ် မစီးရ။ အလေးအပင်မ မရ။ ခါးကုန်းပြီးမ မတင်ရ၊ မလုပ်ရ။ ခြေထောက်ကို အမြင့်မှာတင်ပြီး နားပါ။ ဒူးကွေး၊ ဘေးတဖက် လှည့်အိပ်ပါ။ ပေါင်ခြားထဲ တခုခုခံထားပါ။ ခါးကို အပူ-အအေး တင်ပေးပါ။ လေ့ကျင့်ခန်းလုပ်ပါ။
• အသက်ရှူခက်ခဲရင် ခါးမတ်မတ် ထိုင်ပါ။ အိပ်ရင် ခပ်မတ်မတ် အိပ်ပါ။ အသက်ရှူလေ့ကျင့်ခန်း လုပ်ပါ။
• ဝမ်းချုပ်ရင် ရေ-အရည်များများ သောက်ပါ။ အသီးအနှံများများ စားပါ။ လေ့ကျင့်ခန်းလုပ်ပါ။ လမ်းလျှောက်ပါ။
• ကြွက်သားနာရင် ကယ်လ်စီယမ်ဆေးစားပါ။ လှုပ်ရှားရင် သက်သက်သာသာလုပ်ပါ။
• အအိပ်ပျက်ရင် မအိပ်မီ ရေနွေးဖြင့် ရေချိုးပါ။ နားနားနေနေနေ ထိုင်ပါ။
• အစာမကြေဖြစ်ရင် တနေ့ ၅-၆ ကြိမ် အစာနည်းနည်းချင်း စားပါ။ လေထတတ်သည့် အစားရှောင်ပါ။ ဆိုဒါ-အင်တီအက်စစ်ဆေး မစားရ။ အစားစားစဉ် ခပ်မတ်မတ်ထိုင်စားပါ။ စားပြီးပြီးချင်း မအိပ်ရ။ အစားစားပြီး ၂ နာရီ အတွင်း လေ့ကျင့်ခန်းမလုပ်ရ။
• သွေးပြန်ကြောထုံးရင် ခြေထောက် မြှင့်ထားပါ။ လှဲနေပါ။ အကြာကြီး မရပ်-မသွားရ။ ခြေအိပ်-ဖိနပ် အကြပ် မစီးရ။ အထူးလုပ်သားသည့် ခြေအိတ်သုံးပါ။ အမြဲထိုင်မနေရ။
• ဖေါရောင်ရင် ခြေထောက် မြှင့်ထားပါ။ ဘယ်ဘက်စောင်း အိပ်ပါ။ ဆားလျှော့စားပါ။
• ရင်သား ကြီးထွားလာမယ်၊ နာမယ်၊ တင်းမယ်။ ထိပ်ဖျား အရောင် ရင့်လာမယ်။ ထိပ်ဖျားဝင်နေရင် ဆွဲထုတ်ပေးပါ။ ရေချိုးစဉ် နို့ထိပ်ဝကို သန့်ရှင်းပေးပါ။ နို့သီးဘေးမှ အရောင်ညိုအဝိုင်းတွင် ဘဲ-ငန်း အရေပြားလို အသီးလုံးလေးများ ပေါ်လာမယ်။ ရင်သားတွင် အလုံး-အကျိတ် ရှိ-မရှိ စစ်ဆေးပါ။

ကိုယ်ဝန်ဆောင်စဉ် အန်ခြင်း
ကိုယ်ဝန်ဆောင်သူ ၇ဝ-၈၅% မှာဖြစ်တတ်တယ်။ တခါတလေ ဆေးတွေ အသုံးမကျ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် မဖြစ်မနေ ပေးရတဲ့ ဆေးတချို့ဟာ Placebo လူနာ စိတ်သက်သာရစေတဲ့ဆေးလို့ ခေါ်တယ်။
• ဗီတာမင် ဘီ ၆ ပေးလေ့ရှိတယ်။ Doxylamine 10 mg + Pyridoxine (B6) 10 mg ပေးသင့်တယ်။ B-Natal TheraPops နဲ့ B-Natal Lozenges တွေဟာ ဗီတာမင် ဘီ-၆ ပါတဲ့ဆေးတွေ ဖြစ်တယ်။
• ဆိုးဝါးသူတွေကို Promethazine 12.5-25 mg ကို ၄ နာရီခြား၊ Prochlorperazine 25 mg ကို စအိုမှ ၁၂ နာရီ ခြား ပေးနိုင်တယ်။
• Meclizine, Dimenhydrinate, Metoclo-pramide တွေကိုလည်း ပေးနိုင်တယ်။
• Methylprednisolone 16 mg စားဆေး၊ ထိုးဆေး ကို နောက်ဆုံးအဖြစ် ပေးနိုင်တယ်။ ၃ ရက်နဲ့ သက်သာရင် ၂ ပတ်အထိ ဆက်ပေးပါ။ မသက်သာရင် ရပ်ပါ။ ကိုယ်ဝန်နုစဉ် Corticosteroids မပေးတာ ကောင်းတယ်။
• Psi Bands Acupressure ကို လက်ကောက်ဝတ်မှာ ပတ်ထားနိုင်တယ်။
• Organic Heartburn Relieving Tea QueaseEASE နဲ့ Essential Oil Therapy တို့က ခေတ်သုံးဆေးတွေပါ။
• ဂျင်း (ချင်း) Ginger capsules of 250 mg တနေ့ ၄ ကြိမ် ပေးတယ်။

ကိုယ်ဝန်ဆောင် ဆေးပညာစာတွေ အများကြီးရေးထားတယ်။ လိုတာကို ဘလော့ (သို့) စာအုပ်မှာ ဖတ်ပါ။ ကိုယ်နဲ့မဆိုင်တဲ့ မူမှန်မဟုတ်တာတွေကို မဖတ်ပါနဲ့။

Pregnancy and vomiting ကိုယ်ဝန်ဆောင်စဉ်အန်ခြင်း http://doctortintswe.blogspot.com/2014/11/pregnancy-and-vomiting.html

Dr. တင့်ဆွေ

Monday, May 29, 2017

GP ဆေးကုခွင့်

• ဆရာ ဒီသတင်းတွေ ခုရက်ပိုင်း ပွက်လောရိုက်နေတယ်။ ဆရာ့ရဲ့ထင်မြင်ချက်လေး ပြောပေးပါအုံး။

• ဘာသတင်းလဲ မသိပါ။ ဆောရီး။

• စာရေးဆရာလင်း (ဆေး၁) ရေးထားတဲ့ မုတ်သုန်၏ထုတ်ကုန်ပါဆရာ။

• ဆရာက ကိုယ်တိုင်မသိလို့ မရေးအပ်ပါ။

• PHS 1 2/LHV/AMW/MW/CHW တွေက အမှန်တကယ် ဆေးကုသခွင့်မရှိဘူးလားဆရာ။ အခုဖြစ်နေတာက မြန်မာနိုင်ငံဆရာဝန်များအသင်း စာရေးဆရာလင်း(ဆေး၁)က  PHS 12/LHV/MW တွေကို ဆေးကုသခွင့် မရှိဘူးလို့ရေးထားတာပါ။ BHS အခြေခံဝန်ထမ်းတွေက စာရေးဆရာလင်း(ဆေး၁) ကို ဒီလိုရေးရမှာလား သူတို့တွေလည်း သူတို့နားလည်မှုလေးတွေနဲ့ သင်တန်းတွေတက်ပြီး ဆေးကုပေးနေကြတာ ရမ်းကုနေတာ မဟုတ်ကြောင်း ဖတ်မိလို့ပါဆရာ။ ဆရာ့ဆီက Comment လေး လိုချင်လို့ပါ။ အဲ့ဒီသတင်းကမြန်မာနိုင်ငံမှာတော့ ပွက်လောရိုက်နေတယ်ဆရာ BHS တွေက လင်း(ဆေး၁) ကို အတော်မကျေနပ်ဖြစ်နေကြတယ်ဆရာ။ ဆရာ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး စိတ်အအနှောင့်အယှက်ဖြစ်သွားရင် ခွင့်လွှတ်ပါဆရာ။

• ဆောရီး။ သေချာ မသိသေးပါ။ ဆေးကုသခွင့်ဆိုတာ ဘာလဲ။ သိသလောက် အလုပ်ချိန်ပြင်ပမှာ ကိုယ်ပိုင် ဆေးခန်းအတွက် မှတ်ပုံတင်ရတယ်။ ဆမ ရှိရတယ်။ စာရွက်ပေါ်မှာရှိတိုင်း မလုပ်နိုင်တာ၊ မလုပ်ကြတာတွေ ရှိသလို ညွှန်ကြားချက်မပြောနဲ့ ဥပဒေမှာ မပါတာလုပ်လို့လည်း အရေးမယူတာရှိတယ်။ တရားဝင်ပေမယ့် အဖမ်းခံရတာလည်းရှိတယ်။ ကျွန်နော် အခုနေ မြန်မာပြည်မှာ ဆေးကုသခွင့် မရှိပါ။ ဆမ မတိုးရတာ ၁၉၉ဝ ကတည်းက။

