Thursday, March 31, 2016

Cyber and Sidecar ဆိုက်ဘာနဲ့ ဆိုက်ကား

မုံရွာမှာ ဆိုက်ကား အင်အားပြနေကြသတဲ့။ အမေရိကားမှာ အိုဘားမားတက်တုံးက ဆိုက်ကားနဲ့ ထောက်ခံတာမရှိခဲ့ပါ။

၃ဝ-၃-၂ဝ၁၆ နေ့က သမ္မတအဟောင်းကနေ မြန်မာနိုင်ငံရဲ့ သမ္မတအသစ်ကို အဆောင်အယောင်လွှဲပြောင်းပေးတဲ့ဓါတ်ပုံ တွေ့လိုက်ရတယ်။ ရွှေစလွယ်ထင်ပါရဲ့။

အမေရိကားမှာတော့ ယူအက်စ် နူကလီယာလက်နက်များ အမိန့်ပေးခြင်း၊ ထိန်းချုပ်ရေး၊ စိတ်ချရေးနဲ့ လုံခြုံရေးအရ အမေရိကန်သမတဟာ အွန်လိုင်း နူကလီယာ ပစ်လွှတ်ရေးစနစ်ကို အလွယ်တကူ ဝင်ရောက်ခွင့်ရှိတယ်။ အဲဒီ အောင်မြင်တဲ့ အာဏာပေးခြင်းစနစ်ဟာ လုံးဝစိတ်ချရပြီး၊ Foolproof Presidential Retinal Scan System လို့ခေါ်တယ်။

အမေရိကန်စစ်တပ်အရာရှိတဦးကနေ အဲဒါထည့်ထားတဲ့ အထူးပြုလုပ်ထားတဲ့ ဘရိကေ့စ်ကိုဆွဲပြီး သမတဘယ်သွားသွား လိုက်ပါရတယ်။ အဲဒီလက်ဆွဲသေတ္တာကို Football ဘောလုံးကွင်းလို့ ခေါ်တယ်။ အဲတာထဲမှာ နေ့စဉ်ပြောင်းပေးထားတဲ့ ပစ်လွှတ်ရေးကုဒ်ပါတယ် ပစ်မှတ်တွေပါတယ်။ တိုက်ခိုက်ရေးအခြေပြပါတယ်။ တိုက်ခိုက်မှုလုပ်မယ်ဆိုရင် အမေရိကန် သမတဟာ သူ့ဘယ်သူဆိုတာကို အထောက်အထား ကုဒ်ပြောရမယ်။ အဲဒီကုဒ်ပါတဲ့ ပလပ်စတစ်ကပ်ပြားလေးကို ဘီစကစ်လို့ခေါ်တယ်။ အဲတာကိုတော့ သမတက သွားလေရာယူသွားရတယ်။

ကနေ့တော့ အဲဒီ ဘောလုံးကွင်းနဲ့ ဘီစကစ်ကခေတ်နောက်ကျသွားကြပါပြီ။ အိမ်ဖြူတော် ဆိုက်ဘာလုံခြုံရေးစနစ်သစ်အရ နေ့တိုင်းနေ့တိုင်း အွန်လိုင်းကနေ သမတဝဘ်ဆိုက်မှာ ကုဒ်ကို ဖတ်လို့ရတယ်။ ဒါပေမယ့် သမတရဲ့ မျက်စိမြင်လွှာစကန်နဲ့ ကာကွယ်ထားပါတယ်။

အမေရိကားမှာ ဆိုက်ဘာ၊ ကျွန်တော်တို့ဆီမှာ ဆိုက်ကား။ ဘာပဲဖြစ်ဖြစ် ကျေနပ်တယ်။ မြန်မာ့ဆိုက်ဘာခေတ်ကို ဖွင့်ပေးတာနဲ့လည်းတူတယ်။

ဒေါက်တာတင့်ဆွေ
၁-၄-၂ဝ၁၆

Our valued costume ဒုတိယ ပင်နီခေတ်

မင်္ဂလာပါဆရာ၊ ပင်နီဆိုတဲ့စကားလုံးသမိုင်းကြောင်းလေး အားရင်တင်ပေးပါ။ ပင်နီတွေရောက်လာပြီလို့ ဆရာ ခုနက တင်ထားတာတွေ့လို့ပါ။ ကျေးဇူးတင်ပါတယ်။ မျိုးသန့်၊ ကျား ၅၅ နှစ်၊ ဗိုလ်တထောင်၊ ရန်ကုန်။

- ကုမ္မာရီအပျိုစင်များမှာ မျိုးချစ်စိတ်တွေထက်သန်လာကြပြီ၊ ဝတ်ကြဆင်ကြပါသည်၊ တို့ဗမာဖျင်နီ၊ တို့ဗမာဖျင်နီ၊ အမော်အကြွားအတုအပ တခုမျှမရှိကြပါသည်၊ ယခုမှ သတိရလေတော့သည့့်

ပင်နီဖျင်၊ ပင်နီအင်္ကျီနဲ့ ယောထဘီတွေကို ရှေးပဝေသဏီကတည်းက ဝတ်ဆင်ခဲ့ကြတယ်။ စိုက်ပျိုးရေးသာအားကိုးရပြီး၊ တခြားနိုင်ငံတွေနဲ့လည်း ခရီးမပေါက်ခင်ကာလမှာ သဘာဝထွက်နဲ့သာ လူလုပ်ခဲ့ကြတယ်။ စားစရာကို အောက်အရပ်နဲ့ ဝတ်စရာကို အညာဒေသကနေ စိုက်ပျိုးထုတ်လုပ်ပေးခဲ့ပါတယ်။ မုတ်သုန်ဥတုရှိတဲ့တိုင်းပြည်မှာ ဖျင်ထည်-ခြည်ထည်ဟာ အကောင်းဆုံးဖြစ်တယ်။ အေးလွန်းတဲ့အခါလည်း
- မပူပေါင်နောက်ဆီကချမ်းရော့ထင့်၊ အဖြူစောင် ခေါက်ထည်ကြမ်းကိုလ၊ လွှမ်းတဲ့လို့လွှားကာခြုံ့ လုံခဲ့ကြတယ်။

ကျွန်တော်ငယ်ငယ်က ပုလဲနဲ့ မုံရွာမှာ ပင်နီသုတနည်းနည်းရခဲ့ပါတယ်။ ပင်နီဆိုတာ ချည်ဖြူကို ဆေးနီဆိုးထားတာ မဟုတ်ပါ။ ပင်ကိုယ်အနီဖြစ်ပါတယ်။ ဝါအဖြူနဲ့ ဝါအနီလို့ရှိတယ်။ ဝါနီက ဂွမ်းထွက်လျော့ပြီး အမွှေးလည်းတိုတယ်။ ဝါဖြူပင်ထက် ကြုံလှီတယ်။ ဝါပင်တရာမှာ ဝါနီတပင်နှစ်ပင်သာပါလေ့ရှိတယ်။ ဝါကောက်ခါစမှာ အရောင်မရင့်သေးပါ။ သီတင်းကျွတ်နဲ့ တန်ဆောင်မုန်းလမှာ ဝါကောက်ပြီး မြေအိုးကလေးထဲ သိပ်ပြီးနှပ်ထားရတယ်။ တပို့တွဲ၊ တပေါင်းကျတော့ အိုးထဲကနေထုတ်ယူပြီး၊ ဝါကြိတ်၊ ကြိတ်ပြီးရင် ဝါဖန့်၊ ချည်ငင်ပြီး ရက်တော့ ပင်နီဖျင်အုပ်ဖြစ်လာပါတော့တယ်။

ပင်နီအစ ဝိုင်အမ်ဘီအေကလို့ဆိုကြတယ်။ ဝံသာနုခေတ်မှာ အမျိုးသားရေးဝိသေသလက္ခဏာအဖြစ် ပေါ်ထွန်းခဲ့တယ်။ နိုင်ငံခြားဖြစ်အသုံးအဆောင်တွေကို ဆန့်ကျင်ပြီး ရိုးရာပင်နီအင်္ကျီနဲ့ ယောလုံချည်၊ ယောထဘီတွေကိုသာ ဝတ်ဆင်ကြဖို့ လှုံ့ဆော်မှုတွေနဲ့အတူ ကျယ်ပြန့်ခဲ့ပါတယ်။ လူကြီးတွေ၊ လူပျိုတွေ၊ အပျိုတွေပါ အမြတ်တနိုးဂုဏ်ယူဝတ်ဆင်ကြသည်။ ပင်နီဝတ်သူကို ဝံသာနုစိတ်ရှိသူလို့ သတ်မှတ်ခဲ့ကြတယ်။ သပိတ်မှောက်ကျောင်းသားကြီးတွေက ပင်နီကိုဝတ်ပြီး တရားဟောကြတယ်။ အမျိုးသားကျောင်းတွေက ဆရာ၊ ဆရာမတွေကလည်း ပင်နီဝတ်ပြီးစာသင်တယ်။ သခင်တွေက ပင်နီကိုဝတ်ပြီးနိုင်ငံရေးလုပ်တယ်။ ကျောင်းသားခေါင်းဆောင်အောင်ဆန်းလည်းပါတယ်။ အမျိုးသားပညာဝန် ဦးဖိုးကျားနဲ့ ဒီးဒုတ်ဦးဘချိုတို့လည်းပါတယ်။ အထင်ရှားဆုံးပုဂ္ဂိုလ်ကတော့ သခင်ကိုယ်တော်မှိုင်းဖြစ်တယ်။ အဲတာကို ပင်နီတခေတ်ဆန်းခြင်းလို့ ခေါ်ပါတယ်။

- မောင်တို့ရွာမှာ ဘာတွေပေါပါလိမ့်၊ ပင်နီချောနဲ့ ယောထဘီ၊ ပင်အင်္ကျီမှာ ကြွေတွေစီလို့
- အင်္ကျီပါးကိုပယ်မည်၊ ယနေ့ပင် ဝတ်မည်ပင်နီ့
- ကမ္ဘာတွင် မြန်မာမျိုးတို့ ဓမ္မာရိုးအစဉ် ဖျင်ပင်နီနှင့် ဆင်ထဘီ တဘက်ကြမ်းတို့ကို ရက်ကန်းတွင် လွန်းပြန်ထိုးပါလို့ ပန်းဆိုးကာ ကိုယ်စီဝတ်ကြရ မိုးစွတ်နှင့်နေပူခံ့

ခုခေတ်နိုင်ငံရေးမှာ ပြောစရာတွေရှိလို့ ပြောကြရေးကြတယ်။ လူထုဒေါ်အမာက ပင်နီဆိုတာ ပင်ကိုယ်ကနီနေတယ်။ ပေါ်ပင်နိုင်ငံရေးလုပ်သူတွေကို ဆိုးဆေးပင်နီဝတ်တဲ့သူတွေ၊ ပင်နီအတုတွေလို့ ကဲရဲ့ကြတယ်။

ပင်နီချည်စကို ချုပ်မဝတ်ခင်မှာ ပျော့ပျောင်းအောင် ရေစိမ်ပေးရသေးတယ်။ ငယ်ငယ်က မုံရွာအိမ်မှာ မိဘတွေအဲလို တကူးတကလုပ်ခဲ့ကြရတာကို မှတ်မိနေတယ်။ ဆေးကျောင်းသားအထိ ပင်နီတိုက်ပုံဝတ်ရတယ်။ ခေတ်ကာလအလျှောက် ပင်နီအစစ် ဝတ်ကြတာတော့နည်းပြီ။ ပင်နီချော၊ ပင်နီရောင်နဲ့ ဒီဇိုင်နာပင်နီထည်တွေကိုဝတ်နေကြပြီ။ အဲတာအထိတော့ လိုက်မပြောလိုပါ။ ပင်နီတခေတ်ဆန်းချိန်မှာ ခေတ်မီတာကောင်းပါတယ်။ စိတ်ထား၊ အပြောနဲ့ အလုပ်တွေကတော့ ပင်နီစစ်ကြစေချင်တယ်။

- တမျိုးယဉ်တာ ပိုးဖျင်လွှာ၊ မြန်မာပြည် ပင်နီယောနဲ့ ဝတ်ဆင်ဦးမှာ၊ အပေါင်းပြည်ရွာ ကောင်းပေတာ။

ဒေါက်တာတင့်ဆွေ
၃၁-၃-၂ဝ၁၆

In our own ways ဒီမှာလည်း အောင်ပွဲ

မတာရာတင့်ဆွေရဲ့ မီးပူတိုက်သင်္ခန်းစာနံပါတ်တစ်၊ မကြာမီ ပင်နီအင်္ကျီဝတ်ဖြစ်တော့မယ်။

ပြည်တော်ပြန် မခင်အေးမြင့်က မေမေနဲ့ သူ့အတွက် ပင်နီတထည်စီ ပို့ထားတယ်လို့ သမီးက အခုပဲ မက်ဆေ့ခ်ျ ပို့တယ်။ သူကပဲ နောက်နှစ်ပါတ်နေရင် NLD နဲ့ ပြည်သူအောင်ပွဲ (ဝက်စ် ဗာဂျီးနီးယား) မှာ စကားလာပြောပါလို့ တမြန်နေ့က လှမ်းဖိတ်ထားတယ်။ သူနေတာက ၄၈၈့၎ မိုင်ဝေးလို့ ၇ နာရီနဲ့ ၄၁ မိနစ်ကြာ ကားမောင်းရမယ်။

မနေ့ကတော့ (ပစ်ဘတ်) နေ ကိုကျော်ရွှေကလည်း သူဖွင့်ထားတဲ့စားသောက်ဆိုင်မှာ ဒီမိုသမား အလကားလာစားပါတဲ့။ သူ့နေရာက ၃၅၉့၂ မိုင်ဝေးလို့ ၅ နာရီ ၂၈ မိနစ်ကြာကားမောင်းရမယ်။

ဒေါက်တာတင့်ဆွေ
၃၁-၃-၂ဝ၁၆

Pinny dresses အေးစရာ

- အခုရောက်လာ၊ ဗမာပြည် ညီဆီကပို့တာ။
- ပင်နီတွေများစွာ၊ တမိသားစုလုံးအတွက်တဲ့ဗျာ။
- အဝေးမှာအနေကြာ၊ နွေမှာ မင်္ဂလာယူဖို့ပါ။

ဒေါက်တာတင့်ဆွေ
၃၁-၃-၂ဝ၁၆

Medical Students ဆေးကျောင်းသားခေတ်

- စစ်ကိုင်း၊ တနင်္သာရီ၊ ရှမ်းပြည်၊ မန္တလေး၊ မကွေး၊ ဆေးကျောင်းသားတွေလုပ်တဲ့ နိုင်ငံရေး၊
- ကြွားချင်လို့တော့ မရေး၊ လူငယ်တွေ လူရွယ်တွေလုပ်ကြစေချင်လို့ အသိပေး။
- ရေပေါ်ဆီ၊ ခါတော်မီ၊ ဖျာခင်းတာနဲ့ ခြံခုန်တာတော့ သတိပေး။
- စစ်ကြောရေး၊ ထောက်လှမ်းရေး၊ မတရားစီရင်ရေး၊ ဆဲရေး၊ မိသားစုအရေး၊ စားဝတ်နေရေး၊ ပေးဆပ်ကြေး။
- ဆေးကျောင်းမှာက အချိန်ခုနစ်နှစ်ပေး၊ နိုင်ငံရေးမှာတော့ အကန့်အသတ်မရှိတဲ့ဘေး။
- ခေတ်ဟောင်းအညစ်အကြေးတွေဆေး၊ ကျွန်တော် စိတ်အေး၊ အလွန်အားပေး။

ဒေါက်တာတင့်ဆွေ
၃၁-၃-၂ဝ၁၆

HIV Prevention ကာကွယ်ဆေး

ဆရာခင်ဗျာ ကျွန်တော် အသက် ၃ဝ နှစ်ဖြစ်ပါတယ်။ ကျွန်တော် ငွေကြေးဖြင့် ငှားရမ်းနိုင်သောမိန်းမနဲ့ ကွန်ဒုံးမပါပဲ့  ရက်နေ့ကဆက်ဆံမိခဲ့ပါတယ်။ နောက်တနေ့မှာ HIV prevention အဖွဲ့အစည်းခုအား မည်သည့်နည်းဖြင့် HIV ကို ကာကွယ်ရန်ဆေး မရှိဘူးလားဟု ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ ကာကွယ်ရန်ဆေးမရှိကြောင်းနှင့် နောက် ၃ လနေက ဆေးစစ်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ ကျွန်တော်သိလိုသည်မှာ ကာကွယ်ရန်ဆေး တကယ်မရှိတာလား။ မြန်မာနိုင်ငံအခြေအနေနှင့် မရှိတာလား။ ကျွန်တော် ပြင်ဦးလွင်မြို့တွင်နေထိုင်ပါသည်။ ၃ လကြာနေပြီးမှ ဆေးစစ်ချက်ကို အတည်ပြုယူနိုင်မှာလား။ ၃ လထက်စော၍ စစ်ဆေးလို့မရနိုင်ဘူးလားဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ။

HIV စစ်ဆေးတာကို အခုစာရေးတဲ့အချိန်ထိတော့ သံသယဖြစ်စရာနဲ့တွေ့ကြုံအပြီးနောက် (၃) လနေမှသာစစ်နိုင်ပါတယ်။ စောသိနိုင်တဲ့နည်း စမ်းသပ်မှုတွေတော့ရှိပါတယ်။ အတည်ပြုထားတာတော့မရှိသေးပါ။

HIV ကို Pre-exposure Prophylaxis (PrEP) ပိုးနဲ့ မတွေ့ခင် ဆေးကြိုတင်သောက်နည်းနဲ့ ကာကွယ်နိုင်တယ်။ HIV သံသယရှိတဲ့ လိင်မှုပြုမယ်ဆိုသူတိုင်း Truvada ဆေး ၂ ပြားကို ၂၄ နာရီ ကြိုတင်သောက်ပါ။ အဲလိုအမှုပြုပြီးရင် တရက် ၁ လုံး၊ ၂ ရက်ဆက် သောက်လိုက်ပါ။ ၃ နေရင် ဆေးစစ်ပါ။ Truvada ဟာ ဆေးပြားဖြစ်တယ်။ လူကြီးတွေကို တနေ့မှာ Tenofovir (Viread) 300 mg နဲ့ Emtricitabine (Emtriva) 200 mg ပါတဲ့ တွဲထားတဲ့ဆေးဖြစ်တယ်။ အစာနဲ့ နီးနီးဝေးဝေး သောက်နိုင်တယ်။ ကျောက်ကပ်မကောင်းရင် ဆေးလျှော့ရမယ်။

ဆေးဝါးဗေဒလို Nucleoside analog reverse transcriptase inhibitors (Nukes) ဖြစ်တယ်။ HIV ရဲ့ RNA ကနေ DNA ဖြစ်လာအောင် ကူညီပေးတဲ့ (အင်ဇိုင်းမ်) အပြောင်းအလဲကို သက်ရောက်စေတယ်။ ဒီဖြစ်စဉ်ဟာ HIV ပိုးရဲ့ Genetic code မျိုးဗီဇ (ကုတ်) ကို ကူးစက်ခံရတဲ့ (ဆဲလ်) ရဲ့ Genetic code မျိုးဗီဇ (ကုတ်) ထဲကိုမဝင်နိုင်ခင် လုပ်ပေးတာ ဖြစ်တယ်။ Truvada ဆေးကို ၂ဝဝ၄ ကတည်းက အသိအမှတ်ပြုထားခဲ့ပါတယ်။ ၁၈ နှစ်အောက် ကလေးလူငယ်တွေနဲ့ Hepatitis B ဘီပိုးရှိနေသူတွေအတွက် စမ်းသပ်မှုတွေ မစုံသေးပါ။ ဆေးမပေးခင် CD4 Cell count နဲ့ Viral load (ဗိုင်းရပ်စ်) အရေအတွက်၊ ရောဂါလက္ခဏာတွေကိုပါ သိရမယ်။ ဒီဆေးနဲ့ တခြား (ARVs) တွေနဲ့ တွဲသောက်သူတွေမှာ (ဗိုင်းရပ်စ်) အရေအတွက် သိသိသာသာ လျှော့လာတာတယ်။ CD4 cell counts တက်လာတယ်။

ဘယ် ART/ARV ဆေးမဆို သောက်ခါစမှာ ခေါင်းကိုက်၊ သွေးဖိအားတက်၊ နေမကောင်းသလို ခံစားရတာတွေ ဖြစ်တယ်။ ဆေးသောက်တာ ကြာရင်တော့ ခံစားရတာတွေသက်သာလာမယ်။ Truvada ဆေးကြောင့် ခေါင်းကိုက်၊ ပျို့-အန်၊ အနီပြင်ထွက်၊ အစားပျက်တာတွေ ဖြစ်စေနိုင်တယ်။ တချို့ လူတွေမှာ Creatinine နဲ့ Transaminases (အင်ဇိုင်းမ်) တွေတက်တာ ဖြစ်စေနိုင်တယ်။ အသည်း၊ ကျောက်ကပ် မကောင်းရင် ဒါတွေများနေတယ်။ ရိုးတွင်းခြင်ဆီ အားနည်းစေနိုင်သေးလို့ (ကယ်လ်စီယမ်) နဲ့ ဗီတာမင် (ဒီ) တွေပါ သောက်တာကောင်းတယ်။ တချို့မှာ Lactic acid လဲတက်နိုင်တယ်။ အသည်းအဆီဖုံးတာ ဖြစ်လာနိုင်တယ်။ Lamivudine (Epivir, 3TC), Combivir, Trizivir or Epzicom ဆေးတွေနဲ့ တွဲမသောက်သင့်ဘူး။ အမေရိကန် ဖက်ဒရယ်လမ်းညွှန်ကို ၁၄-၅-၂ဝ၁၄ နေ့က ထုတ်ထားတယ်။ Truvada ဆေးက ၉၂% ကာကွယ်တယ်။ (ဂေး) တွေ၊ စအိုလမ်းသုံးသူတွေ နေ့တိုင်းသောက်ရတယ်။ ၃ လနေရင် ဆေးစစ်ပါ။