ဒေါက်တာတင့်ဆွေ
၂၉-၅-၂ဝ၁၇

Scared ကျွန်တော့်ကို ကြောက်တဲ့သူရှိတယ်

ကိုလေးအင်းဝဂုဏ်ရည်နဲ့ လူချင်းဆုံပြီး စကားမပြောဖူးသေးပါ။ ကျွန်တော်ရှိခဲ့တဲ့နေရာတခုမှာ ဆရာရောက်လာတာလည်း မသိလိုက်မိပါ။ ဆောရီးဆရာ။ မြို့သာတိုက်နယ်ဆေးရုံမှာ တာဝန်ကျစဉ်ကဆိုတော့ နှစ်ပေါင်း ၄ဝ လောက်ကပေါ့။ လွန်ခဲ့တဲ့လေးနှစ်လောက်က ဖေ့စ်ဘွတ်မှာ ဆရာကရေးပါတယ်။ ခင်ဗျားတော့ ကြောက်ပ၊ လက်ထဲဓါးကမချတဲ့။

တံတားဦးကနေ ၂၁ မိုင်ဝေးတဲ့ မြို့သာကို ဆရာလာလည်တုန်းမှာ ကျွန်တော်က မနက်ခင်း အပြင်လူနာတွေရှင်းပြီး၊ အဲဒီအခန်းတွင်းမှာပဲ ခွဲစိတ်လူနာကို ခွဲနေစဉ်ကဖြစ်ရမယ်။ လျှပ်စစ်မီးကရှိတာမဟုတ်လို့ အခန်းတံခါးမကြီးကို ဟင်းလင်းဖွင့်ထားပြီး ရင်သားကင်ဆာခွဲနေတာ တွေ့သွားပုံရတယ်။ ကဗျာဆရာ ကြောက်မှာပေါ့။

အဲဒီခေတ်မှာ စမတ်ဖုံးနဲ့ ဖေ့စ်ဘွတ်တွေမပေါ်သေးတာ ကံကောင်းတယ်။ ဓါတ်ပုံရိုက်တင်ကြရင် တိုက်နယ်ဆရာဝန် တရားစွဲခံရနိုင်တယ်။ ကျွန်တော်က ကြောက်ရမယ့်အလှည့်။

ဓါတ်ပုံထဲမှာ ကျွန်တော်ရှိစဉ်ကဆောက်ခဲ့တဲ့ မြို့သာတိုက်နယ်ဆေးရုံသစ်ရှေ့မှာ ဆေးရုံကော်မတီဝင်တွေနဲ့အတူ။  ဓါတ်ပုံထဲကလူ ကျွန်တော်တယောက်သာ ကျန်တော့တယ်။ မြို့သာဆေးရုံက ပိုပြီးတိုးတက်နေတယ်လို့သိရလို့ ဝမ်းသာတယ်။ ကျွန်တော်တို့ အုတ်တချပ်စီတာဝန်ယူခဲ့ကြတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၅-၂ဝ၁၇

Wooden Sling Shot ဘတ်ခွ

ဘတ်ခွကို ဘတ်ဂွလို့ စကားနဲ့ခေါ်တယ်။ ဘတ်ခွဆိုတာ နှစ်ခွရှိတဲ့အရာရဲ့ အဖျားစွန်းမှာ သားရေပင်ကြိုးတပ်ထားတယ်။ သားရေပင်တဖက်ဖျားမှာ လောက်စာအိမ်နေရာ ပါတယ်။ နှစ်ခွရှိတဲ့အရာဆိုတာ သစ်ကိုင်းအနေတော်ဖြစ်ဖြစ်၊ သစ်သားကို အကျေအန ဖြတ်၊ ထစ်၊ ချောပြီးဖြစ်ဖြစ်၊ တိရစ္ဆာန်တမျိုးရဲ့ချိုကိုဖြစ်ဖြစ် သုံးတယ်။ Handheld Slingshot လို့လည်း ခေါ်တယ်။

သားရေပင်ကို သားရေဖတ်လည်းရေးရလို့ သားရေဖတ်ခွ၊ ဖတ်ခွ၊ ဖတ်ဂွ၊ ဘတ်ဂွဖြစ်လာတယ်လို့ ယူဆပါတယ်။ တောသားတွေက စကားကို လေးလေးပင်ပင်ပြောကြတယ်။

Bow and Arrow လေးနဲ့မြားဆိုတာမှာ ကြိုးတချောင်းတည်းသာပါတယ်။ မြန်မာတွေသုံးတဲ့ လောက်လေးခွကတမျိုး။ လောက်လေးခွမှာ မြားနဲ့ပစ်ရတဲ့ လေးကိုင်းမှာ ကြိုး ၂ ချောင်းတပ်ထားပြီး အလယ်မှာ လောက်စာလုံးထည့်စရာ လောက်စာအိမ်ပါတယ်။

ဒူးလေးဆိုတာ မုဆိုးတွေသုံးတယ်။ ရှေးကတည်းက ဥရောပမှာလည်းရှိတယ်။ ဝီလီယန်တဲလ် သူ့သားခေါင်းပေါ်က ပန်းသီးကို ဒူးလေးနဲ့ ပစ်တယ်။ ဝီလီယန်တဲလ် အမေရိကန်ဗာရှင်းမှာ ရိုးရိုးလေးနဲ့မြားလို့ ပုံဖေါ်ထားတယ်။ ရမ်ဘို ဇာတ်ကားမှာတော့ RamboBows ခေတ်ပေါ်ဒူးလေးဖြစ်လာတယ်။

ဂျင်ကလိဆိုတာ မြန်မာပြည်မှာ ၁၉၈၈ မှာပေါ်လာတယ်။ ဘတ်ဂွသုံးပြီး သံချွန်ကိုပစ်တယ်။

Catapult လောက်လွှဲဆိုတာ ရှေးခေတ်က ဥရောပစစ်ပွဲတွေမှာသုံးတယ်။ အကြီးစားတွေဆိုရင် ခဲ၊ ကျောက်တုံး၊ မီးဗုံး၊ ဆီပူ စတာတွေကို မြို့ရိုးကြီးတွေပေါ်ကျော်ပြီး ပစ်နိုင်တယ်။

ဒေါက်တာတင့်ဆွေ
၂၉-၅-၂ဝ၁၇

Bikini (ဘီကီနီ)

ကျွန်တော်က တိုက်ဆိုင်တာတွေဆို မြင်တတ်တယ်။ မနှစ်က အမေရိကန်သမတ အိုဘားမား ဂျပန်သွားရင်း ဟီရိုရှီးမားမြို့ကိုပါသွားတဲ့သတင်းနဲ့ ဘီကီနီအလှမယ်ရွေးပွဲသတင်းတွေ ဒီရက်မှာထွက်တယ်။ ဘီကီနီပုံကိုတော့ မသိသူမရှိ။ ဘီကီနီဆိုတာဘာလဲ။ ဒါများ ပြောနေစရာမလိုပါလို့ဆိုကြမယ်။ အဲဒီစကားလုံးဟာ ကျွန်းစုလေးတခုလို့ သိသူကတော့ နည်းမယ်။ ကံဆိုးလှတဲ့ကျွန်းရဲ့နာမည်အထိပါ သိသူကရှားမယ်။

အမေရိကန်ပြည်ထောင်စုကနေ ၁၉၄၆ ခုနှစ်က Operation Crossroads အော်ပရေးရှင်း ခရော့စ်ရုဒ်စ်ခေါ်တဲ့ အနုမြူဗုံး စမ်းသပ်ဖေါက်ခွဲမှု လုပ်ခဲ့ပါတယ်။ ၁၉၄၅ ခုနှစ်ဇူလိုင်လက ထရီနီတီမှာပဌမဆုံးစမ်းပြီး၊ ၁၉၄၅ ခုနှစ် သြဂုတ်လ (၆) ရက်နေ့မှာတော့ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့နဲ့ (၉) ရက်နေ့မှာ နာဂါဆာကီမြို့ကို အနုမြူဗုံးချခဲ့ပါတယ်။ အော်ပရေးရှင်း ခရော့စ်ရုဒ်ကို ပစိဖိတ်သမုဒ္ဒရာထဲက မာရှယ်ကျွန်းစုမှာလုပ်ခဲ့တယ်။ ပစ်မှတ်သင်္ဘော (၉၅) စီးကို Bikini Lagoon ဘီကီနီ ပင်လယ်ထုံးအိုင်မှာချထားတယ်။ ဘီ-၂၉ လေယာဉ်နဲ့ အနုမြူဗုံးချတယ်။ မတိုင်ခင် ဘီကီနီကျွန်းစုမှာ နေထိုင်ကြသူတွေက နေရာရွေ့ပြောင်းပေးဘို့သဘောတူခဲ့ကြပါတယ်။ ဘီကီနီကျွန်းစုမှာ လူသူနေထိုင်တာ အခုထိမရှိသေးပါ။

ဘန်ကာဗုံးကို Helen of Bikini လို့ခေါ်တယ်။ ဣတ္တိလိင်အမည်ကိုယူတဲ့သဘောက ဆွဲဆောင်မှု + ဖျက်ဆီးခြင်းဆိုတဲ့ စွမ်းရည်နှစ်မျိုးတွဲရှိတာမျိုးဖြစ်တယ်။ အနုမြူဗုံးဒဏ်ကြောင့် အဲဒီနေရာမှာ အပိုင်းအစလေး နည်းနည်းသာ ကျန်တော့တာကိုအစွဲပြုပြီး အပေါ်တစအောက်တစသာပါတဲ့ မလုံ့တလုံ အမျိုးသမီးရေကူးဝတ်စုံကို ဘီကီနီလို့ ၁၉၄၆ ကတည်းကခေါ်လာကြတယ်။