အမေရိကန်ပြည်ထောင်စု ဆီယာတယ်လ်မှာကျင်းပခဲ့တဲ့ ကွန်ဖရင့်မှာ ယူကေနိုင်ငံကပညာရှင်တွေကနေ Truvada ဆေးဟာ HIV ကူးစက်ခံရနိုင်ခြေ ၈၆% နည်းစေတယ်လို့ ပြောလိုက်ပါတယ်။ အဲလိုဆေးပေးနည်းကို Pre-exposure prophylaxis (PrEP) လို့ခေါ်တယ်။ ၂ဝ၁၂ ကတည်းက လူပေါင်း ၅၄၅ ယောက်ကို စမ်းသပ်ခဲ့တာဖြစ်ပါတယ်။ ၂၇၆ ယောက်ကို အဲလိုဆေး ချက်ချင်း ပေးခဲ့ပြီး၊ ၂၆၉ ယောက်ကိုတော့ ၁၂ လနေမှသာ ဆေးပေးပါတယ်။ ၂၂ ယောက်မှာ ပထမနှစ်အတွင်း HIV ကူးစက်ခံရတယ်။ ၃ ယောက်က ပထမအုပ်စုကဖြစ်ပြီး၊ ကျန် ၁၉ ယောက်က ဒုတိယအုပ်စုက ဖြစ်ပါတယ်။ ၁့၃% နဲ့ ၈့၉% ကူးစက်ကြတယ်။ ဒါကြောင့် HIV ပိုးရှိနေသူနဲ့ အတူနေသူတွေဟာ Truvada ဆေးကို ချက်ချင်းသောက်ရင် HIV ကူးစက်လာမှာကို ကာကွယ်ဖို့ သုံးနိုင်ကြပါတယ်။

နေ့စဉ် tenofovir disoproxil fumarate (TDF) 300 mg နဲ့ emtricitabine (FTC) (Truvada) 200 mg ပေးနည်း ဖြစ်တယ်။ ကျား-ကျား လိင်ဆက်ဆံသူ၊ ကျား-မ လိင်ဆက်ဆံသူ၊ HIV အလာအလာရှိတဲ့ မူးယစ်ဆေး ထိုးသူတွေကို ပေးတယ်။ HIV infection ကို ၃ လတခါ ဆေးစစ်နေသင့်တယ်။ ကျောက်ကပ်အခြေအနေကို ၆ လတခါ စစ်နေသင့်တယ်။

1. HIV အတွက် Truvada ဆေး http://doctortintswe.blogspot.com/2014/12/hiv-truvada.html
2. HIV Prevention ကာကွယ်ဆေး http://doctortintswe.blogspot.com/2014/10/hiv-prevention.html
3. HIV အတွက် ART ဆေးများ http://doctortintswe.blogspot.com/2015/02/hiv-art.html

ဒေါက်တာတင့်ဆွေ
၈-၃-၂ဝ၁၅
၁၉-၄-၂ဝ၁၅
၃၁-၃-၂ဝ၁၆

End of an Era ဆုတောင်းရင်ပြည့်တယ်

သတင်း = မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အစိုးရအဖွဲ့ရုံးများ လိုက်လံစစ်ဆေးစဉ် ဝန်ထမ်းများက “အဘ” ဟု ခေါ်ဆိုသည့်အပေါ် သတိပေးပြောဆိုလိုက်ခြင်းဖြစ်သည်။ (ဧရာဝတီ)

ကျွန်တော်ဆီ မေးလာ-ရေးလာသူတွေက (အဘ) ကို ဗုံးပေါလအောသုံးနေကြလို့ သိုက်စာဘာသာပြန်ရသလိုဖြစ်လို့ အဘတို့ခေတ်-သမီးတို့ခေတ်ကျဆုံးပါစေလို့ ခဏခဏ (ခဏခဏ) ရေးနေခဲ့ရတယ်။

ကျွန်တော်ကို အကို၊ ဦးလေး၊ အဘ၊ ဘဘလို့အခေါ်ခံရတာနဲ့ စာရေးတဲ့သူကနေ သား၊ သမီးလို့ရေးတာတွေဟာ အခက်အခဲတွေ ဖြစ်စေပါတယ်။ သားလို့ရေးရင် ရေးတဲ့သူလား၊ သူ့သားလား စဉ်းစားရတယ်။ သမီးလို့ ရေးတဲ့သူဆိုရင် ရေးတဲ့သူလား၊ သူ့သမီးလား၊ သူ့ (မြေးမလေး) လား စဉ်းစားရတယ်။ ကိုယ့်နာမည်ကို အဖျားဆွတ်ရေးတာလည်း နားလည်ရခက်တယ်။

အဘလို့ရေးတာကိုတော့ မသတီပါ။ အဘဆိုတာ စစ်အစိုးရထဲကလူကြီးတွေကို ခေါ်ကြတယ်၊ တပ်ရင်းမှူးကို ခေါ်ကြတယ်။ နိုင်ငံရေးလုပ်သူတွေကို ဖမ်းဆီးနှိပ်စက်၊ ထောင်ချခဲ့သူကိုယ်တိုင်က ထောင်ကနေလွတ်လာတော့ သူ့ကိုယ်သူ အဘတဲ့။

ကိုယ့်အမျိုးတွေ၊ ရင်းနှီးသူတွေအချင်းချင်း ကြိုက်သလိုခေါ်ကြတာ ဘာမှပြောစရာမရှိပါ။ ကျွန်တော့်ဆီရေးရင်တော့ မလိုတဲ့အချိန်လည်းကုန်ရလို့ပါ။ အဘလို့လည်း မခေါ်ကြနဲ့။ အဘလိုလည်းမလုပ်ကြနဲ့။ အဘခေတ် ကျဆုံးပါစေ။

နာမည်နဲ့ အချိန်အပိုတွေ ကုန်ခဲ့ရတယ်။ (ဦးကြီး) ခေတ်လည်း အဲလိုကျဆုံးခဲ့ပြီးပါပြီ။

ဒေါက်တာတင့်ဆွေ
၃၁-၃-၂ဝ၁၆

Wednesday, March 30, 2016

9-9-1996 Press conference အစိုးရသတင်းစာဆိုတာ

ကနေ့ထုတ် (ယခင်) အစိုးရပိုင် သတင်းစာတွေ တမူထူးခြားလာတာတွေ့လို့ ဒီပို့စ်လေးတင်ပါရစေ။ ကျွန်တော့် နာမည်နဲ့သတင်းတွေကို စစ်အစိုးရပိုင်သတင်းစာတွေထဲမှာ အနည်းဆုံး (၃) ကြိမ်ပါဖူးတယ်။ ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်သတင်း၊ ပြည်ပြေး၊ ဝရမ်းပြေးအဖြစ်ကြေညာတဲ့သတင်းနဲ့ စစ်အစိုးရ သတင်းစာရှင်းလင်းပွဲတွေမှာဖြစ်ပါတယ်။ အမည်မည်းစာရင်းကိုတော့ (ယခင်) သမတရုံး ဝဘ်ဆိုက်မှာဖေါ်ပြပါတယ်။

၉-၉-၁၉၉၆ နေ့ကပြုလုပ်သော (နအဖ) သတင်းစာရှင်းလင်းပွဲတွင် ဒေါက်တာတင့်ဆွေ၏ ပြည်တွင်း အဆက်အသွယ် လုပ်ငန်းများအပေါ် စွပ်စွဲချက်များ ပြုလုပ်ခဲ့သည်။

BURMA PRESS SUMMARY
The New Light of Myanmar
Information Committee Briefing
Sept. 2, 1996: Minister for Information Maj-Gen. Aye Kyaw and Head of Office of the Strategic Studies Col. Kyaw Thein
သတင်းအကျဉ်းချုပ်
မြန်မာ့အလင်း
သတင်းထုတ်ပြန်ရေးကော်မတီ၏ သတင်းစာရှင်းလင်းပွဲ
စက်တင်္ဘာ (၂) ရက်၊ ၁၉၉၆
ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်အေးကျော် နှင့် မဟာဗျူဟာလေ့လာရေးဌာနအကြီးအကဲ (ဗိုလ်မှူးကြီးကျော်သိန်း)

Allow me now to give you some information about one of the groups which was formed under the name the National League for Democracy (Expatriate-India) and which is headed by Dr. Tint Swe NLD and ex-representative-elect U Than Sein NLD of Pale Township, U Bo Thaung NLD of Yin Mar Bin Township and U Za Hle Htang of Falam. This group, after July 1995, made efforts to gain contact with members of the National League for Democracy within the country. Dr. Tint Swe, who resides in New Delhi, got in touch with representative-elect of Kalemyo U Dho Htaung through an ABSDF member named Kyaw Moe also known as Nyi Nyi who lives in Champhai, India.
(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လွတ်မြောက်နယ်မြေ၊ အိန္ဒိယ) (ဒေါက်တာ တင့်ဆွေ၊ ပုလဲ (၂) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) နှင့် (ဦးသန်းစိန်၊ ပုလဲ (၁) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) တို့သည် NLD ပြည်ပကို ဦးဆောင်ပြီး၊ ဦးဗိုလ်သောင်း၊ ယင်းမာပင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဒေါက်တာဇလှေထန်း၊ ဖလမ်း CNLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တို့အပါအဝင် အဆိုပါအဖွဲ့သည် ၁၉၉၅ ဇူလိုင်လမှစပြီး ပြည်တွင်း NLD အဖွဲ့နှင့်ဆက်သွယ်ရန် ကြိုးပမ်းခဲ့ကြသည်။

နယူးဒေလီတွင်နေထိုင်သည့် ဒေါက်တာတင့်ဆွေသည် ABSDF အဖွဲ့ဝင် အင်ဖါးမှာနေထိုင်သော ကိုကျော်မိုး  (ခေါ်) ညီညီမှတဆင့် ကလေးမြို့နေ ဦးဒိုထောင်းနှင့် အဆက်အသွယ်လုပ်ခဲ့သည်။ ဦးဒိုထောင်းအား အောက်ပါတို့ကို ဆောင်ရွက်ရန် တာဝန်ပေးသည်။
U Dho Htaung was then assigned the following three tasks:
- to recruit and dispatch trainees to attend a political defiance training course in political [sic] to be conducted under the auspices of the NLD (Expatriate-India) group.
- to employ U Sa Kon Nga (ကျွန်တော်မသိသူ) , a merchant, trading between Kalemyo and Aizawl in India, as courier for keeping in continuous touch.

U Dho Htaung, carried out the tasks assigned by Dr. Tint Swe and collected information on location of army encampments, routes used and other relevant facts by using three persons, namely; Tin Cho (ကိုတင်ချို), Win Naing (ကိုဝင်းနိုင်) and Ba Min (ဦးဘမင်း). He then passed the information on to ABSDF member Kyaw Moe (ကိုကျော်မိုး) (a) Nyi Nyi. For establishing an NLD Expatriate Group branch office in Monywa, U Dho Htaung approached one Daw Khin Mar Kyi (ဒေါက်တာဒေါ်ခင်မာကြည်၊ မုံရွာ), a resident of Monywa. She in turn enlisted one Tin Hlaing (ဦးတင်လှိုင်၊ မုံရွာ) and together they tried to organize and persuade people to join the NLD Expatriate Group. They also distributed anti-government publications.

These people use code names and Dr. Tint Swe's code name is Mr. Thomas, U Dho Htaung's is Lucky Seven and Daw Khin Mar Kyi's is Victory. Dr. Tint Swe used Kyaw Moe (a) Nyi Nyi to get in touch with his spouse Daw Mya Aye (ဒေါ်မြမြအေး၊ ဒေါက်တာတင့်ဆွေ၏ဇနီး) who lives in Monywa. Kyaw Moe then communicated with NLD organizers Sein Myint (ဦးစိန်မြင့်၊ မုံရွာ) of Monywa Township and Hla Soe of Mandalay South-East Township through Daw Mya Aye. These groups, in addition to dispatching local news to the NLD Expatriate Groups abroad, distributed anti-government propaganda leaflets within the country itself. Much of the printed matter was circulated in Mandalay, Sagaing and Monywa (မန္တလေး၊ စစ်ကိုင်း၊ မုံရွာ) townships. It has been found that members of the legitimate NLD party were also involved in these acts of subversion.

The following are some of the pamphlets sent by the NLD (Expatriate-India) (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လွတ်မြောက်နယ်မြေ၊ အိန္ဒိယ) group and distributed within the country;
- pamphlets inciting opposition to the National Convention (အမျိုးသားညီလာခံ).
- pamphlets on political defiance tactics and methods.
- illustrated pamphlets inciting opposition against the Government.
- handbook on intelligence gathering and dissemination of information.
- handbook on the Strategic Plan of the NCGUB (ပြည်ထောင်စုမြန်မာနိုင်ငံ၊ အမျိုးသားညွန့်ပေါင်းအစိုးရ).

These various pamphlets and handbooks were distributed not only in Mandalay, Monywa and Sagaing but were also sent on to Yangon. Hla Soe (ဦးလှစိုး၊ မန္တလေး) of Mandalay South-East Township sent some of these publications to Khun Myint Htun (ဦးခွန်မြင့်ထွန်း သထုံ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) at the NLD in Yangon for distribution among NLD youths.

Moreover, it was discovered that Dr. Tint Swe had also established communications with the NLD in Yangon mainly through U Dho Htaung of Kale. On 21 November, 1995 a letter from the NLD (Expatriate-India) group for the purpose of establishing contacts was brought to Yangon by Secretary of the Kale Township NLD, Ba Min himself and delivered personally to U Tin U (ဦးတင်ဦး). Information was received that U Dho Htaung's sons, U Ri Dein (ဒေါက်တာရိုဒင်း၊ ဦးဒိုထောင်း၏သား၊ ကလေးမြို့) and U La Lao Han visited Daw Aung San Suu Kyi on 27 November 1995, and gave her a video tape entitled 'Beyond Rangoon,' and other documents. Again on 5 December 1995, Organizer of the Sagaing Division NLD, U Kyaw Thaung (ဦးကျော်သောင်း၊ စစ်ကိုင်း) went to Daw Aung San Suu Kyi (ဒေါ်အောင်ဆန်းစုကြည်) to deliver the message issued on the occasion of the fifth anniversary of the NCGUB and some other documents. The letters were accepted in the presence of U Tin U who was there at the time. They have made no attempts whatsoever to inform the authorities concerned as required by law, that an unlawful organization from abroad had communicated with them.

Of the documents found and confiscated, the most significant is the Handbook on the Strategic Plan of the NCGUB. This plan prescribes two courses of action. The first advocates the convening of parliament on the basis of dialogues to be held. The second proposes the formation of an interim coalition government again on the basis of dialogues. But for implementation of either course of action, it calls upon the legitimate party within the country and all illegal expatriate political organizations to exert pressure with the backing of foreign countries and place the State Law and Order Restoration Council Government in a predicament.

ဒေါက်တာတင့်ဆွေ
၃ဝ-၃-၂ဝ၁၆

Breaking news သတင်းထူးဆိုတာ

မနေ့က တီဗွီကြည့်နေရတာ ဒီအချိန်မှာ၊ ကနေတော့သတင်းစာ။ နေ့နေ့ညည ဆိုရှယ်မီဒီယာ။
ရေဒီယိုတွေကလည်း မနက်နဲ့ညပါ၊ မီဒီယာအစုံပြောပြနေတဲ့ ပြည်မြန်မာ။

၁၉၆၂ ခုနှစ် မတ်လ (၂) နေ့မနက် ၉ နာရီခွဲလောက်မှာ၊ နေရှင်နယ်စားပွဲတင်ရေဒီယိုလေးကနေသာ။
မြန်မာပြည်ရဲ့ အထူးခြားဆုံးသတင်းကို စစ်သီချင်းတွေနဲ့အတူ နားထောင်ခဲ့ရပါ။

ကျွန်တော့်ဘဝမှာ သတင်းထူးတခုနဲ့တခုဟာ ၅၄ နှစ်နဲ့ ၂၈ ရက်ကွာ။

ဒေါက်တာတင့်ဆွေ
၃၁-၃-၂ဝ၁၆

Noted Comments ကွန်မင့်တွေနဲ့ စကားပြောခြင်း

ဝန်ကြီးချုပ်သစ်တွေထဲက ကိုယ်နဲ့သိတဲ့သူတချို့အကြောင်းအောက်မှာ ရင်ဖွင့်သူတွေရှိတာကိုတော့ ရေးပြီးပါပြီ။

သက်တမ်းကုန်သွားတဲ့သမတကို ဝေဖန်ချက်ရေးတော့ (ထိုက်သင်တဲ့ချီးမွမ်းခြင်းတွေ မရပေမယ့် နိုင်ငံကို တတ်နိုင်သမျှ ညင်ညင်သာသာ တည်တည်ငြိမ်ငြိမ် ပြောင်းလဲဖို့ ကြိုးစားပေးခဲ့တဲ့အတွက် သမ္မတကြီးဦးသိန်းစိန်ကို ကျေးဇူးတင်ပါတယ်) စသဖြင့် ရေးတာတခုလည်းပါတယ်။

ပြန်ရေးလိုက်ပါတယ်။ သူတက်ကာစမှာ ဗီနိုင်းကိုင်ခဲ့သူတွေလည်းရှိတာမို့ ခုထိ အတိုင်းအတာတခုထိ သဘောကျသူ ရှိနေတာလည်း မဆန်းပါ။ အဲလိုအမြင်မတူခွင့်ရအောင် နှစ် ၂ဝ ကျော်လုံးပမ်းခဲ့ရတယ်။ သမ္မတကလုပ်ပေးတာတော့ မဟုတ်ပါ။ လုပ်ခဲ့သူတွေကျေးဇူးနဲ့သာ သူလည်း ယူနီဖေါင်းချွတ်ပြီး သမတရယ်လို့ လုပ်နိုင်တာမို့ သူကသာ အနစ်နာခံသူတွေကို ကျေးဇူးတင်ရမှာပါ။ သူ ၅ နှစ်အတွင်း အဲလိုထိုက်သင့်တဲ့ချီးမွမ်းစကားမျိုးကို တခွန်းမှမပြောခဲ့ပါ။

မေးကြတာလည်းရှိတယ်။ ဆရာသိပ်ပျော်နေသလားတဲ့။ ပြန်ရေးလိုက်ပါတယ်။ သိပ်ဆိုတာတော့ မဟုတ်ပါ။ သက်ပြင်း ကောင်းကောင်းချနိုင်တယ်။ စိတ်သက်သာမှုလည်း ရပါတယ်လို့။

အများကချီးမွမ်းခံနေရသူ ကျွန်တော့်လုပ်ဖေါ်ကိုင်ဖက်တဦးကို တိုင်တဲ့စာကိုလည်း တိုင်စာပို့သူက စကန်လုပ်ပို့တာလည်း ရပါတယ်။ အသစ်တာဝန်ပေးခံရတဲ့ ကျွန်တော့်လုပ်ဖေါ်ကိုင်ဖက်တဦးကနေ ရေဒီယိုအင်တာဗျူးမှာဖြေကြားတာအားမရလို့ သူ့ဆီကို တိုက်ရိုက်ဆက်သွယ်ရမယ့်လမ်းကြောင်းကို တောင်းထားပါတယ်။ ကိုယ့်လူကို အကြံလည်းပေးချင်၊ အားလည်း ပေးချင်လို့ပါ။

ကျွန်တော်တို့ (အီမိုရှင်း) ခေါ်တဲ့ စိတ်လှုပ်ရှားမှုကို ထိန်းနိုင်သမျှထိန်းဖို့ အမြဲကြိုးစားကြရမယ်။ ကိုယ့်ပါတဲ့ဖက်ကို ထောက်ခံအားပေးတာလည်း အတိုင်းအတာမှန်ရမယ်။ တဖက်သားကို ဝေဖန်တာမှာလည်း ကျိုးကြောင်း ဆီလျှော်ကြရပါမယ်။

ညစာစားပွဲစာအောက်မှာ (ဆရာခင်ဗျာ ဒီပန်းချီကလေးက အဓိပ္ပါယ်အများကြီးရှိပါတယ်။ အဓိကကတော့ ဝမ်းနည်းမှုတွေပေါ့။ ဒီညစာစားပွဲအပြီးမှာ Jesus ကိုဆုံးရှုးံလိုက်ရတယ်။ အဲ့ဒီလိုမျိုး ကျွန်တော်တို့ထပ်အဆုံးရှုံးမခံနိုင်ပါ။ ဖြစ်နိုင်ရင် ဆရာပြန်ဖျက်ပေးပါ) လို့ရေးပါတယ်။

သူအနေနဲ့ အလေးအနက်ရေးတာလို့ နားလည်ပါတယ်။ ကျွန်တော် ရေးစဉ်ကလည်း ဒီအချက်ကို ထည့်တွက်ပါတယ်။ ကိုးကားဖို့ဆုံးဖြတ်ပြီး ရေးပါတယ်။ ဘာသာရေးအရပြောရင် ဗုဒ္ဓဘုရားလည်း အဓိဋ္ဌာန်ယူတုံးက အစားအသောက် တမျိုး၊ ပရိနိဗ္ဗာန်ဝင်ကာနီးမှာလည်း အစားအသောက်တမျိုး ရှိခဲ့ပါတယ်။ အကြောင်းတိုက်ဆိုင်မှုတွေ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ အဲဒီစာမှာ မမေ့အပ်စရာတခုအဖြစ်သာ ကိုးကားပါတယ်။ ဆုံးရှုံးမှုဆိုတာကိုတော့ (ဘုရားအဖြစ် ကိုးကွယ်ခံရသူတွေကိုယ်တိုင်) ဘယ်သူမှ ရှောင်လွှဲလို့မရကြပါ။

ဒေါက်တာတင့်ဆွေ
၃ဝ-၃-၂ဝ၁၆

In Quest of Democracy ဒီမိုကရေစီရှာပုံတော် (၁)

သမ္မတသစ်နဲ့ ခေါင်းဆောင်သစ်တွေ ကျမ်းသစ္စာကျိန်ဆိုပြီးကြပြီ။ ဒေါ်အောင်ဆန်းစုကြည့်ရေးသားခဲ့တဲ့ Quest for Democracy ဒီမိုကရေစီရှာပုံတော် ဘာသာပြန်ထဲက ကောက်နှုတ်ချက်ကို တင်ပါရစေ။

မင်းမှာသစ္စာ လူမှာကတိဟူသော ဆိုရိုးစကားအရ သာမန်ပုဂ္ဂိုလ်တဦးအနေဖြင့် ၄င်းပေးခဲ့သောကတိအတိုင်း လုပ်ဆောင်ရုံမျှသာ လိုအပ်သော်လည်း အုပ်ချုပ်သူတို့မှာမူ ကာယကံ၊ ဝစီကံ၊ မနောကံ အရ သစ္စာတရားကို အစဉ် ထိန်းသိမ်း ထားကြရပါမည်။ သစ္စာတရားသည် ဗုဒ္ဓဘုရားအဆုံးအမသြဝါဒများ၏ အနှစ်သာရပင်ဖြစ်ပါသည်။ ဗုဒ္ဓရှင်တော်သည် မိမိကိုယ်မိမိ တထာဂတ သို့မဟုတ် သစ္စာတရားသို့ရောက်ရှိလာသည်ဟု ရည်ညွှန်းပါသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်မင်းတို့သည် သူ့အမည်သညာနှင့် သူ့သဘာဝ အစဉ်ထာဝရ ညီညွတ်ဖြောင့်မှန်ခြင်းတည်း ဟူသော သစ္စာတရားနှင့်အညီ နေထိုင်အုပ်ချုပ်ကြရမည်ဖြစ်ပါသည်။ ပြည်သူလူထုကို လိမ်လည်လှည့်ဖြားမူ၊ အထင်မှားအမြင်မှား ဖြစ်စေမူ စသည်တို့သည် အလုပ်ဝတ္တရား ပျက်ကွက်ချွတ်ယွင်း၍ ကိုယ်ကျင့်တရားကို ဖောက်ဖျက်ခြင်းပင်ဖြစ်ပါသည်။