ဟီရိုရှီးမားမှာချခဲ့တဲ့အနုမြူဗုံးကို Little Boy ကောင်ကလေးနဲ့ နာဂါဆာကီမှာ ချခဲ့တဲ့ အနုမြူဗုံးကို Fat Man လူဝကြီးလို့ အမည်ဝှက်နဲ့ ခေါ်တယ်။

ဒေါက်တာတင့်ဆွေ
၂၉-၅-၂ဝ၁၆
၂၉-၅-၂ဝ၁၇

Purple Sunbird နှံပြီစုတ်ငှက်

ပင်လုံအပေါ်အမြင်လေး ရေးပါဦးဆရာတဲ့။ ရှမ်းပြည်နယ်က ပင်လုံကို မရောက်ဖူးပါ။ နေပြည်တော်ပင်လုံလည်း ပုံထဲမှသာ မြင်ရတယ်။

ပြည်ထောင်စုအရေး၊ တိုင်းရင်းသားအရေး၊ ငြိမ်းချမ်းရေး ရေးရတာ မလွတ်လပ်ပါ။ ကိုယ့်လက်ကို ပင့်ကူအိမ်လို တုပ်နှောင်ထားရတယ်။ အမယ်ဘုတ်ခြည်ခင်လိုဖြစ်နေတာ အရှင်းရခက်တယ်။ အပင်သက်တမ်းက ရှည်လှပြီး အလုံပိတ်ထားတာက မဖွင့်သေးသလိုလို့ တင်စားချင်တယ်။

မထိတထိရေးလို့လည်းမဖြစ်။ တဝက်ဖုံးတဝက်ဖေါ်နဲ့မရ။ (တည့်ထိုး) ဒဲ့ဒိုး) ရေးတာ ဘေးကင်းမှာမဟုတ်။

တိုင်းရင်သားပေါင်စုံ အကုန်နဲ့ နှစ်အစိတ်ကြာ အတူသွားအတူလာနေခဲ့ပေမဲ့ ပြောကြတာသာ ကြားရတယ်။ သူတို့ကလည်း အကုန်အန်မထုတ်ကြ။

အစိုးရဆိုတာကတော့ ကိုယ်ဝင်ထားခဲ့တဲ့ပါတီမို့ သိသင့်တာတော့ သိတယ်။

တပ်မတော်ကိုတော့ ဘယ်လိုသိနိုင်မလဲ။ အခြေခံစစ်ပညာ လေးလတည်းသာသင်ဘူးတယ်။ နိုက်မုဖ်မှာ ရုပ်ဖျက်ပြီး အသံမထွက်အောင် ရွေ့ရှား (ရွေ့လျား) တတ်တယ်။ ရုပ်ဖျက်ထားတတ်တယ်။ လက်နက်ငယ်တော့ ဖြုတ် တပ်ဖူးတယ်။ ပစ်မှတ်ကို ချိန်တတ်တယ်။

ဒီအသိလေးတွေလောက်နဲ့တော့ ဒိုင်နိုဆောကို ဘတ်ဂွနဲ့ချိန်သလိုနေမယ်။ တချို့ကတော့ နှံပြီစုတ် အမြောက်နဲ့ချိန်တယ်။

Dr. တင့်ဆွေ
၂၉-၅-၂ဝ၁၇

အုန်းနို့ခေါက်ဆွဲ

အုန်းနို့ခေါက်ဆွဲ ကျွန်တော်က ကောင်းတယ်လို့ပြောခဲတယ်။

မနေ့က ဘုန်းကြီးကျောင်း ဈေးရောင်းပွဲမှာ သမီးနဲ့ ချွေးမနဲ့အတူ အုန်းနို့ခေါက်ဆွဲရောင်းကြတယ်။ မကုန်ဘူးတဲ့။ လူရင်းတယောက်က သမီးကို နောက်နှစ်တော့ အုန်းနို့ခေါက်ဆွဲကို စိတ်နာသွားပြီထင်တယ်လို့ စတော့။ သမီးက နောက်နှစ်မဟုတ်ဘူး၊ အခုကို မကုန်သေးလို့ နာနေပြီတဲ့။

ကျွန်တော့် မနေ့ကညစာ အုန်းနို့ခေါက်ဆွဲစားတယ်။ ကိုယ့်သမီးချက်လို့ပြောတာမဟုတ်။ ဒီတခါ အုန်းနို့ခေါက်ဆွဲက အဟုတ်ကောင်းတယ်။ အနေတော်တယ်။ အဆာပလာ အပိုမပါ။ အဆာများတဲ့ဟင်းဆို ဟုံတတ်တယ်။ ဟင်းရည်ကို ပူအောင်နွှေးပြီး၊ ငရုပ်သီးမှုံ့ကိုယ်ကြိုက်သလောက်ထည့်စားတာ နှစ်ပန်းကန်။

နောက်ချွေးမတယောက်နဲ့ မြေးမတို့က ခုမနက် အိမ်လာစားကြတယ်။ သူတို့က ညကတည်းက ဘွတ်လုပ်ထားတာ။

ကျွန်တော်က ကိုယ့်ပါတီကိုလည်း အမြဲတန်း ဖူးဖူးမှုတ်တာ မလုပ်တတ်ပါ။

Coconut Milk အုန်းနို့

၁။ အုန်းနို့ခေါက်ဆွဲက သွေးတိုးတတ်ပါလား ဆရာ။
၂။ ကြိုက်တယ်ဆရာ။ ဒါပေမယ့် သွေးတိုးမှာကြောက်တယ်။

ဘယ်အစားအသောက်မှာမဆို အကောင်းနဲ့ သတိထားစရာတွေ ဒွန်တွဲနေပါတယ်။

ဗီတာမင် စီ၊ အီး၊ ဘီ-၁၊ ဘီ-၅၊ ဘီ-၆ တွေနဲ့ ဆယ်လယ်နီယမ်၊ ဆိုဒီယမ်၊ ကယ်လ်စီယမ်၊ မက်ဂနီဆီယမ်နဲ့ ဖေါ့စ်ဖါးရပ်စ် ဓါတ်ဆားတွေလည်းပါတယ်။ ကောင်းတယ်။ Lauric acid ကို ကိုယ်ကနေ Monolaurin အဖြစ်ပြောင်းပေးတယ်။ ဗက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေကိုခုခံတိုက်ရာမှာ အသုံးကျတယ်။

နို့အမျိုးမျိုး (မိခင်နို့ + နွားနို့) ထဲမှာပါတဲ့ လက်တို့စ်ဓါတ်နဲ့ မတည့်သူတွေအတွက် အုန်းသီးကထုတ်တာကတည့်တယ်။

ကလိုရီများတာတော့ သတိထားရပါမယ်။ ကျန်းမာရေးအတွက် မကောင်းပါ။ လူကိုပိုဝစေတယ်။ တခွက်ကနေ ကယ်လိုရီ ၅၅ဝ ရမယ်။ လူတွေ တနေကုန် ၂ဝဝဝ-၂၅ဝဝ သာပျမ်းမျှလိုအပ်တယ်။ အဆီပါတာ များတယ်။ ပြည့်ဝဆီပါတယ်။ တခွက်ကနေ အဆီ 40 grams ရမယ်။ အဆီဓါတ်က အသားကရတဲ့အဆီထက်တော့ကောင်းတယ်။ HDL ကိုလက်စထော အကောင်းကို တိုးစေတယ်။ LDL ဆိုးတဲ့ကိုလက်စထောပါ များစေမယ်။

Coconut milk100ml ကနေရမဲ့ အာဟာရဓါတ်များ
ကယ်လိုရီ = 154 calories
ပရိုတင်း = 1.4g protein
အဆီ = 15g fat (13.2g saturates)
ကာဗွန်ဟိုက်ဒရတ် = 3.4g carbohydrate

အုန်းနို့ခေါက်ဆွဲမှာ အုန်းနို့အပြင် အများကြီးပါသေးတယ်။ အုန်းနို့ကို ဗူးနဲ့ ကိုယ်တိုင်ညှစ်တာ တမျိုးမျိုးသုံးတယ်။ နွားနို့၊ နို့စိမ်းထည့်တဲ့သူက ထည့်တယ်။ ခေါက်ဆွဲအစို အလုံး၊ အပြားသုံးတယ်။ ကုလားပဲ၊ ဆီ၊ ငံပြာရည်၊ ပဲငံပြာရည်၊ ဆား၊ သကြား၊ နနွင်းမှုန့်၊ ငရုတ်သီးမှုန့်၊ အရောင်တင်မှုန့်၊ ဟင်းချိုမှုန့်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ မှို၊ အသားတု၊ ကြက်အရိုး၊ ကြက်အသား၊ ကြက်အသဲအမြစ်၊ ကြက်ဥပြုတ်၊ ပဲကြော်၊ အီကြာကွေး၊ ငါးဖယ်ဆုတ်၊ မုံ့ကြွတ်ကြော်၊ သံပုရာသီး၊ နံနံပင်။

အုန်းနို့ခေါက်ဆွဲမှာ ပါနေတဲ့ အမယ်တခုချင်းကို မရေးတော့ပါ။ လူ ၄-၅ဝဝ ကို ဖိတ်စာတမျိုးတည်း ဝေပါတယ်။ လူကြီးမင်းရဲ့ကျန်းမာရေးကို မမေးပါ။ အယုတ်အလတ်အမြတ်မရွေးဆိုတာ လူမှုရေးသာဖြစ်တယ်။ ကျန်းမာရေးမဟုတ်ပါ။ အခြေခံလမ်းညွှန်ကတော့ အသင့်အတင့်ဟာ ကျန်းမာရေးအတွက် သင့်တယ်။ ကိုယ့်ကျန်းမာရေး (သွေးတိုး + ဆီးချို + ကိုလက်စထော + ကိုယ်အလေးချိန်) သိပါ။