• မြားနှယ်စင်း၍၊ ဝမ်းတွင်းဖြောင့်တန်း၊
• မကောက်ယွင်းတည့်၊ တစွန်းဟက၊ နှစ်ခွမသွေ၊ (စတုဓမ္မသာရပျို့ )

အုပ်ချုပ်ရာ၌ စိတ်ထားနူးညံ့မှု (မဒဝြ) ဟူသည်မှာ ပြည်သူလူထုအကျိုးအတွက် စိုးရိမ် ပူပန်ကြောင့်ကြမှုကို ခံစားနိုင်သော သတ္တိပင်ဖြစ်ပါသည်။ မိမိတို့၏ အခွင့်အရေးကို တောင်းဆိုနိုင်စွမ်း အလွန်နည်းပါးနေသူတို့၏ ဆင်းရဲဒုက္ခကို လျစ်လျူရှုခြင်းသည် ၄င်းတို့၏လိုအပ်ချက်ကို ထိရောက်စွာ တုံ့ပြန်အရေးယူလုပ်ဆောင်ပေးခြင်းထက် ပို၍ လွယ်ကူသည်မှာ မငြင်းနိုင်သောအချက်တခုပင်ဖြစ်ပါသည်။ သူတပါးကိုဂရုစိုက်ခြင်းသည် တာဝန်ယူခြင်းပင်ဖြစ်၍ အားနည်းသူတို့၏အားသည် မင်းဖြစ်သည်ဟူသောအဆိုအတိုင်း လုပ်ရဲခြင်းပင်ဖြစ်ပါသည်။

In Quest of Democracy ဒီမိုကရေစီရှာပုံတော် (၂)

သမ္မတသစ်နဲ့ ခေါင်းဆောင်သစ်တွေ ကျမ်းသစ္စာကျိန်ဆိုပြီးကြပြီ။ ဒေါ်အောင်ဆန်းစုကြည့်ရေးသားခဲ့တဲ့ Quest for Democracy ဒီမိုကရေစီရှာပုံတော် ဘာသာပြန်ထဲက ကောက်နှုတ်ချက်ကို တင်ပါရစေ။

အပြည်ပြည်ဆိုင်ရာပညာရှင်များက သမိုင်း၊ ယဉ်ကျေးမှု၊ နိုင်ငံရေးနှင့် စီးပွားရေးအကြောင်းအချက်များကို သေချာစွာ ခွဲခြမ်းစိတ်ဖြာလေ့လာ၍ အသေးစိတ်အဖြေများကို ပေးထားပြီးဖြစ်ပါသည်။ မြန်မာပြည်သားတို့ကမူ ယင်းသို့သော ခေတ်မီပညာရပ်ဆိုင်ရာ အချက်အလက်များကို မရနိုင်သောကြောင့် တိုင်းပြည် ဆုတ်ယုတ်ပျက်စီးယိုယွင်းရခြင်း အကြောင်း၏ အဓိကအချက်ကို ရှာဖွေလေ့လာရာတွင် ဗုဒ္ဓဘုရား၏ဆုံးအမသြဝါဒများကိုသာ အားကိုးအားထားပြုကြရာ အကြောင်းရင်းလေးခုကို တွေ့ရပေသည်။
• ပျောက်လျင်မရှာ၊ ပျက်တာမပြင်၊ ဆင်ခြင်မသုံး၊
• အသုံးဟော့ရမ်း၊ လူ့ပေါက်ပန်းကို၊
• ရှေ့ တန်းမှာတင်၊ ဤလေးအင် မှန်ပင်ပျက်စီးကြောင်း။ (အဂုင်္တ္တရနိကာယစတုတ္ထနိပါကပါဠိတော်)

မိမိက ထင်သလို့ချေမှုန်းနိုင်သူများ၏လှုံ့ ဆော်ရန်စမှုနှင့် ချို့ယွင်းချက်များကို ပညာရှိပီသ၍ သဘောထားကြီးစွာ ကိုင်တွယ် နိုင်စေမည့် စစ်မှန်သောသည်းခံခြင်းတရား (ခန္တီ) ကို အုပ်ချုပ်မင်းလုပ်သူတို့ ကျင့်ကြံရမည်ဖြစ်ပါသည်။ အကြမ်းဖက်မူသည် ဗုဒ္ဓဝါဒ အဆုံးအမနှင့် ဆန့်ကျင်ဖက်ဖြစ်ပါသည်။

ရာဇောဝါဒဇာတ်တော်အရ မင်းကောင်း မင်းမြတ်တို့သည် -
• ဒေါသကြီးသူကို မေတ္တာနှင့် အောင်နိုင်၏။
• မကောင်းမှုကို ကောင်းမှုနှင့်အောင်နိုင်၏။
• စေးနဲခြင်းကို ပေးကမ်းခြင်းဖြင့်အောင်နိုင်ရာ၏။
• မမှန်စကားဆိုသူကိုအမှန်ဆိုခြင်းဖြင့်အောင်နိုင်ရာ၏၊

အကြမ်းမဖက်ဘဲ ကရုဏာတရားဖြင့် တိုင်းပြည်ကို အုပ်ချုပ်သူ အာသောကဘုရင်ကြီးကို စံပြဗုဒ္ဓဘာသာဘုရင်အဖြစ် မှတ်တမ်းနမူနာ ပြကြပါသည်။ အစိုးရသည် ကြမ်းတမ်းခက်ထန်ခြင်း သီလနှင့်မညီသော အင်အားသုံးခြင်းတို့ဖြင့် နာခံမူ ရအောင် ကြိုးစား အားထုတ်ခြင်းမပြုဘဲ၊ အမှန်တရားဖြင့် အောင်နိုင်ရန် (ဓမ္မဝိဇယ) ကိုသာ ဦးတည်ရမည် ဖြစ်ပါသည်။

ဒေါက်တာတင့်ဆွေ
၃ဝ-၃-၂ဝ၁၆

Tuesday, March 29, 2016

The Grand Dinner ဂရင်းဒင်နာ ညစာစားပွဲ

နေ့အကူးမှာ နေမထွက်ခင် ညအမှောင်ကိုဖြတ်ရတယ်။ ကမ္ဘာကြီးမှာပါ။ အုပ်ချုပ်ရေးတခုကနေ နောက်အသစ်တခုကို ကူးရာမှာတော့ ညစာစားပွဲကြီးရှိတယ်။ မြန်မာနိုင်ငံမှာပါ။

The Last Supper လို့ခေါ်တဲ့ အလွန်နာမည်ကြီးတဲ့ပန်းချီကားကြီးတခုရှိပါတယ်။ ၁၄၉၅ ခုနှစ်ကတည်းက အီတလီလူမျိုး ပန်းချီဆရာ (လီယိုနာဒို ဒါဗင်ချိ) ကနေရေးဆွဲခဲ့တာပါ။ ကမ္ဘာမှာ ကနေ့ထိနာမည်အကြီးဆုံး အနုပညာလက်ရာတခုလည်း ဖြစ်ပါတယ်။ အီတလီနိုင်ငံ၊ မီလန်မြို့မှာထားရှိပါတယ်။ ပန်းချီကားဆွဲတာ ၁၄၉၈ အထိ စုစုပေါင်း (၃) နှစ်ကြာပါတယ်။ ခရစ်တော် ယေရှု (ဂျီးဆပ်စ်) ဂျေယူဆလင်မြို့မှာ စားသုံးခဲ့တဲ့ နောက်ဆုံးညစာ (ညလယ်စာ) ကို သရုပ်ဖေါ်ထားတာ ဖြစ်ပါတယ်။

(လီယိုနာဒို ဒါဗင်ချိ) ရဲ့လက်ရာလိုပဲ ကနေ့ နေပြည်တော်က ညစာစားပွဲဟာလည်း နှစ်ပရိစ္ဆေဒရှည်ကြာအောင် အမှတ်ရနေကြမယ်လို့ထင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၃-၂ဝ၁၆

Risk of having a baby with Down Syndrome ဒေါင်းဆင်ဒရုမ်းကလေးရနိုင်ချေ

ဆရာရှင့် သမီးအသက် ၃၅ နှစ်၊ အသက် ၃၁ နှစ်မှာ အိမ်ထောင်ပြုပါတယ်။ ၃၂နှစ်မှာ အလုပ်တစ်ဖက်၊ ကျောင်းတစ်ဖက်မို့ ကိုယ်ဝန်၂ လနဲ့ ပျက်ခဲ့ပါတယ်။ ၃၃ နှစ်မှာ နောက်ထပ်ကိုယ်ဝန်ရတော့ သေချာဂရုတစိုက်ကို နေထိုင်ခဲ့ပါတယ်။ဒါပေမယ့် မွေးလာတဲ့ သမီးလေးက မွေးရာပါ down syndrome  ရောဂါသည်လေးဖြစ်နေပါတယ်။ အရမ်းကို ဂရုတစိုက်နဲ့ သေချာပြုစုခဲ့ပေမယ့်လည်း သူရဲ့မွေးရာပါ နှလုံးရောဂါနဲ့ အသက် ၄ လ အထိပဲရှင်ခဲ့ပါတယ်။ အမျိုးသားကလည်း သက်တူရွယ်တူပါ။ ၂ ဖက်မျိုးရိုးမှာလည်း ဒီလို down syndrome ရောဂါသည် မရှိခဲ့ကြပဲ ၊ သမီးတို့ ၂ယောက်မှာ ပထမဦးဆုံးပါ။ တစ်ခါမှမကြုံခဲ့ဖူးကြလို့ အားလုံးအံ့သြထိတ်လန့်ပြီး သေချာကိုဝိုင်းဂရုစိုက်ခဲ့ကြတာပါ။ အခုသမီးလေး ဆုံးတာ ၁ နှစ် နှင့် ၄ လရှိပါပြီ။ နောက်ထပ်ကလေးယူရင် သမီးလေးလိုမျိုး ထပ်ပြီးမွေးလာနိုင်လားဆိုတာ သိချင်ပါတယ်။ နောက်ထပ်ရလာမယ့်ကလေးအတွက်လည်း အရမ်းစိတ်ပူနေမိလို့ ကျေးဇူးပြုပြီးဖြေကြားပေးပါရှင့်။

ဒေါင်းဆင်ဒရုမ်း ဘာလို့ဖြစ်သလည်း တိတိကျကျမသိသေးပါ။ ကိုယ်ဝန်ကတည်းကတော့ စစ်လို့ရတယ်။ ခရိုမိုဇုမ်း ၂၁ မှာ ချို့ယွင်းနေမယ်။ ဒေါင်းဆင်ဒရုမ်းကလေးတွေ ၃-၄% မှာ ကော်ပီအပို ၂ ခုနဲ့ တဝက်တပျက်တခုပါနေတာတွေ့ရတယ်။ မိသားစုရာဇဝင် မလိုက်ဖူးလို့ ယူဆရတယ်။ ဆရာဝန်တွေက (ဘိုင်ချန့်စ်) ပြောတာကို ကံတရားလို့သာဘာသာပြန်ရမယ်။

မျိုးဗီဇ (၃) မျိုးဖြစ်နိုင်တယ်။ Trisomy 21က ၉ဝ% ရှိတယ်။ Trisomy 21 က ၂% သာရှိတယ်။ Translocation Trisomy 21-Sometimes က ၃-၄% ရှိတယ်။ Trisomy 21 ကလေးမျိုးမွေးဖူးရင် နောက်ကိုယ်ဝန်မှာလည်းထပ်ဖြစ်ကောင်း ဖြစ်နိုင်တယ်။ မိဘတယောက်ယောက်မှာ ကယ်ရီယာဖြစ်နေလို့ပါ။ ဖခင်က ကယ်ရီယာဖြစ်နေရင် နောက်ကိုယ်ဝန်မှာ ၃% ထပ်ဖြစ်စရာအလားအလာရှိတယ်။ မိခင်ကကယ်ရီယာဖြစ်နေရင် ၁၂% အလားအလာရှိတယ်။ ယေဘုယျ ၁% သာ ရှိပါတယ်။

အိမ်ထောင်ပြုတဲ့အသက်က အချက်တခုဖြစ်တယ်။ ၂၅ နှစ်မှာအိမ်ထောင်ပြုရင် ဒေါင်းဆင်ဒရုမ်းကလေးမွေးဖို့ အခွင့်အလမ်း ၁၂ဝဝ မှာ ၁ ရှိတယ်။ ၃၅ နှစ်ဆိုရင် ၃၅ဝ မှာ ၁ ယောက်၊ အသက် ၄ဝ ဆိုရင် ၁ဝဝ မှာ ၁ ယောက်။ ၄၉ နှစ်ဆိုရင် ၁ဝ ယောက် ၁ ယောက်အလားအလာရှိတယ်။

နောက်လေ့လာမှုတခုအရ အသက် ၂ဝ = ၁၆ဝဝ မှာ ၁ ယောက်၊ အသက် ၂၅ = ၁၃ဝဝ မှာ ၁ ယောက်၊ အသက် ၃ဝ = ၁ဝဝဝ မှာ ၁ ယောက်၊ အသက် ၃၅ = ၃၆၅ မှာ ၁ ယောက်၊ အသက် ၄ဝ = ၉ဝ မှာ ၁ ယောက်နဲ့ အသက် ၄၅ = ၃ဝ မှာ ၁ ယောက် အလားအလာရှိတယ်။ ဒါပေမယ့် ဒေါင်းဆင်ဒရုမ်းကလေး ၈ဝ% ဟာ မိခင်အသက် ၃၅ နှစ်ထက်မကြီးသေးသူတွေကနေ မွေးလာကြတာဖြစ်တယ်။

မိဘတွေမှာ ချို့ယွင်းချက်ရှိနေရင်လည်း ကလေးမရတတ်ပါ။ Trisomy 21 အမျိုးသမီးကနေ ကိုယ်ဝန်ရနိုင်ဘို့ ၁၅-၃ဝ% သာရှိပြီး ၅ဝ% အဲလိုကလေးမွေးလာနိုင်တယ်။ ယောက်ျားမှာ ဒေါင်းဆင်ဒရုမ်းရှိရင် ကလေးမမွေးပါ။

ကိုယ်ဝန်ဆောင်ချိန် Prenatal genetic screening မျိုးဗီဇစစ်ဆေးခြင်းလုပ်နိုင်ပါတယ်။ ကိုယ်ဝန် ၁၁ ကနေ ၁၄ ပတ်မှာ သွေးစစ်မယ်။ အာလ်ထွာဆောင်းရိုက်မယ်။ ကလေးဂုတ်ပိုးနေရာ အထူအပါး ကြည့်ရတယ်။ nuchal translucency ခေါ်တယ်။ ၈၂ ကနေ ၈၇% ကိုစစ်ဆေးတွေ့နိုင်တယ်။

Chorionic villus sampling (CVS) ကို ၉-၁၄ ပါတ်မှာစလုပ်နိုင်တယ်။ ကိုယ်ဝန်ပဌမ ၁၁-၁၄ ပါတ်မှာ စစ်ဆေးမှု ၂ ဆင့် လုပ်မယ်။ သွေးစစ်တာနဲ့ အာလ်ထွာဆောင်း။ Quad Marker Screen သွေးစစ်နည်းကို ၁၅-၂ဝ ပါတ်မှာလုပ်တယ်။ Triple Screen ကို ၁၆-၁၈ ပါတ်မှာလုပ်မယ်။ ကလေးကနေထုတ်တဲ့ Alpha-fetoprotein (AFP) ကိုစစ်မယ်။ human chorionic gonadotropin (hCG) နဲ့ unconjugated estriol အချင်းထုတ်တာတွေစစ်မယ်။ Amniocentesis ကို ကိုယ်ဝန် ၁၅ ပါတ် နောက်မှာသာ သေချာစေဘို့လုပ်မယ်။ Percutaneous umbilical blood sampling (PUBS) ကို ၁၈ ပါတ်မှာလုပ်တယ်။

အသက် ၃၅ နှစ်ရောက်မှကိုယ်ဝန်ဆောင်သူတွေက fetal DNA test စမ်းနည်းစစ်ဆေးနိုင်တယ်။ MaterniT21 or Harmony လို့ရောင်းတယ်။ ကိုယ်ဝန်ပဌမ ၃ လအတွင်းစစ်နိုင်တယ်။ ၉၉% တိကျတယ်လို့ဆိုတယ်။ ဒုတိယ ၃ လပိုင်းမှာ သွေးထပ်စစ်မယ်။ multiple marker screening (သို့) quad screening လို့ခေါ်တယ်။ ၈ဝ% သေချာတယ်။

မွေးလာတဲ့ကလေးကို ဒေါင်းဆင်ဒရုမ်းရှိ မရှိ မျက်နှာသွင်ပြင်ကြည့်ရတယ်။
• Short neck လည်ပင်းတိုမယ်။
• Abnormally shaped ears နားရွက်ပုံစံမူမမှန်ပါ။
• Protruding tongue လျှာတစ်လစ်ထွက်မယ်။
• Small head ခေါင်းအရွယ်အစားသေးမယ်။
• Deep crease in the palm of the hand with relatively short fingers လက်ဝါးအရေးအကြောင်းတွေ နက်မယ်။ လက်ချောင်းလေးတွေ တိုမယ်။
• Small hands and feet ခြေရောလက်ပါ သေးနေမယ်။
• White spots in the iris of the eye မျက်စိသူငယ်အိမ်မှာ အဖြေူစက်လေးတွေရှိမယ်။
• Poor muscle tone, loose ligaments, excessive flexibility ကြွက်သား (တုန်း) အားနည်းမယ်။ အရွတ်တွေ ချောင်မယ်။ ကွေးနိုင်စွမ်း လွန်ကဲနေမယ်။

လိုတဲ့ကလေးကို chromosomal karyotype test စစ်မယ်။ chromosome 21 အပိုတွေ့ရင် ဒေါင်းဆင်ဒရုမ်းဖြစ်မယ်။ တခြားတွဲပါနေနိုင်တဲ့မွေးရာပါချို့ယွင်းချက်တွေကိုလည်း စစ်ဆေးရမယ်
• Congenital heart disease မွေးရာပါနှလုံးရောဂါ၊
• Hearing problems နားအကြားမကောင်းတာ၊
• blocked small bowel or esophagus အူလမ်းကြောင်းပိတ်တာ၊
• Celiac disease ဆီးလိယက်ရောဂါ၊
• cataracts မျက်စိအတွင်းတိမ်၊
• Thyroid dysfunctions လည်ပင်းကြီးအလုပ်မမှန်ခြင်း၊
• Skeletal problems အရိုးရောဂါ။
• Dementia similar to Alzheimer’s မှတ်ဉာဏ်ချို့ယွင်းချက်တွေဖြစ်တယ်။ ခုခံအားစနစ်အားနည်းလို့ ရောဂါပိုးဝင်လွယ်လို့ Pneumonia နူမိုးနီးယားကိုလည်းသတိထားရမယ်။

အမေရိကားမှာ ကလေး ၈ဝဝ မွေးတိုင်းတယောက်မှာ အဲဒီရောဂါပါလာတယ်။ တနှစ်မှာ ၆ဝဝဝ ရှိတယ်။ အဲလိုကလေး ၈၅% ဟာ ၁ နှစ်သာအသက်ရှင်တယ်။ ၅ဝ% ဟာ အသက် ၅ဝ အထိရှင်ကြတယ်။ လက်ရှိ လူဦးရေ ၃၅ဝဝဝဝ မှာ ဒေါင်းဆင်ဒရုမ်းရှိကြတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၃-၂ဝ၁၆

At a glance ဦးသိန်းစိန် ၅ နှစ်အပေါ်သုံးသပ်ချက်

VOA က မေးလို့ဖြေရပါတယ်။

၁။ ဦးသိန်းစိန်က ယေဘုယျပြောရရင် အရင်စစ်အစိုးရတွေကနေလိုင်းခွဲထွက်တာတဲ့ သမတတော့ မှန်ပါတယ်။ ဖွဲ့စည်းပုံမရှိပဲ အုပ်ချုပ်နေခဲ့တာကနေ ရွေးကောက်ပွဲတက်လာသူဖြစ်လို့ အမြင်အရရော အသွင်အရပါ မတူပါ။

၂။ သူ့လက်ထက်မှာ တိုင်းပြည်ရဲ့မဏ္ဍိုင်ကြီးလေးရပ်ထဲက မီဒီယာကိုတော့ သိသာထင်ရှားတဲ့အပြောင်းအလဲကို အတိုင်းအတာတခုထိ လုပ်နိုင်ခဲ့ပါတယ်။ သမတနဲ့ တိုက်ရိုက်ဆိုင်တဲ့ အုပ်ချုပ်ရေးမှာတော့ အဂတိလိုက်စားမှု လျှော့တာ မရှိတဲ့ပြင် သူကိုယ်တိုင်က (၃) သိန်းဆိုတဲ့ ကိန်းဂဏန်းကိုထုတ်ပြောလိုက်ပါသေးတယ်။ ဆင်းရဲမွဲတေမှု ပပျောက်ရေးကလည်း ဝန်ကြီးဌာနသာတိုးလာပြီး လူတွေပိုသက်သာရာရတယ်လို့တော့ မရှိသလောက်ပါ။

၃။ လူ့အခွင့်အရေးကလည်း ကော်မရှင်သာပေါ်လာတယ်။ လုံထိန်းနေရာမှာ လက်ပတ်နီအစားထိုးလိုက်တယ်။ နိုင်ငံရေး အကျဉ်းသားတွေ နည်းသွားပါတယ်။ ကောင်းပါတယ်။ အကျဉ်းသားသစ်လည်း တိုးတာပါပဲ။ မကောင်းပါ။

၎။ ကျွန်တော်တို့အပါအဝင် အမည်မည်းစာရင်း ၂ဝဝဝ ကျော်ဖျက်ပေးတယ်။ ကောင်းပါတယ်။ ဒါပေမယ့် သူ့ဝန်ကြီးတွေကတော့ အမေရိကန်အမည်းစာရင်းထဲ သွင်းခံရတယ်။

၅။ ပြည်ပနေရသူတွေ ပြည်တော်ပြန်လာနိုင်တဲ့အရေအတွက်က အလွန်နည်းလွန်းပါတယ်။ နိုင်ငံရေးထဲက လူတချို့ ပြည်တော်ပြန်နိုင်တာက သူ့အစိုးရအမှုတော်ထမ်းသူမျိုးသာဖြစ်ခဲ့တယ်။ တခြားနိုင်ငံတွေထွက် အလုပ်လုပ် နေကြရတဲ့ ၂-၃ သန်းလောက်ထဲကပြန်လာနိုင်သူ ရှိပါမလား မသိပါ။

၆။ မြစ်ဆုံရေကာတာစီမံချက်ကို (၅) နှစ်ကြာတားခဲ့တာကို ကြိုဆိုပါတယ်။ ရဲရင့်တဲ့အဆုံးအဖြတ်ဖြစ်တယ်။ ဒါပေမယ့် တရုပ်ပြည်နဲ့ နယ်စပ်အရေးတွေဖြစ်ပေါ်စေခဲ့တယ်။ အကြွေးတွေကို အတိုးနှုန်းအများကြီးနဲ့ချေးယူပြီး တရုပ်ကို မျက်နှာပြန်ရအောင်လုပ်ခဲ့တာလား မေးရမလိုဖြစ်စေတယ်။

၇။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အဆင့်တခုကိုတော့ လုပ်သွားနိုင်ပါတယ်။ ဒါပေမယ့် အပစ်ရပ်စဲမှု အတိုင်းအတာ တခုနဲ့ လက်မှတ်ထိုးစာရွက်စာတမ်းတခုသာ ကျန်ရစ်တယ်။ စစ်ရေးအင်အားနဲ့ နိုင်ငံရေးအင်အား ကောင်းတဲ့ အဖွဲ့တွေ ကျန်နေရစ်ပါတယ်။ ယာယီအစီအစဉ်တရပ် တနည်းအားဖြင့် (၅) နှစ်ခံစီမံချက်တရပ်ကို ငွေသန်းပေါင်းများစွာနဲ့ ဝယ်လိုက်တာသာ ဖြစ်နေပါတယ်။

၈။ ချုပ်ပြောရရင် ဦးသိန်းစိန်ဟာ ပြုပြင်ရေးသမား မဟုတ်ပါ။ ပြုပြင်ပြောင်းလဲရေးကို NLD ကအဓိကဦးဆောင်ပြီး ကြိုးပမ်းနေခဲ့တာမှာ အတိုင်းအတာတခုထိ ရလာချိန်မှာ စတင်ကပြရတဲ့ ပွဲဦးထွက်မှာ ဦးသိန်းစိန်က သရုပ်ဆောင်ခွင့်ရတဲ့ မင်းသားတလက်ဖြစ်ပါတယ်။ သူဟာ မူဟောင်းကြီးကို အဓိကဆုပ်ကိုင်ထားခဲ့သူတွေထဲက ထိပ်ဆုံး ၄-၅ ယောက်ထဲမှာ ပါခဲ့သူဖြစ်ပြီး၊ ဆက်လက်ပြုပြင်ပြောင်းလဲရေးလုပ်ရမှာကို ခုခံကွယ်နေသူသာ ဖြစ်ပါတယ်။ အဲတာကြောင့်လည်း ဦးသိန်းစိန်နဲ့သူ့ပါတီကို ၂ဝ၁၅ ရွေးကောက်ပွဲမှာ လူထုကနေဖြုတ်ချလိုက်ကြပါတယ်။ လာမယ့် (၅) နှစ်မှာ တည်ဆောက်ရေးနဲ့အတူ ပြုပြင်ရေးကိုဆက်လုပ်ကြရပါမယ်။

ဒေါက်တာတင့်ဆွေ
၂၉-၃-၂ဝ၁၆

Points of Interest ကိုယ်ကျိုးစီးပွါးနဲ့ မဟာဗျူဟာ

နိုင်ငံရေးမှာ မတူတာကိုတွဲလုပ်ကြလို့ အဆိုအမိန့်မျိုးရှိတယ်။ ကျောင်းသားခေါင်းဆောင်တယောက်ကတော့ ရီစရာ ပြောဖူးတယ်။ တူတာကိုတွဲလုပ်ရင် ပြဿနာပိုကြီးတတ်တယ်တဲ့။

အမြင်ချင်းမတူပါကိုရေးတော့ တယောက်ကနေ မတူတာပေါင်း အားဖြစ်ပါစေ ဆုတောင်းလို့ ကွန်မင့်ရေးတယ်။

တခါတလေမှာ အဆိုအမိန့်တို့၊ စကားပုံတို့ကို ကာရံကိုက်လို့ မှတ်ချက်ပေးလိုက်ကြတယ်။ ဒါပေမယ့် တကယ်လက်တွေ့မှာ လွဲနေတတ်တယ်။ ပြိုင်တူတွန်းလျှင်ရွေ့ဆိုတာမျိုးကို ဖတ်ရဖန်များတော့ အီနောက်လာတယ်။ နိုင်ငံရေးမှာ တွဲလုပ်ဆိုတာ ရှားတယ်။ အခုကြည့်ပါ ဒီမိုကရေစီဆိုသူတွေက ရန်လုပ်ကြတယ်။ ဖက်ဒရယ်ဆိုသူတွေကလည်း မတူတာတွေ ပြောနေကြတယ်။

ပါလီမန်ဒီမိုကရေစီမှာ ကိုယ်ကြိုက်တာကိုယ် မဲပေးကြတယ်။ ကြိုက်တယ်ဆိုတာ အကျိုးစီးပွါး (ကိုယ်ကျိုး) ကို ကြည့်တာ များတယ်။ ရင့်ကျက်သူတွေကတော့ မဟာဗျူဟာကျကျ မဲပေးတယ်။ အဲဒီပုဂ္ဂိုလ်တွေအကုန်လုံးကို မဲနဲ့ရွေးပေးလိုက်တာ ဖြစ်လို့ လာမယ့် ၅ နှစ်မှာ သည်လိုပဲ စခန်းသွားကြလိမ့်မယ်။

ထောက်ပြဝေဖန်သူတွေကလည်း ကိုယ်ကျိုးစီးပွါးအရနဲ့ မဟာဗျူဟာအရ လုပ်ကြလိမ့်မယ်။ ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်တဲ့။ ကြာတော့ ခန့်မှန်းရတာ မခက်တော့ပါ။ ပါးစပ်ဟတာနဲ့ အူအခွေ မရေနိုင်ပေမယ့် အာပုပ်နံ့တော့ရတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၃-၂ဝ၁၆

Breast Cancer writings ရင်သားကင်ဆာစာများ

1. Bras and Breast Cancer (ဘရာစီယာ) နဲ့ (ဘရက်စ်) ကင်ဆာ http://doctortintswe.blogspot.com/2015/02/bras-and-breast-cancer.html
2. Breast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်များ http://doctortintswe.blogspot.com/2014/10/breast-benign-lumps.html
3. Breast Cancer (1) ရင်သား-ကင်ဆာ (၁) http://doctortintswe.blogspot.com/2015/02/breast-cancer-1.html
4. Breast Cancer (2) ရင်သားကင်ဆာ (၂) http://doctortintswe.blogspot.com/2015/02/breast-cancer-2_5.html
5. Breast Cancer Chemotherapy ရင်သား-ကင်ဆာကို ဆေးပေးကုသခြင်း http://doctortintswe.blogspot.com/2015/02/breast-cancer-chemotherapy_5.html
6. Breast Cancer Risk ရင်သားကင်ဆာ အန္တရာယ်များ http://doctortintswe.blogspot.com/2015/06/breast-cancer-risk.html
7. Breast Cancer Today ရင်သား-ကင်ဆာ အရင်ကနဲ့မတူပါ http://doctortintswe.blogspot.com/2015/02/breast-cancer-today.html
8. Breast Cancer Treatment regimes ရင်သား-ကင်ဆာ ကုထုံးများ http://doctortintswe.blogspot.com/2014/10/breast-cancer-treatment-regimes.html
9. Breast Cancer ရင်သား-ကင်ဆာ http://doctortintswe.blogspot.com/2014/10/breast-cancer.html
10. Breast Conditions ရင်သား ကျန်းမာရေး http://doctortintswe.blogspot.com/2015/02/family-history-of-cancer.html
11. Breast Fibroadenosis (ဖိုက်ဘရို-အဒီနိုးဆစ်) ရင်သားရောဂါ http://doctortintswe.blogspot.com/2014/11/breast-fibroadenosis.html
12. Breast pain ရင်သားနာတာ ဘာလို့ပါလဲ https://doctortintswe.blogspot.com/2020/01/breast-pain.html
13. Breast Reconstruction ရင်သား အသစ်တပ်ပေးခြင်း http://doctortintswe.blogspot.com/2014/11/breast-reconstruction.html
14. Breast reduction ရင်သားသေးအောင်လုပ်ခြင်း http://doctortintswe.blogspot.com/2016/04/breast-reduction.html
15. Breast self examination ရင်သားအား မိမိဖါသာ စမ်းသပ်နည်း http://doctortintswe.blogspot.com/2014/11/breast-self-examination.html
16. Breast-feeding cuts moms’ risk of breast cancer နို့တိုက်မိခင်များ ရင်သားကင်ဆာမဖြစ်နည်း http://doctortintswe.blogspot.com/2015/04/breast-feeding-cuts-moms-risk-of-breast.html
17. Cancers of Women Reproductive system အမျိုးသမီး မျိုးပွါးလမ်းမယ်ဖြစ်တဲ့ ကင်ဆာတွေ http://doctortintswe.blogspot.com/2015/02/breast-cancer-today_5.html
18. Deformed Nipples နို့သီးရောဂါများ http://doctortintswe.blogspot.com/2015/03/deformed-nipples.html
19. Extra Nipples နို့သီးအပို http://doctortintswe.blogspot.com/2015/12/extra-nipples.html
20. Family History of Cancer ကင်ဆာမိသားစုရာဇဝင် http://doctortintswe.blogspot.com/2014/11/breast-conditions.html
21. Hormone therapy and breast cancer ရင်သားကင်ဆာနဲ့ ဟော်မုန်းဆေးကုသနည်း ဆန်းစစ်ချက်အသစ် http://doctortintswe.blogspot.com/2015/04/hormone-therapy-and-breast-cancer.html
22. Most cancer types just bad luck ကင်ဆာနဲ့ ကံတရား http://doctortintswe.blogspot.com/2015/02/most-cancer-types-just-bad-luck_5.html
23. New treatment for drug-resistant breast cancer found ဆေးယဉ် ရင်သားကင်ဆာအတွက် ဆေးကုနည်းသစ် http://doctortintswe.blogspot.com/2015/04/new-treatment-for-drug-resistant-breast.html
24. Nipple discharge နို့ကနေ နို့မဟုတ်တာထွက်ရင် http://doctortintswe.blogspot.com/2015/06/nipple-discharge.html
25. Smoking and Cancer ဆေးလိပ် နဲ့ ကင်ဆာ http://doctortintswe.blogspot.com/2015/02/smoking-and-cancer.html
26. Types of Brest Cancers ရင်သားကင်ဆာအမျိုးအစားများ http://doctortintswe.blogspot.com/2015/04/types-of-brest-cancers.html
27. Breast Implant ရင်သားအတု http://doctortintswe.blogspot.com/2014/10/breast-implant.html
28. No Bra Day နိုးဘရာဒေး http://doctortintswe.blogspot.com/2015/10/no-bra-day.html

ဒေါက်တာတင့်ဆွေ
၂၉-၃-၂ဝ၁၆
၈-၃-၂ဝ၁၈

Monday, March 28, 2016

MP Hostel အောင်ဆန်းဆောင်

Thet Lwin အမတ်တို့၏ အဆောင်အယောင်ပါတဲ့။

တင်ပေးသူကလည်း ဆရာဝန်။ ကျွန်တော်နဲ့အတူ မန္တလေးဆေးတက္ကသိုလ်၊ အောင်ဆန်းဆောင်မှာ တချိန်တည်း နေဖူးသူဖြစ်ပါတယ်။ ကျွန်တော်တို့တတွေကလည်း တခန်းမှာ ၂ ယောက်နေကြရတယ်။ ပုံထဲကနဲ့ သိပ်မကွာပါ။ ကုတင်ခေါင်းရင်းမှာ စာကြည့်စားပွဲတခုစီရှိတယ်။ ကုတင်တခုနဲ့တခုကြား ၃ ပေလောက်ကျယ်တယ်။ ကျွန်တော်တို့က ထမင်းစားဆောင်သွားစားကြရတယ်။ တခါတလေတော့ ကိုယ့်အခန်းမှာပဲ ချက်ပြုတ်တာလည်းလုပ်ကြတယ်။

ကျွန်တော်တို့က အမတ်တွေထက်သာတာရှိတယ်။ သူတို့က ၅ နှစ်၊ ကျွန်တော်တို့က ၇ နှစ်။ ဒါပေမယ့် သူတို့ထဲမှာ နှစ်ကြီးသမားက များတယ်။ ထောင်သက်။

ဒေါက်တာတင့်ဆွေ
၂၉-၃-၂ဝ၁၆

Good orators (2) စကားပြောကောင်းတဲ့ တိုင်းရင်းသားတွေ (၂)

ကျွန်တော့ပို့စ်တခု = Good orators စကားပြောကောင်းတဲ့ တိုင်းရင်းသားတွေ

ကွန်မင့်တခု = Myat Ko အခုလည်း လွှတ်တော်မှာ ကချင်အမတ်က ဝန်ကြီးဋ္ဌာနတွေနဲ့သွားတာကောင်းကြောင်း၊ အရင်လို ဘော်လီဘောပုတ်စရာမလိုတော့ကြောင်း ပြောတယ်ဆရာ။

၁၉၉ဝ အမတ်တွေထဲက ကချင်အမတ် ဒူးဝါးဇော်အောင်က စကားပြောရင် ပုံတိုပတ်စမပါမပြီးဘူး။ တခါက ဒေါ်စန်းစန်းကို ခင်ဗျားနဲ့ကွန်တော် စစ်ကျောရေးစခန်းမှာလည်းဆုံတယ်။ ထိုင်းနယ်စပ်မှာလည်းလာဆုံတယ်၊ ဖူးစာပါတယ်လို့ပြောတော့ ဒေါ်စန်းစန်းက ရေစက်လို့ပြောပါ ဒူးဝါးကြီးရယ်လို့ တည့်ပေးရတယ်။ Smile

ဒေါက်တာတင့်ဆွေ
၂၉-၃-၂ဝ၁၆

Different opinion အမြင်ချင်းမတူပါ

သတင်းတခု = ANP ပါတီဥက္ကဌ ဒေါက်တာအေးမောင်မှ တရုတ်ပြည်ခရီးစဉ်တွင် ကျွန်တော်တို့ တရုတ်ကို လိုအပ်ပါတယ်။ အမေရိကန်နဲ့ စင်ကာပူကိုလည်းလိုအပ်ပါတယ်။ တကယ်လို့ အိန္ဒိယက ကျွန်တော့်ကိုဖိတ်ခေါ်ရင်လည်း ကျွန်တော် ကြိုဆိုလက်ခံမှာပါ။ ကျွန်တော်တို့ဒေသ ဖွံ့ဖြိုးဆို့ ရင်းနှီးမြှုပ်နှံမှု အများအပြားလိုအပ်ပါတယ်ဟု ရိုက်တာ သတင်းဌာနသို့ ပြောကြားခဲ့သည်။

ကျွန်တော် နယူးဒေလီမှာရှိနေတုန်းမှာ ကျွန်တော် (ချယ်ယာမင်) လုပ်နေတဲ့ BCD အဖွဲ့ကနေ ပြည်တွင်းက နိုင်ငံရေး၊ လူမှုရေးနဲ့ မီဒီယာက တာဝန်ရှိသူတွေ ဖိတ်ကြားခေါ်ယူခဲ့ပါတယ်။ တဖွဲ့မှာ RNDP က လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်လည်းပါတယ်။ အိန္ဒိယက တာဝန်ရှိသူတွေနဲ့ ဆွေးနွေးပွဲတခုကို IIC မှာ စီစဉ်ပေးပါတယ်။ အိန္ဒိယအစိုးရ နိုင်ငံခြားရေး အတွင်းဝန်တဦးလည်းလာတယ်။

Burma Center Delhi, Society for Policy Studies & Indian International Center
Roundtable on India's response to a changing Myanmar
20-9-2013

အဲဒီမတိုင်ခင်လေးက ရခိုင်ပြည်နယ်မှာ ပုဒ်မ ၁၄၄ ထုတ်ထားတယ်။ မြန်မာပြည်ကနေ ပူပူနွေးနွေးပြန်လာသူဆီကနေ သိရတဲ့သတင်းတခုကို ကျွန်တော်ကထောက်ပြဆွေးနွေးပါတယ်။ အဲဒီအချိန်က ရခိုင်ဒေသမှာ အကြီးအကျယ် ဒုက္ခရောက်နေချိန်ဖြစ်ပါတယ်။ ကျွန်တော်က အိန္ဒိယနိုင်ငံမှာမှီခိုနေထိုင်ပေမယ့် ကိုယ်နိုင်ငံအရေးပြောရမှာ မကြောက်ပါ။ အားလည်းမနာပါ။

ပုဒ်မ ၁၄၄ ထုတ်ထားချိန်၊ စစ်တွေမြို့ ဆေးရုံနဲ့လည်း မလှမ်းမကမ်းမှာ အိန္ဒိယကနေလုပ်နေတဲ့ ပရောဂျက်က စက်ယန္တယားကြီးတွေကတော့ စစ်အစိုးရခွင့်ပြုချက်နဲ့ နေ့ရောညပါလုပ်နေတယ်။ အဲတာကို ဒေသခံတွေက မေးခွန်းထုတ်ကြတယ်လို့ ကျွန်တော်ကပြောတယ်။

ဒေါက်တာအေးမောင်အလှည့်လည်း ရောက်ရော ကျွန်တော်တို့ ရခိုင်တွေက အိန္ဒိယကနေ စီးပွါးရေးလာလုပ်နေတာကို ကြိုဆိုပါတယ်တဲ့။

ဒေါက်တာအေးမောင်ကို တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်လို့ လေးစားပါတယ်။ ကျွန်တော်က လူထုဖက်ကနေ ပြောတယ်။ သူက စီးပွါးရေးလာလုပ်နေတဲ့ နိုင်ငံခြားသားဖက်ကနေလိုက်တယ်။ သူနဲ့ကျွန်တော် အမြင်ချင်းတော့ မတူကြပါ။ ဒီမိုကရေစီဖြစ်လို့ ကိုယ့်အမြင်ကိုယ် ပြောနိုင်ကြပါတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၃-၂ဝ၁၆

But I’m relieved ဝန်ကြီးချုပ် နောက်တယောက်

အခု မန္တလေးတိုင်းဝန်ကြီးချုပ်ဖြစ်လာတဲ့ ဒေါက်တာဇော်မြင့်မောင် NLD ပါတီပြောရေးဆိုခွင့်ရှိသူဖြစ်လာတုန်းက အမောပြေရတယ်လို့ ရေးဖူးတယ်။ သူနဲ့ကျွန်တော် မန္တလေး ဆေးကျောင်းတုန်းကတော့ နည်းနည်းသာဆုံဖြစ်တာပါ။ အတန်းချင်းကွာပေမယ့် သူက ကျွန်တော့်ညီနဲ့အတန်းတူမို့ လူချင်းရင်းကြတယ်။ တချို့ကဆို ကျွန်တော့်ညီခေါ်သလို အကိုလေးလို့ပဲခေါ်တယ်။ ဒေါက်တာ ဇော်မြင့်မောင် တမြန်နှစ်လောက်က (ယူအက်စ်) ကိုလာတုန်းမှာ ကျွန်တော်က ဒေလီမှာပဲရှိသေးလို့ ဖုန်းနဲ့သာ စကားပြောဖြစ်တယ်။ သူက အကိုလို့ခေါ်ပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဘွဲ့လွန် (ဇီဝကမ္မဗေဒ) တက်တော့ ပြန်ဆုံတယ်။ ကျွန်တော့်သူငယ်ချင်းအရင်းနဲ့ ဘွဲ့လွန် (ဇီဝဓါတု) တက်ကြလို့ပါ။ တောင်မြို့ခေါ် အမရပူရကသူ့အိမ်လည်းရောက်တယ်။

နိုင်ငံရေးထဲရောက်တော့ ဒေါက်တာဇော်မြင့်မောင်နဲ့ လက်တွဲလုပ်ရတယ်။ လက်ထိပ် အတူခတ်ခံရတော့မလောက်ထိ ရင်းနှီးတာ။ စင်ပြိုင်အစိုးရဖွဲ့ရေးမှာ သူက မန္တလေးတိုင်း၊ ကျွန်တော်က စစ်ကိုင်းတိုင်းတာဝန်ယူရတယ်။ နှစ်ယောက်လုံးက နောက်ကသာနေကြဘို့။ ဖြစ်လာတာတော့ သူကထောင်ထဲ၊ ကျွန်တော်ကပြည်ပြေး။ ဖြစ်မှာပေါ့ သူရောကျွန်တော်ပါ လျှို့ဝှက်ခေါ်တဲ့ အစည်းအဝေးနေရာတွေ စီစဉ်ပေးကြရတယ်။ ထွက်မယ့်သူတွေ ထွက်နိုင်အောင်လုပ်ပေးကြရတယ်။

သူထောင်က လွတ်လာတော့ ကျွန်တော့်ဘလော့မှာ ချက်ချင်းတင်ပါတယ်။ သူတို့အုပ်စုထဲကတချို့လည်း အာဏာရသူတွေဖက်မှာရောက်ကြသလို ကျွန်တော့်သူငယ်ချင်းတချို့လည်း (မဆလ) ထဲမှာရော၊ ပြည်ခိုင်ဖြိုးထဲရော ပါကြတယ်။ အဲလိုအဖြစ်မျိုးက ခေတ်တိုင်းမှာရှိတာပါ။

ဒေါက်တာဇော်မြင့်မောင် အခုလိုတာဝန်ယူခွင့်ရလာတာ အမောပြေစေတယ်။ ၂၅ နှစ်ဆိုတာ တိုတိုလေးပဲ။ ဟူ့း့

ဒေါက်တာတင့်ဆွေ
၂၈-၃-၂ဝ၁၆

Goal! တဂိုးရှူးဘူးတယ်

NLD ပါတီကနေ ၁၉၉ဝ၊ ၂ဝ၁၂ ၊ ၂ဝ၁၅ ရွေးကောက်ပွဲတွေမှာ သုံးကြိမ်တိုင် ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့ (၁၂) ဦးကို ဟတ်ထရစ်ပိုင်ရှင်လို့ခေါ်ကြတယ်။

ဒေါက်တာအောင်မိုးညို။ ဒေါ်ခင်စန်းလှိုင်။ ဒေါက်တာသန်းဝင်း။ ဒေါက်တာမေဝင်းမြင့်။ ဒေါ်ခင်ဌေးကြွယ်။ ဒေါက်တာဇော်မြင့်မောင်။ ဦးမန်းဂျော်နီ။ ဦးကျော်မြင့်။ ဦးအောင်ကြည်ညွန့်။ ဒေါက်တာမြင့်နိုင်။ ဦးပေါခင်။ ဦးဝင်းမြင့်။

ကျွန်တော်လည်း ၁၉၉ဝ တုံးက ပနယ်တီတဂိုးရှူးရတယ်။ ဒိုင်က အနီကပ်ပြလို့ နောက်ပွဲတွေပါ အပိတ်ခံရပါတယ်။

သူတို့ (၁၂) ယောက်ထဲက ဝန်ကြီးချုပ်ဖြစ်လာသူ ကျွန်တော်သိသလောက် လေးယောက်။ သူတို့အားလုံးနဲ့ လုပ်ဖေါ်ကိုင်ဖက်ဖြစ်ရတာ ဂုဏ်ယူတယ်။ You can do it!