ဒေါက်တာတင့်ဆွေ
၂၉-၅-၂ဝ၁၇

Sunday, May 28, 2017

ရဟန္တာစာလုံး ဘာတုံးတော့ မသိ

တခါက ရဟန္တာဖူးချင်တယ်ဆိုသူ ကျောင်းကိုရောက်လာ။ ကျောင်းနဲ့ခပ်ဝေးဝေးက ဝါးရုံတော်ထဲခေါ်သွားတယ်။
ဒီဝါးက -
ဖြောင့်သလားမမေးနဲ့။
ဒီဝါးကရော -
ကောက်ပါသော်ကော။
ဒီဝါးပင် -
ရှည်တယ်ဘုရာ့။
ဒီဝါးပင်က -
တိုပါ့။

ကျောင်းကိုပြန်ရောက်။ လျှောက်စမ်းပါဦး ရဟန္တာတွေ့ခဲ့လား။
နိုး။
ဖြောင့်နေတာကို ကောက်ချင်စိတ်မရှိသူ၊ ကောက်နေတာကို ဖြောင့်ချင်စိတ်ကင်းသူ။ ရှည်နေတာကို မတိုစေချင်သူ၊ တိုနေတာကို မရှည်စေချင်သူ။

အဲတာကတော့ စာအုပ်ထဲက။ ဖေ့စ်ဘွတ်မှာက -
မှန်နေတာကို မှားစေချင်သူ။ လွဲနေတာကို အဟုတ်မှတ်စေချင်သူ။ အေးချမ်းနေတာကို ပွက်လောညံစေချင်သူ။ ကျဆုံးသွားပြီးသူကို နန်းအပ်ချင်သူ။

ဤတွင် ရဟန္တာပို့စ်ပြီးဆုံး၏။

ဒေါက်တာတင့်ဆွေ
၂၉-၅-၂ဝ၁၇

Thank You မြင်းမြီးတဆုပ်

ကျွန်တော့်ပို့စ်တခု = Thanks အင်္ကျီ

ကွန်မင့်တခု = သိုင်းခရု လိုက်ပါကြောင်း (ကင်းဝန်မင်းကြီး ဦးကောင်း ပြင်သစ်သွား မှတ်တမ်း)

အရင်သုံးနှစ်ခွဲက ရေးထားတာလေး အမှတ်ရလို့ ပြန်တင်ပါရစေ။

မေ့မရတဲ့ လက်ဆောင်

တခါတုန်းက ရွာတရွာမှာ၊ ခွဲတာစိတ်တာ ကျော်ကြားလာတဲ့ ဆရာဝန်လေးတပါးရှိသတတ်။

တနေ့မှာ လူနာတယောက် မြင်းစီးပြီး ပေါက်ချလာ၊ ရော့ဆရာ အနာချုပ်ချုပ်၊ ဘာချုပ်ချုပ်၊ မြင်းမြီးတဆုပ် လုပ်ချင်ရင်လုပ်ပါ ဆရာ။

စေတနာတခွဲသားမို့ ငိုအားထက် ရယ်အားမသန်သာ၊ ဆရာဝန်ခင်မြာ ကျေးဇူးတင်ပါတယ်ဗျာ၊ ကျေးဇူးတင်ပါတယ်ခင်ဗျာ၊ ကျေးဇူး နဲ့ သင်ခယူး ပူးတွဲလိုက်ရဘူးပါကြောင်း။

ဒေါက်တာတင့်ဆွေ
၁၇-၁-၂ဝ၁၄
၂၉-၅-၂ဝ၁၇
(မြို့သာတိုက်နယ်ဆေးရုံအမှတ်တရ)

ယခင် နှင့် ယခု

ကနေ့ ဘုန်းကြီးကျောင်းမှာ မိတ်ဆွေတွေနဲ့ နည်းနည်းပါးပါးစကားပြောရတယ်။ ဘုန်းကြီးနိုင်ငံရေးက များတယ်။ ဘုန်းကြီးတွင်းနိုင်ငံရေးဆိုတာ ခုခေတ်မှာသာရှိတယ်။ ကျွန်တော်တို့ခေတ်မှာ ကိုးကွယ်စရာဆိုတာ တမျိုးသာရှိခဲ့တယ်။

ကျွန်တော်က စာရေးရင် သတ်ပုံမှားတတ်တော့ အမြဲစစ်ရတယ်။ ဝံသာနုစာလုံးတောင်မှာ မေ့နေလို့။ ကျွန်တော့်ဆီ မေးသူတွေက အဲတာကို ဘယ်လိုရေးကြမလဲမသိ။ တယောက်တမျိုးတော့ ဖြစ်မယ်။ တယောက်တမျိုးနဲ့ တယောက်တပေါက်နဲ့ မတူပါ။ တပေါက်ဆိုတာလည်း ပါးစပ်ကိုပြောတာမဟုတ်။ တူရိယာသံမတူတာကို ပြောတာ။

ဒကာတို့ ဆိုင်းမထည့်ကြနဲ့လို့ပြောတဲ့ ဘုန်းကြီးက ရှေးဘုန်းကြီး။ ခုခေတ်မှာတော့ တွေဆိုင်းတီးပေးတာကို လူတွေက ကကြတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၅-၂ဝ၁၇

Subsidy Politics ပါမစ်နိုင်ငံရေး

ကားပါမစ်ဆိုတာ သူများတိုင်းပြည်မှာမရှိပါ။ မြန်မာပြည်မှာတော့ ပါမစ်နိုင်ငံရေးကို ဖဆပလ ခေတ်ကတည်းက စခဲ့တယ်။ အင်ပို့လိုင်စင်ကို အာဏာရပါတီနဲ့ပတ်သက်သူတွေသာရတယ်။ ဆိုရှယ်လသ်ခေတ်မှာ တံခါးတွေ ပိတ်ထားလို့ အပြင်ကနေ ဘာကုန်ပစ္စည်းမှ ဝင်လို့မရဘူး။ အများစုလူထုက အခွံသာရှိတဲ့ ကုန်သွယ်ရေးဆိုင်တွေကဖြစ်ဖြစ်၊ ခွဲတမ်းနဲ့ ရောင်းတဲ့ သမဆိုင်တွေကနေဖြစ်ဖြစ် တန်းစီဝယ်ရလို့ တန်းစီတိုးစားလူတန်းစားဖြစ်ခဲ့ရတယ်။ ပဒုမ္မာလို အထူးဆိုင်တွေကနေတော့ ပါတီကောင်စီကလူကြီးတွေက ဝယ်ခွင့်ရှိတယ်။

ပြီးခဲ့တဲ့အစိုးရလက်ထက်မှာ ပါမစ်စနစ် ဆန်းသစ်လာတယ်။ ငြိမ်းချမ်းရေးခေါင်းစဉ်အောက်မှာ အဖွဲ့အစည်းတွေကို အဖွဲ့ကြီးကြီးသလို ပါမစ်တွေ၊ အခွန်လွတ်တွေ ချပေးသတဲ့။ နောက်တခါ နိုင်ငံရေးပါတီတွေကိုပါ အဲလိုဟာတွေ ချပေးမယ်တဲ့။ ချပေးလို့ရတာကို လက်လွှဲရောင်းရင် အမြတ်အစွန်းတွေ နင့်နေအောင်ရကြပုံကြတယ်။ အဲဒီ သက်သာခွင့်ရစေတဲ့ ပိုက်ဆံတွေက ဘယ်ကနေလာလို့၊ ဘယ်နေရာကနေ ဆုံးရှုံးနေပါသလဲ။

ဆပ်ဆီဒီဆိုတာ စီးပွါးရေးကဏ္ဍမှာ ငွေကြေးနဲ့ဖြစ်စေ ထောက်ပံ့မှုတမျိုးမျိုးနဲ့ဖြစ်စေ စီးပွါးတိုးတက်ရေးအတွက် ဖြစ်ဖြစ်၊ လူမှုရေးတိုးတက်ဘို့ဖြစ်ဖြစ် ရည်ရွယ်ပြီး သတ်မှတ်ပေးတာကိုခေါ်တယ်။ အစိုးရကရော အစိုးရမဟုတ်တဲ့အဖွဲ့တွေကနေပါ လုပ်ကြတယ်။ တိုက်ရိုက်ပေးနည်းက ငွေကြေး၊ အခွန်လွတ် ချေးငွေပေးတာနဲ့ သွယ်ဝှိုက်နည်းက အခွန်လျှောပေါ့ပေးတာနဲ့  အာမခံပေးတာ၊ အတိုးနှုန်းနည်းတာ၊ လျှော်ပြစ်တာ၊ ငှားခမယူတာတွေဖြစ်တယ်။ ဆပ်ဆီဒိုက်ဇေးရှင်းဆိုတာ ကုန်ကျငွေကို သက်ဆိုင်သူဆီကနေမဟုတ်ဘဲ တခြားကနေရာကနေယူတာကို ခေါ်တယ်။