ဒေါက်တာတင့်ဆွေ
၂၅-၁၁-၂ဝ၁၅
၂၈-၃-၂ဝ၁၆

Hard to Heart ဟဒ်-တူ-ဟတ်

ဆရာ စစ်ကိုင်း ဒေါက်တာမြင့်နိုင်အကြောင်းလေး သိချင်ပါတယ်။

၁၉၉ဝ အမတ်တွေထဲမယ် Hardliner ဆိုတာရှိခဲ့တယ်။ (နဝတ) ရဲ့ ၁/၉ဝ ကို ရဲရဲဝံ့ဝံ့ အာခံ အန်တုကြသူတွေပေါ့။ အုတ်နံရံကို ခေါင်းနဲ့တိုက်ရသူတွေ၊ လက်နဲ့တွန်းသူတွေ၊ ဖေါက်ထွက်ခဲ့သူတွေဖြစ်ကုန်ကြတယ်။ အခုတော့ ပြည်သူလူထုကနေ ၂ဝဝ၈ ဖွဲ့စည်းပုံကို ရဲရဲဝံ့ဝံ့ အာခံအန်တုကြလို့ ၉ဝ သမားထဲက အမာစားတွေ ကုလားထိုင်တလုံးစီရလာကြပြီ။ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဖြစ်လာသူ ဒေါက်တာမြင့်နိုင်လည်းပါတယ်။

စစ်ကိုင်းတိုင်းမှာ NLD အမတ်ပေါင်း ၅၈ ယောက်ရှိတယ်။ ကျွန်တော်နဲ့ လက်ပူးတတွဲလုပ်ခဲ့သူတွေထဲမှာ ရေဦးက ဦးဝင်းကိုက ထိပ်ဆုံးကပါ။ စင်ပြိုင်အစိုးရဖွဲ့ရေးအတွက်ပါ။ ကျွန်တော်က စစ်ကိုင်းတိုင်းအတွင်း လိုက်စည်းရုံးရတယ်။ ပုလဲက ဦးသန်းစိန်နဲ့ ယင်းမာပင်က ဦးဗိုလ်သောင်းတို့ ပါလာတယ်။ နောက်မှာ ကန့်ဘလူက ဒေါက်တာမြင့်နိုင်၊ အင်းတော်က ဦးစောလှိုင်နဲ့ကသာက  ဦးမြင့်ကြည်တို့ သုံးယောက်က အနံ့ရတော့ ပုလဲကကျွန်တော့်အိမ်အထိ ရောက်လာကြတယ်။ ကျွန်တော်တို့ကို Hardliner ဟဒ်လိုင်းသမားတွေလို့ ခေါ်ကြတယ်။ သူတို့အစုကတော့ မာကြလွန်းလို့ အတွင်းစည်း အစည်းအဝေးတွေမှာ မဖိတ်ရဲဘူး။

မကြာပါဘူး အားလုံးအဖမ်းခံကြရတယ်။ ဦးဝင်းကိုက နယ်စပ်အထိရောက်လာ၊ အစိုးရတာဝန်နဲ့သွားရင်း တရုပ်ပြည် ကူမင်း (ကွေ့မင်) မြို့မှာ လုပ်ကြံခံလိုက်ရတယ်။ ကျွန်တော့်လာဖမ်းတော့ လွတ်လို့ (ဂျက်ဆီဂျိမ်း) လို့ ပြောကြတယ်။ ပုလဲအိမ်ကို လာဖမ်းတဲ့ထောက်လှမ်းရေးကတော့ ဒေါက်တာတင့်ဆွေ လက်တလုံးခြားလွတ်မြောက်သွားခြင်းလို့ ပြောသွားသေးသတဲ့။

ထောင်ကလွတ်ပြီး ဦးစောလှိုင်ပြန်လှုပ်ရှားတယ်။ သူမဆုံးခင်မှာ ဒေလီကိုအသည်းအစားထိုးဘို့လာတော့ ဦးစောလှိုင်ကို ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ အပယ်ခံရတဲ့သတင်းကို ကျွန်တော်ကပဲ သူ့ကိုပြောပြရတယ်။ ထောင်ကလွတ်လာတဲ့ ဒေါက်တာမြင့်နိုင်ကလည်း ပြန်လှုပ်ရှာပြီး စစ်ကိုင်းတိုင်း NLD ဥက္ကဋ္ဌဖြစ်လာတယ်။ ပုလဲကကျွန်တော့်အိမ်လေးရှေ့မှာ NLD တိုင်းနဲ့ မြို့နယ်ကစည်းရုံးရေးမှူးတွေ ၁၁-၅-၂ဝ၁၅ နေ့က ဓါတ်ပုံရိုက်ပို့တာကို ရတော့ Heart ဟဒ်ထိတယ်လို့ ပြောချင်တယ်။

၁၉၉ဝ သမားတွေက ကျွန်တော့်အတွက် အားရှိအောင်အဲလိုလုပ်ပေးကြတယ်။ တကယ်လို့ သူတို့လိုအပ်ချိန်မှာ ကျွန်တော်က မကူညီနိုင်တဲ့ဘဝဖြစ်နေမှာ စိုးရိမ်မိတယ်။ ဝန်ကြီးချုပ် ဘာလုပ်လုပ် အားပေးနေမယ်။

ဒေါက်တာတင့်ဆွေ
၂၈-၃-၂ဝ၁၆
Photo sent by Pale Tun

Sirens and Koel နွေဥသြသံများ

ဥသြသံလို့ခေါ်တာက အမျိုးမျိုးရှိတယ်။ အခုနေရတဲ့အိမ်က မီးရထားသံလမ်းနဲ့ကပ်နေလို့ ရထားဥသြသံကို နေ့တိုင်းလို ကြားရတယ်။ လမ်းမနဲ့လည်းမဝေးတော့ လူနာတင်ယာဉ်ဥသြသံလည်း နေ့နေ့ညညကြားနေရတယ်။ မီးသတ်ကား ဥသြသံလည်း မကြားချင်လို့မရပါ။ ရဲကားဥသြသံကို ဘယ်တော့မှမကြားချင်ပေမယ့် အလိုဆန္ဒမပြည့်ဝပါ။ ဘယ်သူက 911 ခေါ်ခေါ် အဲဒီယာဉ်သုံးစီးကတွဲလာတယ်။

Sirens ဥသြသံတွေထဲမှာ Siren speakers ဥသြသံထွက်တဲ့စပီကာလည်းပါတယ်။ ခရီးလိုက်ပါသူတွေရဲ့ ရှေ့ဖက်မှာ တပ်ဆင်ထားရတယ်။ အသံလယ်ဗယ် 120 dB(A) ထက်မများသင့်ပါ။ လျှပ်စစ်မော်တာသုံးဆိုရင် 50 - 200 အမ်ပီယာနဲ့ 12 volts (DC) ဗို့လ်ဖြစ်သင့်တယ်။ စပီကာတွေကို 135 decibels ရှိစေပြီး၊ ပေ ၁ဝဝ မှာထားရတယ်။

Civil defense siren ဥသြသံဆိုတာက အများပြည်သူကို အန္တရာယ်သတိပေးဥသြမျိုးဖြစ်တယ်။ အမေရိကမှာ ဒုတိယ ကမ္ဘာစစ်တုံးက နူကလီယားအန္တရယ် သတိပေးဘို့သုံးခဲ့တယ်။ အခုတော့ လေဆင်နှာမောင်းသတိပေးချက်အဖြစ် သုံးနေတယ်။ ဂျပန်ခေတ်က မြန်မာပြည်မှာတော့ ဗုံးကျဲလေယာဉ်သတိပေးတဲ့ ဥသြသံကို မီလိုက်သူ နည်းနည်းသာ ကျန်တော့တယ်။

ကြားချင်တဲ့ဥသြသံဆိုတာ Koel အသံသာလှတဲ့ ဥသြငှက်တွန်သံ။ နွေရောက်တော့မယ့်အချိန်တိုင်းမှာ ကြားရပါစေလို့ ဆုတောင်းနေမိတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၂-၂ဝ၁၅
၂၈-၃-၂ဝ၁၆
Photo of Asian koel female bird
Link of Asian koel sounds http://www.soundsnap.com/tags/asian_koel

Doctor ဒေါက်တာ

မြန်မာ့နိုင်ငံရေးမှာ ဒေါက်တာတွေများလာတယ်။ ဆရာဝန်ဝန်ရော ဆရာဝန်မဟုတ်သူတွေပါ များတယ်။ ဒေါက်တာတွေကို ခွဲခြားသိရအုန်းမယ်။ ဆရာဝန်ဆိုလည်း ရိုးရိုးဆရာဝန်လား၊ ဥပမာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ တိ-မွေး-ကု ဆရာဝန်လား ဥပမာ ရခိုင်က ဒေါက်တာအေးမောင်။ ပီအိတ်ခ်ျဒီရလို့ ဒေါက်တာတွေကိုလည်း တခြားဘာသာရပ် ဒေါက်တာလား ဥပမာ စင်ပြိုင်အစိုးရဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း၊ ဘာသာရေးဒေါက်တာလား ဥပမာ CNF က ဒေါက်တာ လျန်မုန်း ဆာခေါင်း။

Doctor ဒေါက်တာဆိုတာ အဓိပ္ပါယ် (၃) မျိုး ရှိပါသတဲ့။ Doctor ပါရဂူဘွဲ့ရထားသူ၊ Physician သမားတော်နဲ့ Surgeon ခွဲစိတ်ဆရာဝန်။ Doctor ကို နာမည်ရှေ့မှာ ကင်ပွန်းတပ်ခေါ်ရတာဟာက လက်တင်စကားကနေလာပြီး၊ စာလုံးပေါင်းရော အဓိပ္ပါယ်ပါတူတယ်။ သင်ကြားသည်၊ သင်ကြားရန်ကနေလာတဲ့ Docēre ဖြစ်တယ်။ ဥရောပမှာ တက္ကသိုလ်တွေ စပေါ်ကတည်းကနေ ဂုဏ်ပြုခေါ်လာနေခဲ့တာပါ။

ဆေးပညာရှင်ကို မြန်မာလို သမားတော်လို့ ယေဘုယျခေါ်နေခဲ့တယ်။ ရိုးရိုး MBBS ဆေးပညာဘွဲ့ ရယုံနဲ့ သမားတော်လို့ ခေါ်လေ့မရှိကြဘူး။ သူများနိုင်ငံတွေမှာတော့ ဆရာဝန်မှန်သမျှ Physician လို့ အများဆိုင်နာမ်အနေနဲ့ ခေါ်ပါတယ်။ ဆေးပညာကို အသုံးချသူပညာရှင်လို့ အဓိပ္ပါယ်ဆောင်တယ်။ ဆေးပညာကိုတိုးတက်အာင်လုပ်မယ်၊ ထိန်းသိမ်းတာ လုပ်မယ်၊ လူ့ကျန်းမာရေးကို စောင့်ရှောက်ပေးမယ်၊ လေ့လာသင်ယူ-သင်ကြားခြင်း၊ ရောဂါရှာဖွေခြင်း၊ ကိုယ်ကျန်းမာရေး-စိတ်ကျန်းမာရေးကို ကုသပေးခြင်းတွေပါတယ်။

ဆေးပညာမဟုတ်တဲ့ နယ်ပယ်တွေမှာလဲ ဒေါက်တာခေါ်တယ်။ တခြားဘာသာရပ်တခုခုမှာ Doctor of Philosophy Ph.D. ဘွဲ့ရရင် ဒေါက်တာခေါ်တယ်။ ခရစ်ယာန်ဘာသာမှာ Theology (Th.D.) ဘွဲ့ရထားသူတွေကိုလဲ ဒေါက်တာလို့ ခေါ်တယ်။ Doctor of the Church လို့လဲရှိပါတယ်။

အမေရိကားမှာ (M.D.) နဲ့ (D.O.) ဘွဲ့ ရတာရင် ဒေါက်တာ ခေါ်နိုင်တယ်။ DPM, MD, DMD, DDS, DPT, DC ဘွဲ့ရရင် ဒေါက်တာခေါ်ပြီး၊ ယူကေမှာ MBBS ရရင် ခေါ်တယ်။ တိရစ္ဆာန်ဆေးပညာဘွဲ့ရသူတွေကိုလဲ ဒေါက်တာခေါ်တယ်။ ရိုးရာဆေးပညာ ကျွမ်းကျင်သူကို ခေါ်တာလဲရှိတယ်။ ဆရာဝန်တဦးဟာ ဆေးပညာရပ်နဲ့ဆိုင်တာ၊ ဘာသာရပ်တခုခုကို Ph.D. ဘွဲ့တွေပါထပ်ရရင် အထူးကုဆရာဝန်ဆိုတာထက် ပညာရှင်လို့ သတ်မှတ်တာက ပိုပြီး သင့်လျှော်လာတော့တယ်။

အမေရိကားမှာ ခွဲစိတ်ဆရာဝန်တွေကို တခြားအထူးကုတွေထက်ပိုပြီး ကြာကြာသင်ပေးတယ်။ ရိုးရိုးကောလိပ်မှာ ၄ နှစ်၊ ဆေးကောလိပ်မှာ ၄ နှစ်နဲ့ ဆေးရုံမှာ ၃ နှစ်၊ စုစုပေါင်း ၁၁ နှစ်ကြာသင်ရတယ်။ အထူးကုဆိုရင် ဆေးရုံမှာတင် ၈ နှစ်ထိ နေရတယ်။ ဆရာဝန်ဖြစ်ချင်သူတိုင်း ကောလိပ်မှာ ဇီဝဗဒေ၊ ဓါတုဗေဒ၊ ရူပဗေဒ၊ သင်္ချာတွေအပြင် အင်္ဂလိပ်စာပါ သင်ရတယ်။ ဆေးကျောင်း ၄ နှစ်နဲ့ Residency အနည်းဆုံး ၅ နှစ်။ ပေါင်း ၉ နှစ်ကြာတယ်။ မြန်မာပြည်မှာ ၆ နှစ်နဲ့ အပြီးအစီးလုပ်လိုက်တာဟာ စဉ်းစားစရာဖြစ်မနေပါလား။

ဆရာဝန်တွေဟာ သူများတွေထက် အလုပ်ချိန်ပိုတာများတယ်။ ဆရာဝန် ၁ဝ ယောက်မှာ ၃ ယောက်ဟာ တပတ်မှာ နာရီ ၆ဝ လုပ်ခဲ့ရတယ်။ ထုံးစံက နာရီ ၄ဝ သာဖြစ်တယ်။ ရုံးလို၊ ဓါတ်ခွဲခန်းလိုမှာ လုပ်ရသူတွေက အချိန်သတ်သတ်မှတ်မှတ် ရှိနိုင်ပေမဲ့ တခြားဆရာဝန်တွေက အရေးပေါ်ခေါ်ရင် ထပြေးကြရတယ်။ ဆရာဝန်တွေ ဝင်ငွေကောင်းတယ်။ ရိုးရိုးဆရာဝန်တွေက တနှစ်မှာ ၁၈၆,ဝ၄၄ ရကြပြီး၊ အထူးကုဆရာဝန်တွေက ၃၃၉,၇၃၈ ဒေါ်လာ ရကြတယ်။

ကျွန်တော်တော့ လူကိုခေါ်ရင် ဆရာလို့တလုံးတည်းခေါ်တာ သဘောကျတယ်။ စာရေးရင်တော့ နာမည်ရှေ့မှာ ဒေါက်တာလို့ရေးပါတယ်။ ရွေးကောက်ပွဲရလဒ်နဲ့ အမည်မည်းစာရင်းက ဖြုတ်ပေးတာမှာလည်း ဒီအတိုင်းပါတာမို့ ဖြစ်ပါတယ်။ ၁၉၉ဝ ရွေးကောက်ပွဲကရတာဆိုလို့ ဒါတခုဘဲရှိလို့ပါ။

ဒေါက်တာတင့်ဆွေ
၂၈-၃-၂ဝ၁၆

Good orators စကားပြောကောင်းတဲ့ တိုင်းရင်းသားတွေ

ရခိုင်သံတွေ ကြားနေရတယ်။ တိုင်းရင်းသားတွေကနေ ဗမာလိုပြောတဲ့အခါ အသံနဲ့ကွဲလွဲတာ၊ ဝဲတာမျိုးဆိုရင် နားမလည်ပါ။ ကျွန်တော့် ပြည်ပနိုင်ငံရေးအလုပ်ထဲမှာ တိုင်းရင်းသားပေါင်းစုံသလောက်နဲ့ ထိတွေ့ဆက်ဆံခဲ့ရပါတယ်။ တခါတလေ တိုင်းရင်းသားတွေစကားပြောတာက ဗမာအစစ်တွေထက် နားထောင်ကောင်းတာမျိုးလည်း ကြုံရတတ်ပါတယ်။

တခါက အိုင်ယာလန်နိုင်ငံ၊ ဒပ်ဘလင်မြို့ကဟော်တယ်တခုမှာ ကျွန်တော်တို့တည်းခိုကြရတော့ တခန်းကတခန်း ကူးသန်းသွားလာရတာက ဟိုကွေ့သည်ကောက်၊ ထက်ချည်ဆင်းချည်ဖြစ်နေတာကြောင့် ကရင်နီအမတ် ခွန်တက်ဒီဘူရီကနေ ဟော်တယ်ကလည်းကွာ ကြွက်တွင်းထဲသွားရသလိုပဲတဲ့။ ရီရတယ်။

ကျွန်တော်နဲ့ ကယန်းအမတ် ဦးခွန်မားကိုဘန်းတို့က အာအားရှိတိုင်း ကွမ်းသီးဖြစ်ဖြစ် ဆေးရွက်ဖြစ်ဖြစ် ငုံ-ဝါးနေကြတာကို ကြည့်ပြီး ချင်းအမတ် ဒေါက်တာဇလှေထန်းက ကျွန်တော်တို့နှစ်ယောက်က ဆိတ်လိုပဲ ပါးစပ်ကိုအငြိမ်မနေဘူးတဲ့။ ရီရတယ်။

ရခိုင်လူရွယ်တယောက်လည်း ရခိုင်မှာပြောလေ့ရှိတဲ့ ဥပမာတခုကိုပြောပြတယ်။ ခွေးကို အမြင်ကပ်လို့ ကန်ထုတ်လိုက်တာ ငါးခြောက်ပုံပေါ်ကျသွားတယ်တဲ့။ ရီရတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၃-၂ဝ၁၆

Asian Koel ဥသြတွန်သံ

ဥသြငှက်တွန်သံကို စပြီးကြားရရင် နွေရောက်တော့မယ့်အချိန်ပါ။ ကျွန်တော်နေရတဲ့နေရာမှာလည်း ကြားနေရပြီ။

ဥသြငှက်ဟာ Cuckoos ဆိုတဲ့အုပ်စုထဲကဖြစ်တယ်။ အဲဒီအောက်မှာ Koels, Roadrunners, Malkohas, Couas, Coucals နဲ့ Anis ငှက်တွေ ပါဝင်ကြတယ်။ မြန်မာပြည်မှာရှိတဲ့ ဥသြက Asian koel (Eudynamys scolopaceus) ဖြစ်မယ်။ သက္ကတဘာသာနဲ့ Koel ဖြစ်တယ်။ ဟင်ဒီစကားပြောသူတွေက အဲလိုခေါ်တယ်။ အသံထွက် (ကူယဲလ်) ဖြစ်လို့ ဥသြသံနဲ့ တူတယ်။ သီရိလင်္ကာမှာတော့ ရိုးရာနှစ်သစ်ကူးပွဲနဲ့ ဆက်စပ်နေတယ်။ သူတို့ဆီမှာ Koha (ကိုဟာ) လို့ ခေါ်တယ်။ ဒါလည်း ဥသြသံနဲ့ အသံထွက်တာဆင်တာပဲ။ ဥသြရှိတဲ့တိုင်းပြည်တိုင်းမှာ ဥသြအကြောင်း စာတွေ၊ ကဗျာတွေ၊ သီချင်းတွေ ဖွဲ့ဖွဲ့နွဲ့နွဲ့စပ်ဆိုသီကုံးကြတယ်။

ဥသြငှက်တွေဟာ မျိုးကွဲပေါင်း (၁၄) မျိုးရှိတယ်။ အသီးလေးတွေနဲ့ အင်းဆက်လေးတွေကို စားတယ်။ အစားအသောက်အတွက် လူတွေရှိတဲ့နေရာတွေမှာ ကျင်လည်ကြတာများတယ်။ ဥသြအထီးက ပြာနက်နက် ဒါမှမဟုတ် စိမ်းမည်းမည်းအရောင်ရှိတယ်။ တောင်ပံကတိုပြီး အမြီးရှည်တယ်။ မျက်လုံးက နီရဲနေပြီး ခြေထောက်တွေက မီးခိုးရောင်ရှိတယ်။ နှုတ်သီးအရောင်ဖျော့တယ်။ ဥသြအမက အပေါ်ပိုင်းကခပ်ညိုညိုရောင်မှာ အဖြူပျောက်လေးတွေ ပါတယ်။ အပေါ်ပိုင်းမှာ ခပ်ဖြူဖြူရောင်ရှိတယ်။ အညိုရင့်ရောင်အစင်းလည်းပါတယ်။ အမောက်က ညိုမည်းတယ်။ မျက်လုံးနီတယ်။ နှုတ်သီး ခပ်စိမ်းစိမ်းအရောင်ရှိတယ်။ ဥတဥသာအုတယ်။ ကျီးသိုက်တွေထဲမှာလည်း နေကြတယ်။ ဥကလည်း ကျီးဥနဲ့တူတယ်။ မီးခိုးစိမ်းခပ်ပျောပျော့အရာင်ရှိတယ်။ နီညိုညို တောက်နေတယ်။

ဥသြငှက်တွေက ရှက်တတ်တယ်။ အသံကိုကြားရပေမယ့် အကောင်ကိုမြင်ရတာနည်းတယ်။ အသံသာတယ်။ အသံထွက် နှစ်လုံးပါတယ်။ ko-eeul (ကူ-အဲလ်) ဥ-သြ။ တွန်သံဆက်မည်ရင် အသံမြင့်မြင့်လာတယ်။ အထီးက kuhu, kuhu, kuhu (ကူ-ဟူး၊ ကူ-ဟူး) သံထွက်တယ်။ ကျယ်ပြီး စူးရှတယ်။ အမက wook-wook (ဝုခ်-ဝုခ်) သံနဲ့ စည်းချက်ကျတယ်။ တိုတယ်။ တုန်ခါမှုပါတယ်။

ဒီမှာရှိတဲ့ဥသြသံကလည်း ဗိုလ်သံမပေါက်ပါ။ အသံကြားတိုင်း မြန်မာပြည်ကို ပြန်ရောက်နေရသလိုပဲ။

ဒေါက်တာတင့်ဆွေ
၂၈-၃-၂ဝ၁၆
ဥသြငှက်သံတွေ နားထောင်ရန် http://www.xeno-canto.org/species/Eudynamys-scolopaceus

Sunday, March 27, 2016

Home Remedies to Eliminate Foot Odor ခြေနံ့ဆိုးခြင်း

သမီးအစ်ကို အသက် ၁၈ နှစ်က ခြေထောက်မှာတစ်ချိန်လို ခြေဆီထွက်ပြီး အနံဆိုးထွက်ပါတယ်။ ဘယ်သွားသွား၊ ဘာဝတ်ဝတ်ပါ။ အိမ်မှာလည်း စိတ်ညစ်ရပါတယ်။ အဲအနံကြောင့် စိတ်လှုပ်ရှားတဲ့အချိန်တို့ အေးလာတဲ့အချိန်တို့်ဆို ထွက်လာတတ်ပါတယ်။ ခြေဖဝါးမှာရော လက်မှာပါ။ ဘယ်လိုဖြေရှင်းရမလဲဆရာ။

ခြေနံ့ဆိုတာဟာ ဖြေဖဝါးမှာ ချွေး (ခြေဆီ) နဲ့ ဗက်တီးရီးယားတွေရောနေတဲ့အနံ့ဖြစ်တယ်။ ခြေဆီထွက်များသူတွေ၊ ခြေအိတ်မလဲတာကြာသူတွေ၊ တကိုယ်ရေသန့်ရှင်းရေးနည်းသူတွေ၊ ကိုယ်ဝန်၊ အရွယ်ရောက်ချိန်စတဲ့ ဟော်မုန်း ပြောင်းလဲမှုရှိသူတွေ၊ စိတ်-ကိုယ် ဖိအားများသူတွေ၊ Hyperhidrosis ရှိသူတွေက သူများထက်ချွေးထွက်များတယ်။

၁။ Lavender Oil လာဗင်ဒါပန်းအဆီကို မိနစ် ၂ ဝ ကြာလိမ်းထားပါ။ တနေ့ ၂ ကြိမ်လုပ်ပါ။

၂။ Alum Powder ကျောက်ချဉ် လက်ဖက်ရည်ဇွန်း ၁ ဇွန်း နဲ့ ရေတခွက်ရောပါ။ ခြေထောက်ကိုသုတ်လိမ်းပါ။ ၁၅-၂ဝ မိနစ်ထားပါ။ တနေ့ ၁ ကြိမ်။

၃။ Epsom Salt ဆားခါး လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို ရေပုန်းတဝက်ထဲတည့်ပြီး ခြေထောက်ကိုစိမ်ထားပါ။ ၁၅ မိနစ်ကြာ၊ တနေ့ ၁ ကြိမ်။

၎။ White Vinegar ဗနီဂါရည် ခွက်တဝက်ကို ရေ ၆ ခွက်နဲ့ရောပါ။ လာဗင်ဒါဆီ နည်းနည်းထည့်ပါ။ ၁၅ မိနစ်စိမ်ပါ။ တနေ့ ၁ ကြိမ်။

၅။ Black Tea လက်ဖက်ခြောက်နက်အိတ်ကလေး ၂ အိတ်ကို ရေနွေးပူ ၃ ခွက်ထဲထည့်ပါ။ နွေးလာချိန်ကစပြီး ခြေထောက်စိမ်ပါ။ တနေ့ ၁ ကြိမ်။

၆။ Ginger ဂျင်း (ချင်း) ကို ချေထောင်းပြီး ရေနွေး ၁ ခွက်ထဲထည့်ပါ။ ၁၅ မိနစ်စိမ်ပါ။ တနေ့ ၁ ကြိမ်၊ ၁ ပါတ်ကြာ။

၇။ Apple Cider Vinegar ပန်းသီး ဆိုင်ဒါရည် ခွက် တဝက်နဲ့ ရေနွေး ၅ ခွက်ရောပါ။ ၁၅ မိနစ်ကြာစိမ်ပါ။ တနေ့ ၁ ကြိမ်၊ တပါတ်။

၈။ Sugar Scrub သကြား ၇-၉ ဆ + isopropyl alcohol (91%) အရက်ပြင်း + ရေ ၅ ဆရောပြီး ခြေထောက်ကို တိုက်ပွတ်စရာတခုနဲ့ တိုက်ပေးပါ။ ၁ဝ မိနစ်ကြာ။ တပါတ် ၃ ကြိမ်။

၉။ Boric Acid ဘောရစ်အက်စစ်နဲ့ လိမ်းပါ။

၁ဝ။ Baking Soda ဆော်ဒါ လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံကို ရေခပ်နွေးနွေး ၈ ခွက်ထဲထည့်ပါ။ သံပုရာရည် ညှစ်ထည့်ပါ။ ခြေထောက်လိမ်းပါ။ မိနစ် ၂ဝ ကြာ။

၁၁။ Salt and Water Soak ဆားရည် ဆားတခွက်နဲ့ ရေခပ်နွေးနွေးရောပါ။ မိနစ် ၂ဝ ကြာ။ တနေ့ ၁ ကြိမ်။ ၂ ပါတ်ကြာ။

၁၂။ Tea Tree Oil လက်ဖက်ပင်ဆီ (၈) စက်ကို ရေ ၁ ခွက်ထဲထည့်ပါ။ ခြေထောက်ကိုလိမ်းပါ။ တည ၁ ခါ။

ဒေါက်တာတင့်ဆွေ
၂၈-၃-၂ဝ၁၆

Amniocentesis ရေမြွာရည်ဖေါက်ယူစစ်ဆေးခြင်း

ရေမွှာရည်ဖောက်ယူစစ်ဆေးတာကို ဘယ်လိုခေါ်လဲဆရာ။ အဲလို စစ်ဆေးရင် ဘာဖြစ်တတ်ပါသလဲရှင်။ ကျေးဇူးတင်ပါတယ်ရှင်။

ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်သူတွေကို ရေမြွာရည်ဖေါက်ယူစစ်ဆေးတာလုပ်ရတယ်။ Triple test ခေါ်တဲ့ သုံးမျိုး စမ်းသပ်နည်းမှာ မူမမှန်တာတွေ့မှသာလုပ်ပါတယ်။ AFP, hCG, and Estriol တွေဖြစ်တယ်။ AFP ဆိုတာ သန္ဓေသားကနေထုတ်ပေးတဲ့ alpha-fetoprotein ပရိုတင်းတမျိုးဖြစ်တယ်။ hCG ဆိုတာ human chorionic gonadotropin ခေါ်တဲ့ အချင်းကနေထုတ်ပေးတဲ့ဟော်မုန်းဖြစ်တယ်။ Estriol ဆိုတာ သန္ဓေသားနဲ့ အချင်းကနေ ထုတ်ပေးတဲ့ estrogen အီစထိုဂျင်ဟော်မုန်းဖြစ်တယ်။ ဒီစမ်းသပ်နည်းက သွေးကိုသာစစ်လို့ စိုးရိမ်စရာမရှိပါ။

ကိုယ်ဝန် ၁၅ ပတ်နဲ့ ၂ဝ ပတ်မှာစမ်းတယ်။ ၁၆-၁၈ ပတ်မှာကပိုသေချာစေနိုင်တယ်။ မွေးရာပါချို့ယွင်းချက်နဲ့ကလေး မွေးဖူးသူ၊ အသက် ၃၅ နှစ်ကျော်သေူ၊ ဆေးအပြင်းတချို့သုံးခဲ့သူ၊ အင်စူလင်ထိုးနေရတဲ့ဆီးချိုရှိသူ၊ ကိုယ်ဝန်ဆောင်နေချိန်မှာ ဗိုင်းရပ်စ်ပိုး ဝင်ခံရသူ၊ ဓါတ်ရောင်ခြည်များများသင့်ခံရသူတွေကို စစ်ဆေးတယ်။

AFP များနေရင် spina bifida နဲ့ anencephaly ဦးနှော်နဲ့အာရုံကြောချို့ယွင်းချက်နဲ့ကလေးဖြစ်နိုင်တယ်။ AFP နည်းနေပြီး hCG နဲ့ estriol မူမမှန်ရင် Trisomy 21 (Down Syndrome) နဲ့ Trisomy 18 (Edwards Syndrome) ဖြစ်နိုင်တယ်။ တခြား ခရိုမိုဇုန်းမူမမှန်တာလည်းဖြစ်နိုင်တယ်။ အဖြေက မတိကျလှပါ။ လိုအပ်ရင် ဆက်စမ်းရမယ်။

ရေမြွာရည်ဖေါက်ယူစစ်ဆေးတာလုပ်ရင် အာလ်ထွာဆောင်းနဲ့ စုပ်ယူမဲ့အပ်ကိုကြည့်ရတယ်။ ကိုယ်ဝန် ၁၄ ပတ်နဲ့ ၂ဝ ပါတ်မှာစစ်တယ်။ တချို့ကိုနောက်ပိုင်ရောက်မှစစ်တယ်။ ခရိုမိုဇုမ်းမူမမှန်တာ၊ အာရုံကြောစနစ်ချို့ယွင်းတာ၊ မျိုးဗီချို့ယွင်းတာတွေကို သိနိုင်တယ်။ ခရိုမိုဇုမ်းမူမမှန်တာက Down syndrome နဲ့ Trisomy 21 တွေဖြစ်တယ်။
မျိုးဗီဖမူမမှန်တာက cystic fibrosis ဖြစ်တယ်။ အာရုံကြောစနစ်မူမမှန်တာက spina bifida ဖြစ်တယ်။
ကိုယ်ဝန်ရင့်ချိန်မှာလုပ်ရင် ကလေးအဆုပ်အခြေအနေသိမယ်။ အဲတာတွေက ၉၈-၉၉% မှန်တယ်။ ကလေးရဲ့ DNA ကိုလည်းသိနိုင်တယ်။ မိဘစစ်မစစ် ၉၉% မှန်တယ်။

စစ်ဆေးနည်းမှာ သတိထားစရာတော့ရှိတယ်။ ဒါပေမယ့် မေယိုးကလင်းနစ်ကနေ တနှစ်မှာ လူ ၂ သိန်းကို လုပ်ပေးနေပါတယ်။ ကိုယ်ဝန်ပျက်နိုင်တဲ့အန္တရာယ်က ၄ဝဝ မှာ ၁ ယောက်နဲ့၊ တချို့နေရာတွေမှာ ၂ဝဝ မှာ ၁ ယောက်သာ ရှိတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၃-၂ဝ၁၆

Nat (Spirit) နတ်ကိုးကွယ်မှု

နတ်ပွဲအကြောင်းလေးရေးတော့ ယုံသလား၊ စွမ်းသလား စသဖြင့်ရေးလာကြတယ်။ အစဉ်အလာရိုးရာပွဲမျိုးအနေနဲ့ ကန့်ကွက်စရာမရှိပါ။ မြန်မာပြည်မှာ နတ်ကိုးကွယ်မှု အတော်ကျယ်ပြန့်လွန်းတယ်။ လွန်လွန်းတာတွေလည်းရှိတယ်။

နတ်ပွဲအကြောင်းပြပြီး လုပ်စားနေတာတွေကိုတော့ အကုန်သဘောမကျပါ။ နတ်ကို ရတနာသုံးပါထက်လွန်ကဲပြီး ကိုးကွယ် ဆည်းကပ်ကြတာမျိုးကိုလည်း ဆန့်ကျင်ပါတယ်။ ဘုရားစင် မည်ကာမတ္တအထက်က အုန်းသီးဆွဲထားတာတို့၊ သီလ ၅ ပါး မစောင့်ပဲ၊ ၃၇ မင်းကိုးကွယ်တာတို့၊ ဆရာတော်တွေထက် နတ်ကတော်တွေကို ပိုအားကိုးတာတို့ကို အထင်သေးပါတယ်။

နတ်ပွဲအကြောင်းပြုပြီး ကောင်းရောင်းကောင်းဝယ်လုပ်ကြသူတွေကို ဘာတခုမှ ပြောစရာမရှိတဲ့ပြင် ဈေးရောင်း ကောင်းကြပါစေလို့ ဆုတောင်းပါတယ်။ လူစည်ကားရာတိုင်း ပွဲတိုင်းမှာဖြစ်တတ်တဲ့ ကူးစက်ရောဂါတွေကိုတော့ သတိထားကြစေချင်တယ်။

(၃၇) မင်း နတ်အမည်များ
1. သိကြားမင်း
2. မင်းမဟာဂီရိ
3. နှမတော်ကြီး
4. ရွှေနံဘေး
5. သုံးပန်လှ
6. တောင်ငူမင်းခေါင်
7. မင်းတရား
8. သံတော်ခံ
9. ရွှေနော်ရထာ
10. အောင်စွာမကြီး
11. ငါးစီးရှင်
12. အောင်ပင်လယ်ဆင်ဖြူရှင်
13. တောင်မကြီး
14. မောင်မင်းရှင်
15. ရှင်တော်
16. ညောင်ချင်း
17. တပင်ရွှေထီး
18. မင်းရဲအောင်တင်
19. ရွှေစစ်သင်
20. မယ်တော်ရွှေစကား
21. မောင်ဘိုးတူ
22. ယွန်းဘုရင်
23. မောင်မင်းဖြူ
24. မန္တလေးဘိုးတော်
25. ရွှေဖျင်းကြီး
26. ရွှေဖျင်းလေး
27. မင်းသား မောင်ရှင်
28. ထီးဖြူဆောင်း
29. ထီးဖြူဆောင်း မယ်တော်
30. ပရိမ္မရှင် မင်းခေါင်
31. မင်းစည်သူ
32. မင်းကျော်စွာ
33. မြောက်ဘက်ရှင်မ
34. အနောက် မိဘုရား
35. ရှင်ကုန်း
36. ရှင်ကွ
37. ရှင်နဲမိ

နတ်ကရာ ကျီးမော့လို မလုပ်ကြပါနဲ့။ လူ့အလို နတ်မလိုက်နိုင်ပါ။ နတ်တို့ဖန် ရေကန်အသင့်ကြာအသင့် ရှိကြပါစေ။ သူတော်ကောင်း နတ်ကောင်းမပါစေ။

နတ်အကြောင်းသိလိုသူများ ဦးဖိုးကျားရေးတဲ့ (၃၇) မင်းကိုဖတ်ပါရန်။ https://burmesebooks.files.wordpress.com/2009/11/37minuphoekyar.pdf

ဒေါက်တာတင့်ဆွေ
၂၇-၃-၂ဝ၁၆

How old are you? နေ့တဝက်မှာ အသက်မပြောချင်သူ (၁ဝ) ရောက်လာ

၁။ ဆရာ မင်္ဂလာပါရှင် သမီးရဲ့အဖေကအူကျတတ်လို့ အူကျရောဂါအကြောင်းလေး ပြည့်ပြည့်စုံစုံသိချင်ပါတယ်ရှင်။ ဆရာရှင်းပြပေးပါနော်။ ကျေးဇူးတင်ပါတယ်ဆရာ။
အသက် မသိပါ။

၂။ ၃ လပြည့်လို့ သမီးလက်မောင်းထဲထည့်ရင် ဘယ်လောက်အချိန်ထိ တားပေးလဲဆရာ။ လက်မောင်းထဲထည့်ရင် သမီးကို အဲ့ဒီကောင်းကျိုးဆိုးကျိုးကို သိချင်တယ်ဆရာ။ ဆေးကို ၂ဝ-၃-၁၆ မှာ ပထမဆုံးထိုးဖူးတာပါဆရာ။ သမီးဘယ်ရက်မှာ လက်မောင်းထဲထည့်ရမှာလဲဆရာ သမီးအခုမှအိမ်ထောင်ကျတာပါဆရာ။
အသက် မသိပါ။

၃။ ဒေါက်တာ ကျွန်တော်တခုလောက်မေးပါရစေ။ SILDORA - 100 သောက်ရင်ဆိုးကျိုးရှိနိုင်သလား တဆိတ်လောက် ဖြေကြားပေးပါ။
အသက်-ကျား-မ မသိပါ။

၎။ ဆရာ တခုလောက်မေးချင်လို့ပါခင်ဗျာ။ ကော်ဖီနဲ့ဂျယ်လီတွဲပြီးစားမိရင် ဘယ်လိုအခြေအနေမျိုးတွေ ဖြစ်တတ်ပါလဲခင်ဗျာ။ နှစ်နာရီလောက်ခြားပြီးမှစားမိရင်ကော အကျိုးသက်ရောက်မှုရှိပါသလားခင်ဗျာ။
အသက်-ကျား-မ မသိပါ။

၅။ ဆရာရှင့် လူက ကိုယ်ခန္ဓာဝလာလို့ အသည်းကြီးနိုင်ပါသလား။ အသည်းက ဘယ်လိုအကြောင်းမျိုးကြောင့်ကြီးရတာလဲ ပြောပြပေးပါလားဆရာရှင့်။
အသက် မသိပါ။ ကျန်တာတွေလည်းမသိပါ။

၆။ ဆရာ ကျွန်မ နေသိပ်မကောင်းလို့ ဆီးစစ်ကြည့်လိုက်တော့ လိုင်းက ၂ ကြောင်းပြတယ်ဆရာ နောက်ရက် ပြန်စစ်တော့ပေါ်တယ်ဆရာ။ နောက်နေ့ပြန်စစ်ပြန်တော့ နည်းနည်းမှိန်လာတယ် ဒီနေ့ပြန်စစ်တော့ တော်တော် မှိန်လာတယ်။ ၂ ကြောင်းတော့ ပြသေးတယ်မှိန်မှိန်လေးဆရာ။ပြီးတော့ဒီနေ့ သွေးလည်းနဲနဲ ဆင်းပါတယ်ဆရာ။ ဗိုက်နာတာတွေတော့ မရှိဘူး။ ရင်သားကတော့တင်းတယ်ဆရာ။ သမီးကပုံမှန်ရာသီလာခါနီးလည်း ရင်သားတင်းပြီး ဗိုက်တွေနာ/တင်းတာတွေ ဖြစ်တတ်ပါတယ်ဆရာ။ ဒီတခေါက်ဗိုက်တော့မနာပါဘူးဆရာ။ ဘယ်လိုဖြစ်လို့လဲ မသိဘူးဆရာ။ ကျေးဇူးပြုပြီး ဖြေပေးပါအုံးရှင့် ။ ကိုယ်ဝန်ဟုတ်နိုင်မဟုတ်နိုင်အရမ်းသိချင်ပါတယ်ရှင့်။
၇။ အသက် မသိပါ။ အိမ်ထောင်ရေး မသိပါ။

၈။ ဆရာကျွန်တော့်အရေပြားအသားလွှာထဲမှာ အကျိတ်ပုံစံအလုံးလေးတွေ စမ်းမိပါတယ်၊ အခုဆိုလေးငါးလုံးရှိနေပါပြီ။ ဖိကြည့်ရင် အားထည့်ရင်တော့နာပါတယ်၊ ဘဲဥလိုရှည်ပါတယ်။ ဖြေပေးပါဆရာ။
အသက် မသိပါ။

၉။ ဆရာရှင် သားအိမ်မှာ ရေအိတ်တည်တ့အကြောင်းနှင့် ပျောက်ကင်းအောင် ဘယ်လိုကုရာသရမလဲဆိုတာ သိချင်လို့ပါဆရာ။
အသက် မသိပါ။

၁ဝ။ မင်္ဂလာပါ ဆရာကျတော်မေးစရာရှိလို့ပါဆရာ။ ကျတော် ချစ်သူသွေးမဆင်တာ ၁ဝ လလောက်ရှိသွားပါပြီ။ ကိုယ်ဝန်တခါ ဖျက်ချဖူးပါတယ်။ ဘယ်လို့လုပ်ရမယ်ဆိုတာ ပြန်ဖြေးကြားပေးပါအုံးဆရာ။
အသက် မသိပါ။

၁၁။ ကျမအသက် ၃၂ ပါရှင့်။ သားလေးကို ၉-၁၂-၂ဝ၁၅ မှာမွေးပါတယ်ရှင့်။ အခုဆို ၃ လကျော်ပါပြီရှင့်။ သားက အခုဆိုနို့ဆို့တာ ၇ မိနစ် ၁ဝ မိနစ်ဘဲဆို့ ပါတယ်ရှင့်။့

နို့စို့လိုသာရေးရတယ်။ ဆို့ဆိုတာ ပိတ်ဆို့နေတာဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၂၇-၃-၂ဝ၁၆

Traditional Nat worship အမေကြီးနတ်ပွဲ

• မုံရွာအနောက်ဖက်၊ ချင်းတွင်းမြစ်တဖက်ကမ်း၊ ယင်းမာပင်မြို့နယ်ထဲမှာ အစဉ်အလာ အမေကြီးနတ်ပွဲကြီး ကျင်းပနေတယ်တဲ့။
• ကျွန်တော့်မိဘတွေ ပုလဲမြို့နယ်၊ မင်းရွာမှာနေရတုံးက လှည်းဦးချစာရင်းပေါက်တယ်တဲ့။ နတ်ပွဲကို နှစ်စဉ် ရောက်အောင်သွား၊ ရောက်တာနဲ့ လှည်းဦးချပြီး၊ အမေကြီးနတ်ကို အရိုအသေပေးကြရတယ်လို့ ကြားဖူးတယ်။
• အမေကြီးနတ်ပွဲကို အမှတ်ရတယ်။ ၁၉၉ဝ မှာ ပုလဲ NLD ကဈေးရောင်းခဲ့ကြတယ်။ အမြတ်ကတော့ ငွေရယ်လို့ မကျန်ပါ။ ရွေးကောက်ပွဲမှာ တနယ်လုံးနိုင်ခဲ့တယ်။ အမေကြီးက မ, တာလည်းပါမယ်။
• အခုတော့ လှည်းကမရှိတာမို့ စာလုံးတွေရိုက်ချပြီး၊ အမေကြီးနတ်ကို အရိုအသေပေးလိုက်ပါတယ်။ ၂ဝ၁၅ မှာလည်း မ, ပါစေသတည်း။
• ဓါတ်ပုံကို မုံရွာစိန်ဝင်းဆီကယူပါတယ်။ လင်းကတောဓါး နာမည်ကြီးတယ်။ မယားမထိနဲ့ ဓါးကြည့်လို့ ဆိုစကားရှိတယ်။ ခုခေတ်တော့ ၂ဝ၁၅ မထိနဲ့ပေါ့။