အခွန်ကို စနစ်တကျနဲ့ များများရအောင် ကောက်နိုင်တဲ့အစိုးရကို ချီးမွမ်းကြတယ်။ အခွန်တွေကို လိုတဲ့နေရာတွေမှာ သုံးတတ်တဲ့အစိုးရကို ချီးကျူးကြတယ်။ အခွန်အကောက်ကို တလွဲသုံးတာ၊ ရသင့်ရထိုက်တဲ့အခွန်တော်ကို အစိုးရအကျိုးအတွက် နိုင်ငံရေးလက်နက်လိုသုံးခဲ့တယ်။

ဆရာတော်ကြီးတပါး ကျောင်းကအထွက်မှာ ခွေးတကောင်က ကိုက်တော့မတတ် ဟောင်တဲ့အခါ၊ ရုတ်တရက် ဒေါသထွက်ရာကနေ ခွေးကိုရိုက်မယ်ဟန်ပြင်ရင်းက သတိပြန်ဝင်လို့ တယ့့် ဒီခွေး ရိုက်လိုက်ရ၊ ငါပါနှစ်ကောင် ဖြစ်သွားမယ်လို့ မိန့်ပါတယ်။

လူသတ်လက်နက်၊ ဖွဲ့စည်းပုံလက်နက်၊ အခွန်လက်နက်၊ လက်နက်စုံနဲ့ သုံးနည်းဖြစ်တယ်။ ကျန်တဲ့သူတွေကိုပါ ငါပါနှစ်ကောင်ဖြစ်မဲ့ဇာတ် သွင်းခဲ့တာဖြစ်တယ်။ (ကန်တော့ပါ)

ဒေါက်တာတင့်ဆွေ
၂၉-၅-၂ဝ၁၄
၂၉-၅-၂ဝ၁၇

Betel Teeth ကွမ်းသွား

ကနေ့ ဈေးရောင်းပွဲရှိလို့ ဘုန်းကြီးကျောင်းရောက်တယ်။ ဘုန်းကြီးက ကွမ်းအစ်ချပေးတယ်။ တယာစားတယ်။ ၁ဝဝ မဟုတ်၊ တစ်ယာမဟုတ်။

ကွမ်းအကြောင်း ပညာပေးရေးတဲ့ဆရာဝန် ကွမ်းစားတယ်ဆိုတော့ ပြောစရာဖြစ်တယ်။ ဆေးလိပ်ဖြတ်တော့မယ်ဆိုသူ တယောက်ပြောသလိုပေါ့။ ကိုယ့်ပိုက်ဆံနဲ့တော့ ဝယ်မသောက်တော့ဘူး၊ သူများတိုက်တာပဲ သောက်တော့တယ်တဲ့။

မြန်မာပြည်ကမထွက်ခင် ၃-၄ နှစ်က ကွမ်းယာစားခဲ့တယ်။ ဒေလီနေရတော့လည်း နည်းနည်းစားတယ်။ ထိုင်းသွာလို့ ကြုံတဲ့အခါ စားဖြစ်တယ်။ အခုဒီမှာလည်း ကြုံတဲ့အခါ။ တပတ်တခါတော့ မကြုံပါ။

ကျွန်တော့်သွားတွေအရောင်က မဖြူတော့လို့ ပါးစပ်ဟထားတဲ့အလေ့ နည်းတယ်။ အမေရိကန်ယဉ်ကျေးမှုက သွားပေါ်အောင်ပြုံးရသတဲ့။ ကျွန်တော်နဲ့ မကိုက်။

ဒေါက်တာတင့်ဆွေ

၂၈-၅-၂ဝ၁၇

Dinner ညနေစာ

ဒင်နာကိုပြောတာ မဟုတ်ပါ။ ညနေပိုင်း မေးခွန်းတွေဖြေချိန်တိုင်းမှာ အသက်-ကျား-မ-အချက်အလက်မပြောပဲ မေးကြတာတွေက နေ့တိုင်းလာလို့ နေ့တိုင်းစားရတဲ့ ညနေစာလိုပဲ။ ကျွန်တော်က ဥပုသ်ကလည်းစောင့်ဖြစ်ခဲလို့လားမသိ။ နေ့တိုင်း အဲလိုညနေစာတွေ လာတယ်။ ဘာဟင်းမှန်း မသိတော့ ဘာစားရမှန်း မသိ။

၁။ ဆရာရှင့် B ပိုးအတွက် သောက်ဆေးနဲ့ထိုးဆေးရဲ့ အကျိုးအပြစ်လေးတွေသိချင်ပါတယ်ရှင့်
ဘလော့မှာ ဖတ်နိုင်။

၂။ ဆရာ ခင်ဗျာ AB သွေးနဲ့ A သွေးပေါင်းရင် ဘာသွေးရလဲသိချင်ပါတယ်ခင်ဗျာ B သွေးက ဘာသွေး၂မျိုးပေါင်းမှBသွေးဖြစ်တာလဲခင်ဗျာ ကျေးဇူးပြု၍ဖြေကြားပေးပါရန် လေးစားစွာဖြင့် ဆရာ့ပရိသတ်တဦး
ဘလော့မှာ ဖတ်နိုင်။

၃။ ဆရာရှင့် ကျွန်မအသက် ၂၆ ပါ မျက်နှာမှာဝက်ခြံတွေတအားထွက်နေတာ ၃လလောက်တော့ရှိပါပြီ အခုထိလည်းမသက်သာသေးလို့ပါရှင့် ဘာဆေးလိမ်းရမလဲနှင့်ဆေးရောသောက်လို့ရလားသိချင်လို့ပါရှင့်
ရာသီ မသိ။ အိမ်ထောင်ရေး မသိ။ ဘလော့မှာ ဝက်ခြံစာ ၃-၄ ပုဒ်ဖတ်နိုင်။

၎။ ဆရာကြီးရှင့် B ပိုးအတွက် သောက်ဆေးနဲ့ထိုးဆေးရဲ့ အကျိုးအပြစ်လေးတွေသိချင်ပါတယ်ရှင့်
ဘလော့မှာ ဖတ်နိုင်။

၅။ ဆရာရှင့် Cytotec သောက်ပြီးကိုယ်ဝန် ပျက်မပျက် ဘယ်လိုနည်းနဲ့သိနိုင်ပါလဲရှင့် ဆီးစစ်တံနဲ့စမ်းကြည့်လို့ရော ရလားရှင့် ဖြေပေးပါဆရာ
ဘလော့မှာ ဖတ်နိုင်။

၆။ ဆရာ ခင်ဗျာ့ ပန်းသီးဖျော်ရည် သဘော်သီးဖျော်ရည် ငှက်ပျောသီးဖော်ရည်တွေကို နေ့တနေ့ရဲ့ဘယ်အချိန်တွေမှာသောက်သင့်ပါသလဲ
အသက်-ကျား-မ-ဘာဖြစ်နေ မသိ။ ဘလော့မှာ ဖတ်နိုင်။

၈။ ဆရာ သားအိမ်ခြစ်ပြီး ဆောင်ရန်ရှောင်ရန်သိချင်ပါတယ် ဆိုင်ကယ်စီးလို့ရလားသိချင်ပါတယ်
အသက်-ကိုယ်ဝန်ပတ် မသိ။ ဘလော့မှာဖတ်နိုင်။

ဒေါက်တာတင့်ဆွေ
၂၈-၅-၂ဝ၁၇

How much to reveal ဘယ်အထိဖေါ်မလဲ

ကျွန်တော့်ပို့စ်တခု One-Sided Arguments မဟာအမှားကြီးကိုတင်တော့ ကွန်မင့်အများဆုံးရေးလာကြတယ်။ ကျေးဇူးတင်ပါတယ်။ ရှင်းလင်းချက်လေးတော့ ရေးဘို့လိုတယ်ထင်လို့ ခပ်တိုတိုရေးပါရစေ။

သူများနိုင်ငံတွေမှာ ကိုယ့်တိုင်းပြည်အကြောင်းသွားပြောတာတွေ၊ မီဒီယာမှာ အင်္ဂလိပ်လိုဖြေတာတွေ၊ အင်္ဂလိပ်လို ဆောင်းပါးတွေကို ယေဘုယျခြုံကြည့်ပြီး သဘောမတွေ့တာကို စိတ်တိုမိတယ်။ ကျွန်တော်လည်း အဲလိုအလုပ်တွေ နှစ်ပေါင်းမနည်းမနောလုပ်ခဲ့သူဖြစ်လို့ ကောက်ချက်ချတာက ခပ်ပေါ့ပေါ့တော့ မဟုတ်ပါ။ စစ်အစိုးရတွေလက်ထက်မှာ အစ်ရှူးတိုင်းကို အချက်နဲ့အလက်နဲ့ ထောက်ပြခဲ့ပါတယ်။ တိုင်းပြည်နဲ့ လူမျိုးဂုဏ်ကိုတော့ မထိပါးစေရပါ။

အခုအစိုးရသစ်အကြောင်းပြောကြသူတွေ ဒေါ်စုကို ဖူးဖူးမှုတ်ဘို့မလိုပါ။ ပျက်နေ လွဲနေ မှားနေတာတွေက အနမတဂ္ဂ များလှတာကိုတော့ မသိချင်ယောင်မဆောင်သင့်ကြပါ။ ဥပမာပေးမယ်။ နာတာရှည် ကျိုးပဲ့ရွဲ့နေတဲ့လူနာတယောက် အထူးကုဆေးရုံကြီးရောက်တာနဲ့ ဗြုံးစားကြီးမကောင်းလို့ အထူးကုဆရာဝန်တွေကို အပြစ်အမြင်သင့်သလိုပေါ့။

မြန်မာပြည်နိုင်ငံရေးကိုသုံးသပ်တာ ပညာရှင်၊ ပညာတတ်တွေအတော်များများနဲ့ ကျွန်တော်က သဘောမတူခဲ့ပါ။ သူတို့က အများအားဖြင့် သီအိုရီတွေ၊ လေ့လာဆန်းစစ်မှုတွေကိုးကားပြီး ကိုယ်ပိုင်ကောက်ချက်ဆွဲကြတယ်။ စနစ်ကျပါတယ်။ ဒါပေမယ့် ကျွန်တော်က နိုင်ငံရေးလို ပိုကြည့်တယ်။ အချက်အလက်လည်း မလွတ်စေရပါ။ မှန်းဆပြောရတာချင်းအတူတူ ခံရသူတွေဖက်က နေချင်တယ်။ ဖြစ်မလာလောက်တာကိုလည်း အများပြည်သူ အားပျက်မှာဆို ကိုယ်ကစ မပြောပဲ၊ မေးလာမှသာ ပြောချင်တယ်။

တိုင်းတပါးသားတွေရှေ့ ကိုယ်ပေါင်ကိုလှန်ထောင်းကြတာမှာ ပေါင်ရင်းအထိ မရောက်သင့်ကြပါခင်ဗျား။ (ကန်တော့ပါ။)

ဒေါက်တာတင့်ဆွေ
၂၈-၅-၂ဝ၁၆
၂၈-၅-၂ဝ၁၇

Spasmo Proxyvon စွဲတဲ့ဆေးတမျိုး

၂၅-၅-၂ဝ၁၃ နောင်ပိုအောင်ကျေးရွာ မူးယစ်ဆေးဝါးအန္တရာယ် ပပျောက်ရေးနှင့် ဆေးစွဲလူငယ်များဆေးဖြတ် သတင်းကိုကြည့်တော့ ရာဘဆေးပြားနဲ့ အပြောရောင် ဆေးတောင့်ပုံကိုပါ တွေ့ရလို့ ဒီစာလေးရေးပါတယ်။ အပြာရောင်ဆေးကပ်ဟာ Spasmo Proxyvon စပတ်စ်မို ပရောက်စီဗွန် ဆေးဖြစ်ပါတယ်။

• ဆေးတပြား-တတောင့်မှာ Dicyclomine hydrochloride 10 mg + Acetaminophen 400 mg နဲ့ Proproxyphene napsylate 100 mg ပါတယ်။
• Antispasmodics အတွင်းအင်္ဂါတွေ ညှစ်လို့ ရစ်ရစ်ပြီး နာတာကို သက်သာစေတဲ့ဆေးအမျိုးအစားဖြစ်တယ်။ အများအားဖြင့် အစာလမ်းက အူကနေတာစေတာကို သက်သာစေမယ်။
• Dicyloverine ပါပြီး ဒါကို Synthetic anticholinergic လို့ခေါ်တယ်။ ကြွက်သားတွေမှာရှိတဲ့ အာရုံကြောတွေကို သက်ရောက်စေရာကနေ နာတာကိုသက်သာစေတယ်။

ဆေးရဲ့ ဘေးထွက်သက်ရောက်မှုတွေက မဆိုးလှပါ။ ပျို့ချင်တာ၊ အာခေါင်ခြောက်တာဖြစ်နိုင်တယ်။ တချို့မှာ ရင်တုန်မယ်၊ နှလုံးခုန်မြန်မယ်၊ နှလုံးခုန် မမှန်ဖြစ်မယ်၊ စိတ်ရှုတ်ထွေးမယ်။ ပေးရမဲ့ဆေးအဆထက်များရင် စိတ်လှုတ်ရှားမှုတိုးလာမယ်၊ သူများမမြင်မကြားတာတွေ မြင်ကြားလာမယ်။ စိတ်ကယောင်ခြောက်ခြားဖြစ်မယ်။ ဒီသတ္တိအတွက် မူးယစ်ဆေးသဘော သုံးနေကြတာဖြစ်တယ်။ ဆေးစွဲစေမယ်။ ကျန်းမာရေးနောက်ဆက်တွဲတွေလာဖြစ်မယ်။ ကလေးနို့တိုက်နေသူတွေ မသုံးရဘူး။ ကိုယ်ဝန်မှာသုံးလို့ အထဲကကလေးမှာ ဘာဖြစ်မလဲ တိတိကျကျတော့ ပြောမရသေးဘူး။ ကိုယ်ဝန်နုချိန်ဆိုရင်တော့ ပိုတိုးနိုင်တယ်။ ကားမောင်နေတုံး မသောက်သင့်ဘူး။ အစာလမ်းကြောင်း ပိတ်နေသူတွေ သောက်မိရင် ပိုဆိုးမယ်။ ကိုယ်အလေးချိန်နဲ့ချိန်ဆပေမဲ့ အသက်ငယ်လွန်းတဲ့ကလေး (၆ လအောက်) မပေးရပါ။ Hyperthyroidism လည်ပင်းကြီးရောဂါ၊ Hypertension သွေးတိုးရောဂါ၊ Urinary retention ဆီးမသွားနိုင်သူ၊ Renal or Heart failure ကျောက်ကပ်-နှလုံး မကောင်းသူတွေဆိုရင် သတိထားပေးရမယ်။

ဆရာဝန်ဆရာမတွေထက် ဆေးထိုးကျွမ်းကျင်သူတွေဟာ မူးယစ်ဆေးစွဲသူတွေဖြစ်တယ်။ တလောက ဆေးခန်းလေးကို ဒူးကောက်ကွေးနေရာမှာ အနာတွေဖြစ်လို့ လာပြတဲ့ လူရွယ်တယောက်ကို သောကတွေ ဒုက္ခတွေ မျိုသိပ်ထားရမှန်း အကဲခတ်လို့ရတဲ့ မိခင်ကနေခေါ်လာပါတယ်။ ပွင့်ပွင့်လင်းလင်းလဲ ဆရာမကနေတဆင့်ပြောပါတယ်။ Spasmo Proxyvon ဆေးကို ရေနဲ့ဖျော်ပြီး သွေးကြောထဲထိုးရာကနေ မပျောက်နိုင်တဲ့အနာတွေလို့ သိရပါတယ်။

ဒီဆေးကို တနေ့မှာ ၂-၄ တောင့်သောက်ရင် ဘာဖြစ်လာမလဲ ဆေးစွဲသူတေယောက်ရဲ့အဖြေ
• ၂-၃ တောင့်သောက်တာနဲ့ အစမှာ High (ဟိုင်း) ဖြစ်နေတာ မသိသာသေးပါ။
• ၃-၄ တောင့်သောက်လိုက်ရင် ၁၅-၃ဝ မိနစ် အကြာမှာ ဖြစ်လာပြီး Euphoric ဘာမဆို အကောင်းချည်းသာ ထင်မြင်လာတယ်။
• ဘာတခုမှ ဂရုမစိုက်တော့ဘူး။ အရင်က မလုပ်ဘူးတာတွေ လျှောက်လုပ်လာတယ်။ သီချင်းစပ်၊ ကဗျာရေး၊ စာရေး၊ ပန်းချီရေး ထူးတာတွေ လုပ်လာမယ်။ နာရီတွေကြာလာတော့ ဒုံရင်းပြန်ရောက်မယ်။
• နောက်ထပ်လုပ်ချင်စိတ်ရှိလာမယ်။ ဆေးရအောင်ရှာမယ်။ ဆက်မယ်။ ဖြစ်တာပျက်တာတွေထပ်လာမယ်။ ကြာတော့ ဆေးတိုးချင်လာမယ်။ ဒါကိုဘဲ တမ်းတလာမယ်။ စွဲလာမယ်။
• ဖြတ်ချင်စိတ်ပေါ်လာလဲ ကိုယ့်စိတ်ကို မနိုင်တော့ဘူး။ ဆေးမရရင် စိတ်ဓါတ်ကျလာမယ်။ အိပ်မရ၊ စားမဝင်ဖြစ်လာမယ်။ အရိုးထဲကအထိကိုက်ခဲလာတယ်။
• ဆေးမရရအောင်လုပ်မယ်။ တောင်းမယ်၊ ခိုးမယ်၊ လုမယ်။ လူမှုရေးမှန်သမျှ အားလုံးထိခိုက်ပျက်စီးလာတယ်။ ဒီဆေးသာလျှင် ကိုယ့်သခင်၊ ဒီဆေးသည်သာ ကိုယ့်ဘုရားလို့ ထင်လာတော့တယ်။