သမိုင်း
အမေရေယဉ်နန်းရင်းက ပုလဲမရောက်ခင် ယင်းမာပင်နယ်က လယ်ငေါက်ရွာလမ်းခွဲကနေအတွင်းကို ဆယ်မိုင်လောက် ဝင်ရတယ်။ မောင်းတုံရွာမှာ အမေရေယဉ်နန်းရင်းရှိတယ်။ အမေရေယဉ်နတ်သမိုင်း နှစ်မျိုးကွဲရှိတယ်။ ဇာတ်လမ်းနှစ်မျိုး စလုံးမှာ အမေရေယဉ်ကို စောနန်းမွန်အဖြစ်ပြောကြလေ့ရှိတယ်။ ယောနယ် ယောဒေသကို အမေရေယဉ်ရောက်ခဲ့တဲ့ နတ်သမိုင်းရှိတယ်။ နတ်ချော့ချင်းမှာတော့ အမေရေယဉ်ကို အမျိုးမျိုးဖွဲ့တယ်။ ရွှေညာမြေက ယမားသူတဲ့၊ ဆပ်သွားဖူးနဲ့ ရေဦးသူတဲ့၊ ဆပ်သွားပင်နဲ့ ရေယဉ်သူတဲ့၊ ကြိမ်ပိုက်တောနှင့် မျှော့တောသူတဲ့၊ နဂါးရုံနဲ့ မောင်းတုံသူတဲ့၊ ဆန်မနောနဲ့ ပြောင်းတောသူတဲ့။ (ခင်ခင်ထူးရေးထားကနေ ကောက်နုတ်ထားတာပါ။)

ဒီစာကို မနှစ်ကရေးခဲ့တာပါ။ ၂ဝ၁၅ ကို အမေကြီးက မ,စခဲ့တယ်။ လာမယ့် ၅ နှစ်ဆက်တိုက်ပါ မ,ပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၁၃၇၆ တပေါင်းလဆုတ် ၄ ရက်။
ဓါတ်ပုံ = Sein Win

Rainbow သက်တံ့ရောင်

ကွန်မင့်တခုရတယ်။ ခရမ်းရောင်၊ မရန်းရောင် စွဲသွားအောင်ရေးကြည့်တာပါ ဆရာတဲ့။

သက်တံ့ရောင်ထဲမှာ အရောင် ခုနစ်မျိုးပါတယ်။ ခရမ်း၊ မဲနယ်၊ အပြာ၊ အစိမ်း၊ အဝါ၊ လိမ်မော်၊ အနီရောင်တွေ။

အရောင်တွေကို အမျိုးမျိုး ခေါ်ကြတယ်။ ပန်းချီပညာမှာ ပိုပြီး လေးနက်ရှုပ်ထွေးတယ်။ မြန်မာလိုနဲ့ အင်္ဂလိပ်လို တထပ်တည်းမကျတာတွေရှိတယ်။

မြန်မာလိုမှာလည်း တရပ်နဲ့တရပ် တယောက်နဲ့တယောက် မတူကြပါ။ ခဲရောင်တဲ့။ အုန်းခွံရောင်တဲ့၊ အသားရောင်တဲ့။ ရှန်ရောင်တဲ့။ အသဲကွဲရောင်တဲ့။ ရွှေအိုရောင်တဲ့။

ကျွန်တော်တို့လူမျိုးက အမည်ပေးတော့ ကောင်းတယ်။ တယောက် တပေါက်။ စာရေးလည်း တယောက် တရောင်။ သည်အတိုင်းပဲ ဆက်ပြီးစခန်းသွားနေကြမှာပဲ။ သက်တံ့ရောင် လူမျိုးလို့ခေါ်တယ်။

ဒေါက်တာတင့်ဆွေ
၁၇-၅-၂၀၂၀

Gas ဓါတ်ငွေ့

ဂတ်(စ်)နဲ့ချက်ရင် ဘယ်လိုဆိုးကျိုးတွေရှိပါသလဲ ဆရာ။

Gas Vs Electric Ranges ဓါတ်ငွေ့မီးဖိုနဲ့ လျှပ်စစ်မီးဖို
ဓါတ်ငွေ့မီးဖို ကောင်းနည်းချက်များ = ဈေးချိုတယ်။ အိုးကို အောက်ခြေ၊ ဘေးနဲ့ အပေါ်ပိုက်းအထိ အပူအညီအမျှ ပေးတယ်။ မီးတောက်ကိုထိန်းညှိလို့ရတယ်။ ပိတ်လိုက်တာနဲ့ ချက်ချင်းဆိုသလိုအေးတယ်။ ဒါပေမဲ့ ဝန်ကျယ်တယ်။ ထားသိုစရာ နေရာယူတယ်။ အန္တရာယ်ပိုများတယ်။ ဓါတ်ငွေ့အိုး၊ ပိုက်စတာတွေကနေ ယိုစိမ့်နေနိုင်တယ်။ ပေါက်ကွဲနိုင်တယ်။ ပိုက်နဲ့လာဆိုလဲ ပိုက်ပေါက်တာ၊ စိမ့်ထွက်တာ သတိကြီးရမယ်။ အငွေ့ယိုတာက အဆိပ်ဓါတ်ငွေ့ ဖြစ်တယ်။ လူတွေရော အိမ်မွေးအကောင်တွေပါ သတိထားရမယ်။ Ovum အိုဗင်မှာလို အပေါ်အထိ အပူလိုတာ မရနိုင်လို့ ဖုတ်လို့မသင့်ဘူး။ ထွက်တဲ့ အပူကနေ ရေငွေ့ပါလို့ လေမှာ စိုထိုင်းမှုများနေမယ်။ Roast ရို့စ်လုပ်လို့သိပ်မကောင်းဘူး။

လျှပ်စစ်မီးဖို ကောင်းချက်များ = ဈေးမကြီးပါ။ မီးပလပ်တပ်ပြီး ခလုတ်နှိပ်ယုံဘဲမို့ လွယ်တယ်။ သန့်ရှင်းရေးလုပ်ရတာလဲ လွယ်တယ်။ ကြော်လှော်ချက်ပြုတ်မဲ့ ကြော်အိုးတင်ရတာလဲ ငြိမ်တယ်။ မီးအပူကလဲ တသမတ်တည်းရှိတယ်။ မီးခြစ်ပုံးတို့ မီးညှိစရာကိရိယာတို့မလိုဘူး။ ဒါပေမဲ့ မီးမလာရင် ဘာမှလုပ်မရ၊ မီးပိတ်လိုက်ပြီး အေးဘို့ စောင့်ရတယ်။

ဓါတ်ငွေ့ဆိုတာက အမျိုးမျိုးရှိတယ်။
• Natural gas သဘာဝဓါတ်ငွေ့မှာ Methane (မီသိန်း) နဲ့ Ethane (အီသိန်း) တွေပါတယ်။ ပေါ့တယ်။

• Liquefied petroleum gas (LPG) အပြင် GPL, LP Gas လို့လဲခေါ်တယ်။ Propane (ပရိုပိန်း) ဒါမှမဟုတ် Butane (ဘူတိန်း) ဓါတ်ငွေ့တွေ ဖြစ်တယ်။ မီးဖိုအတွက်သာမက ယာဉ်မောင်းရာမှာလဲ သုံးနိုင်တယ်။ ရေခဲသေတ္တာမှာသုံးနေတဲ့ CCF က အိုဇုန်းလွှာကို ပါးစေတာမို့ သဘာဝပတ်ဝန်းကျင်ကိုထိခိုက်လို့ သူ့အစား Aerosol propellant (အေရိုဇော ပရိုပဲလင့်) ကိုသုံးလာတယ်။

• Compressed natural gas (CNG) ကို ကားတွေမှာ အများဆုံးသုံးတယ်။ သဘာဝပါတ်ဝန်းကျင်အတွက် အများကြီး သက်သာစေတယ်။

• မီးဖိုမှာ အများဆုံးသုံးတဲ့ LPG ဓါတ်ငွေ့က Fossil fuels သဘာဝမြေအောက်ကနေရတယ်။ အဲတာတွေက နှစ်သန်းများစွာကတည်းက (အင်အေရိုးဘစ်) သက်ရှိတွေသေဆုံးရာကနေမြေထဲမှာဓါတ်ပြုပြီးဖြစ်လာတယ်။ ကာဗွန်၊ ကျောက်မီးသွေး၊ သဘာဝဓါတ်ငွေ့နဲ့ ဓါတ်ဆီချက်လို့ရတာတွေပါဝင်နေတယ်။ မီးရှို့ရင် ဖန်လုံအိမ်ဓါတ်ငွေ့လို့ခေါ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ထွက်တယ်။

Kyawmin Thu တချို့ကပြောကြတယ် digital မီးဖိုနဲ့ကိုယ်ဝန်ဆောင်ချိန်မချက်ရဘူးဆိုတာ ဟုတ်ပါသလားဆရာ။

Tint Swe ရေဒီယို၊ ကွန်ပြူတာ၊ တီဗွီ၊ မိုဘိုင်းဖုန်း၊ မိုက်ခရိုဝေ့ဖ် စတဲ့ခေတ်ပေါ်တွေကို အဲလို သတိပေးချက်တွေ အများကြီးရှိတယ်။ တရားဝင်တားမြစ်တာမရှိသေးပါ။

ဒေါက်တာတင့်ဆွေ
၂၈-၃-၂ဝ၁၄
၂၇-၃-၂ဝ၁၆

Saturday, March 26, 2016

Verbal Communication နှုတ်မှုရေးရာ

ရခိုင်ကနေ ပြည်နယ်အစိုးရတွေထဲမှာ ပါဝင်ရေး၊ NLD အစိုးရသစ်နဲ့လက်တွဲရေးကိစ္စတွေကို မီဒီယာကနေတဆင့် ပြောတာတွေ ကြားရပါတယ်။ ရှမ်းကနေ အဲဒီအရေးအရာတွေကိုပြောတာလည်း ကြားရပါတယ်။

အဆင်တော့ မချောလှပါ။ ပြောဆိုတဲ့အသံချင်း မတူကြတာကိုတော့ အထူးသတိထားမိပါတယ်။ စိတ်မကောင်းလည်း ဖြစ်ရပါတယ်။ စိတ်တော့ မပျက်ပါ။

ရှင်းရှင်းလာတာတွေတော့ ရှိရှိလာနေပါတယ်။ တိုင်းရင်းသားလို့ တစုတစည်းတည်းခေါ်ခဲ့ကြဖူးတယ်။ (၁၃၅) လို့လဲ ခွဲခြားတာရှိတယ်။ အပစ်ရပ်နဲ့ အပစ်မရပ်လို့လည်း ကွဲပြားလာတယ်။ လူမျိုးစုတခုတည်းကနေ မတူတဲ့ (အတော်ကို မတူခြားနားတဲ့) အသံကလည်း ကျယ်လောင်လှပါတယ်။

လူ-လူချင်း၊ အဖွဲ့-အဖွဲ့ချင်းဆက်ဆံရာမှာ နှုတ် (ဝစီကံမှု) ဟာ အလွန်တရာ အရေးပါတယ်။ စကားလုံးအသုံးအနှုန်း၊ လေသံ (တုန်း) တွေဟာ လူပုံအလယ်မှာ အထုပ်ဖြေပြရာကျတတ်တယ်။

၁။ နှုတ်နဲ့ဆက်သွယ်ရေး = မျက်နှာချင်းဆိုင်၊ တယ်လီဖုန်း၊ ရေဒီယို (သို့) တီဗွီ၊ တခြားမီဒီယာ၊ စသည်။
၂။ နှုတ်နဲ့မဟုတ်တဲ့ဆက်သွယ်ရေး =  ကိုယ်အမူအယာ၊ မျက်နှာအမူအယာ၊ ဝတ်စားဆင်ယင်မှု၊ အဖြစ်အပျက်တခု အပေါ်မှာဖေါ်ပြတဲ့လူနေဟန်၊ စသည်။
၃။ ရေးသားဆက်သွယ်ရေး = စာ၊ အီးမေးလ်၊ အင်တာနက်၊ စာအုပ်စာတမ်း၊ ထုတ်ပြန်ကြေညာချက်၊ စသည်။

နှုတ်နဲ့ဆက်သွယ်ရေးဟာ ၃၅%သာရှိပြီး၊ နှုတ်နဲ့မဟုတ်တဲ့ဆက်သွယ်ရေးက ၆၅% ရှိတယ်လို့ လေ့လာမှုတခုက ဆိုပါတယ်။ နှုတ်ကနေထုတ်မပြောတဲ့ ရင်ထဲကစကားရှိမှန်းလည်း သိကြရပါမယ်။

သုံးပွင့်ဆိုင်ထဲက တပွင့်တည်းမှာ အဲလိုကွဲပြားကြတာကို ထောက်ပြလို့ စိတ်မရှိပါနဲ့။ မြေပြင်မှာရှိတာကို သိရမယ်ဆိုတာနဲ့ မလုံလောက်ပါ။ ရင်ထဲမှာရှိတာကိုပါ အပြန်အလှန်သိကြမှသာ အမျိုးသားရင်ကြားစေ့ရေးဖြစ်နိုင်တယ်။

ဒေါက်တာတင့်ဆွေ
၂၇-၃-၂ဝ၁၆

Diplomat သံတမန်

Resistance Day speech တော်လှန်ရေးနေ့ ကာချုပ်မိန့်ခွန်း

Diplomat သံတမန်

အခုအစိုးရသစ်မှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားရေးဝန်ကြီးတာဝန်လည်းယူမယ်လို့ ဆိုတယ်။ နိုင်ငံတကာမှာ နိုင်ငံခြားရေးဝန်ကြီးဌာနကို အာရုံစိုက်ကြပါတယ်။ အမေရိကမှာတော့ နိုင်ငံခြားရေးဝန်ကြီးဆိုတာ သမတပြီးရင် ဒုတိယ အကြီးဆုံး တာဝန်ရှိသူဖြစ်တယ်။ မြန်မာပြည်မှာ စစ်အစိုးရတက်ကတည်းက နိုင်ငံခြားရေးဝန်ကြီးဆိုတာ ခိုင်းဖတ် သက်သက်သာဖြစ်နေခဲ့ပါတယ်။

၁၉၆၂ မှာ ဗိုလ်နေဝင်းအာဏာသိမ်းတော့ တော်လှန်ရေးကောင်စီမှာ စစ်ဗိုလ်ချုပ်တွေ ၁၇ ယောက်ပါပေမယ့် အရပ်သား ဦးသီဟန်ကို နိုင်ငံခြားရေးဝန်ကြီးခန့်ခဲ့တယ်။ ဒိနောက်မှာ နိုင်ငံခြားရေးဝန်ကြီးတွေ အားလုံးက ကမ်းနားသစ်ပင်အစစ်တွေ ဖြစ်ကြတယ်။ ဦးသီဟန် (၁၉၆၂-၆၉)၊ ဦးမောင်လွင် (၁၉၆၉-၇ဝ)၊ ဦးလှဟန် (၁၉၇ဝ-၇၂)၊ ဦးကျော်စိုး (၁၉၇၂-၇၄)၊ ဦးလှဖုန်း (၁၉၇၄-၇၈)၊ ဦးမြင့်မောင် (၁၉၇၈-၈ဝ)၊ ဦးလေးမောင် (၁၉၈ဝ-၈၁)၊ ဦးချစ်လှိုင် (၁၉၈၁-၈၅)၊ ဦးရဲဂေါင် (၁၉၈၅-၈၈)၊ ဗခမက စောမောင် (၁၉၈၈-၉၁)၊ ဦးအုန်းဂျော် (၁၉၉၁-၉၈)၊ ဦးဝင်းအောင် (၁၉၉၈-၂ဝဝ၄)၊ ဦးဥာဏ်ဝင်း (၂ဝဝ၄-၂ဝ၁၁)၊ ဦးဝဏ္ဏမောင်လွင် (၂ဝ၁၁ မှ ယနေ့ထိ)။

ဦးအုန်းဂျော်လက်ထက်ကစပြီး မြန်မာစစ်အစိုးရရဲ့နိုင်ငံခြားရေးဝန်ကြီးတွေ ဂုဏ်ထူးတမျိုးပေးလာကြတယ်။ နိုင်ငံတကာ ထွက်ပြီး စစ်အစိုးရလုပ်သမျှကို ဖာထေး ညာပေးနေရသူများလို့။ နိုင်ငံခြားရေးတာဝန်ဆိုတာ အလွန်အရေးကြီးတယ်လို့ မြင်ပါတယ်။ ဗိုလ်ချုပ်ကြီးတွေကိုသစ္စာခံတဲ့ အရည်အချင်းသာရှိသူမျိုးနဲ့ ကမ္ဘာ့အလယ်မှာ နာမည်ကောင်းဘို့မရှိပါ။

ဦးသန့်နောက်မှာ မြန်မာပြည်က ထင်ရှားကြော်ကြားတဲ့သံတမန် မပေါ်ပေါက်သေးပါ။ အခု တခေတ်ဆန်းတော့မယ် ထင်ပါတယ်။

Photo = U Thant (1909 - 1974), Burmese diplomat, UN Secretary General, at his desk on which are three differently coloured phones which he uses to keep in touch with different aspects of his world.

ဒေါက်တာတင့်ဆွေ
၁၉-၉-၂ဝ၁၅
၂၅-၃-၂ဝ၁၆

Resistance Day speech တော်လှန်ရေးနေ့ ကာချုပ်မိန့်ခွန်း

ကျွန်တော် ၁၉၉ဝ ရွေးကောက်ပွဲ ကိန်းဂဏန်းတွေကို အလွတ်ရတယ်။ တနှစ်တခါ IPU မှာသွားပြီး လူ့အခွင့်အရေး ချိုးဖေါက်ခံနေကြရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအကြောင်း တင်ပြနေခဲ့ရလို့ပါ။ ထောင်ထဲမှာကျန်သေးသူတွေ၊ ထောင်ထဲမှာသေသွားသူတွေ၊ ပြည်ပထွက်ရသူတွေကို အတိုးအလျော့ ကိန်းဂဏန်းအတိအကျနဲ့ တင်ပြပါတယ်။

နိုင်ငံရေးပါတီပေါင်း ၂၃၅၊ ရွေးကောက်ပွဲဝင်တော့ ၉၇၊ အနည်းဆုံးတနေရာ အနိုင်ရတာက ၁ဝ ပါတီ။ ကိုယ့်ဖါသာ ဖျက်တာက ၁ဝ၂ ပါတီ၊ အပိတ်ခံရတာက ၃ ပါတီ၊ ရွေးကောက်ပွဲမှာ ၃ နေရာဝင်မပြိုင်လို့ ဖျက်ရတာက ၆ ပါတီ၊ ဝင်မပြိုင်လို့ ဖျက်ရတာက ၃၁ ပါတီ၊ အပြီးမှာ ကျန်နေတာက ၉၃ ပါတီ၊ ထပ်အဖျက်ခံရတာက ၈၃ ပါတီ၊ နောက်ဆုံးမှာ တရားဝင်ရပ်တည်နိုင်တော့တာက ၁ဝ ပါတီ။ အနိုင်ရတာမှာ NLD က ၃၉၂ နေရာ၊ ဒုတိယလိုက်တာက SNLD ၂၃ နေရာ၊ တတိယက ALD ၁၁ နေရာ၊ NUP တစည က ၁ဝ နေရာ။ အမတ်နေရာ အနည်းဆုံး ၁ နေရာနိုင်တာက ၂၈ ပါတီ။

အမျိုးသားညီလာခံသမိုင်းစဉ်ကိုလဲ အတိအကျမှတ်သားထားတယ်။ စတဲ့နေ့ ၉-၁-၁၉၉၃၊ ပြီးစီးတဲ့နေ့ ၁၇-၁၂-၂ဝဝ၇၊ အချိန်ယူမှု = ၁၄ နှစ် ၁၁ လ၊ ၁၂ ရက်။ ရွေးကောက်ခံရတဲ့ အမတ်တွေဟာ ဖွဲ့စည်းပုံအသစ်ရေးဘို့ တာဝန်ရှိသူတွေ ဖြစ်တယ်လို့ ၂၇-၇-၁၉၉ဝ မှာ နဝတ က ကြောညာခဲ့တယ်။ တကယ်တန်း ဖွဲ့စည်းပုံရေးတဲ့အခါ အမျိုးသားညီလာခံ အစပိုင်းမှာ အမတ်တွေဟာ ၁၅့၂၄% တက်ခဲ့ကြရပေမဲ့၊ နောက်ဆုံး ညောင်နှစ်ပင်ညီလာခံမှာ ၁့၃၈% သာ ပါရတော့တယ်။

ဖွဲ့စည်းပုံကို ဆန္ဒခံယူပွဲလုပ်တဲ့အခါ အင်မတန်ထူးခြားလှတဲ့ ကိန်းဂဏန်လဲမမေ့ပါ။ ၁၅-၁၁-၂ဝ၁ဝ နေ့ထုတ် မြန်မာ့အလင်း သတင်းစာထဲမှာ တောင်ငူမဲဆန္ဒနယ်မြေမယ် မဲပေးပိုင်ခွင့်ရှိသူပေါင်း ၇၄၆၄၆ ယောက်၊ ထောက်ခံမဲပေးသူပေါင်း ၇၁,၂၂၇ + ကြိုတင်မဲ ၄,၉၇၇ = ၇၆,၂ဝ၄၊ ရာနှုန်းအားဖြင့် ၁ဝ၂့ဝဂ% ကနေ ထောက်ခံတယ်လို့ပါခဲ့တယ်။

နာဂစ်မုန်တိုင်းမှာ လူပေါင်း ၁၃,၄ဝဝဝ ယောက် အသက်ဆုံးပါးခဲ့ရတယ်ဆိုတာ နောက်ဆုံးဂဏန်းဖြစ်တယ်။ ကျွန်တော် မေ့နေတဲ့ ကိန်းဂဏန်းတခုရှိပါတယ်။ နာဂစ်မုန်တိုင်းမှာ သေဆုံးပျက်စီးမှုတွေကို အစိုးရသတင်းစာတွေမှာ တိတိကျကျ ထုတ်ပြန်ပေးခဲ့တာမှာ လူတွေအပြင်၊ နွား၊ ကျွဲ၊ ဝက်၊ ကြက်၊ ဘဲသာမက ကွဲသွားခဲ့ရတဲ့ ဘဲဥအရေအတွက်လဲ တိတိကျကျပါခဲ့တယ်။ အဲဒါကို ကျွန်တော်မေ့နေတယ်ဗျာ။

ဆန္ဒခံယူပွဲမှာ ထောက်ခံမှု ၉၂့၄၈% ရှိတယ်ဆိုတာလေး မေ့နေတာကို ၂၇-၃-၂ဝ၁၄ နေ့က တပ်မတော်နေ့ (တော်လှန်ရေးနေ့) ကာချုပ်က မိန်းခွန်းမှာထည့်ပြောတာကြားလိုက်ရလို့ သူ့ကိုကျေးဇူးတင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၉-၅-၂ဝ၁၄
၁၉-၃-၂ဝ၁၅
၂၆-၃-၂ဝ၁၆