ဒေါက်တာတင့်ဆွေ
၂၈-၅-၂ဝ၁၃
၂၈-၅-၂ဝ၁၇

Saturday, May 27, 2017

The strongest armies in the world ကမ္ဘာ့အကြီးဆုံး စစ်တပ် ၄ဝ

နိုင်ငံရေးအခြေအနေဆိုးရင် စစ်တပ်ရဲ့အခန်းကဏ္ဍက ပိုအရေးကြီးတယ်။ ကမ္ဘာပေါ်ရှိစစ်တပ်တွေကို စစ်သည်အင်အားနဲ့ တွက်ချက်ပြီး အကြီးအသေးခွဲနိုင်တယ်။ စစ်တပ်ရဲ့အဓိကတာဝန်ဟာ တရားဝင်နယ်နိမိတ်အတွင်း သူ့တိုင်းပြည်ကို အပြင်ကအန္တရာယ်တွေကနေ ကာကွယ်ဘို့ ဖြစ်တယ်။ သမိုင်းထဲကစစ်ပွဲတွေကိုကြည့်ရင် ကိုယ်စစ်တပ်ကို ပိုပြီး အင်အားကြီးအောင် လုပ်ဆောင်ရမယ်ဆိုတဲ့ သင်ခန်းစာရတယ်။ ဒုတိယကမ္ဘာစစ်ကြောင့် အင်အားအကြီးဆုံး တိုင်ပြည်တွေမှာ ရင်းမြစ်တွေကုန်ခမ်းသွားခဲ့တယ်။ အဲတော့ ထုတ်လုပ်နိုင်စွမ်းကို တမျိုးတမည်ပြောင်းကြရတယ်။ ကနေ့ခေတ်မှာ စစ်သားဦးရေ၊ စစ်လေယာဉ်၊ စစ်သင်္ဘောာတွှေပြင် လျို့ဝှက်သတင်းအချက်အလက်နဲ့ နည်းပညာဖက်ကို ဦးတည်လာကြရတယ်။ စစ်သုံးဘတ်ဂျက်တွေ တိုးတိုးလာတယ်။

၎ဝ။ ဖိလစ်ပိုင်
စစ်သည် 220,000 + အရံအင်အား 430,000 + စစ်လေယာဉ် 135 + တင့်ကား 45 + စစ်သင်္ဘော 135 ရှိတယ်။

၃၉။ ဒိန်းမတ်
စစ်သည် 25,000 + အရံအင်အား 63,000  + စစ်လေယာဉ် 74  + တင့်ကား 57 + စစ်သင်္ဘော 90 ရှိတယ်။

၃၈။ စပိန်
စစ်သည် 125,000 + အရံအင်အား 430,000 + စစ်လေယာဉ် 540+ တင့်ကား 327 + စစ်သင်္ဘော 46ရှိတယ်။

၃၇။ နယ်သာလန်
စစ်သည် 50,000 + အရံအင်အား 32,000 + စစ်လေယာဉ် 164 + တင့်ကားမရှိ + စစ်သင်္ဘော 56 ရှိတယ်။

၃၆။ မြောက်ကိုရီးယား
စစ်သည် 700,000 + အရံအင်အား 4,500,000 + စစ်လေယာဉ် 944 + တင့်ကား 4,300 + စစ်သင်္ဘော 1,061 ရှိတယ်။

၃၅။ မလေးရှား
စစ်သည် 110,000 + အရံအင်အား 296,500 + စစ်လေယာဉ် 227 + တင့်ကား 74  + စစ်သင်္ဘော 61 ရှိတယ်။

၃၄။ သြစတြီးယား
စစ်သည် 30,000 + အရံအင်အား 430,000 + စစ်လေယာဉ် 125 + တင့်ကား 56 + စစ်သင်္ဘော မရှိ။

၃၃။ နော်ဝေ
စစ်သည် 26,500 + အရံအင်အား 45,250 + စစ်လေယာဉ် 104 + တင့်ကား 52 + စစ်သင်္ဘော 62 ရှိတယ်။

32. တောင်အာဖရိက
စစ်သည် 89,000 + အရံအင်အား 17,100 + စစ်လေယာဉ် 212 + တင့်ကား 195 + စစ်သင်္ဘော 30 ရှိတယ်။

31. မက်ဆီကို
စစ်သည် 270,000 + အရံအင်အား 76,500 + စစ်လေယာဉ် 400 + စစ်သင်္ဘော 143 ရှိတယ်။

30. ဆွစ်ဇာလန်
စစ်သည် 140,000 + အရံအင်အား 77,000 + စစ်လေယာဉ် 185 + တင့်ကား 224 + စစ်သင်္ဘော မရှိ။

29. ချက်
စစ်သည် 21,100 + အရံအင်အား 11,000 + စစ်လေယာဉ် 114 + တင့်ကား 123 + စစ်သင်္ဘော 123 ရှိတယ်။

28. ဆော်ဒီအာရေးဗီးယား
စစ်သည် 235,000 + အရံအင်အား 25,000 + စစ်လေယာဉ် 722 + တင့်ကား 1,210 + စစ်သင်္ဘော 55 ရှိတယ်။

27. အယ်လ်ဂျီးရီးယား
စစ်သည် 512,000 + အရံအင်အား 400,000 + စစ်လေယာဉ် 451 + တင့်ကား 975 + စစ်သင်္ဘော 60 ရှိတယ်။

26. စင်္ကာပူ
စစ်သည် 72,000 + အရံအင်အား 950,000 + စစ်လေယာဉ် 262 + တင့်ကား 212 + စစ်သင်္ဘော 40 ရှိတယ်။

25. ယူကရိန်း
စစ်သည် 160,000 + အရံအင်အား 1,000,000 + စစ်လေယာဉ် 234 + တင့်ကား 2,809 + စစ်သင်္ဘော 25 ရှိတယ်။

24. ဆွီဒင်
စစ်သည် 14,000 + အရံအင်အား 26,000 + စစ်လေယာဉ် 228 + တင့်ကား 120 + စစ်သင်္ဘော 313 ရှိတယ်။

23. အီရန်
စစ်သည် 545,000 + အရံအင်အား 1,800,000 + စစ်လေယာဉ် 479 + တင့်ကား 1,658 + စစ်သင်္ဘော 397 ရှိတယ်။

22. ဘရာဇီးလ်
စစ်သည် 330,000 + အရံအင်အား 1,800,000 + စစ်လေယာဉ် 735 + တင့်ကား 486 + စစ်သင်္ဘော 113 ရှိတယ်။

21. ဗီယက်နမ်
စစ်သည် 415,000 + အရံအင်အား 5,040,000+ စစ်လေယာဉ် 289 + တင့်ကား 1,470 + စစ်သင်္ဘော 65 ရှိတယ်။

20. ထိုင်း
စစ်သည် 310,000 + အရံအင်အား 245,000 + စစ်လေယာဉ် 551 + တင့်ကား 722 + စစ်သင်္ဘော 81 ရှိတယ်။

19. ပိုလန်
စစ်သည် 120,000 + အရံအင်အား 515,000 + စစ်လေယာဉ် 461 + တင့်ကား 1,009 + စစ်သင်္ဘော 83 ရှိတယ်။

18. အီဂျစ်
စစ်သည် 470,000 + အရံအင်အား 800,000 + စစ်လေယာဉ် 1,133 + တင့်ကား 4,624 + စစ်သင်္ဘော 245 ရှိတယ်။

17. ပါကစ္စတန်
စစ်သည် 620,000 + အရံအင်အား 515,000 + စစ်လေယာဉ် 923 + တင့်ကား 2,924 + စစ်သင်္ဘော 74 ရှိတယ်။

16. အီတလီ
စစ်သည် 320,000 + အရံအင်အား 42,000 + စစ်လေယာဉ် 785 + တင့်ကား 586 + စစ်သင်္ဘော 174 ရှိတယ်။

15. တိုင်ဝမ်
စစ်သည် 300,000 + အရံအင်အား 1,675,000 + စစ်လေယာဉ် 815 + တင့်ကား 2,005 + စစ်သင်္ဘော 102 ရှိတယ်။

14. ကနေဒါ
စစ်သည် 95,000 + အရံအင်အား 51,000 + စစ်လေယာဉ် 426 + တင့်ကား 181 + စစ်သင်္ဘော 63 ရှိတယ်။

13. ၾသစေတးလ်
စစ်သည် 60,000 + အရံအင်အား 44,240 + စစ်လေယာဉ် 417 + တင့်ကား 59 + စစ်သင်္ဘော 52 ရှိတယ်။

12. အင်ဒိုနီးရှား
စစ်သည် 476,000 + အရံအင်အား 400,000 + စစ်လေယာဉ် 420 + တင့်ကား 468 + စစ်သင်္ဘော 171 ရှိတယ်။

11. အစ္စရေး
စစ်သည် 160,000 + အရံအင်အား 630,000 + စစ်လေယာဉ် 691 + တင့်ကား 4,170 + စစ်သင်္ဘော 66 ရှိတယ်။

10. တူရကီ
စစ်သည် 410,500 + အရံအင်အား 185,630 + စစ်လေယာဉ် 1,007 + တင့်ကား 3,778 + စစ်သင်္ဘော 115 ရှိတယ်။

9. ဂျပန်
စစ်သည် 250,000 + အရံအင်အား 57,900 + စစ်လေယာဉ် 1,590 + တင့်ကား 678 + စစ်သင်္ဘော 131 ရှိတယ်။

8. ဂျာမဏီ
စစ်သည် 180,000 + အရံအင်အား 145,000 + စစ်လေယာဉ် 676 + တင့်ကား 408 + စစ်သင်္ဘော 81 ရှိတယ်။

7. တောင်ကိုရီးယား
စစ်သည် 625,000 + အရံအင်အား 2,900,000 + စစ်လေယာဉ် 1,451 + တင့်ကား 2,381 + စစ်သင်္ဘော 166 ရှိတယ်။

6. ပြင်သစ်
စစ်သည် 205,000 + အရံအင်အား 195,770 + စစ်လေယာဉ် 1,282 + တင့်ကား 423 + စစ်သင်္ဘော 113 ရှိတယ်။

5. ယူကေ
စစ်သည် 150,000 + အရံအင်အား 182,000 + စစ်လေယာဉ် 879 + တင့်ကား 407 + စစ်သင်္ဘော 66 ရှိတယ်။