Home remedies ဆရာဝန်နည်းတွေထက် အလွန်လွယ်တဲ့ဆေးနည်းတွေ

ကျွန်တော့်ပို့စ်တခု = Ringworm ပွေး

ကွန်မင့်တခု = Yan Aung မဲဇလီအကြီးရဲအရွက်ကိုခြေပြီး ဓာတ်ဆီနဲနယ်ပြီလိမ်းပါ။ တခါတည်းပျောက်ပါတယ်။ တကယ်ပါ။ ကိုယ်တွေ့ စေတနာပါ။

စေတနာကိုတော့ မပြောလိုပါ။ ထပ်ထပ်ပြောနေရတာရှိပါတယ်။ ကိုယ်ပိုင်ဆေးနည်းတွေကို မိမိဖေ့စ်ဘွတ်မှာသာတင်ပါ။ ခဏနေရင် အခုရေးထားတာကို ဖျက်ပါရစေ။ ဆောရီး။

ဆရာဝန်တွေမှာတော့ ပွေး (ဖန်းဂတ်စ်) အမျိုအစားတွေကများလို့ ဆေးနည်းတွေတခုစီရွေးပေးရတယ်။ ဖြစ်တာကြာရင် ဆေးပေးချိန်ပါ ပြောပေးရတယ်။
• Cutaneous candidiasis အရေပြားမှာဖြစ်တာတွေ = Contact dermatitis, Allergic dermatitis, Folliculitis
• Gastrointestinal tract candidiasis အစာလမ်းမှာဖြစ်တာတွေ = Esophagitis due to herpes simplex virus, herpes zoster, induced by radiation, gastroesophageal reflux disease
• Respiratory candidiasis အသက်ရှူလမ်းမှာဖြစ်တာတွေ = Bacterial pneumonia, viral pneumonia, tracheitis, Aspergillus pneumonia
• Genitourinary tract candidiasis လိင်နဲ့ဆီးလမ်းမှာဖြစ်တာတွေ = Bacterial cystitis or pyelonephritis
• Candidemia သွေးထဲမှာဖြစ်တာတွေ = Bacterial sepsis, bacterial endocarditis
• Disseminated candidiasis ပြန့်နေတာတွေ = Bacterial meningitis, bacterial sepsis, bacterial endocarditis, tuberculosis
• Chronic mucocutaneous candidiasis နာတာရှည်ဖြစ်တာတွေ = HIV-seropositive state, chronic granulomatous disease
• Hepatosplenic candidiasis အသည်းမှာဖြစ်တာတွေ = Hepatic abscess, cholelithiasis, cholecystitis, acalculous cholecystitis, ascending cholangitis, graft versus host disease, granulomatous hepatitis, relapsed malignancy

ဆရာဝန်တွေမှာတော့ ပွေးနဲ့ဆင်တာတွေကလည်း တခါတလေမှာ ခွဲရတာခက်တယ်။ ခွဲခြားရမယ့်တခြားရောဂါတွေ = Intertrigo, Mucosal Candidiasis, Onychomycosis, Seborrheic Dermatitis, Herpes

ကျွန်တော်ကတော့ ဖြစ်တဲ့သူ အသက်-ကျား-မ မသိပဲ။ ဘယ်လောက်ကြ မမေးပဲ။ ရောဂါကို မမြင်ရ မစမ်းရပဲ။ ဆေးနည်းပေးတဲ့အတတ်ပညာကို ဘယ်လောက်လွယ်လွယ် မသင်ယူလိုပါ။

Dr. တင့်ဆွေ
၂၆-၃-၂ဝ၁၆

Friday, March 25, 2016

Naming နာမည်ပေး

ကလေးတွေပုံကို သူတို့နာမည်လေးတွေနဲ့တင်တိုင်း ဆရာကမှည့်ပေးတာလား မေးကြတယ်။ သားသမီးနာမည်တွေ အားလုံးကို ကျွန်တော်ကရွေးပေးတယ်။ တနင်္ဂနွေ၊ တနင်္လာ၊ မွေးရက်နဲ့တော့အံကိုက်ပေါ့။ မြေးတွေအတွက်လည်း ကျွန်တော်ကပဲ စရွေးပေးပြီး၊ ဆန်ခါတင်ရွေးတာတော့ သူတို့မိဘတွေက လုပ်ကြပါတယ်။ ကလေးအားလုံး နာမည်အဆုံးမှာ ကျွန်တော့်နာမည်ပါဖို့ရာ သမီးနဲ့တချို့မြေးမတွေနာမည်အတွက်တော့ ဆရာကတော်ကလုယူသွားတယ်။

သားသမီးတွေ = ဝဏ္ဏတင့်ဆွေ၊ ချမ်းမြတင့်ဆွေ၊ နန္ဒတင့်ဆွေ၊ နေမြမြဆွေ၊ ရာဇာတင့်ဆွေ။
မြေးတွေ = သဒ္ဓါတင့်ဆွေ၊ ပင်နီတင့်ဆွေ၊ တာရာတင့်ဆွေ၊ ဧကရီမြမြဆွေ၊ ဝိဇ္ဇာတင့်ဆွေ၊ ပညာတင့်ဆွေ။

သားသမီးနဲ့မြေးတွေသာမကပါ။ ဒေလီတုံးကပေါ့ ကျွန်တော့်ရုံးမှာလုပ်တဲ့သူ သူ့ကလေးမွေးတော့ နာမည်ပေးခိုင်းတယ်။ အဲတာ အလုပ်များလို့ ကြာနေပါရော။ သူများတွေက မင့်သားနာမည်ဘယ်သူလည်းမေးတော့ ဆရာက ရွေးတုံးလို့ဖြေတာနဲ့ အဲဒီကလေးနာမည် ရွေးတုံး ဖြစ်သွားရော။

ဒေလီတုံးကပါပဲ။ မြန်မာမိသားစုထဲကတယောက် နှစ်ယောက်စလုံး ၇ လနဲ့ မွေးတယ်။ ကျွန်တော့်ဆေးခန်းမှာပဲ။ အဲတာ အငယ်မလေးမွေးတော့ ကျွန်တော့်မြေးမအကြီးဆုံးက သွားကြည့်တာပေါ့။ ကလေးကသေးလွန်းတော့ ရေဗူးလောက်ပဲ ရှိတယ်ဆိုတာနဲ့ (ရေဗူး) လို့ တွင်သွားရော။ အခု မရေဗူးက အိုကလာဟိုးမားမြို့မှာ ကျောင်းတက်နေပြီ။

ဒေါက်တာတင့်ဆွေ
၂၆-၅-၂ဝ၁၅
ဓါတ်ပုံ = ၁၈-၉-၂ဝ၁၄ နေ့က အင်ဒီယာနာပိုးလစ်မြို့ကိုရောက်တဲ့ညကလေဆိပ်မှာ

Good dinner on Good Friday

ကနေ့ဟာ Good Friday လည်းဖြစ်၊ Spring break ခေါ်နွေဦးကျောင်းအားရက်လည်းဖြစ်လို့ စုစည်းနိုင်တဲ့ မိသားစုဝင်တွေနဲ့အတူ ညစာသွားစားကြပါတယ်။ ရောက်ကာစတုံးကလည်း ဒီဆိုင်မှာတခါစားကြဖူးပါတယ်။ စားလို့ကောင်းပါတယ်။ မိသားစုတစိတ်တပိုင်းက နိုက်ရာဂရာရေတခွန်သွားတာကိုတော့ အတင်းခေါ်ကြပေမယ့် မလိုက်ဖြစ်ပါ။


Three of my grands

မောင်ပင်နီတင့်ဆွေ၊ မတာရာတင့်ဆွေ၊ မောင်ပညာတင့်ဆွေတို့နဲ့အတူ။

ဒေါက်တာတင့်ဆွေ
၂၅-၃-၂ဝ၁၆

Misleading Headings သတင်းလွဲများ

စောစောကတင်တော့ ဖတ်တဲ့သူနည်းတယ်ထင်နေတယ်။ ကွန်မင့်မှာ မေးနည်းစည်းကမ်းမဟုတ်ပဲ ပို့စ်နဲ့မဆိုင်တာ ဝင်လာရင် အဲလိုဖြစ်တတ်တယ်။ လာဘ်ပိတ်သလိုပေါ့။ အဲတာက တိုက်ဆိုင်တာဆိုရင် ပို့စ်ကိုနားမလည်တာလည်း ဖြစ်မယ်။ စာလုံးပြင်စီလိုက်ပါတယ်။

ကျွန်တော် ဆေးပညာရော နိုင်ငံရေးရောပါ လေ့လာတယ်။ ရေးလည်းရေးတယ်။ တတန်းတစားတည်းထားတဲ့ သတင်းခေါင်းစဉ်တွေရှိတယ်။
- အသည်းရောင်ရောဂါ ပူပင်စရာမလိုတော့ပါ
- သားအိမ်ကင်ဆာ စိုးရိမ်စရာမလိုတော့ပါ
- ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို့ က ပြတ်ပြတ်သားသားပြောပြီ

အဲတာတွေက သတင်းဆိုးတော့မဟုတ်ပါ။ ဆိုးတဲ့သတင်းတွေဖြစ်တယ်။ ကိုယ်လိုရာကိုသာ ရေးတင်တာမျိုးဖြစ်တယ်။ အသည်းရောင်တာတွေရော ကင်ဆာကိုပါ ဆရာဝန်တွေက အလူးအလဲလုပ်နေကြရတုန်းပါ။ NLD ကတော့ အစိုးရတောင် ဖွဲ့ပါပြီ။

့ မလိုတော့ပါတို့၊့ ပြောပြီတို့ ခေါင်းစီးတပ်ရင် လွဲပြီသာမှတ်ပေတော့။

ဒေါက်တာတင့်ဆွေ
၂၅-၃-၂ဝ၁၆

Pinworm စအိုယားရင်

မနေ့ကတယောက်၊ ကနေ့လည်း နှစ်ယောက်ရှိပြီ စအိုယားတဲ့အကြောင်းမေးကြတယ်။ စအိုဝယားတာက သန်ကောင် ဖြစ်ဖို့များတယ်။ Pinworm (Enterobiasis) ပင်အပ်ပုံ သန်ကောင်ရှိနေရင် ညအချိန်မှာ သန်ကောင်အမက ကိုယ်အပြင် (စအိုအပြင်) ထွက်ပြီး ဥအုချလို့ စအိုယားစေတယ်။ ကူးစက်တယ်။ ဆေး (၂) မျိုးထဲက တမျိုးသောက်နိုင်တယ်။

ဆရာရှင့် သမီးက့ မှာနေပါတယ်။ အသက် ၃၆ နှစ်ပါ။ အိမ်ထောင်မရှိ အပျိုပါရှင့်။ ကန်တော့ပါရှင့် စအိုကယားနေလို့ တခါလေ လက် မောင်းတို့ အရေ ပြားမှာပါယားနေလို့ သန်မချတာလည်း ကြာနေတော့ သန်ချဆေး Benda 500 ဆိုတဲ့ ဆေး သောက်ချင်လို့ တကြိမ်သောက်ရင် လုံလောက်ပါလားရှင့်။ ဘယ်အချိန်သောက်ရတာပါလဲရှင့်။ သောက်ရင် ခေါင်းမူးတယ် နေမကောင်းဖြစ်တတ်တယ်လို့ ကြားဖူးလို့ပါ။ ဆေးဗူးပုံပါပို့ပေးလိုက်ပါတယ်။ ရန်ကုန်က လူကြုံနဲ့မှာပြီး ဝယ်တာပါ။ တခြားကောင်းတဲ့ဆေးရှိလည်း ညွှန်ပေးပါရှင့်။ ဒါပေမယ့် ဒီမှာ ဆရာဝန်ဆေးစာ မပါရင် အပြင်မှာဝယ်လို့ မရပြန်ပါဖူး။ ဆရာတို့ မိသားစု ကျန်းမာပါစေ။ ကျေးဇူးတင်ပါတယ်ရှင့်။

Pinworm (Enterobiasis) ပင်အပ်ပုံ သန်ကောင်ရှိနေရင် ညအချိန်မှာ သန်ကောင်အမက ကိုယ်အပြင် (စအိုအပြင်) ထွက်ပြီး ဥအုချလို့ စအိုယားစေတယ်။ ကူးစက်တယ်။ ဆေး (၂) မျိုးထဲက တမျိုးသောက်နိုင်တယ်။

(က) Albendazole 400 mg တကြိမ်တည်းသောက်။ ၂ ပတ်နေ နောက်ထပ်တခါထပ်သောက်။ အစာနဲ့သောက်တာ ကောင်းတယ်။ အစာမှာလည်း အဆီပါတဲ့အစာဆိုရင်ပိုကောင်းတယ်။ ထမင်းချိန်မဟုတ်ရင်  အိုက်စခရင်မ်၊ နွားနို့။ ကိုယ်ဝန်ဆောင်နေချိန်မှာ မသောက်ရပါ။ အသက် ၂ နှစ်အထက်လူကြီး ဆေးအလေးချိန်အတူပဲ။ ၂ နှစ်အောက်ဆိုရင် ဆေးတဝက်။

(ခ) Mebendazole (Vermox) 100 mg တနေ့ ၂ ကြိမ်သောက်။ ၂-၃ ပတ်နေ နောက်ထပ်တခါထပ်သောက်။ အစာနဲ့ သောက်တာကောင်းတယ်။ အစာမှာလည်း အဆီပါတဲ့အစာဆိုရင်ပိုကောင်းတယ်။ ထမင်းချိန်မဟုတ်ရင်  အိုက်စခရင်မ်၊ နွားနို့။ ကိုယ်ဝန်ဆောင်နေချိန်မှာ မသောက်ရပါ။ အသက် ၂ နှစ်အထက်လူကြီး ဆေးအလေးချိန်အတူပဲ။ ၂ နှစ်အောက် ဆိုရင် ဆေးတဝက်။

KaungSat PKain ကျေးဇူးပါဆရာ နို့တိုက်မိခင်ကော သောက်လို့ရပါသလားဆရာ။

Albendazole နဲ့ Mebendazole ဆေးကို မိခင်ကသောက်ရင် နို့ရည်ထဲမှာနည်းနည်းတော့ ရောက်တယ်။ အစာလမ်းကနေစုပ်ယူတာ အလွန်နည်းတယ်။ ဒါကြောင့် နို့တိုက်မိခင်သောက်လို့ စိုးရိမ်စရာမရှိပါ။ နောက်တကြိမ် သောက်စရာလိုရင်တော့ ၃ ပါတ်နေမှသာသောက်သင့်တယ်။

ဒေါက်တာတင့်ဆွေ
၂၅-၃-၂ဝ၁၆

Rabbit and tortoise story ယုန်နဲ့လိပ်ကို ပုံပြဆို

အရင်တုန်းကတော့ ဝန်ကြီးဆိုပြီး အကြာကြီး (နှစ် ၂ဝ ကျော်) အခေါ်ခံရဖူးတယ်။ ပြည်ပမီဒီယာတွေ (အဲဒီတုန်းက ပြည်တွင်းမီဒီယာဆိုတာ အိပ်ပျော်နေကြတုန်း၊ တချို့လည်း မွေးတောင်မမွေးသေးပါ၊) ကနေ လူကြီးလူကောင်းဆန်ဆန် ဝန်ကြီးလို့ သုံးပေးကြတာကြားမိတိုင်း ကိုယ့်ကိုယ်ပြုံးမိတယ်။ စိတ်ကမလုံပါ။ လုပ်ရတာတော့ မြို့ကြီးတွေရဲ့ လမ်းမပေါ်မှာ (ပလေကဒ်) ကိုင် (ပုဆိုးမဟုတ်ပါ)၊ လမ်းဘေးပလက်ဖေါင်းမှာ မကြာမကြာထိုင်ရတယ်။

အမတ်ဖြစ်နေခဲ့တာလည်း နှစ်နှစ်ဆယ်ကျော်တာပဲ။ ပြည်ပရောက်အမတ်အဖွဲ့ကို ဖျက်သိမ်းသင့် မသင့်ပြောကြတော့ ကျွန်တော်က သူများတိုင်းပြည်တွေမှာလို (အိတ်စ်-အင်ပီ-ကလပ်) လုပ်ရအောင်လို့ပြောတာ၊ လက်မခံကြပါ။

ပါတီနဲ့ဝေးတာလည်း နှစ်နှစ်ဆယ်ကောင်းကောင်းကျော်ပြီ။ ကင်းကွာလို့သုံးကြတယ်။ ကျွန်တော်ကတော့ ဝေးကွာပေမယ့် မကင်းပါ၊ မကွာပါ။

စင်ပြိုင်အစိုးရအဖွဲ့ကိုတော့ ကိုယ့်ဖါသာဆွေးနွေးဆုံးဖြတ်ပြီး ဖျက်ကြတယ်။ ကျွန်တော်ကတော့ အစိုးရပိုင် ရုံးသုံး ပစ္စည်းပစ္စယလေးတွေ ထုခွဲရောင်းချပြီးသကာလ ၂ နှစ်ကြာဆက်လုပ်သေးတာ။ နောက်တက်မယ့်သူကမရှိတော့ လွှဲမပေးရပါ။

ကျွန်တော်ရဲ့နိုင်ငံရေးအစွဲက ပရိတ်ရွတ်လည်း ကျွတ်မှာမဟုတ်ပါ။ ခုနေမှာတော့ အမတ်ဟောင်းချင်း၊ ဝန်ကြီးဟောင်းချင်း ပြိုင်ချင်နေတယ်။ ကိုယ်ကလိပ်ပေမယ့် ယုန်ကို မကြောက်ပါ။ ခြင်္သေ့လည်း မမှုပါ။

ဒေါက်တာတင့်ဆွေ
၂၅-၃-၂ဝ၁၆

Thursday, March 24, 2016

Floating Water Hyacinth အဆင်းနဲ့ အလာ၊ ဗေဒါမအထွေး

• လှေအဆင်း မြင်းအတက်တဲ့။ သတိကြီးကြီးထားရမယ့် နေရာတွေပေါ့။
• ထွက်ကန်ကန်တာတို့၊ ပတ်မကြီးထိုးဖေါက်တာတို့၊ သဲနဲ့ပက်တာတို့ကတော့ ရိုးလှပြီ။ မြင်ရဖန်များလွန်းလို့။
• ကမ်းနားသစ်ပင်ဆိုတာ မင်းမှုထမ်းကိုပဲပြောတယ် ထင်နေကြတယ်။ ကမ်းနဖူးကနေထိုင်ပြီး သားအဖနှစ်ယောက်နဲ့ မြည်းတကောင်ပုံပြင်ပဲ ထပ်ချည်းတလည်း ပြောနေကြတယ်။ သူထိုင်နေတဲ့ကမ်းပါး ရေစားနေတာတော့ သိပုံမရဘူး။
• အာဏာမှာတော့ အဆင်းရော၊ အတက်ပါ အရေးအလွန်ကြီးတယ်။
• ထိုင်စီးတဲ့သူတွေကလည်း လှေမလူးအောင်၊ မြင်းဇက်တင်းတင်းကြီးမဆွဲမိအောင်သတိထားမှ တော်ကာကျမယ်။

ဒေါက်တာတင့်ဆွေ
၂၅-၃-၂ဝ၁၆

The best part of fish ငါးမြင်းဗိုက်သား စားကြသူများ

ဒီမှာ နိုင်ငံရေးကိုစိတ်ဝင်စားသူက နည်းလွန်းတယ်လို့ အရင်လည်းရေးခဲ့ဘူးတယ်။ စိတ်ဝင်စားလည်း အချိန်ကမရကြပါ။ ကျွန်တော့်မှာ နိုင်ငံရေးစကားပြောစရာ တယောက်စ နှစ်ယောက်စတော့ရှိလာပြီ။ တချို့ဆိုရင် အားတဲ့အခါ စားသောက်ဆိုင်ခေါ်ပြီး နိုင်ငံရေးသတင်းမေးကြတယ်။

ကနေ့လည်း မိုးဖွဲဖွဲကျနေတဲ့အထဲကလာခေါ်လို့ အနီးအနားကဆိုင်မှာ လက်ဖက်ရည်နဲ့ စမူဆာစားရင်း နိုင်ငံရေးစကား ပြောကြတယ်။ သူပြောလိုတာက များပါတယ်။ ကနေ့တော့ သူ့စိုးရိမ်ချက်ကို အဓိကပြာပြချင်လို့တဲ့။ ဗခမက စောမောင်ရဲ့ ဘဝနိဂုံးချုပ်ပုံကို ပြောပြတယ်။ သူက စစ်တပ်ထဲအမှုထမ်းခဲ့တဲ့သူပါ။ ဗိုလ်ချုပ်မှူးကြီးရဲ့ ကျန်းမာရေးအရေးကြီးပါတယ်။ ဗခမက မရှိလို့မဖြစ်ပါဆိုပြီး ရူးဆေးထိုးပေးခံရသတဲ့။

အာဏာလွှဲပြောင်းရေး ညစာစားပွဲအတွက် ကျွန်တော့်စကားပြောဖက်က အတော်ကိုစိုးရိမ်လို့ အဲတာကို သုံးခါလောက် ပြောတယ်။ ဆက်ပြောသေးတယ်၊ ဆေးကလည်း တရုပ်ကနေလာတာတဲ့။

သူက ဗဟုသုတမှာ ခေသူမဟုတ်ပါ။ ဗခမက သန်းရွှေ နေပြည်တော်ဆောက်တာဟာ ဆဒမ်ဟူစိန်လို ကြက်ကလေး ငှက်ကလေးဖမ်းသလို အဖမ်းမခံရအောင်လို့တဲ့။ မြန်မာပြည်အလယ်ပိုင်းက ရွှေကြောကြီးအကြောင်းလည်းပါတယ်။

ကျွန်တော့ လက်ဖက်ရည်ဒကာက တိုင်းရင်းသားပေမယ့် ဗမာစကားပြောတာမှာ ဥပမာတွေ ဥဒါဟရုဏ်တွေက ပါသေးတာ။ ငယ်ငယ်တုံးကသင်ရတဲ့ ယုန်နဲ့ ဖျံဟာ ငါးတကောင်ကို အညီအမျှမခွဲတတ်ကြတော့ မြေခွေးက ဝင်လာပြီး အမြီးကို မင်းကယူ။ ခေါင်းကို မင်းကယူ အလယ်သား ငါပဲစားမယ်လို့လုပ်သလိုပဲ အခုလည်း ဆင်းရကာနီးရက်တွေမှာ အလယ်သားချည်းစားနေကြသတဲ့။ သူကပြောတာပါ။

ဒေါက်တာတင့်ဆွေ
၂၄-၃-၂ဝ၁၆
Photo from Danuphyu Daw Saw Yee (London) Blog

Atman အတ္တမကင်းသော

ပြည်ပြေးတယောက် ဟိုရောက် သည်ရောက်ဆိုပြီး ပြည်ပနိုင်ငံရေးလုပ်ခဲ့ရစဉ်က အမှတ်တရပုံလေးတွေ တင်ပါတယ်။ ကွန်မင့်တခုရတယ်။ Minmin Htun Tun အတ္တမပါတဲ့ ...