4. အိန္ဒိယ
စစ်သည် 1,325,000 + အရံအင်အား 2,143,000 + စစ်လေယာဉ် 2,086 + တင့်ကား 6,464 + စစ်သင်္ဘော 202 ရှိတယ်။

3. တရုပ်
စစ်သည် 2,335,000 + အရံအင်အား 2,300,000 + စစ်လေယာဉ် 2,942 + တင့်ကား 9,150 + စစ်သင်္ဘော 673  ရှိတယ်။

2. ရုရှား
စစ်သည် 766,055 + အရံအင်အား 2,485,000 + စစ်လေယာဉ် 3,547 + တင့်ကား 15,398 + စစ်သင်္ဘော 352 ရှိတယ်။

1. ယူအက်စ်အေ
စစ်သည် 1,400,000 + အရံအင်အား 1,100,000 + စစ်လေယာဉ် 13,444 + တင့်ကား 8,848 + စစ်သင်္ဘော 473  ရှိတယ်။

စစ်ရေးအသုံးစရိတ်အများဆုံးနိုင်ငံတွေ
၁။ ယူအက်စ်အေ
၂။ တရုပ်
၃။ အိန္ဒိယ
၎။ ရုရှား
၅။ ယူကေ
၆။ ဘရာဇီးလ်
၇။ ပြင်သစ်
၈။ ဂျပန်
၉။ ဂျာမဏီ

နယူကလီယာလက်နက်တွေပိုင်တဲ့တိုင်းပြည်တွေ
၁။ ယူအက်စ်အေ
၂။ ရုရှား
၃။ ယူကေ
၎။ ပြင်သစ်
၅။ တရုပ်
၆။ အိန္ဒိယ (ပိုင်ထားတယ်လို့ကြေညာထားတဲ့နိုင်ငံ)
၇။ ပါကစ္စတန် (ပိုင်ထားတယ်လို့ကြေညာထားတဲ့နိုင်ငံ)
၈။ မြောက်ကိုရီးယား (ပိုင်ထားတယ်လို့ကြေညာထားတဲ့နိုင်ငံ)

၉။ အစ္စရေးလ် (ပိုင်ထားတယ်လို့ယူဆရတဲ့နိုင်ငံ)
၁ဝ။ တောင်အာဖရိက (ကြိုးစားနေတဲ့နိုင်ငံ)
၁၁။ ယခင်ဆိုဗီယက်ယူနီယံထဲကနိုင်ငံများ (ကြိုးစားနေတဲ့နိုင်ငံ)

Global Firepower (FP) လေ့လာဆန်းစစ်ချက်
မြန်မာ့တပ်မတော်အင်အား
Total Navy Ship Strength by Country = 15
Total Aircraft Inventory Strength by Country = 38
Fighter Aircraft Strength by Country = 38
Naval Frigate Warship Strength by Country = 34
Naval Destroyer Warship Strength by Country = 78
Tank Strength by Country = 30
Armored Fighting Vehicle (AFV) Strength by Country = 50
Self-Propelled Gun (SPG) Strength by Country = 35
Attack Aircraft Strength by Country = 34
Transport Aircraft Strength by Country = 42
Defense Budget by Country = 61
External Debt Totals by Country = 98
Aircraft Carrier Strength by Country = 78

World Military Strengths ကမ္ဘာ့စစ်အင်အား နိုင်ငံအလိုက်နှိုင်းယှဉ်ချက်
USA = 1/126
Russia = 2/126
China = 3/126
India = 4/126
France = 5/126
UK = 6/126
Indonesia = 14/126
Thailand = 21/126
North Korea = 23/126
Myanmar = 32/126
Malaysia = 33/126
Singapore = 65/126
Cambodia = 88/126

ဒေါက်တာတင့်ဆွေ
၂၇-၅-၂ဝ၁၇

Etiquette လောကဝတ်

ဆေးကျောင်းကတည်းက သူငယ်ချင်းတယောက် မကြာခင် တရုပ်ပြည်သွားမယပြောလို့၊ သူငယ်ချင်း ငါလည်း ယူနန်တော့ရောက်၊ ဘေဂျင်းမရောက်၊ မဟာတံတိုင်းမလျှောက်ဆိုတော့ တရုပ်ပြည်မရောက်လို့ ရေးလိုက်တယ်။ ကနေ့တော့ သူက တရုပ်ဟင်းတွေ ချက်နေတာတွေ့တယ်။ ရောမမသွားခင် အီတလီစာစားကျင့်သလိုပဲ။ အဲတာနဲ့ ဒီစာလေးကို အမှတ်ရလာတယ်။

ကျွန်တော့်ဇာတိက တောရွာလေး၊ အရွယ်အစားလည်းသေး၊ ဈေးတောင်မရှိတဲ့ရွာ။ နွေရာသီတိုင်းမှာ ရွာပြန်တယ်။ ရွာကလူကြီးတွေက အလိမ်မာသင်ပေးကြတယ်။ ထမင်းဝိုင်းမှာ ဖိနပ်ချွတ်စားရတယ်။ လူကြီးကို ဦးချရတယ်။ ဟင်းခပ်ဇွန်းကို ထမင်းစားတဲ့လက်နဲ့ မကိုင်ရ။ အသံမည်အောင်မစားရ။ ဟင်းခပ်ပြီးရင် ဇွန်းကို ဟင်းပန်းကန်မှာ အနေတော်အောင် ပြန်ထားရ စသဖြင့်။ အိပ်ရင် အရှေ့ဖက်သာခေါင်းပြုအိပ်ရတာ၊ လူကြီးနဲ့ပေးစရာယူစရာရှိတိုင်း လက်နှစ်ဖက်သုံးရတာ၊ ခေါင်းငုံ့ရတာ စတဲ့နီတိတွေလည်းပါတယ်။ ဘုန်းကြီးတွေနဲ့ ဆက်ဆံရေးစည်းမျဉ်းတွေလည်း ပါတယ်။

ကျွန်တော် ပြည်ပနိုင်ငံရေးတာဝန်နဲ့ ဟိုနိုင်ငံသည်နိုင်ငံတွေဆီ အတော်ကြီးခရီးသွားခဲ့ရတာ၊ အများအားဖြင့်တော့ အနောက်နိုင်ငံတွေပါ။ သူတို့တိုင်းပြည်မှာ ဝတ်စားဆင်ယင်တာ၊ စားတဲ့သောက်တဲ့အခါ လိုက်နာစရာတွေကို အနည်းအကျဉ်းတော့ မသွားခင်လေ့လာထားရတယ်။ Etiquette စာအုပ်ပါဝယ်ထားတယ်။ အရှေ့တောင်အာရှ နိုင်ငံတွေကိုသွားတော့ များများစားစားလေ့လာဖို့မလိုပါ။ အဲဒီစာလုံးကို အဘိဓါန်မှာ ကျင့်ဝတ်၊ ထုံးတမ်း၊ ယဉ်ကျေး ပြူငါမှုလို့လည်း ဘာသာပြန်ပါတယ်။

တရုပ်ပြည်ကို သွားရမယ်ဆိုတော့ လေ့လာမှုအသစ်ပြုရပြန်တယ်။ တူနဲ့တော့ စားတတ်ပါရဲ့ တူကို ပန်းကန်ပေါ်မှာ ဘယ်လိုထားမလည်း အပါအဝင် မသွားခင်မှာကြိုတင်ဖတ်မှတ်တယ်။ ဟိုရောက်တော့ စကားစပ်မိပြီး အဲလို လေ့လာခဲ့တဲ့အကြောင်းပြောပြတယ်။ အဲတာတွေ မလိုပါဘူးဗျာ၊ ထားချင်သလိုထားတဲ့။ အဲဒီနည်းက ပိုကောင်းတယ်။

အနောက်နိုင်ငံတွေမှာ ကြိုက်တာကို ကြိုက်သလောက်ယူစားရတဲ့ ဘရိတ်ဖတ်စ်နဲ့ ဘူဖေးတို့မှာ မကုန်လို့ ပန်းကန်ထဲ ကျန်နေရင် အထင်သေးခံရတယ်။ ကိုတရုပ်တွေကတော့ တူကိုလည်း တင်ချင်သလိုတင်တယ်။ အရိုးတွေ အခွံတွေကို စားပွဲအောက်ပြစ်ချတယ်။ အိန္ဒိယမှာကတော့ တမျိုး။ ကျွန်တော့်မျက်စိနဲ့ မတည့်တာကများတယ်။ ရေဖန်ခွက်တို့ လက်ဖက်ရည်ခွက်တို့ကို သောက်ပြီးရင် ကြမ်းပေါ်မှာချကြတယ်။

ဘယ်နိုင်ငံ ဘယ်လိုပွဲလမ်းရောက်ရောက် ကျွန်တော့်ရွာကနေသင်ပေးတဲ့ အက်တစ်ကက်ကိုတော့ လိုက်နာပါတယ်။ သူတို့စာအုပ်ထဲမှာ အဲတာတွေမပါ။

ဒေါက်တာတင့်ဆွေ
၂၇-၅-၂ဝ၁၇

Plasma Donations from Recovered COVID-19 Patients ကရိုနာဗိုင်းရပ်စ်လူနာ သွေးသွင်းကုသပေးနေပြီ

ကရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး ပြန်ကောင်းလာသူရဲ့သွေးကို လိုအပ်တဲ့လူနာတွေကို သွင်းပေးကုသနည်းကို စမ်းသပ်နေပါတယ်။ သွေးထဲက ပလာစမာအရည်ကိုသွင်း...